ကျောင်းထဲကညနေပိုင်းရောင်းတဲ့ ဟင်းချက်စရာဈေးမှာ ခရမ်းကဆော့သီးတွေ့လို့ ဝယ်ချက်စားတဲ့ဟင်းပါ။
ဆိုင်ကထမင်းဟင်းတွေကိုစားရတာငြီးငွေ့တဲ့အခါ အပြောင်းအလဲဖြစ်အောင် ကိုယ်တိုင်ဖန်တီးချက်ပြုတ်ပြီး
စားဖြစ်တဲ့ဟင်းတခွက်ပါ။ ချက်ရတာလွယ်ကူပြီး ထမင်းမြိန်စေသလို ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။
ရွာမှာဆိုရင်တော့ ချဉ်ပေါင်ရွက်အစား မန်ကျည်းသီးစိမ်းထောင်းပြီး ကဆော့သီးနဲ့ရောချက်ကြပါတယ်။
ဒီမှာတော့မန်ကျည်းသီးစိမ်းအစားချဉ်ပေါင်ရွက်ကိုသုံးပြီးချက်ထားပါတယ်။ကဆော့သီးကအစိမ်းကိုငါးပိရည်နဲ့
တို့စားလို့လည်းကောင်းပါတယ်။အလုံးကွဲရုံမျှထောင်းပြီး ငါးပိနဲ့ကြော်စားနိုင်သလို မီးဖုတ်ပြီး ကြက်သွန်ဖြူ ငရုတ်သီးစိမ်း တို့နဲ့ရောထောင်းစားလို့လည်းကောင်းပါတယ်။ ဟင်းချက်မယ်ဆိုရင်တော့ အလုံးကွဲအောင် အနည်းငယ်ထောင်းပြီးချက်တာက သူ့အရသာပိုထွက်ပါတယ်။ ဒီဟင်းကတော့ အချဉ်နဲ့တွဲချက်ထားတာမို့
ငါးပိကောင်မီးဖုတ် ဒါမှမဟုတ် ငါးကြော် အသီးအရွက်ဟင်းချိုနဲ့တွဲဖက်စားသုံးနိုင်သလို သူ့တစ်မျိုးတည်းစား
လို့လည်းဖြစ်ပါတယ်။
ချက်နည်းကတော့ ခရမ်းချဉ်သီးကြက်သွန်ဖြူနီနဲ့ဆားနနွင်းငါးပိစသည်တို့ကို ဒယ်အိုးထဲမှာအားလုံးစုပြီး အနှစ်ရအောင် မီးအေးအေးနဲ့ချက်ပါ။ ဆီပြန်ကြိုက်ရင်တော့ ဆီများများသုံးနိုင်ပါတယ်။ ကျနော်ကတော့ ဆီတွေများတာ ကိုမကြိုက်လို့ ဆီကို နည်းနည်းပဲထည့်ပါတယ်။ အနှစ်ရပြီဆိုရင် အလုံးကွဲရုံထောင်းထားတဲ့ ခရမ်းကဆော့သီးကို ထည့်ပါတယ်။ ရေနွေးအနည်းငယ် ထပ်ထည့်ပြီးမီးအေးအေးနဲ့ချက်ပါတယ်။ ခရမ်းကဆော့သီး ကျက်ပြီဆိုမှ ချဉ်ပေါင်ရွက်အနည်းငယ်ထည့်ပြီး လိုအပ်တဲ့ဟင်းအနေအထားရအောင် ရေနွေးထပ်ထည့်ပါတယ်။ နောက်ဆုံးမှာ အပေါ့အငန်မြည်း ငရုတ်သီးစိမ်း ထက်ဝက်ချိုးထည့် နံနံပင် သို့မဟုတ် ပင်စိမ်းရွက်အုပ်ပြီး မီးဖိုပေါ်ကခါပြီး ထမင်းပူပူနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
ဒါကတော့ချဉ်ဆိမ့်ဆိမ့်အရသာလေးနဲ့ ထမင်းမြိန်စေတဲ့ အညာသားလက်ရာ ချဉ်ပေါင်ရွက် ခရမ်းကဆော့သီး ဟင်းတခွက်ပါ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ ရွှေညာသားက မေတ္တာပို့သပါတယ်ဗျာ။လာရောက်လည်ပတ်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
0 comments:
Post a Comment