အရောင်ကတော့ ထန်းလျက်နဲလုပ်ထားသလိုပါပဲ |
ဒီနေ့သင်္ကြန်အကျနေ့ ဆိုတော့ မုန့်လုံးရေပေါ်နဲ့ မုန့်ဖက်ထုပ် အတူတူလုပ်စားကြမယ်ဗျာ။ ကျွန်တော်တို့ အညာမှာက ထန်းလျက်ပေါတယ်ဗျ။ အဲ့ဒါကြောင့် မုန့်ဖက်ထုပ်လုပ်ရင် ထန်းလျက်နဲ့ပဲ လုပ်စားကြတယ်။ ကျောင်းနေတုန်းက ညညဆိုရင် အဆောင်နားကို လာ ရောင်းတဲ့ မုန့်ဖက်ထုပ်ပူပူလေး ဆိုတာကတော့ ငှက်ပျောဖက်ထဲမှာ ရှာနိုင်မှ တွေ့ပါတယ်။ နောက်ပြီး ငှက်ပျောဖက်ကို ခွာရတာက ရင်တောင်ခုန်တယ်ဗျာ။ အထဲမှာမုန့်ဆိုတာ ပါမှပါမလားလို့လေ။ ဟောတွေ့ပါပြီ လက်ညှိုးလောက်ရှိတဲ့ မုန့်ဖက်ထုပ်ဆိုတာလေး။ စားလို့တော့ ကောင်းပါရဲ့။ တစ်ခါဝယ်ရင် ဆယ်ထုပ်လောက် စားမှအဆာပြေယုံပဲရှိပါတယ်။
ကျွန်တော်တို့ အညာမုန့်ဖက်ထုပ်ကတော့ နှစ်ထုပ်လောက်စားလိုက်ရင် ဗိုက်ပြည့်တယ်ဗျို့။ မြို့မှာရောင်းတာတွေလို အုန်းဆံနဲ့သကြားကို အထဲမှာဌာပနာပြီး လုပ်တာတော့ မဟုတ်ပါဘူး။ ကောက်ညှင်းမှုန့်ကို ဆန်ကြမ်းမှုန့် နဲနဲရောပြီးတော့ ထန်းလျက်ရည် ကျိုပြီးသားနဲ့ သမအောင်ရောနယ်။ မုန့်ညက်နယ်ပြီးသားကိုမှ ငှက်ပျောဖက်မှာ ဆီသုတ် ပြီးတော့ မုန့်ညက်ကို သင့်တော်ယုံယူပြီး လက်လေးနဲ့ပြားထည့် ဟိုဘက်ဒီဘက် ဖက်အစလေးတွေကို လုံအောင်ခေါက်ပြီး ထုပ်လိုက်တာပဲ။ အဲ့ဒီထုပ်ပြီးသားလေးတွေကိုမှ ကောက်ညှင်းပေါင်းတဲ့ မြေပေါင်းအိုးထဲမှာ တစ်ထုပ်ချင်း စီပြီးထည့်။ မီးဖိုပေါ်မှာ ပေါင်းအိုးတင်ပြီး တော့ပေါင်းလိုက်တာပဲ။ တချို့လည်း အုန်းသီးခြစ်ပြီးသားကို မုန့်နယ်တဲ့အထဲမှာ တစ်ခါထဲ ထည့်နယ်ကြတယ်။ မုန့်ပေါင်းအိုးမီးဖိုပေါ်ရောက်လို့ ငှက်ပျောဖက်တွေ အရောင်ပြောင်းသွားရင် တစ်ထုပ်လောက်ယူပြီး အနေအထားမြည်းကြည့် မုန့်နပ်ပြီးဆိုရင် အညာမုန့်ဖက်ထုပ်ပူပူလေး ရပါပြီ။ ငှက်ပျောဖက်က တစ်ထပ်ထဲဆိုတော့ ခွာလိုက်တာနဲ့ ထန်းလျက်နံ့လေးမွှေးနေတဲ့ မုန့်ဖက်ထုပ်ချိုချိုလေး စားယုံပဲ။ ဆန်ကြမ်းမရောဘဲ ကောက်ညှင်းမှုန့်ချည်းဆိုရင် စေးစေးလေးနဲ့ ပိုစားကောင်းတယ်ဗျ။ ဒါကတော့ အညာကသင်္ကြန်မုန့်ဖက်ထုပ်လုပ်တာလေးပေါ့။
တီတီဆွီ ဆိုဒ်မှ သမလာတာ.....:P |
ဒါကတော့ ဂူဂယ်က မလာတာပါ |
မုန့်လုံးရေပေါ်ကြတော့လည်း ကောက်ညှင်းမှုန့်ကို ဆန်ကြမ်းမှုန့်လေး နဲနဲရောပြီးရေနဲ့ သမအောင်နယ် မုန့်ညက်ကို လုံးလို့ရလောက်ရင် လောက်စာလုံးသလို သင့်တော်ယုံအရွယ်အစားလေးတွေလုံး ပြီးတော့ လက်ညှိုးလေးနဲ့ အရာလေးပေးပြီး ထန်းလျက်ခဲလေးထည့် အပေါ်ကနေထန်းလျက်ခဲလေး လုံအောင်ပြန်ပိတ်ပြီး ရေနွေးအိုးထဲပစ်ထည့်လိုက်ယုံပဲ။ မုန့်လုံးတွေ ရေပေါ်ပေါလောပေါ်လာရင် ဆယ်ပြီးတော့ ရေအေးထဲမှာ ထည့်ပြီးတော့ အအေးခံ။ အေးသွားရင် မုန့်လုံရေပေါ်စားလို့ရပြီပေါ့။ မချိုမှာကတော့ ဘာမှမပူနဲ့ အထဲမှာ ထန်းလျက်က အခဲလိုက်လေး။ ၀ါးလိုက်တာနဲ့ အပြင်ကမုန့်သားစေးစေးလေးရယ် ထန်းလျက်ခဲ ချိုချိုလေးရယ်က ရောဝါးပြီးသားပဲ။ အရသာကို ရှိနေတာပဲဗျာ။ အုန်းသီးဖြူးပြီး စားတာကရှားပါတယ်။ ရွာဆိုတော့ အုန်းသီးက ရဖို့မလွယ်ဘူးလေ။ ၀ယ်ပြန်တော့လည်း ဈေးကကြီးတယ်ဆိုတော့ မပါလည်းဖြစ်တာပဲနော့။ သင်္ကြန်တွင်းဆိုရင် ကျောင်းမှာ ဥပုသ်ယူရင်း အိမ်တိုင်းက ယူလာတဲ့ မုန့်ဖက်ထုပ်၊ မုန့်လုံးရေပေါ်တွေက ဥပုသ်သည်တွေ ပြန်ကျွေးလို့ကို မကုန်ဘူး။
သာကူကျိုခွက်လေးလည်း ပါသေးတယ် အမုန်းဆွဲ(photo from google) |
အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ......
5 comments:
မုန့်ဖက်ထုပ် စားသွားပါတယ်...
သင်္ကြန်ရေ လောင်းသွားတယ်နော်...သပြေခက်နဲ့ ရေပက်တာပေါ့
အေးချမ်းပျော်ရွှင်ပါစေ...
မုန့်ဖတ်ထုတ်အကြောင်းကျကျနနပြောပြထားတော့
လိုက်လုပ်ကြည့်ရမလို ဖြစ်နေပြီ။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ..။
လွမ်းနေတာကြာပေါ့ စားသွားတယ် တစ်ဝကြိးပဲ...:D
ရေလောင်းခဲ့အုံးမယ်နော်..ဗွမ်းးးးးးး:):):)
မင်္ဂလာရှီသောနှစ်သစ်လေးပါ အကိုရေ။
ကိုရာဇာ ရေလာလောင်းတဲ့အတွက်ကျေးဇူးပါဗျာ...နှစ်သစ်မှာပျော်ရွှင်ပါစေ...
Angelhlaing မုန့်စားရင်း ရေလာလောင်းတာ ကျေးဇူးဗျာ...မင်္ဂလာရှိတဲ့ နှစ်သစ်လေးပါပဲ...ပျော်ရွှင်ပါစေ..
PAUK.... အညာကမုန့်ဖက်ထုပ်လုပ်စားနည်းလေးပါ လုပ်နည်းက သိပ်မခက်တော့ လုပ်စားမယ်ဆိုရင် အဆင်ပြေတာပေါ့ဗျာ... နှစ်သစ်မှာပျော်ရွှင်ပါစေ လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ...
မုန့် ဖက်ထုပ် လုပ်စားကြည့်အုံးမယ် ..လုပ်နည်းမှတ်သွားတယ်
ကျေးဇူး....
Post a Comment