photo credit >>> Google images |
ဆယ်တန်းအောင်ခါစကအဖြစ်လေးတခုကိုသတိရမိတာနဲ့စာတိုလေးတခုရေးပြီးတင်ခဲ့တယ်။
အဲ့ဒီစာစုလေးထဲက "အမှိုက်" ဆိုတဲ့ကလောင်နာမည်လေးပါယူပြီးစာစုလေးတွေဆက်ရေးဖြစ်တယ်။ ကျနော်ဆယ်တန်းအောင်တဲ့အချိန်က ကွန်ပျူတာတက္ကသိုလ်တွေ စပြီး ခေတ်စားခါစ ဆယ်တန်းအတူအောင်တဲ့သူငယ်ချင်းက ကွန်ပျူတာတက္ကသိုလ်တက်ဖို့ အမှတ်မီတယ်။ကျနော်က အမှတ်မမီတော့ ရိုးရိုးမေဂျာနဲ့ပဲ မိတ္ထီလာတက္ကသိုလ်မှာ ဒေး တက်ခွင့်ရတယ်။ ထိုစဉ်က ရိုးရိုးမေဂျာသင်တဲ့ ကျောင်းတွေကို အမှိုက်ပုံ ဆိုပြီး ပြောကြတဲ့အချိန်ပေါ့။ အဲ့ဒီမှာ ကျနော်က အမှိုက်တစ အဖြစ်နဲ့ရောက်ရှိခဲ့တယ်။ ဒါလေးကို သူငယ်ချင်းဆီပြန်ပြောတဲ့အနေနဲ့ စာစုလေးရေးခဲ့တာပါ။
အဲ့ဒီစာစုကို သဘောကျတဲ့ မေဂျာပထမနှစ်မှ ညီလေးတစ်ယောက်က ၂၀၁၇ ဒီဇင်ဘာမှာ နှစ်ကူးလက်ဆောင် အဖြစ်နဲ့ ပို့စ်ကခေါင်းစဉ်အတိုင်း ကဗျာလေးတစ်ပုဒ်ပို့လာတယ်။
သူပို့လာတဲ့ ကဗျာလေးကို ဒီမှာ အမှတ်တရအဖြစ်နဲ့ ပြန်သိမ်းရင်း မျှဝေပေးပါတယ်။
ရွှေအမှိုက်လေး တစ လွင့်နေတယ်
******************************
သူငယ်ချင်းရေ.....
ငါတို့တွေ ဝေးကွာသွားတာ
ရက်လနှစ်တွေ တော်တော်များများစားသုံးရင်းနဲ့
၂၀၁၈ နှစ်ကူးလို့ ရာသီတွေ
အလီလီပြောင်းပေါ့.....
နှစ်တွေဘယ်လောက်ပြောင်းပြောင်း
မင်းတို့အတွေးမှာ
ငါဟာအမှိုက်ပဲလား......။
ဟုတ်တယ်....ငါဟာ
မင်းတို့အတွက်အမှိုက်
အခုလည်းအမှိုက် နောင်လည်းအမှိုက်
မင်းတို့ထင်သလို ချောင်မှာကပ်နေတဲ့
အမှိုက်တော့မဟုတ်ဘူး...။
လေနှင်ရာလွင့်နေတဲ့
အမှိုက်လည်းမဟုတ်ဘူး....။
ကောင်းကင်ယံမှာ လွင့်နေတဲ့
ရွှေအမှိုက်လေ....။
မင်းတို့ပြောတဲ့ အမှိုက်ထဲက ရွှေဖြစ်အောင်
ရုန်းကန်ခဲ့တယ်လေ....။
ဒီရွှေအမှိုက်ကတော့....
ငါ့ကို လိုအပ်သူမှန်သမျှ အတွက်
ရွှေဖြစ်အောင် ကြံဆောင်နေဦးမှာပါ။
သူငယ်ချင်းရေ.....
မလိုသူတွေအတွက် အမှိုက်ဖြစ်လည်း
ဆွဲလက်စ ပန်းချီကိုတော့ ဆွဲနေဦးမှာပဲ....
လှပတဲ့ အနာဂတ်အတွက်
ပစ္စုပ္ပန်မှာ လှလှပပ
ဆေးခြယ်နေပါတယ်။
အခုလည်း ဒီရွှေအမှိုက်လေး
သူ့ကျွန်တခါမှ မဖြစ်ဖူးတဲ့
အောင်မြေမှာ နှစ်ကူးရင်းနဲ့ပေါ့...။
ဝါးလုံးခေါင်းနဲ့ လွင်ပြင်ကျယ်
ဘယ်မှာပဲ သာသာပေါ့
အလင်းနှစ်ရဲ့ မြန်နှုန်း သီအိုရီကို
မချိုးဖောက်ပါဘူး....သူငယ်ချင်း....။
သူငယ်ချင်းရေ....
၁၀ က ၉ ဖြစ်သွားတယ်
၈ က ၉ ဖြစ်လာတယ်....
မတူတာလေးရဲ့ ထုတ်ကုန်က
ရွှေအမှိုက်လေး တစ
လွင့်နေပါတယ်။
## သက်တန့်
သူငယ်ချင်းပြောတဲ့အချိန်တုန်းက အသက်အရွယ်အရ ငယ်သေးတော့ စိတ်ထဲမှာဘယ်လိုမှမခံစားတတ်ခဲ့
ပါဘူး။သူပြောတဲ့အမှိုက်ပုံကိုလည်းမရောက်ဖူးသေးတော့ ကိုယ့်မှာခွန်းတုံ့ပြန်စရာစကားလည်းမရှိခဲ့ပါဘူး။
ဒါပေမဲ့ အမှိုက်ပုံမှာနေတာကြာလာတဲ့အခါမှာတော့ သူပြောခဲ့တဲ့အမှိုက်ပုံဆိုတဲ့အဓိပ္ပာယ်ကို ကိုယ်ပိုင်အတွေးနဲ့ ရှင်းလင်းချက်ဖွင့်ကြည့်ရင်း အထက်ပါကဗျာထဲက စာသားလေးတွေလို ရင်ထဲကစကားလုံးတွေ ထွက်ကျလာပါတယ်။ အခုအချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် အမှိုက်တစ ဖြစ်နေရတာကို ဂုဏ်ယူမိသလို ကျေနပ်နေမိတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ အမှိုက် တစ သည်
ပြဿဒ်မီးလောင်စေတဲ့ အမှိုက်မျိုးမဟုတ်ဘဲ သူနဲ့ နီးစပ်ရာ အမှိုက်စတွေကို ရွှေရောင်ပြောင်းနိုင်အောင်
ပြုပြင်ပေးနိုင်တဲ့ တိုင်းပြည်အတွက် သဲတပွင့်နေရာမှ တာဝန်ထမ်းဆောင်နေသော အမှိုက်တစဖြစ်နေလို့ပါ။
လာရောက်လည်ပတ်ကြတဲ့ ချစ်မိတ်ဆွေညီအစ်ကိုမောင်နှမများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး
ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
0 comments:
Post a Comment