အညာပဲဟင်းချို ပူပူလေးပါ
ပန်းသီးထောင်း ချဉ်ချဉ်လေး
ဒီနေ့ ကျွန်တော်ချက်စားဖြစ်တာလေးကတော့ အညာပဲဟင်းချို၊ ပန်းသီးထောင်းနဲ့ ငါးပိရည် ပါ။ အညာပဲဟင်းချို ဆိုတာက ဘာရယ်မဟုတ်ပါဘူး အိမ်မှာဆို ပဲဟင်းချို ချက်ရင် ခွေးတောက်ရွက်၊ ဆူးပုပ်ရွက်၊ ကျီးအာရွက် စတဲ့ မိုးကျရင် ထွက်တတ်တဲ့ အရွက်လေးတွေနဲ့ ရောနှောပြီး ချက်တတ်လို့ အညာပဲဟင်းချိုလို့ နာမည်တတ်လိုက်တာပါ။ ချက်တာကတော့ လွယ်လွယ်ကူကူမို့ မပြောတော့ပါဘူးနော်။ နောက်တစ်မျိုးကတော့ ပန်းသီးထောင်း။ အညာမှာဆိုရင်တော့ ပဲဟင်းချိုချက်ရင် အချဉ်ထောင်းလေးနဲ့ တွဲစားတယ်။ ပဲဟင်းနဲ့လိုက်ဖက်တာတွေကတော့ မန်ကျည်းသီးစိမ်းထောင်း၊ သရက်သီးစိမ်းထောင်း၊ သရက်ချဉ်သုပ်၊ ငါးပိကြော်၊ ငါးခြောက်ကြော်၊ စတာလေးတွေနဲ့ လိုက်ဖက်တယ်ဗျ။ ကျွန်တော်ဆီမှာတော့ အဲ့ဒါတွေကမရှိလို့ သရက်သီးနဲ့မန်ကျည်းသီးစိမ်းအစား ပန်းသီးအစိမ်းလေးတွေကို ထောင်းထားပါတယ်။ အငန်ကတော့ လက်ဆောင်ရထားတဲ့ ငါးပိရည်ကျိုထုပ် ကျန်နေတာလေးကို ဖျော်လိုက်ပါတယ်။
မပျစ်မကျဲ နဲ့ သောက်လို့အတော်ကောင်းတဲ့ ပဲဟင်းချို
ပန်းသီးထောင်းကလည်း မသိရင် သရက်သီးထောင်းလိုလိုနဲ့
ပဲဟင်းချိုထဲကိုတော့ အားလူသုံးလေးလုံး၊ မုန့်ညှင်းရွက် နဲ့ ကန်စွန်းရွက် နည်းနည်းစီ ထည့်လိုက်ပါတယ်။ အိမ်ကိုအလွမ်းပြေ ဟင်းလေးတွေချက်ပြီး ဒီနေ့စားဖို့ရာအတွက် ကိုယ်တိုင် စိတ်ကြိုက် စီမံချက်ပြုတ်ထားတယ်ဗျာ။ လာလည်တဲ့သူတွေလည်း စားသွားကြအုံးနော်။ ပန်းသီးထောင်းကတော့ အညာမှာ စားလို့မလွယ်နိုင်ဘူး။ ဒီမှာကျတော့လည်း ပေါလိုက်တဲ့ ပန်းသီးတွေ သရက်သီးတွေကျနေတာပဲဗျာ။ မှည့်လာရင် စားတဲ့ သူတောင်မရှိဘူး။ ကျွန်တော်တော့ ပန်းသီးအစိမ်းကို ခရမ်းချဉ်သီးနဲ့ငရုတ်သီးစပ်လေးလည်း ချက်စားတယ်။ အခုဆို ပန်းသီးတွေ ပေါနေပြီဗျ။ အချဉ်ကြိုက်သူများ အတွက်တော့ အဆင်ကိုပြေနေတာပဲဗျို့။ ကဲ အောက်မှာ ပုံလေးတွေ တင်ပေးလိုက်တယ် ကိုယ့်အိမ်လို သဘောထားပြီး အားမနာတမ်းသာ သုံးဆောင်သွားကြဗျ...။
နှစ်မျိုးထဲလည်း စားလို့မြိန်ပါတယ်နော့...
ဒါလေးကတော့ သုံးမျိုးလုံးကို တွဲရိုက်ထားတာ
နယ်ပြီးသားလေးဆိုတော့ အဆင်သင့်စားလို့ရတာပေါ့ဗျာ...
အရသာကတော့ ဆွေမျိုးမေ့လောက်ရဲ့
ဟော့ဒါလေးက မြန်မာတိုင်းကြိုက်တဲ့ ငါးပိရည်ကျိုပါ... နံနံပင်လေးများပါ ထည့်ထားတယ်..။
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ...။
8 comments:
မြိန်ရာဟင်းကောင်းပေါ့ကွယ်။ ပန်းသီးထောင်းလေးတော့ စိတ်ဝင်စားသွားပြီ။ ဖွယ်ဖွယ်ရာရာလေးတွေနဲ့ ထမင်းဝိုင်းကို အလည်ရောက်ခဲ့တယ်။
မေတ္တာဖြင့်
အန်တီတင့်
очень вкусно Приятного аппетита
စားချင်ပါတယ်ဆိုမှ ....နော် ဟင့်ဟင့်...:):)
ဝဋ်လည်မယ်နော်အကို ပြန်ခါနီးပြီဆိုတိုင်းးးး:P:P
ဒို့ လည်းမရမ်းသီးထောင်းအလွမ်းပြေ ပန်းသီးထောင်းစားဖြစ်တယ်။ ကောင်းပါတယ်။ ကြိုက်တယ်။ ပဲဟင်းကို အရွက်တွေခပ်ထားရင် ကြိုက်တယ်။
အညာအလွမ်းပြေဆိုပေမယ့် ကိုယ်တွေအတွက်လည်း
ရွှေပြည်ကြီးအလွမ်းပြေ ပါပဲ။
၃ ခွက်လုံးပေါင်းထားတဲ့ ပုံလေးကြည့်ရုံနဲ့ ကိုယ့်အိမ်ထမင်းဝိုင်းကိုတောင် ပြန်မြင်ယောင်မိပါရဲ့ဗျာ။
ထူးဆန်းပါပေ့ ပန်းသီးထောင်းရယ်...
ဗိုက်ဆာသွားပြီ။ ပန်းသီးစိမ်းကိုထောင်းတာလား။ လုပ်စားကြည့်ဦးမယ်။ ပုဇွန်ခြောက်တို့ ငါးပိတို့ကောထည့်ရသေးလား။
ခင်မင်လေးစားလျက်
အန်တီတင့်ရေ...လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
aungthulin ရေ အရသာရှိတယ်ဆိုလို့ ၀မ်းသာမိပါတယ်:):)
အိန်ဂျယ်ရေ... ပြန်ခါနီးလို့ရယ်မဟုတ်ပါဘူးနော်...။ ပန်းသီးစိမ်းတွေ ပေါတဲ့အချိန်မို့ စိတ်ဝင်စားသူများ ထောင်းစားနိုင်အောင် မျှဝေပေးတာပါ။ ၀ဋ်လည်မှာတော့ ကြောက်တယ်...:):)
အိုင်အိုရာ... ခရမ်းချဉ်သီးလေးနဲ့ ငါးပိချက် ချက်စားလည်းကောင်းတယ်ဗျ၊ ငါးပိလေးနဲ့ကြော်စားရင်လည်း မရမ်းသီးကြော်လေးအတိုင်းပါပဲ ချက်စားကြည့်နော် လျှာလည်သွားမယ်...လာရောက်အားပေးတာကို ကျေးဇူးတင်ပါတယ်ဗျာ...။
ကိုမြစ်ကျိုးအင်းရေ... နောက်လည်း ရွှေပြည်ကြီး အလွမ်းပြေ လာလည်ပါအုံးဗျာ...။
ကိုဟန်ကြည်...ရွှေညာသားလေးလည်း သူများတွေကို စပြောတုန်းက အားလုံးက ထူးဆန်းနေကြတာ။ ဘာရယ်တော့ မဟုတ်ပါဘူး ပန်းသီးပင်အောက် ရောက်လို့ ခူးစားရင်းက အချဉ်အရသာလေးတွေ့လို့ အညာက သရက်သီးကို သတိရမိရာကနေ ပန်းသီးထောင်းဖြစ်လာတာဗျ...:):)
မေသိမ့်သိမ့်ကျော်ရေ...ပန်းသီးအစိမ်းကိုပဲ ထောင်းတာပါ။ ဆိုင်မှာရောင်းတဲ့ အစိမ်းတွေလောက်တော့ အရွယ်မကြီးပါဘူး။ လောက်စာလုံး သာသာလေးတွေဆိုရင် အနေတော်ပါပဲ။ ကြီးသွားရင် အချဉ်ဓာတ်ပေါ့သွားတယ်။ ငါးပိတို့၊ ပုစွန်ခြောက်တို့ထည့်ရင်တော့ မရမ်းသီးထောင်းအတိုင်းပေါ့ဗျာ။ အချဉ်လည်းပေါ့တာပေါ့။ လုပ်စားကြည့်ပါနော် အကြိုက်တွေ့မှာ သေချာပါတယ်ဗျာ...။
အားလုံးပဲ လာရောက်အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်
ရွှေညာသားလေး...။
Post a Comment