photo credit to google images
သူမနာမည်က မိစန်းတဲ့တစ်မိသားစုလုံးမှာသူ့လက်သူ့ခြေသူလုပ်တတ်တာမှန်သမျှခိုင်းစရာမလိုထောင့်စေအောင်လုပ်တတ်သူ
စားချိန်တန်စား၊အိပ်ချိန်တန်အိပ်ဘယ်သူ့ဘယ်သူကိုမှနာလိုမုန်းတီးခြင်းမရှိအဖေဆုံးပြီးကတည်းက
တစ်ဦးတည်းသောအမေသည်သာသူမရဲ့အားကိုးရာ၊တိုင်ပင်ရာဆွေးနွေးစရာဖြစ်တယ်။
တခြားလူလွတ်ညီအစ်ကိုမောင်နှမတွေအိမ်ပေါ်မှာရှိသော်ငြားမောင်နှမဆိုတဲ့အသိစိတ်ထက်ပိုပြီး
ဖက်လှဲတစ်ကင်းပြုံးပြုံးရယ်ရယ်မနေတတ်တာကိုကသူများနဲ့မတူတဲ့သူမရဲ့ထူးခြားချက်တွေများစွာထဲက
ထူးခြားမှုတစ်ခုပင်။
ညနေထမင်းစားပြီးပြီဆိုရင်တော့သူမရဲ့နားခိုလဲလျောင်းရာအိပ်ယာသည်သာသူမရဲ့အဖော်မွန်အစစ်။
အိပ်ယာထဲရောက်ပြီဆိုရင်တော့တစ်နေကုန်လုပ်လာသမျှတွေကိုစားမြုံ့ပြန်ပြီးတစ်ကိုယ်တည်းညည်းတွား
ခြင်းကလည်းသူများနဲ့မတူနဲ့ထူးခြားမှုတစ်ခုဖြစ်တယ်။လုပ်ပြီးခဲ့သမျှလားဆိုတော့မဟုတ်ပြန်သေးဘူး
နောက်နေ့လုပ်ရမည့်အလုပ်၊နောက်လလုပ်ရမည့်အလုပ်စသဖြင့်သူ့စိတ်ထဲမှာရှိတဲ့အတွေးကိုစာရွက်မလို
ခဲတံမလိုဘဲအချိန်စာရင်းဆွဲတတ်တဲ့သူမအကျင့်ကလည်းထူးခြားနေပြန်တယ်။
သူမအိပ်ယာထဲစကားပြောပြီဆိုရင်မသိတဲ့သူများကတော့မိစန်းတစ်ယောက်အဖော်ငါးယောက်လောက်နဲ့
စကားဝိုင်းဖွဲနေသလားထင်မှတ်ရလောက်အောင်တစ်ယောက်ထဲစကားတွေပြောနေတတ်တယ်။သူ့ပြော
စကားတွေထဲမှာပဲစင်းငုံပေါင်းနှုတ်တာလည်းပါတယ်၊နွားစာရိတ်သွားရင်မြွေတွေ့တာလည်းပါတယ်၊
ကိုသာဂိလယ်ထွန်းရင်းထွန်တံကျိုးတာလည်းပါတယ်၊မသန်းစိန်ရေခတ်ရင်းလျှော်လဲလို့ရေအိုးကွဲတော့
သူအမေကဆူတာလည်းပါတယ်၊သံချောင်းကမိသေးကိုရည်းစားစကားလိုက်ပြောတာလည်းသူသိတယ်။
ညညသူ့အိပ်ယာဝင်တစ်ကိုယ်တော်စကားဝိုင်းမှာအမြဲတမ်းကြားရတဲ့စကားတစ်ခွန်းကတော့...
"ပြော...မယ့်ရှိမှ" တခါတလေတော့ အဲ့ဒီစကားလုံးလေးကိုပဲ..နှစ်ခါသုံးခါထပ်ပြီး "ပြော...ပြော...ပြောမယ့်ရှိမှ"
လို့ထပ်ပြီးကျော့လေ့ရှိတယ်။စကားပြောဖို့အားယူတဲ့သဘောဖြစ်ဟန်တူပါတယ်။
သူမအတွက်တော့အမေကလွဲရင်သူမကိုယ်တိုင်သည်သာသူမဘ၀ရဲ့အဖော်ကောင်းလို့တွက်ဆထားဟန်တူ
ပါတယ်။သူမလုပ်စရာအလုပ်ကလွဲပြီးတခြားသူကိုစကားသိပ်မပြောပေမဲ့သူလေစပ်တဲ့အခါ၊သူသဘောကျတဲ့
အခါတော့ပြုံးပြုံးပြီးခဏခဏကြည့်နေတတ်တယ်။အဲ့လိုကြည့်နေပြီဆိုရင်အကြည့်ခံရသူမှာသူမသဘောကျ
တာတခုခုသို့မဟုတ်သူမပြောချင်တာတစ်ခုခုရှိနေပြီဆိုတာသေချာတယ်။အကြည့်ခံရသူကအလိုက်တသိများ
မေးလိုက်ပြီဆိုလို့ကတော့အနားလာပြီးစကားတွေတစ်သီကြီးပြောချလိုက်တာအခါတိုင်းနေ့ကမိစန်းနဲ့မတူဘဲ
တခြားလူတစ်ယောက်မိစန်းကိုယ်ထဲဝင်ပူးပြီးပြောနေသလားမှတ်ရတယ်။ဒါကလည်းသူမစိတ်ကြည်တဲ့အခါ
မျိုးမှသာမြင်ရတွေ့ရတတ်တဲ့ထူးခြားမှုတစ်ခုဖြစ်ပါတယ်။
နောက်တစ်ခုကသူများအင်္ကျီလှလှဝတ်ထားတာမြင်ရင်လည်းသူမသဘောကျတတ်တယ်။အဲ့ဒီအခါမျိုးဆိုရင်
ပြုံးပြုံးကြီးနဲ့အနားကိုကပ်အင်္ကျီကိုလက်လေးနဲ့ကိုင်ပြီးသူသိတဲ့အ၀တ်စနာမည်တွေတတ်ပြီးမေးတော့တာဖြေ
ဖို့သာပြင်ထား။စီဝိုင်စီစလား၊စိန်ခလုတ်လား၊လေယာဉ်မောင်လား၊တက်ထရွန်လားနဲ့မေးပြီးသူပြောတဲ့အထဲက
နာမည်တစ်ခုခုသာအဖြေပေးလိုက်ရင်တော့သူသာလျှင်အသိဆုံးဆိုတဲ့မျက်နှာနဲ့သဘောတွေကျနေတတ်တာ
ကလည်းအများနဲ့မတူတဲ့မိစန်းရဲ့ထူးခြားမှု့ပါ။အဲ့ဒီအထည်လေးမိစန်းကိုမ၀တ်ချင်ဘူးလားမေးဘယ်တော့မှ
ချက်ချင်းလိုချင်တယ်မပြောဘူး။သူလိုချင်တာတစ်ခုခုရှိပြီဆိုစိတ်ထဲမှာတေးမှတ်ထားတတ်ပြီးစပါးပေါ်ချိန်၊
ပဲပေါ်ချိန်အိမ်မှာငွေစပေါ်ချိန်မှအမေ့နားကပ်ပြီးသူလိုချင်တာကိုတောင်းတတ်တဲ့မိစန်းတစ်အိမ်လုံးအလုပ်
သူ့အလုပ်လို့ခံယူပြီးလုပ်နိုင်တာမှန်သမျှသိမ်းကျုံးလုပ်တတ်တော့သူတောင်းတဲ့အခါလည်းမငြင်းဆန်ဘဲ
အမေက၀ယ်ပေးတတ်တာကိုသူသိတယ်လေ။
ရွာထဲအလှူအတန်းရှိလို့ပွဲလမ်းသဘင်ပါတယ်ဆိုရင်ပွဲကြည့်ချင်တာလည်းသူကရှေ့ဆုံးက။ထမင်းရုံကို
ထမင်းသွားစားမယ်ဆိုရင်တော့အဖော်ကောင်းပါမှလိုက်စားတတ်တယ်။မဟုတ်ရင်အငယ်တွေကထမင်းရုံ
မှာသွားပြီးထမင်းနဲ့ဟင်းသွားတောင်းပေးရတယ်။ထမင်းရုံသူကြီးကလည်းဆိတ်ကျောင်းနွားကျောင်း
သမားနဲ့လူအိုတွေအတွက်ထမင်းဟင်းလာတောင်းရင်ထည့်ပေးနေကျမို့မိစန်းအတွက်ဆိုလည်းအတွန့်မတက်
ဘဲထည့်ပေးတယ်။မိစန်းအကြောင်းတစ်ရွာလုံးသိထားတော့မည်သူကမှမငြူစူတော့ပါဘူး။
မိစန်းကသူမအိမ်အတွက်ပဲအသုံးဝင်တယ်လို့ထင်ထားရင်တော့မှားလိမ့်မယ်။ရွာတောင်ပိုင်းတစ်ပိုင်းလုံး
ရေခပ်တဲ့ချောင်းထဲကလက်ယက်တွင်းမနက်မိုးလင်းတာနဲ့လှည်းကျင်းပြီးသားဖြစ်နေတတ်တာမိစန်းရဲ့
လက်ချက်၊ညနေအလုပ်ကပြန်ချောင်းထဲရေခပ်ဆင်းရင်ရေတွင်းကိုရှေ့လူဘယ်လောက်ပဲလှည်းကျင်းထား
တယ်ပြောပြောသူမကိုယ်တိုင်ရေတွင်းကိုမလှည်းကျင်းရရင်ရေခပ်လေ့မရှိတဲ့မိစန်းကြောင့်ရေခပ်လာသူမှန်
သမျှရေသန့်သန့်ခပ်ကြရတော့မိစန်းကိုစကားမပြောသော်ငြားအားလုံးကချစ်ကြတယ်။
သူများတွေအိပ်ကောင်းနေချိန်ဆိုမိစန်းကရေတစ်ထမ်းအိမ်ကိုရောက်နှင့်ပြီ။မနက်အစောအိပ်ယာထတတ်တဲ့
အကျင့်ကလည်းမိစန်းအငယ်လေးကတည်းကသင်မပေးခဲ့ရဘူးတဲ့။တခါတလေများဆိုအာရုဏ်လာခါရှိသေး
ရေထမ်းပုံပြင်လို့အမေလုပ်သူကတားယူရတဲ့အထိဝီရိယကောင်းတဲ့မိစန်းအလုပ်နဲ့ပတ်သက်ရင်တော့နာရီမလို
သံပတ်မလိုသူ့အလိုလိုအော်တိုမစ်တစ်တိကျပြီးသား။အဲ့ဒီလိုဝီရိယကောင်းလွန်းလို့လည်းအိမ်မှာရေဆိုအပြည့်
ထင်းဆိုအလျှံပူစရာကိုမလိုပါဘူး။
အပိုင်း (၂) ဆက်ပါမည်။
အားလုံးသောအွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသားလေး
0 comments:
Post a Comment