“နှင်းသစ်ရေ ဟေး နှင်းသစ် ခွေးကြည့်ပါအုံးအေ့”
“လာခဲ့ပါ အရီလေး ခွေးက ချည်ထားပါတယ်တော့”
“မသိဘူးလေအေ ညည်းတို့ခွေးက ဆိုးလှတယ်ပြောလို့ ကြည့်ခိုင်းရတာဟဲ့ ငါကခွေးဆို အတော်ကြောက်တာ တလောက မိတင်မှုံ အကိုက်ခံလိုက်ရတယ်ဆိုတာ ကြားကတည်းက ညည်းတို့အိမ်ကို လာသာလာရတာ ခပ်လန့်လန့်ရယ်အေ”
“အရီးလေးကလည်း ခွေးက အဲ့လောက်မဆိုးပါဘူးတော့ အရီးမိတင်မှုံက အသံမပေးဘဲ ၀င်လာတော့ ခွေးက သူစိမ်းဆိုတော့ ကိုက်လိုက်တာပေါ့ အသံပြုပြီး ကြည့်ခိုင်းရင် ရပါတယ်”
“အေးပါအေ ထားပါတော့ ငါလာရင်းကိစပြောရအုံးမယ် မနက်ဖြန် ငါတို့ မြောက်ပြင်က လယ်စိုက်မယ်အေ့ အဲ့ဒါ ညည်းတို့အိမ်က ကောက်စိုက်တစ်ယောက်ထည့်လိုက်အုံး လက်စားပေါ့အေ ညည်းတို့လယ်စိုက်တော့ ပြန်ခေါ်ပေါ့”
“ထည့်လိုက်ပါ့မယ် အရီးလေးရယ် အချင်းချင်းတွေပဲ တစ်လှည့်စီပေါ့ ကျုပ်တို့လယ်တွေက ရေမ၀င်သေးပါဘူး။ ရေ၀င်တော့ ပြန်ခေါ်မှာပေါ့ ထည့်လိုက်မယ် စိတ်ချ”
“အေးအေး ဒါဆို ညည်းတို့အိမ်က တစ်ယောက် ထည့်တွက်လိုက်မယ်နော် ငါ ထွေးလှတို့ ၀ိုင်းဘက်ကို သွားလိုက်အုံးမယ်အေ လယ်က သိပ်မကျယ်တော့ ၇ ယောက် ၈ ယောက်လောက်ပဲခေါ်မှာပါအေ”
ဒေါ်ဖွားစိန်တစ်ယောက် ရွာထဲကို ကောက်စိုက်သမ လိုက်ခေါ်နေခြင်းဖြစ်ပါသည်။ တောရွာဓလေ့ သူ့လယ်စိုက်ရင်ကိုယ်က လိုက်စိုက်ပေး ကိုယ့်လယ်စိုက်တော့ သူ့ကိုပြန်ခေါ် အဲ့ဒီလိုနဲ့ တစ်ယောက်တစ်လှည့် အခကြေးငွေဆိုတာကို အဓိကမထား လက်စားခေါ်ပြီး လယ်စိုက်ကြတယ်။ လယ်ရှင်ကတော့ ကြုံရာဟင်းနဲ့ ထမင်းတော့ကျွေးရတာပေါ့။
ရွာထဲမှာ ဘယ်သူ့လယ်ပဲ စိုက်စိုက် အခုလိုပဲ ကိုယ်နဲ့နီးစပ်ရာနီးစပ်ရာ လက်စားခေါ်ပြီး စိုက်လိုက်တာပါပဲ။ ပျိုးနှုတ်ကျတော့လည်း ယောကျာ်းသား လေးငါးယောက်ကို နေ့လည်နေ့ခင်း နွားကျောင်းရင်း ပျော်ပွဲစားခေါ်လိုက်ရင် ပြီးပြီ။ လယ်သမား အချင်းချင်းတွေမို့ ငွေးရေးကြေးရေးဆိုတာကို အဓိကထားပြီး စကားပြောနေစရာ မလိုပါဘူး။ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီ လုပ်ကိုင်ပေးကြတာပါပဲ။
အခုလည်း အရီးလေးဖွားစိန် ရွာထဲလှည့်ပြီး ကောက်စိုက်သမ ခေါ်လိုက်တာ တောင်ဝိုင်း၊ မြောက်ဝိုင်း၊ အရှေ့ဝိုင်း၊ အနောက်ဝိုင်း နှံ့တော့ ကောက်စိုက်သမ ရှစ်ယောက်က အဆင်ပြေသွားပါတယ်။ တစ်ရွာလုံးလှည့်ခေါ်ရတာကလည်း လယ်စိုက်တဲ့အချိန်ဆိုတော့ တစ်နေ့ကို သုံးလေးဦး တစ်ခါထဲစိုက်ကြတာမို့ တစ်ယောက်မရတော့ နောက်တစ်ယောက် ပြောင်းပြီးခေါ်ရလို့ပါ။
ကောက်စိုက်သမခေါ်ပြီးတော့ ဒေါ်ဖွားစိန် အိမ်သို့ပြန်လာခဲ့လေသည်။ အိမ်မှာကလည်း မြို့က ညီမ၀မ်းကွဲရဲ့သား ဒေါ်ဖွားစိန်ရဲ့ တူတော်မောင် လင်းထွန်း ရွာကိုအလည်အပတ် ရောက်နေလို့ ချက်ပြုတ်ကျွေးမွေးဖို့ ရှိသေးသည်။ လင်းထွန်းက မြို့ကလာတယ်ဆိုပေမဲ့ ငယ်ငယ်တုန်းက ရွာမှာပဲမွေးပြီး မြို့တက်သွားသူမို့ ရွာနဲ့သိပ်ပြီးမစိမ်းလှပါဘူး။ သူ့အစ်ကိုတွေလောက် ရွာကိုမရောက်ဖြစ်ပေမဲ့ တစ်နှစ်တစ်ခေါက်တော့ လာလည်တတ်သည်။ အခုလည်း လယ်စိုက်ချိန်မှာ ရောက်လာတာမို့ အလုပ်ကတော့ နဲနဲရှုပ်နေသည်။ သူ့ကိုလည်း ဂရုစိုက်ပြီးတော့ ဧည့်မခံနိုင်ပါဘူး။ လင်းထွန်းကလည်း အေးအေးဆေးဆေး သမားမို့ တော်သေးသည်။
“အမေရေ အမေ အရီးလေး လယ်စိုက်ခေါ်တာက ဘယ်နေ့လဲ”
ဒေါ်နှင်းသစ်ရဲ့ သမီး ပန်းမှုံက အမေဖြစ်သူကို မေးနေခြင်းဖြစ်သည်။
“မနက်ဖြန်လေ သမီးရဲ့ ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ပါဘူး မနက်ဖြန်က တောင်ဝိုင်းက လေးခင်လှတို့ကလည်း ခေါ်ထားတယ်လေ အစ်မထွေးခင်က လေးခင်လှတို့ လယ်စိုက်လိုက်မှာဆိုတော့ ကျုပ်က အရီးလေးတို့ လယ်ကို လိုက်ရမှာပေါ့”
“အင်း ညည်းက အရီးလေးတို့လယ်ကို လိုက်သွားလိုက်ပေါ့အေ မိခင်လှတို့လယ်က အကျယ်ကြီးရယ် လူကလည်း သိပ်မများဘူးဆိုတော့ တော်တော်စိုက်ရမှာ။ အဲ့ဒီလယ်က အရင်ကတည်းက တစ်ရက်ထဲ ဘယ်တော့မှမပြီးဘူး အနည်းဆုံး နှစ်ရက်လောက်တော့ စိုက်ရတယ်”
“ဟုတ်ကဲ့ပါ အမေ ဒါဆို ကျုပ်အရီးလေးတို့ လယ်ပဲ လိုက်သွားလိုက်မယ်”
ပန်းမှုံက အမေဖြစ်သူကိုပြောပြီး မနက်လယ်စိုက်လိုက်ရမှာမို့ အိပ်ယာစောစော ၀င်ခဲ့သည်။
မြောက်ပြင်က ဒေါ်ဖွားစိန်၏လယ်ကွက်ထဲမှာတော့ ရွာသူကောက်စိုက်သမတွေ ထမီကို ဒူးထိမြှောက်ပြီးတင်းတင်းပါအောင်ဝတ်၊ သနပ်ခါးပါးကွက်ကြားနဲ့ ခေါင်းပေါ်မှာ ၀ါးပတ်ခါးမောက်တွေ ဆောင်းပြီး လယ်စိုက်ဖို့ရာ အတွက် ပြင်ဆင်နေကြသည်။
ဒေါ်ဖွားစိန်ရဲ့သား အေးကိုနဲ့ ညီဝမ်းကွဲတော်သူ လင်းထွန်းတို့လည်း ပျိုးပင်များကို ကောက်စိုက်မည့် လယ်ကွက်ဆီသို့ သယ်ပြီးချပေးနေသည်။ လင်းထွန်းက မြို့မှာကြီးပြင်းလာသူမို့ အားကစားလည်း လိုက်စားတော့ ခန္ဓာကိုယ်က ဖွံ့ဖြိုးပြီး ရုပ်ရည်ကလည်း ပြေပြစ်သူမို့ ရွာကကောက်စိုက်သမတွေ ငေးချင်စရာဖြစ်နေသည်။
အိမ်မှာတော့ ဒေါ်ဖွားစိန်တစ်ယောက် ကောက်စိုက်သမတွေ ကျွေးမွေးဖို့ရာအတွက် ချွေးတစ်လုံးလုံးနဲ့ ချက်ပြုတ်ကြော်လှော်နေသည်။ အသားငါး ဟင်းစားရှားတာမို့ ရှိတာလေးတွေကိုပဲ ကြံဖန်ပြီး စားဖြစ်အောင် ချက်ပြုတ်နေရသည်။ အပြင်လူပါတယ်ဆိုတော့လည်း အနည်းဆုံး ငါးပိကောင်လေးလောက်တော့ ထမင်းဝိုင်းမှာ ပါအုံးမှသင့်တော်မည်မို့ ရွာထဲက ဈေးသည်အိမ်ကို ပြေးပြီး ငါးပိကောင်ဝယ်လိုက်သည်။ ရွာမှာလယ်စိုက်တိုင်း ကောက်စိုက်သမတို့ အသည်းစွဲ မန်ကျည်းသီးစိမ်းဟင်းကလည်း မပါမဖြစ် ချက်ရသေးသည်။ မန်ကျည်းသီးစိမ်းကို နှမ်းလှော်လေး ထောင်းထည့်ပြီး ပင်စိမ်းရွက်လေးအုပ်ကာ ချက်ထားတဲ့ ဟင်းကလည်း ကောက်စိုက်သမတို့ အကြိုက်ဟင်းတခွက်ဖြစ်သည်။
လယ်စိုက်လို့ တ၀က်ကျတော့ အေးကိုက လယ်ကန်သင်းပေါ်မှနေပြီး ပန်းမှုံတို့ ကောက်စိုက်သမ တစ်စုကို ခါးအညောင်းဆန့်ရင်း ခဏနားဖို့ လှမ်းခေါ်လိုက်သည်။
“ဟေး ပန်းမှုံ၊ အေးချစ်၊ မိလုံး လာကြဟ နားကြအုံး ဒီမှာ ရေနွေးလေးဘာလေး လာသောက်အုံး၊ အမေက ထန်းလျက်ခဲတွေလည်း ထည့်ပေးလိုက်တယ်။ လယ်က ပြီးပါတယ်ဟ အေးအေးဆေးဆေးပေါ့”
“ဟုတ်ပါပြီတော် လာပါ့မယ် ဒီငန်းလေးတော့ လက်စသတ်လိုက်အုံးမယ်တော့ သိပ်မကျန်တော့ဘူး”
စကားသွက်သော မိလုံးက ကောက်စိုက်ရင်းမှ ပြန်ပြောလိုက်သည်။ ခဏကြာတော့ မိလုံးတို့လည်း စိုက်လက်စ ကောက်ငန်းကို အပြီးသတ်ပြီး ခဏနားဖို့ လယ်ကန်သင်းပေါ်သို့ တက်လာခဲ့ကြသည်။
အေးကိုရဲ့ညီဝမ်းကွဲ လင်းထွန်းကတော့ ပျိုးခင်းဘက်မှာ ပျိုးလက်တွေကို ပန်းမှုံတို့ ကောက်စိုက်ရာ လယ်ကွက်ဆီသို့ သယ်ပြီးချနေသည်။
“ကိုရင်အေးကို ဟိုတစ်ယောက်ကိုလည်း နားခိုင်းလိုက်ပါအုံးတော့ သူလည်း ရောက်ကတည်းက ပျိုးသယ်နေရတာ ပင်ပမ်းလှရော့မယ်။”
“ပန်းမှုံက ပျိုးသယ်နေသော လင်းထွန်းကို ကြည့်ပြီးပြောလိုက်သည်”
“အောင်မယ် မိပန်းမှုံ ပင်ပမ်းမှာ စိုးရိမ်နေတယ်ပေါ့ စိုးရိမ်ရင် ညည်းပါသွားပြီး ကူသယ်ပေးလိုက်လေ သွား”
“ဟဲ့ မိလုံးကလည်းလေ ငါက ရိုးရိုးပြောတာပါဟယ် သူတို့က မြို့မှာနေတဲ့သူတွေလေ တို့တွေလို ရွှံ့ထဲဗွက်ထဲ လုပ်ဖူးတာမဟုတ်ဘူးအေ့ တော်ကြာ ပျိုးသယ်ရလို့ပမ်းဖျား ဖျားပြီး မြို့မပြန်နိုင်ဖြစ်နေမှ ဟုတ်ပေ့ဖြစ်နေမယ်”
“အောင်မလေး အဲ့ဒီတော့လည်း ညည်းတို့အိမ်ကိုခေါ်ထားလိုက်ပေါ့အေ ဟုတ်ဘူးလား”
“ကောင်မနော် ပြောလေကဲလေ ဖြစ်လာပြီ ကျုပ်က ရိုးရိုးသားသားပြောတာကို ညည်းသာ ခေါ်ထားလိုက် ဒီလောက်ခေါ်ချင်နေရင်”
“အောင်မလေး သူသာလိုက်ပါစေတော် မိလုံးတို့က ခေါ်ပြီးသားနော် မှတ်ထား ပြီးမှ ညည်းမနာလို မဖြစ်နေနဲ့နော်”
တော်ကြပါတော့ဗျာ ခင်ဗျားတို့ လုပ်တာနဲ့ ကျုပ်ညီလည်း ပမ်းဖျား ဖျားပေးရတော့မလိုဖြစ်နေပြီ။ ပန်းမှုံနဲ့မိလုံးတို့ပြောနေတာကို အေးကိုက စကားဝင်ဖြတ်လိုက်သည်။
“လင်းထွန်းရေ လင်းထွန်း ငါ့ညီ လာနားအုံးကွ ရေနွေးသောက် ထန်းလျက်လေးပါ လာစားအုံး”
“အေးကိုလှမ်းခေါ်လိုက်တော့ လင်းထွန်းပျိုးသယ်နေရာမှ ပန်းမှုံနဲ့အေးကိုတို့လူစုရှိရာ လယ်ကန်သင်းဆီသို့ လျှောက်လာခဲ့သည်”
“လာထိုင်ကွ ရေနွေးသောက်၊ထန်းလျက်စားအုံး အကိုတို့ လယ်သမားတွေကတော့ ဒီလိုပဲ ဆင်းရဲတယ် ဖင်ထဲ ရွှံ့ဝင်မှ ထမင်းစားရတာ မလွယ်ဘူးကွ။”
“ဘယ်လိုလဲ စိတ်ညစ်နေပြီလားတော့ မြို့ကြီးသား ဒီလောက်က အကင်းပဲ ရှိပါသေးတယ်တော် တော်က သူများနှုတ်ပြီးသား ပျိုးပင်ကို သယ်ပေးရယုံပါ။ ပျိုးနှုတ်တဲ့ သူတွေဆို ပိုပင်ပမ်းတယ်တော့ ကျုပ်တို့ဆီမှာတော့ ယောကျာ်းလေးဆိုရင် ပျိုချေးကို ပြောင်အောင်ခါတတ်မှ မိန်းခလေးတွေက သဘောကျတာ တော်လည်း ကျုပ်တို့ရွာရောက်တုန်း ပျိုးနှုတ်တတ်အောင် သင်ထားအုံးတော့” ပန်းမှုံက သူတို့နားရောက်လာသော လင်းထွန်းကို စသလိုလိုနဲ့ စကားစပြောလိုက်သည်။
“စိတ်မညစ်ပါဘူး အစ်မရာ ကျွန်တော်က ပျော်တောင်ပျော်သေးတယ်ဗျ”လင်းထွန်းက ပန်းမှုံလှမ်းပေးသော ရေနွေးခွက်ကို ယူရင်းပြောလိုက်သည်။
“ဟဲ့အေးကို နင့်ညီက ငါ့ကိုများ အစ်မတဲ့ဟဲ့ ပြောပါအုံး သူနဲ့ငါနဲ့က အသက်ရွယ်တူလောက်ပဲ ရှိတာလေ အမေကပြောတာ သူနဲ့ငါနဲ့က ငါးရက်ကြီး ငါးရက်ငယ်တဲ့ဟဲ့။ နင်ကလည်း ကြည့်ပြောပါအုံး ငါ့ရုပ်က အစ်မခေါ်ရမယ့်ရုပ်ပေါက်နေပြီလားဟဲ့”
“ဟား ဟား ဟား ဟား”
“ပန်းမှုံကလည်း အခုနင် ၀တ်ထားတဲ့ပုံက အစ်မခေါ်ရမယ့်ပုံလေ ကိုယ့်ကိုကိုယ်လည်း သေချာပြန်ကြည့်အုံး ဟား ဟား ဟား”
“အောင်မလေး အေးကို နင့်ကိုအားကိုးရမလား မှတ်တယ် နင်ကပါ ငါ့ကိုသက်ကြီး စာရင်းသွင်းနေတယ်ပေါ့ သွား သေနာကောင်” ပန်းမှုံက စိတ်ဆိုးဟန်ဖြင့် ပြောလိုက်သည်။
“ငါက စတာပါ ပန်းမှုံရယ် နင်ကလည်း တကယ်ပဲ စိတ်ကြီးပါ့ဟာ။ အဲ့လိုသာ ကြပ်ကြပ်စိတ်ကြီး နင်တော့ ယောကျာ်းကို ရမှာမဟုတ်ဘူး မှတ်ထား” အေးကိုက စိတ်တိုနေတဲ့ ပန်းမှုံမျက်နှာကို ကြည့်ပြီး ထပ်စလိုက်သည်။
“အေးကို နင်နော် ငါ့ကိုလာမစနဲ့ ငါတို့က ကိုယ်ရုပ်ရည်နဲ့ကို ကြိုက်မယ့်သူတွေ တပုံကြီး အခုထယူ အခုရတယ် နင့်လိုများမှတ်နေလား။ ဟွန့် နင်ကသာ ကြိုက်သူမရှိလို့ အခုထိ လူပျိုကြီး ဖြစ်နေတာ သိလား။”ပန်းမှုံက သူ့ကိုလာစသော အေးကို ကိုပြန်ပြီး ရန်တွေ့လိုက်သည်။
“တော်ကြပါတော့ဗျာ အစ်ကိုနဲ့ အစ်မပန်းမှုံရယ် ကျွန်တော်ပဲ ကြားထဲက တောင်းပန်ပါတယ်ဗျာ ကျေနပ်ပါတော့နော်”ကျွန်တော်က ကျွန်တော်ထက် အသက်ကြီးတယ် ထင်ပြီးတော့ ရှေ့ကအစ်မလို့တပ်ပြီး ခေါ်လိုက်တာပါ။ အစ်မ အဲ မပန်းမှုံ မကြိုက်ဘူးဆိုရင် နောက်မခေါ်တော့ပါဘူးနော်။ မပန်းမှုံလို့ပဲ ခေါ်ပါ့မယ်"လင်းထွန်းက ကြားထဲက ၀င်ပြီးတောင်ပန်လိုက်သည်။
“ဟဲ့ ကောင်မတွေ ကြားလား မြို့ကြီးသားက ပန်းမှုံကို မပန်းမှုံလို့ ခေါ်မယ်တဲ့အေ့ တွံတေးသိန်းတန် သီချင်းထဲကလို ကိုရေချမ်းနဲ့ မပန်းမှုံတို့ ဇာတ်လမ်းတော့ စတော့မယ်ထင်တယ်ဟေ့။ ဟဲ့ ပန်းမှုံ သူက ညည်းကို မပန်းမှုံလို့ ခေါ်ရင် ဘယ်လိုပြန်ထူးမှာလဲ ငါတို့ကို အစမ်းထူးပြအေ” အစသန်သော မိလုံးက ၀င်ပြီး ဆွပေးလိုက်တော့ ပန်းမှုံခမြာ ရှက်ပြီး စိုက်လက်စ လယ်ကွက်ထဲသို့ ဆင်းသွားလေတော့သည်။
လင်းထွန်းလည်း ရွာကကောက်စိုက်သမတွေ ရှေ့မှာ မျက်နှာပူပြီး ဘာလုပ်ရမှန်းမသိဘဲ ပျိုးခင်းဆီသို့ ထပြေးလေသည်။
ဆက်ပါအုံးမည်....။
5 comments:
ရွှေညာသားရေ...ခွေးရှိလား
ကျွန်မလဲ ဒေါ်ဖွားစိန်လိုပဲခွေးကြောက်လို့ပါ
ဟားဟား...စတာနော်
မြန်မာစာစစ်စစ်လေးကိုဖတ်သွားပါတယ်ရှင်။
မရောက်တာကြာလို့ သရဲလာခြောက်တယ် အဲ ..ဟုတ်ဘူး စားလာဖတ်တယ်လို့...:):)
အဲဒါမှ မြန်မာစာ ...:)
အညာကို ပြန်လွမ်းအောင်ဖန်တဲ့ စာပါကလား...ပျိုးခင်းတွေ မမြင်ရတာတောင်ကြာပေါ့လေ...
နောက်တစ်ပိုင်း မြန်မြန်တင်ပါဗျို့  ကိုရီးယားကားလို့  တစ်ပိုင်းစီလွှင့်တော့မှာလား ဖတ်ဖို့  စောင့်နေတယ်ဗျို့ 
မစံပယ်ရေ...ရွှေညာသားလေး ဆီမှာ ခွေးမွေးမထားပါဘူးဗျာ။ စိတ်ချလက်ချ လာလည်ပါနော်....။
အိန်ဂျယ်... အလုပ်တွေများနေတယ် ထင်ပါ့ဗျာ မတွေ့ဖြစ်တာ ကြာပြီနော်။ သတိတရ ရောက်လာတဲ့အတွက် ကျေးဇူးပါ။
ကိုဟန်ကြည်... ရွှေညာသားလေးလည်း အညာကိုလွမ်းလို့ ရေးလိုက်တာ။ ပျိုးခင်းတွေ၊ ရေဖွေးဖွေးနဲ့ လယ်ကွင်းတွေကို အတူတူ လွမ်းကြတာပေါ့ဗျာ။
aungthulin... စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်နော်။ ကိုရီးယားဇာတ်လမ်းတွဲလို ရေးရကောင်းမလားဆိုပြီး ဇာတ်လမ်းတွဲ သွားကြည့်မိတာ အဆုံးမသတ်နိုင်လို့ ပို့စ်ရေးဖို့ နောက်ကျသွားတယ်။ လူလည်း နှလုံးရောဂါ ရတော့မယ်။ နောက်များတော့ တော်ပါပြီ ကိုရီးယားကားကို မကြည့်တော့ဘူး။ နှလုံးရောဂါ ရမှာကြိမ်းသေတယ်။
လာလည်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
လေးစားလျက်
ရွှေညာသားလေး
Post a Comment