တိမ်တွေခမောက်ဆောင်းတော့မည့် ပုပ္ပားတောင်မကြီး အဝေးမှမြင်ကွင်း (တခါတလေ ဆိုရင် တိမ်တွေက တောင်ထိပ်ဖျားလေးပေါ်မှာ စုပုံပြီး အဝေးကကြည့်ရင် တကယ့်ကို ခမောက်ဆောင်းသလားထင်ရတယ်။ တကယ်ကို ကြည့်လို့လှပါတယ်)
အညာကျေးလက်ဒေသတွေမှာ မိုးလေ၀သ ခန့်မှန်းတာလေးတွေကို သိသမျှ ပြောပြပါအုံးမယ်။ စက်ပစ္စည်းကိရိယာမပါဘဲ သဘာဝလေးတွေကို ကြည့်ပြီး ခန့်မှန်းတာလေးတွေပါ။ ရေဒီယို၊ သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ အလှမ်းဝေးတဲ့ ကျွန်တော်တို့ အညာကျေးလက်ဒေသတွေ အတွက်ကတော့ မှန်တာမှားတာ နောက်ထားလို့ သဘာဝမှာပတ်ဝန်းကျင်မှာ ဖြစ်နေတာလေးတွေကို ကြည့်ပြီး ရှေးယခင်ကတည်းက မှတ်ယူလာ ခဲ့ကြတာလေးတွေက ယနေ့ထိအောင် ရှိနေပါသေးတယ်။
တိမ်းခိုးတိမ်ရိပ်တွေကြားက တောင်ကလပ်ကလည်း ၀ိုးတ၀ါးနဲ့ ကြည့်လို့တစ်မျိုးကောင်းပါတယ်။
ကျွန်တော်တို့ရွာလေးဆိုရင် ပုပ္ပားတောင်ကြီးနားမှာ တည်ရှိတော့ မိုးလေ၀သနဲ့ ပတ်သက်ရင် ပုပ္ပားတောင်ကြီးကိုကြည့်ပြီး မိုးရွာမရွာ ခန့်မှန်းကြတယ်။ ရွားနားမှာ တခြားတောင်ကုန်း၊တောင်တန်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ပုပ္ပားတောင်ကြီးက တခြားတောင်ကုန်း၊တောင်တန်းတွေထက် သိသိသာသာမြင့်မားတာကြောင့် ရွာကနေ ကြည့်လိုက်မယ်ဆိုရင် လွယ်လင့်တကူ မြင်နိုင်ပါတယ်။
စိမ်းစိုနေတဲ့ တောင်ကလပ်ရဲ့ မြင်ကွင်းတခု
အထူးသဖြင့် သီးနှံစိုက်ပျိုးတဲ့ မိုးရာသီရောက်ပြီဆိုရင် ပုပ္ပားတောင်မကြီးဟာ ကျွန်တော်တို့ ရွာလေးရဲ့ မိုလေးဝသခန့်မှန်းရာ ဌာနတစ်ခုပါ။ ပုပ္ပားတောင်မကြီး ထိပ်မှာ တိမ်ခိုးတိမ်စိုင်တွေ စုဝေးပြီး ခမောက်ပုံစံ ဖြစ်နေပြီ ဆိုရင် “ဒီနေ့ ပုပ္ပားတောင်ကြီး ခမောက်ဆောင်းတယ်ဟေ့ နေပူလိမ့်မယ်ဟ လှမ်းစရာရှိတာတွေ လှမ်းထားကြ” ဆိုပြီး ပြောကြတယ်။ အဲ့ဒီလို မဟုတ်ဘဲ တိမ်ခိုးတိမ်လိပ်တွေက ပုပ္ပားတောင်မကြီးရဲ့ ခါးပတ်ပတ်လည်မှာ ဝေ့၀ိုင်းနေပြီဆိုရင်တော့ “ဒီနေ့ ပုပ္ပားတောင်ကြီး ခါးချိုးတယ်ဟေ့ မိုးရွာလိမ့်မယ်ဟ သိမ်းစရာရှိတာတွေ သိမ်းထား” စသဖြင့် လူကြီးသူမတွေ တစ်ယောက်ကိုတစ်ယောက် သတိပေး ပြောကြားတာကို မိုးရာသီရောက်တိုင်း ကြားရလေ့ရှိပါတယ်။ သူတို့ခန့်မှန်းသလို မိုးရွာမည်မရွာဘူး၊ နေပူမည်မပူဘူး ဆိုတာကတော့ သေချာတာ မဟုတ်ပါဘူး။ စက်ပစ္စည်းကိရိယာနဲ့တိုင်းတာပြီး ကြေငြာတဲ့ ရေဒီယို၊သတင်းစာ၊ ရုပ်မြင်သံကြားတို့ကတောင် ရွာရန် ရာခိုင်နှုန်း ဘယ်ရွေ့ဘယ်လောက် ဆိုပြီးပါသေးတာ သူတို့သဘာဝ မျက်မြင်ခန့်မှန်းပြီး ပြောတာကလည်း ပြောတိုင်းတော့ ဘယ်မှန်နိုင်မလဲဗျာ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာတော့ မိုးရွာတာမရွာတာထက်၊ မိုးလေ၀သ ခန့်မှန်းရတာကိုသာ သူတို့တာဝန်တခုလို့ ထင်မှတ်ထားဟန်ရှိပါတယ်။ မိုးရာသီရောက်တိုင်း ပုပ္ပားတောင်ကြီးရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ တိမ်ခိုးတိမ်စိုင်တွေကို ကြည့်ပြီး မိုးလေ၀သ ခန့်မှန်းတာကတော့ ယနေ့တိုင်ရှိပါသေးတယ်။
တိမ်ခိုးတွေကြားက တောင်ကလပ်ရဲ့အလှက ရှု့မငြီးစရာ
နောက်ပြီးတော့ အိမ်မှာမွေးထားတဲ့ ကြက်ကလေးတွေ အိမ်တလင်းပြင် နေပူပူမှာ အတောင်ဖြန့်ပြီး နေလှန်းတာ မြင်ရင်လည်း မိုးရွာလိမ့်မယ်လို့ ပြောကြတယ်။ အမြီးပါတဲ့ ပုစဉ်းလေးတွေ မြေပြင်နားကို ကပ်ပြီး နိမ့်နိမ့်လေး ပျံသန်းနေရင်လည်း မိုးရွာမယ်လို့ ယုံကြည်ကြတယ်။
နောက်တခု လယ်ထဲက ပုစွန်လုံး(ဂဏန်း)တွေ ကုန်းပေါ်တက်တာကို မြင်ရင်လည်း မိုးရွာလိမ့်မယ်တဲ့။ သူတို့ဆိုလိုတဲ့ သဘောကတော့ ပုစွန်လုံးတွေက ရေထဲမှာ နေတဲ့ သတ္တ၀ါတွေဖြစ်တယ်၊ ရေထဲမှာမနေဘဲ ကုန်းပေါ်တက်လာတာဟာ ရေကပူလွန်းပြီး ရေထဲမှာ မနေနိုင်တဲ့အတွက်ကြောင့် ကုန်းပေါ်တက်ပြီး မိုးရွာအောင်ပြောတဲ့ သဘောလို့ မှတ်ယူပါသတဲ့။ ပြီးတော့ ကျင်ကောင်အနက်တွေ ဥလေးတွေကိုယ်စီ ကိုက်ချီပြီး တွင်းပြောင်းတာကို မြင်ပြန်ရင်လည်း မိုးရွာလိမ့်မယ်လို့ ဆိုကြပြန်တယ်။ ကျင်ကောင်ဆိုတာကလည်း တွင်းနဲ့နေတဲ့ သတ္တ၀ါလေးတွေပါ။ မိုးရွာရင် သူတို့တွင်းတွေထဲ ရေ၀င်တော့ သူတို့ရဲ့သားသမီးဖြစ်လာမည့် ဥလေးတွေကို မဆုံးရှုံးစေချင်တဲ့ သဘောနဲ့ မိုးရွာမှာကို ကြိုသိပြီး တွင်းပြောင်းတဲ့သဘောကို မှတ်ယူတာဖြစ်ပါတယ်။
မှတ်မိပါသေးတယ် ငယ်ငယ်တုန်းကဆို အိမ်တိုင်ခေါင်းထဲက တောက်တဲ့ အော်သံကို နောက်ကလိုက်ရေတွက်တယ်။ တောက်တဲ့ စပြီးအော်တဲ့အသံကို မိုး၊ နောက်တစ်ခွန်းအော်ရင် လေ၊ စသဖြင့် တောက်တဲ့အောက်သလောက် မိုး၊လေ ဆိုရင်း လက်ချိုးပြီး ရေတွက်ပါတယ်။ မိုးနဲ့ဆုံးရင် မိုးရွာမယ်။ လေနဲ့ဆုံးရင် လေတိုက်မယ် ဆိုပြီး မိုးလေ၀သ ခန့်မှန်းခဲ့ဖူးပါတယ်။ ဒါပေမဲ့လေ လူရွှင်တော်များ ပြက်လုံးထုတ်သလိုမျိုး မိုး သူရွာချင်ရွာမယ်၊ မရွာချင်မရွာဘူး ဆိုသလိုပဲပေါ့။ နောက်ပြီးတော့ စကားပုံတစ်ခုရှိပါသေးတယ် “နွားသိုးနဲ့ မိုး အစိုးမရတဲ့” နွားသိုး ဆိုတဲ့အမျိုးက မဝှေ့ဘူး ဝှေ့မယ် အတတ်မပြောနိုင်ဘူးလေ။ မိုးကိုလည်း ထိုနည်းလည်ကောင်းပေါ့ဗျာ။ တခါတလေ နေပူမယ်လို့ ခန့်မှန်းပြီး မိုးရွာချင်ရွာတာပဲလေ။ မိုးရွာမယ် ခန့်မှန်းရင် နေကပူတတ်တာကိုး။
ဒါလေးတွေက ယနေ့ထိတိုင် ကျွန်တော်တို့ အညာကျေးလက်ဒေသတွေမှာ ပတ်ဝန်းကျင်ရဲ့ ပြောင်းလည်းဖြစ်ပျက်မှု့လေးတွေကို ကြည့်ပြီး မိုးလေ၀သခန့်မှန်းကြတာ ဖြစ်ပါတယ်။ တခြားနေရာဒေသတွေ မှာလည်း သူ့ဒေသနဲ့သူ အခုလိုမျိုး မိုးလေ၀သခန့်မှန်းတာလေးတွေ ရှိကြမယ်ထင်ပါတယ်။ ကျွန်တော် ပြောခဲ့တာလေးတွေ ကတော့ ကျွန်တော်တို့ဆီမှာ မိုးရာသီဆိုရင် အများဆုံးကြားရတဲ့ အညာကျေးလက်က မိုးလေ၀သ ခန့်မှန်းတာလေးတွေပါ။ ကျွန်တော့်ဆီကို အလည်လာရင်းနဲ့ အညာက ဗဟုသုတလေးတွေကို အနည်းငယ်မျှ သိသွားရတယ်ဆိုရင် ၀မ်းသာပါတယ်ဗျာ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...။
6 comments:
တောင်ကလပ်ကိုအထက်တန်းကျောင်းသူဘဝ
တုန်းကရောက်ဖူးတယ်.ဓါတ်ပုံရိုက်ထားတာရှိသေးတယ်
ခုမြင်ရတော့ငယ်ဘ၀ကိုလွမ်းမိပါရဲ့......
ပုပ္ပားတောင်ကလပ်ကို မြင်တော့ ပုပ္ပားတောင်ကို တစ်ခါထပ်သွားဖူးချင်တယ်။ အန်တီတို့ တက္ကသိုလ်ကျောင်းသားဘဝတုန်းက ခြေလျင်တောင်တက်အသင်းနဲ့ ပုပ္ပားတောင်မကြီးကို တက်ခဲ့ဖူးတယ်။
မေတ္တာဖြင့်
အန်တီတင့်
အင်း...သူ့အရပ်နဲ့ သူ့ဇာတ်လို့ပဲ ပြောရမယ်ထင်ပါရဲ့...ချစ်စရာ အညာဓလေ့လေးတွေပါ...ပုပ္ပားတောင်ရင်းက ဆေးရုံမှာ သူငယ်ချင်းတစ်ယောက် တာဝန်ကျနေတယ်လေ...သူ့ကို ဒီပို့စ်လေးအကြောင်း ပြောချင်လိုက်တာ...ခက်တာက အဲဒီဒေသက ဖုန်းခေါ်ရ အင်မတန်ခက်တာကလား...
မှန်လိုက်လေဗျာ။အနော်လဲအညာကဘဲလေ။
မလုပ်ဖြစ်တာကြာပြီဆိုတော့လွမ်းမပါရဲ့။ပုပ္ပါးနဲဆို
(၁၅)မိုင်လောက်ဘဲရှိမယ်ထင်ပါရဲ့။အမျိုးတွေတော်ရင်တော်နေဦးမှာ။
ဟဟဟဟဟဟဟ
အောက်အရပ်မှာတော့ ဖားအော်တာ၊ ပုစဉ်းအော်တာ၊ မိုးသားတက်တာ၊ မိုးနံရတာ ဒီလိုပဲ ပြောကြတယ်ထင်ပါတယ်။ အတော်လေး စုံလင်တဲ့ ဗဟုသုတတွေ ရပါတယ်ဗျိုး... ကိုယ့်နိုင်ငံ အကြောင်းတော့ အတော်လေး သိထားသင့်တာပ
မစပယ်...ရေ အမြဲလာအားပေးတဲ့အတွက် ကျေးဇူးပါဗျာ... ပုပ္ပားကို အလည်ရောက်ခဲ့ရင် ရွှေညာသားလေးတို့ရွာကိုပါ ၀င်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်...။
အန်တီတင့်ရေ... အလည်ရောက်လာခဲ့တဲ့အတွက် ၀မ်းသာမိပါတယ်ဗျာ။ အခုခေတ် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကတော့ အန်တီတို့ခေတ်ကလို ပြင်ပဗဟုသုတ မရှာကြတော့ဘူးအန်တီရေ...ပြောင်းလည်းနေကြပြီ...ကောင်းသောပြောင်းလည်းခြင်းတော့ မဟုတ်ဘူးအန်တီရေ...
ကိုဖိုးသား...အကိုဟန်ကြည်နဲ့ အလင်းစက်တို့အားလုံးကိုလည်း လာရောက်လည်ပတ်ရင်း စကာလေးတွေထားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...။
Post a Comment