ဂူဂယ်ကတွေ့တဲ့ပုံလေးပါ...။ |
တစ်ခါတစ်လေ စာတွေလုပ်ရင်း စိတ်တွေညစ်လာတဲ့အခါ ပညာသင်နေတာတွေကိုရပ် ရွာကိုပြန်ပြီး နွားသာကျောင်းချင်တော့တယ်။ ကိုယ့်ရွာမှာသာဆို နေပူထဲအလုပ်လုပ်ရတာကလွဲလို့ စိတ်ဖိစီးစရာ ဘာမျှမရှိဘူး။ ယာထဲကိုင်းထဲသွားလည်း အိမ်ပြန်ရောက်ရင်း အေးအေးလူလူ နားနေနိုင်တယ်။ လုပ်စရာရှိလည်း နောက်နေ့မှာ သွားလုပ်မပြီးလည်း ဘယ်သူမှ ဖိအားပေးမယ့်သူမရှိဘူး။ ကိုယ့်ယာကိုယ်ကိုင်း ကိုယ့်သဘောကျ လုပ်စမ်းပါ့။ ဒီမှာတော့ ဟုတ်ပါဘူး များလိုက်တဲ့ ဖိအားတွေ။ မနက်အိပ်ယာထကတည်းက စာလုပ်ရမယ်ဆိုတဲ့ စိတ်ကကြီးစိုးနေတော့ ဘယ်သွားသွား လွတ်လပ်တယ်ကိုရှိလှဘူးဗျာ။
ကျုပ်ဆယ်တန်းအောင်ခါစက ရွာကအစ်ကိုတွေက ပြောကြတယ်။ ကြိုးစားနော် တောင်သူများလုပ်မည် စိတ်မကူးနဲ့ ငါတို့ကိုသာကြည့် နေပူစပ်ခါးလုပ်ရတာ ပင်ပန်းတယ်ကွာတဲ့။ အဲ့ဒီတုန်းကတော့ ငယ်စိတ်ဆိုတော့ ပညာတွေသင်လိုက်မဟဲ့ ဘွဲ့တွေယူလိုက်မဟဲ့နဲ့ပေါ့။ အသက်လေးလည်းနှစ် ဆယ့်ငါးကျော်လို့ လူကြီးတစ်ပိုင်းထဲရောက်လာတော့ စာတွေသင်ရတာ စိတ်ကုန်ချင်လာတယ်။ ဒီတော့ တောသားပီပီ တောအတွေးတွေက ၀င်လာတယ်။
ရွာကအကိုတွေကိုလည်း ပြောပြချင်သေး နေပူထဲမှာ လုပ်ရတာက ကိုယ့်စိတ်ကိုယ်ပိုင်တယ်ဗျ မလုပ်ချင် လှဲအိပ်နေလိုက် ဘယ်သူမှ လာပြီးဖိအားမပေးဘူးလို့။ စာသင်ရတာက မလုပ်ချင်ဘူးဆိုပြီး နေပြန်ရင်လည်း ကိုယ်ပဲမရမှာဆိုးတဲ့ပူပန်စိတ်ကြီးရယ်၊ ဆရာကငါ့ကိုမေးလို့များ မရရင်ဆိုတဲ့ ပူပန်စိတ်ရယ် ငါအိပ်နေလို့မဖြစ်သေးပါဘူး သူများတွေ စာလုပ်နေကြမှာပဲဆိုတဲ့ ပူပန်စိတ် စတဲ့ပူပန်မှုပေါင်း သောင်းခြောက်ထောင်နဲ့ အိပ်တာလည်း မဖြောင့် စားတာလည်းမဖြောင့် သွားတာလည်း မဖြောင့် အတော်ကိုဆိုးသဗျာလို့ နေပူမှာအလုပ်လုပ်နေရတဲ့ ရွာက ကျုပ်အစ်ကိုတွေကို ပြောပြချင်သဗျာ။
သူတို့တွေဘက်ကကြည့်တော့လည်း ဒီကောင်တွေ ပညာသင်ရတာ အရိပ်ထဲမှာနေပြီး ဖောင်တိန်လေးကိုင် စာလေးရေး သက်သက်သာသာရှိလှမယ်လို့ ထင်ကြမှာပေါ့လေ။ အဲ့ဒီလိုလုံးဝမထင်လိုက် ကြပါနဲ့ဗျာ။ကျုပ်တို့က နေမပူပေမဲ့ ခေါင်းပူတယ်အစ်ကိုတို့ရေ။ အစ်ကိုတို့တစ်တွေနေပူတာက ခမောက်လေးဆောင်းလိုက် ရင်အေးသွားမှာ။ ချောင်းရိုးထဲဆင်းပြီး ရေစိမ်လိုက်ရင် အေးမြသွားမှာဗျ။ ဒီမှာခေါင်းပူတာက ဘာနဲ့မှ အေးအောင် လုပ်လို့မရဘူး။ အဲယားကွန်းလည်း မစွမ်းဆောင်နိုင်ဘူး။ တကယ်ဗျာဖြစ်ချင်တာဖြစ် ဆိုပြီးရွာကိုပြန်ပြေးလာလို့ရရင်သိပ်ကောင်းမှာပဲ။
ရွာမှာဆို အမေ့ရင်ခွင်မှာလည်း အေးအေးဆေးဆေးနေရသေး။ အမေချက်တဲ့ ဆီပါလေကာ ချဉ်ပေါင်ရေကျဲ ဟင်းနဲ့ ထမင်းမြိန်သေးဗျာ။ ဒါတွေကို အမေ့ပြောပြတော့ အို... ငါ့သားနှယ် စိတ်ဆင်းရဲခံပြီး အဲ့ဒီလောက် လုပ်မနေနဲ့တဲ့ ငါ့သား တတ်သင့်သလောက်တတ်ထားပြီပဲ တော်ရောပေါ့တဲ့။ အမေ့စကားတွေက ရိုးရိုးရှင်းရှင်းနဲ့ နားထောင်လို့ကောင်းလိုက်တာဗျာ။ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတစ်ယောက် ညည်းလေ့ရှိတဲ့ စကားလေးကိုလည်း သတိရမိသေး...ဘာတဲ့ တစ်နေ့ကျတော့ ဒါတွေကထားခဲ့ရမှာပါတဲ့။ ဘယ် ပီအိတ်ခ်ျဒီ၊ ဘယ် အမ်အက်စ်စီ ကမှ ကိုယ့်ကို မကယ်နိုင်ပါဘူးတဲ့။ သူပြောတာလည်း ဟုတ်တော့ ဟုတ်သားပဲဗျ။ ဒါပေမဲ့ အဲ့ဒီတစ်နေ့ဆိုတာက ဝေးဝေးလား နီးနီးလား ဆိုတာ မသိတာခက်တယ်လေ။ အဲ့ဒီတစ်နေ့ ဆိုတာမရောက်ခင် ရပ်တည်ဖို့ကလည်း ရှိသေးသကိုး။
ဘာမှကိုမသိတော့ပါဘူးဗျာ...။ သိတာတစ်ခုကတော့ ကိုယ့်ရွာကိုပြန် ရသမျှလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး ပူပန်မှုကင်းကင်းနဲ့ အမေ့အိမ်မှာ အေးအေးချမ်းချမ်း နေချင်တာပဲသိတော့တယ်။ စာတွေလည်း လုပ်ချင်စိတ် မရှိတော့ဘူး။ ငယ်ငယ်လေးကတည်းက အခုအသက်အရွယ်ထိ လုပ်လာခဲ့တဲ့ စာတွေ ရှေ့ဆက်ပြီးလည်း လုပ်နေရအုံးမှာပဲ ပြီးတယ်လို့လည်း ရှိမှာမဟုတ်ဘူး။ အဲ့ဒီတော့ ကိုယ့်အညာကိုပြန်ပြီး စာဥတို့၊ ခင်နှောင်းတို့၊ လုံးတင်တို့၊ ဖိုးတုတ်တို့၊ သံချောင်းတို့နဲ့ ယာထွန်၊ ပျိုးနှုတ်၊ ပေါင်းသင်မြေဆွ တစ်ဦးကိုတစ်ဦး နောက်ပြောင်ကြရင်း အပူအပင်ကင်းတဲ့ အညာသားဘ၀ ကိုပဲ ပြန်လိုချင်တော့တယ်။ သူငယ်ချင်းတို့ရေ ငါတော့ ခေါင်းတွေပူလွန်းလို့ ရူးချင်နေပြီကွာ....။ မင်းတို့ကိုလည်း သိပ်ပြီး သတိရတာပဲ။
စိတ်ဖိစီးမှု့များကြောင့် ထွက်ပေါက်တခုအနေဖြင့် ရေးချလိုက်ခြင်းဖြစ်ပါသည်။ ကျုပ်ရွှေညာသားလေး၏ ကိုယ်ပိုင်အတွေးစိတ်ကူး များသာဖြစ်ပါသည်။ မည်သူ့ကိုမျှမရည်ရွယ်ပါ။ လာလည်သည့်အတွက် ကျေးဇူး တင်ပါသည်။
အားလုံးကိုလေးစားလျက်
မျိုးခန့်(စကားဝါမြေ)
0 comments:
Post a Comment