မရောက်တာ ကြာလို့ လာရတာလမ်းတွေမှားနေတယ်...။ ဘလော့ခ်လည်း ဖုန်တွေတော်တော်ထူနေလောက်ပြီဗျာ။ ရွှေညာသားလေး သင်တန်းတခုသွားတက်နေရလို့ ဘလော့ခ်နဲ့နှစ်လလောက်အဆက်ပြတ်သွားတယ်။ ရေးချင်တာတွေ ပြောပြချင်တာတွေကလည်း အများကြီးဗျာ။ ဘယ်ကစပြောရမယ်မှန်းမသိဘူး။ အညာအကြောင်းအဓိက ထားရေးတာဆိုတော့ အညာအကြောင်းပြောပြရမလား။ ကိုယ့်အလုပ်နဲ့ဆက်စပ်ပတ်သက်တာတွေပြောရမလား၊ သင်တန်းအတွေ့အကြုံလေးတွေပြန်မျှဝေရမလား စသည့် စသည့် ပြောစရာတွေပေါ့ဗျာ။ အညာမှာတော့ ဒီနှစ်မိုးခေါင်တယ်ဗျာ...ရွာကိုဖုန်းဆက်လို့ ဦးကြီး ဒွေးလေးတွေက ပြောပြတာပါ။ အလုပ်နဲ့ဆိုတော့ ရွာကိုလည်းမရောက်ဖြစ်ဘူး။ အခုချိန်အထိ လယ်တွေလည်း မစိုက်ရသေးဘူးတဲ့။ ပြောင်းဖူးဆိုလည်း ဘာမှမရှိဘူးတဲ့။ နှစ်တိုင်းဒီအချိန်ဆို ပေါတဲ့ ချဉ်ပေါင်ရွက်လည်း မရှိဘူးပြောတယ်ဗျ။
တောင်သူလယ်သမားဆိုတာကတော့ မိုးလေ၀သကောင်းမှ အဆင်ပြေတာမို့ မိုးမရွာရင် သူတို့လုပ်ငန်းခွင်က အဆင်မပြေဘူးလေ။ အခုချိန်ထိ ပျိုးမထောင်ရသေးဘူးဆိုရင် လယ်တွေစိုက်ရဖို့ကမသေချာတော့ဘူးပေါ့။ ခြောက်ပျိုးထောင်တာကလည်း မိုးမရွာတော့ အပင်ကိုမပေါက်ဘူးတဲ့။ အဲ့ဒါတွေကြားတော့ ဟိုစကားပုံလေးကို သတိရမိတယ်။ ဘာတဲ့ ရေများရာ မိုးရွာ ဆိုတာလေ။ ရွှေညာသားလေး ရန်ကုန်ကို နှစ်လလောက် နေခဲ့တာ ရွာလိုက်တဲ့ မိုး တစ်ရက်မှမပြတ်ဘူးဗျာ။ ကျုပ်တို့အညာမှာများ ရွာလိုက်ရင် တန်းဖိုးရှိတဲ့ မိုးရေတွေပေါ့။ ရန်ကုန်ကပြန်လာတဲ့ လမ်းတစ်လျှောက်မှာလည်း ကြည့်ရတာ စိမ်စိမ်းစိုစိုနဲ့ စိတ်ချမ်းသာစရာကောင်းလိုက်တာ...။ အညာမြေဘက်ကိုလည်း တဖြည်းဖြည်းရောက်လာတော့ လယ်ကွက်တွေကြည့်ရတာ ဘာမှမကိုမရှိဘူး။ တကယ့်နွေရာသီအတိုင်းပဲ။ ဘယ်ကိုပဲ ကြည့်ကြည့် ခြောက်သွေ့နေတဲ့ ယာကွက်တွေပဲ မြင်ရတယ်။
ရန်ကုန်မှာကျတော့လည်း ကောင်းလိုက်တဲ့မိုးက အပြင်ထွက်ရင် ထီးကောက်ကြီးကို ကိုင်သွားရတာ။ ရောက်စကတော့ ထီးကိုင်ကျင့်မရှိတာကြောင့် စိတ်ထဲမှာတစ်မျိုးကြီးဗျာ။ နောက်တော့လည်းလူတိုင်းက ထီးကိုင်ပြီး သွားလာနေကြတာမို့ အကျင့်ရသွားတယ်။ အပြင်ထွက်မယ်ဆိုရင် ကျန်တာတွေထက် ထီးကိုအရင်ဆုံး လက်ကဆွဲတယ်။ အခု ကျောင်းကို ပြန်ရောက်တော့လည်း ထီးမကိုင်ချင်တော့ဘူး။ အညာမှာက သွားလေရာ ထီးယူစရာမလိုဘူးလေနော့။ ရန်ကုန်မှာကတော့ သွားလေရာမှာ ထီးမပါရင် မိုးအခါမှသိမယ်ဆိုသလိုမျိုးကို ဖြစ်နေပြီ။
အိမ်ပြန်ရောက်ပြီဆိုတော့ ပို့စ်လေးတွေလည်း ဆက်ပြီးရေးဖြစ်တော့မှာပါ။ လာလည်ကြတဲ့သူတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျာ။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ....။
2 comments:
စာတွေဆက်ရေးတော့မယ်ဆိုလို ၀မ်းသာပါတယ်ဗျာ ။အသစ်တင်မယ့်ပို့စ်လေးတွေမျှော်နေပါ့မယ်
Welcome back!!
Post a Comment