အပင်တွေစိုက်တာ တော်တော်များလှပြီ၊ နှင်းဆီပင်ကိုတော့ ဒီတခါပဲ ကိုယ့်ဆီမှာပွင့်ဖူးသေးတယ်။ မနှစ်တုန်းက နှင်းဆီအနီရောင်ရင့်ရင့် တပင် တယောက်သူကိုသတိရလို့ အမှတ်တရအနေနဲ့ဝယ်စိုက်တာ ဘာလွဲသွားလို့လည်း မသိဘူး ဝယ်တုန်းကပါလာတဲ့အဖူးလေးတွေကုန်အောင်ပွင့်ပြီးတော့ သေသွားတယ်။ ကိုယ့်အထင်တော့ နေရောင်းကောင်းကောင်းမရတာဖြစ်မယ်။ နှင်းဆီတို့ စံပယ်တို့က ကွင်းပြင်မှာ အလင်းရောင်ကောင်းကောင်းနဲ့မှပိုပြီးဖူးကြပွင့်ကြတာ။ ကိုယ့်မှာက ဝါသနာအရ မစိုက်ရမနေနိုင်လို့သာ ဇွဲရှိရှိနဲ့စိုက်တာ နေရာအခက်အခဲရှိတယ်။ အထူးသဖြင့် နေရောင်ခြည်လိုအပ်တဲ့အပင်တွေဆို ကိုယ့်နေရာနဲ့သိပ်အဆင်မပြေဘူး။ ဒါကိုပဲ ဒီနှစ် စိုက်ပျိုးရေး ဈေးပွဲတော်မှာ အပင်တွေကမျိုးစုံမြင်တော့ မဝယ်ဘဲကမနေနိုင် နောက်ဆုံး ပွဲဈေးသိမ်းခါနီးမှ နှင်းဆီတပင်ဝယ်ဖြစ်အောင် ဝယ်ထားလိုက်သေးတယ်။ စိုက်ထားပေမဲ့ မနှစ်တုန်းကအပင်သေသွားတော့ ဒီအပင်လည်း သေမှာလားမသိဘူးဆိုပြီး ရင်တမမနဲ့ စောင့်ကြည့်ရတာအမော။ ဝယ်တုန်းကပါလာတဲ့ အဖူးလေးတွေကုန်အောင်ပွင့်ပြီးတော့ အရွက်တေွကြွေလာတာမြင်တော့ သူလည်းသွားတော့မှာ ထင်ပါရဲ့ဆိုပြီး တတ်သလောက်မှတ်သလောက်နဲ့ပြုစုတာ၊ ဝယ်တုန်းကအိတ်နဲ့စိုက်တာ စပါးခွံတွေနဲ့မို့ မြေဆွေးရောပြီး အိုးပြန်လဲ ရွာမှာတုန်းက နှင်းဆီပင်စိုက်တဲ့အိမ်တွေက ငါးချေးအကြေးခွံငါးဆေးလို့ရတဲ့ရေကို လောင်းတာမြင်ဖူးတော့ ဈေးမှငါးဝယ်ပြီး ခေါင်းတွေဖြုတ်၊ ငါးဆေးတဲ့ရေလောင်း ခေါင်းတွေကိုတော့ အပင်ခြေမှာမြှုပ်ထားလိုက်တယ်။ အဲဒီလိုလုပ်ပြီးမကြာဘူး ကြွေတဲ့အရွက်လေးတွေအခြေမှ အစို့လေးတွေထွက်လာတာ ပျော်လိုက်တာဆိုတာလေ နေ့တိုင်းအရိပ်တကြည့်ကြည့်နဲ့ပြုစု နေရောင်ရတဲ့အချိန်လေး ပန်းအိုးကို နေရောင်အောက်ထားနဲ့ ပြုစုလိုက်တာ အရွက်တွေစိမ်းလာမှ စိတ်အေးရတယ်။ ပွင့်တာမပွင့်တာထက် ဒီအပင်မသေတော့ဘူးဆိုတာ သေချာသွားလို့။ အရွက်တွေကြားမှာပဲ အဖူးလေးတွေပါ လိုက်လာတော့ အတိုင်းထက်အလွန်ပေါ့။ အရောင်က အဖြူရောင်လည်း အပြည့်မဟုတ်ဘူး ပန်းရောင်လေးသန်းနေတယ်။ အနံ့တော့မရဘူး၊ ဒါပေမဲ့ အလှကြည့်ဖို့ပဲလေ သူပွင့်တာကိုပဲ ကိုယ့်အတွက်ပီတိဖြစ်ရပြီ။





No comments:
Post a Comment