မြန်မာပြည်ပြန်ရောက်ကတည်းက အသီးအရွက်တွေပဲ နေတိုင်းချက်စားနေတာ ဒီနေ့တော့ ဈေးကိုရောက်လို့ ငါးတစ်ကောင်ကို ငါးရာနဲ့ဝယ်ပြီး ပင်စိမ်းရွက်၊နံနံပင်၊ငရုတ်သီးစိမ်း စတာတွေနဲ့ ငရုတ်သီးစပ် ဟင်းတစ်ခွက် ပထမဆုံး ချက်စားဖြစ်တယ်။ ကိုယ့်မြေကိုယ်ရေမှာဆိုတော့ အသီးအရွက်တွေကလည်း ပေါတယ်ဗျာ။ မုန့်ညှင်းဖူး တွေဆို လတ်လတ်ဆပ်ဆပ်နဲ့ ကြော်စားရတာ အတော်ကောင်းတာပဲ။
ဆီသိပ်မပါပေမဲ့ စားလို့ကောင်းတယ်နော်...
ဈေးထဲကိုရောက်ရင် အသားတန်းဘက်ကို ခြေဦးမလှည့်ဘူး။ စိမ်းစိမ်းစိုစိုနဲ့ ဈေးပေါတဲ့ အသီးအရွက် လတ်လတ်ဆတ်ဆတ် တွေပဲ မရိုးရအောင် ချက်စားတယ်။ အသားကလည်း ဈေးကြီးတယ်ဗျ။ ငါးကတော့ ဈေးပေါတယ်။ ဒါပေမဲ့ အသားဆိုရင်ကို စိတ်ထဲကဘယ်လိုကြီးမှန်းမသိဘူး။ သုံးနှစ်နီးပါးလောက် အသားငါးတွေ စားလာရတော့ အသီးအနှံပဲ စားချင်တော့တယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြု ရောဂါလည်းကာကွယ်၊ ဈေးဖိုးလည်းသက်သာ ဆိုတော့ ကျွန်တော့်အတွက်ကတော့ အဆင်ကိုပြေနေတာပဲ။ အသီးအရွက်ဟင်းတွေလည်း မျိုးစုံနေအောင်ကိုချက်စားဖြစ်တယ်။ ဘလော့မှာ တင်ချင်ပေမဲ့ နှေးလွန်လှတဲ့ အင်တာနက် လိုင်းကြောင့် စာတောင်ပုံမှန်မရေးဖြစ်ဘူးဗျာ။ဒီနေ့တော့ ချက်စားဖြစ်တာလေးကို ဘလော့မှာတင်ဖို့ စိတ်အားထက်သန်နေလို့ နှေးလှတဲ့ အင်တာနက် လိပ်ဖိုးဖိုးကို စိတ်ရှည်လက်ရှည်စောင့်ပြီး ပုံလေးတွေပါတင်ပေးလိုက်ပါတယ်။
ချက်နည်းကတော့ လွယ်လွယ်လေးပါပဲ။ အရင်ဆုံး ခရမ်းချဉ်သီးကို ကြက်သွန်နီ၊ ဆား၊ငပိ စတဲ့ ဟင်းခတ်လေးတွေထည့်ပြီး အရင်ချက်လိုက်ပါတယ်။ ပြီးမှ ကိုင်ပြီးသားငါးကိုထည့် ရေလေးနည်းနည်းဖြည့်ပြီး အဖုံးအုပ်ထားလိုက်ပါတယ်။ ငါးမိနစ်လောက်နေတော့ ငါးတုံးတွေကို ဟိုဘက်သည်ဘက် လှည့်ပေးပြီး ငရုတ်သီးစိမ်းတောင့်ကို ဓားနဲ့ခွဲပြီး ထည့်ပါတယ်။ ဟင်းအရသာ မြည်းပြီး ဟင်းအိုးချခါနီးတော့ ပင်စိမ်းရွက်ရယ် နံနံပင်ရယ်ကို ရေဆေးပြီး အပေါ်ကအုပ်လိုက်ပါတယ်။ ပင်စိမ်းနဲ့ နံနံပင်လေးတွေ နွမ်းသွားတော့ ဟင်းအိုးကို ဖိုပေါ်ကချလိုက်တယ်။ ပင်စိမ်းနဲ့နံနံပင် နံ့လေးသင်းပြီး ငရုတ်သီးစပ်စပ်လေးနဲ့ ထမင်းမြိန်စေမည့် ငါးဟင်းတစ်ခွက် စားဖို့အသင့်ပါပဲ။ ငါးဟင်းနဲ့တွဲဖက်စားသုံးဖို့ကိုတော့ မုန့်ညှင်းဖူး ကိုကြော်ပါတယ်။ အရည်သောက်ကတော့ ရွှေဖီမိုးလွတ် လဘက်ခြောက်နဲ့ ရေနွေးပေါ့ဗျာ။ အားလုံးပေါင်းမှ မြန်မာငွေတစ်ထောင်မပြည့်တဲ့ ဟင်းတစ်ခွက်နဲ့ ထမင်းတစ်နပ် အတွက် အဆင်ပြေပါတယ်။
ဘလော့ကို လာလည်တဲ့သူတွေကိုတော့ ငါးဟင်းပုံလေးတွေနဲ့ပဲ ဧည့်ခံလိုက်ပါတယ်ဗျာ။ ရွှေညာသားလေး လက်ရာကို မြည်းစမ်းကြည့်ကြပါအုံးနော်။ လိုတာလေးတွေလည်း ပြောခဲ့အုံး။ နောက်တစ်ခါ ချက်ရင် ပြင်လို့ရအောင်လေ….။
အားလုံးသော ဘလော့မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ရွှေညာသားလေး ဆုတောင်းပေးပါတယ်။
3 comments:
မြန်မာပြည်ကငါးတွေ ငရုတ်သီးတွေ ပင်စိမ်းတွေကို အကြိုက်ဆုံးပါ။
အိုင်အိုရာ
မနာလိုထှာ အကိုရေ...စားချင်လို့...:):)
ငါးချက်လေး တစ်ခွက် ချန်ထားနော်။ :D
Post a Comment