ဒီလိုလေးတွေ အပြုံလိုက်ပေါက်ပါတယ် |
အစ်မ မစန္ဒကူး ဘလော့မှာ ပဲပင်ပေါက်ဖောက်တဲ့အကြောင်း ဖတ်ပြီး ကိုယ်တိုင်လုပ်ကြည့်တာ အောင်မြင်သွားတယ်ဗျာ။ ဈေးက၀ယ်တဲ့ ပဲပင်ပေါက်မှာတော့ အမြစ်လေးတွေက ရေသောက်မြစ်ခေါ်တဲ့ ခေါင်မြစ်တခုပဲပါတာကို သတိထားမိတယ်။ အခုကျွန်တော်ဖောက်တဲ့ ပဲပင်ပေါက်ကျတော့ ဘေးက မြစ်မွှားလေးတွေပါ အများကြီး ထွက်လာတယ်။ ဘာကွာတာလဲတော့ မပြောတတ်ဘူးဗျာ။ အပင်လေးတွေတော့ ပေါက်လာတယ်။ ပဲစေ့ရေစိမ်ပြီးတဲ့နေ့ကတည်းက မနက်အိပ်ယာထရင် ဒီပဲစေ့ထည့်ထားတဲ့ ခြင်းတောင်းလေးကို အရင်ဆုံးကြည့်တယ်။ ပြီးတော့ ရေအေးအေးလေး လောင်းပေးတယ်။ ရက်တောင် သေချာမှတ်မထားလိုက်မိဘူး။ သုံးလေးငါးရက်တော့ ကြာမယ်ထင်တာပဲ။ ရေလောင်းပေးရင်းနဲ့ အညှောင့်လေးတွေ ထွက်လာပြီး အပင်လေးတွေပါ ပေါက်လာတယ်။ ပျော်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့ဗျာ။
ခြင်းထဲက မယူရသေးခင် ရိုက်ထားတာ
ပဲပင်ပေါက်ဖောက်တာကတော့ ကျွန်တော်တို့ဆီမှာ ခေါ်တဲ့ ပဲတီစိမ်းကို ဖောက်ထားတာပါ။ တခြား အညှောင့်ပေါက်လွယ်တဲ့ ပဲတွေလည်း ဖောက်လို့ရမယ် ထင်တယ်။ အရင်ဆုံး ပဲစေ့လေးတွေကို ရေပိုက်ကလာတဲ့ ရေနွေးနဲ့ ပွလာအောင် စိမ်လိုက်ပါတယ်။ ပဲစေ့လေးတွေ အားလုံးပွသွားတော့ သံခြင်းတောင်း လေးထဲမှာ စွတ်ကျယ်အင်္ကျီအဖြူလေး အောက်ကခံပြီး ရေစိမ်ထားတဲ့ ပဲစေ့လေးတွေကို ထည့်လိုက်ပါတယ်။ စွတ်ကျယ်အင်္ကျီခံတာက သံခြင်းက နဲနဲလေးကြဲနေတော့ ပဲစေ့လေးတွေ ထွက်ကျမှာစိုးလို့ပါ။
ဒါကတော့ စွတ်ကျယ်အကျီင်္ကိုဖယ်ပြီးတဲ့ ပုံလေးပါ ပဲပင်လေးတွေ အနေအထားပျက်သွားပြီပေါ့။
ဒီအောက်ကပုံလေးက ထမင်းပေါင်းအိုးထဲလှယ်ထည့်ပြီး ရိုက်ထားတာ
ပဲစေ့လေးတွေ သံခြင်းထဲမှာထည့်ပြီးတော့ အရင်တစ်ညကို ရေခဲသေတ္တာရဲ့ အောက်ဆုံးအထပ်မှာ ထည့်ထားပါတယ်။အရမ်းအေးလွန်းရင်လည်း အညှောင့်မပေါက်မှာ စိုးလို့ မနက်လင်းတာနဲ့ အပြင်ထုတ်ထားတယ်။ ညပိုင်းကျတော့ ရေအေးအေးလေး ထပ်လောင်းပေးပြီး ရေခဲသေတ္တာထဲ ပြန်ထည့်ပါတယ်။ နှစ်ညလောက် အဲ့လိုထားပြီးတော့ အညှောင့်လေးတွေ ထွက်လာတာနဲ့ ရေခဲသေတ္တာထဲ မထည့်တော့ဘဲ အပြင်မှာပဲ ထားပြီး ရေအေးအေးကို နေ့တိုင်းလောင်းပေးပါတယ်။ အခန်းအပူချိန်နဲ့ ရေရဲ့အအေးဓာတ်နဲ့ဆိုတော့ ပဲစေ့လေးတွေက အပင်တွေ အကုန်လုံး ပေါက်လာပါတယ်။ ဈေးမှာ အလွယ်တကူ ၀ယ်လို့ရပေမဲ့ ကိုယ်တိုင်လုပ်တော့ ပေါပေါများများ စားရသလို ကိုယ်တိုင်ပြုလုပ်ရာက ရရှိတဲ့ ပျော်ရွှင်မှု့လေးပါ ထပ်တိုးပြီး ခံစားရတာပေါ့ဗျာ။
ဒီနေ့မနက် အိပ်ယာထပြီး ပဲပင်ပေါက်ဖောက်ထားတဲ့ ခြင်းလေးကို ကြည့်လိုက်တော့ တချို့ပဲပင်လေးတွေက တော်တော်လေးတောင် ရှည်နေပြီဗျာ။ ဒါနဲ့ပဲ ဓာတ်ပုံလေးရိုက်ပြီး ခြင်းထဲမှ ထမင်းပေါင်းအိုး အလွတ်ထဲကို လှယ်ထည့်ထား လိုက်ပါတယ်။ ကိုယ်တိုင်လုပ်ထားတာမို့ ကြော်စားရမှာကို နှမြောနေမိတယ်။ ကျွန်တော်အကျင့်က အိမ်မှာတုန်းကလည်း အဲ့လိုပဲ ကိုယ်တိုင်စိုက်တဲ့ အပင်ဆိုရင် ခူးရဆွတ်ရမှာ အတော်လေး ၀န်လေးတာ။ ဖရုံပင်၊ဗူးပင် စတာတွေ စိုက်ရင် အရင်ဆုံး ထွက်တဲ့အညွှန်ကို ခူးပေးရတယ်။ ဒါမှနောက်ထပ် အတက်တွေများများထွက်တာလေ။ အဲ့ဒီလို ခူးရတော့မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် မခူးတာများတယ်။ အမေ့ကိုပဲ ကိုယ်တိုင်ခူးချက်ဆိုပြီး ခိုင်းလိုက်တယ်။ ခူးပြီးခါစ သုံးလေးရက်ဆို အဲ့ဒီအပင်ကို သွားမကြည့်ဘူး။ အတက်လေးတွေထွက်လာမှ အနားပြန်ကပ်တယ်။ ဘာလို့ရယ်တော့ မသိဘူးဗျ ကိုယ်စိုက်ထားတဲ့အပင်က အသီးအရွက်ကို ကိုယ်တိုင်ပြန်ပြီး ခူးဆွတ်ရမှာ ကျွန်တော် မခူးရက်ဘူး။ အပင်စိုက်တဲ့ သူတိုင်း ဒီလိုခံစားချက်မျိုး ရှိလိမ့်မယ် ထင်ပါတယ်။
ဒီပုံကတော့ ထမင်းပေါင်းအိုးထဲ ပြောင်းထည့်ထားတာ
ငယ်ငယ်ကဆရာမတွေက လက်ရေးမလှရင် ပဲပင်ပေါက်အညှောင့်ထိုးထားတဲ့ အတိုင်းပဲ ဆိုပြီးပြောကြတယ်။ အဲ့ဒီတုန်းက ပဲပင်ပေါက်မမြင်ဖူးတော့ နားမလည်ဘူး။ ကြီးလာတော့မှ သဘောပေါက်တယ်။
အခုလည်း ပဲပင်ပေါက်လေးတွေကို ကိုယ်တိုင်လုပ်ထားရတာမို့ ကြော်စားရမှာကို မကြော်ရက်ဘူးဖြစ်နေတယ်။ မနက်ဖြန်တော့ ကိုယ်တိုင်မဟုတ်တောင် သူငယ်ချင်းကို ကြော်ခိုင်းရမှာပဲ။ ပဲပင်ပေါက်ဖောက်နည်းက ဘာမှမခက်ပါဘူး။ ဂရုတစိုက်နဲ့ ရေလေးလောင်းပေးရင် သူ့ဘာသာ အပင်လေးတွေ ပေါက်လာတာပါပဲ။ ပဲစေ့ဝယ်ရတာ လွယ်တယ်ဆိုရင် စိတ်အပန်းဖြေမှု့တခုအနေနဲ့ စမ်းပြီးတော့ လုပ်ကြည့်ဖို့ အကြံပြုပါတယ်။ ကိုယ်တိုင်ပြုလုပ်ပြီးလို့ ခံစားရတဲ့ ပျော်ရွှင်မှု့ပီတိက ဘာနဲ့မှမတူဘူးဗျာ။
ပဲပင်ပေါက် ကြိုက်တတ်ရင် ကြော်စားဖို့ ယူသွားနော်....လက်ဆောင်ပေါ့ဗျာ....။
ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
3 comments:
ပဲပင်ပေါက်လေးတွေက ချစ်စရာလေးတွေ အရမ်းလတ်ဆတ်တယ်ဆိုတာ သိသာတယ်။
ကိုယ်တိုင်လည်း စမ်းသပ်ကြည့်ဦးမှပဲ။း)
ခင်မင်လေးစားလျက်
ကြော်စားရင် အမြစ် တွေကို စိတ်ရှည်ရှည်နဲ့  သင်ပြီးကြော်ပါ.. သိပ်စားကောင်းတယ်.. ပဲပြားလေးပါထည့်...... :)
မေသိမ့်သိမ့်ကျော်...လာလည်တဲ့အတွက်ကျေးဇူးပါဗျာ။ကိုယ်တိုင်လုပ်စားကြည့်နော်... အရသာက တစ်မျိုးတော့ထူးတယ်။
အလင်းစက်ရေ... အကြံပြုတာ ကျေးဇူးပါဗျာ။ ထမင်းအရမ်းဆာနေလို့ အမြစ်မသင်ဘဲ ကြော်စားလိုက်တယ်။ ကျွန်တော်မြို့ရောက်ခါစက အဒေါ်အိမ်မှာ ပြောဖူးတဲ့ စကားကို သွားသတိရမိတယ်။ အဒေါ်က ပဲပင်ပေါက် ကြော်မယ်ဆိုပြီးတော့ ပဲပင်ကို တစ်ပင်ချင်းစီ အမြစ်သင်နေလို့ စိတ်မရှည်တာနဲ့ ပြောလိုက်တာလေ။ ခင်ဗျားတို့ မြို့သူတွေများ အလုပ်မရှိအလုပ်ရှာပြီး ပဲပင်ပေါက်ကိုတောင် အမြစ်သင်ရတယ်လို့ ကြားမကြားဖူးပေါင်ဆိုပြီးပြောလို့ အဒေါ်ကရယ်ပါလေရောဗျာ။
Post a Comment