ဒီဟင်းကိုလည်း အဆောင်မှာတုန်းက အမေ့ချက်တဲ့ထမင်းဟင်းကို လွမ်းလို့ အိမ်ကိုအလွမ်းပြေချက်စားဖြစ်တဲ့
ဟင်းတခွက်ပါ။ ရွာမှာဆို အသားငါးဟင်းထက် ချဉ်ပေါင်ရွက်ဟင်းသည်သာ ပင်တိုင်ဟင်းအဖြစ်စားရတော့
ချဉ်ပေါင်ပင်မြင်ရင်ကို ပါးစောင်တွေကျိန်းလာသလိုခံစားရတယ်။အရွက်ချိန်ဆို အရွက် အသီးချိန်ဆို အသီး
ဒါတင်မက အသီးခြောက်ပါ ပါသေးတယ်။ အမေ့အိမ်မှာဒီလိုဟင်းတွေစားပြီးကြီးပြင်းလာရတော့
အိမ်နဲ့ဝေးတဲ့အချိန်အမေ့လက်ရာလေးတွေကိုသတိရတဲ့အခါ ချဉ်ပေါင်ရွက်ဟင်းကထိပ်ဆုံးကပါတယ်။
အများသောအားဖြင့်အမေကချဉ်ပေါင်ရွက်ကိုတခြားအသီးအရွက်လေးတွေရောပြီး အချဉ်ရည်သောက်လေးချက်
ငရုတ်သီးစိမ်းကိုကြက်သွန်ဖြူပါလေကာနဲ့ထောင်း၊ ငါးပိကောင်ငန်တူးတူးကိုမီးဖုတ်ပြီးဖဲ့ရွဲ့ဆီလေးပါယုံဆမ်း
အဲ့ဒီသုံးမယ်နဲ့ထမင်းဝိုင်းပြီးရတာ။ငါးပိကောင်မီးဖုတ်က ဆယ်ခါတခါ ပါခဲပါတယ်။
ချဉ်ရည်ဟင်းနဲ့ ငရုတ်သီးထောင်းကတော့ အမြဲတမ်းလိုလိုစားရတယ်။
တခါတလေ ထမင်းက ပြောင်းဖူး သို့မဟုတ် ပြောင်းထမင်း ဆိုရင် ချဉ်ပေါင်ဟင်းနဲ့ ဘယ်လိုမှ တွဲစားလို့
မလိုက်ဖက်ပါဘူး။ ဒါပေမဲ့ အမေ့အခက်အခဲကို သိနေတော့ ကျနော်တို့ ညီအစ်ကိုတတွေ မညည်းညူရက်ပါဘူး။
အမေချက်ကျွေးသမျှ အားပါးတရ စားကြတာချည်းပါပဲ။ ဆန်ဖြူ ထမင်းချည်းဆို ချောချောမောမောမြိုချလို့ရပေမဲ့
ပြောင်းဖူး ပြောင်းဆန် ထမင်းနဲ့ဆို မြို ချလို့မချောမွေ့တာအမှန်ပါ။
ဒီလိုထမင်းဟင်းကြမ်းကြမ်းနဲ့ လေ့ကျင့်လာရတော့ အခုအရွယ်ရောက်လာချိန် နူးနူးညံ့ညံ့အစားအစာတွေဆို
သိပ်ပြီးခံတွင်းမတွေ့လှပါဘူး။အဲ့ဒီအချိန်ဆို အမေ့အိမ်ကပြောင်းဆန်ထမင်းနဲ့ ချဉ်ပေါင်ဟင်းကိုသာ
မျက်စိထဲ လာလာမြင်ယောင်မိတယ်။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါအရ ပြန်လုပ်ယူလို့ မရနိုင်တဲ့အခါ
ရှိတာနဲ့ပဲ ဖြစ်အောင်စားသောက်ဖြေရှင်းရတာပေါ့။
ဒါကြောင့် ပွဲတွေတက်တဲ့အခါ အများအားဖြင့် ထမင်းပါတဲ့ အမယ်ကိုသာ ဦးစားပေးရွေးတယ်။
ကိတ်တို့ ကော်ဖီတို့ ဘာဂါ တို့ ပေါင်မုန့်တို့ဆို ဖြစ်နိုင်ရင် မရွေးဘူး ထမင်းလုံးဝမပါတဲ့အခါမျိုးမှာသာ
တခြားဟာတွေကို ရွေးတယ်။
တချို့ကတော့ပြောကြတယ် မြို့ရောက်လို့ အစားအသောက်ကောင်းတွေစားနေရတော့ ချဉ်ပေါင်ဟင်းကို
စားချင်တော့မှာမဟုတ်ဘူးပေါ့။ အမြဲတမ်းစားနေရချိန်တုန်းကတော့ ချဉ်ပေါင်ဟင်းကို မုန်းမိတာမှန်ပေမဲ့
တကယ်တမ်းဝေးကွာရတဲ့အခါ အတမ်းတမိဆုံးက တချိန်ကအမုန်းဆုံးကို ဖြစ်နေတတ်တာလေ။
ဒါကြောင့်လည်း အခွင့်သာလို့ ဈေးထဲရောက်ရင်တောင် ဈေးရောင်းတဲ့သူကို အခြေအနေကြည့်ပြီး
ချဉ်ပေါင်ရွက်သည်ချင်းတူရင် ရွာဘက်ကလာရောင်းဟန်တူတဲ့ အသည်ဆီကပဲရွေးဝယ်တယ်။
အသက်အရွယ်ကွာနေရင် အသက်ကြီးတဲ့သူဆီက ၀ယ်တတ်တယ်။ဘာလို့လဲဆိုတော့ အသက်ကြီးတဲ့
ဈေးသည်အမျိုးသမီးတွေမြင်ရင် အမေ့ကိုသတိရလို့ အမေကိုယ်တိုင်လည်းဈေးရောင်းနေတာဆိုတော့
ငါ့အမေလည်း သူတို့လိုပဲ ဈေးရောင်းနေတာပါလားဆိုတဲ့အသိကြောင့် ကိုယ်သုံးလို့ရမည့်ဟာ
တမျိုးမက ၀ယ်ပြီးအားပေးတယ်။
မှတ်မိသေးတယ် ထီလာမှာတုန်းက သွားနေကျမဟုတ်တဲ့ ဈေးကို လမ်းကြုံလို့ဝင်လည်တော့
ကိုယ့်ထုံးစံအတိုင်းအသီးအရွက်တမ်းဘက်ကိုခြေဦးလှည့်တယ်။ ရပ်ကွက်ဈေးဆိုပေမဲ့
ဈေးရောင်းသူအများစုက အနီးအနားရွာကနေလာရောင်းကြတာဆိုတော့ ကိုယ့်ယာထွက်
အသီးအနှံလေးတွေကို တပိုင်တနိုင်လာရောင်းကြတာများတယ်။
အဲ့ဒီထဲမှာ အမေနဲ့အသက်ရွယ်တူအန်တီကြီးတစ်ယောက်
ခေါင်းပေါင်းကြီးနဲ့ ဈေးရောင်းနေတာ သူ့ရှေ့မှာလည်းချဉ်ပေါင်ရွက်ပုံကြီးတမျိုးတည်း
တခြားဘာအသီးအရွက်မှမပါဘူး။ လာသမျှလူကိုခေါင်းမော့ပြီးဝယ်ဖို့ခေါ်ရင်း
လက်ကလည်း ချဉ်ပေါင်ရွက်တွေကို ကိုင်ကိုင်ပြီး လာပါ ပိုပိုသာသာ ပေးမှာပေါ့လို့ ပြော
ကျနော်လည်းသူ့ရှေ့ရောက်တော့ ၀ယ်မယ်လို့မရည်ရွယ်ထားပါပဲ ချဉ်ပေါင်ရွက် ဘယ်လိုရောင်းလဲ
မေးမိတယ်။ တစ်ရာဖိုး နှစ်ရာဖိုးရတယ်လူလေးတဲ့ ကျနော်ကစားတာတစ်ယောက်ထဲဆိုတော့
တစ်ရာဖိုးလောက်ပဲထည့်ပေးပါပေါ့။ ပါလာတဲ့လက်ဆွဲခြင်းကိုယူပြီး ချဉ်ပေါင်ရွက်တစ်ရာဖိုးထည့်ပေးတာ
ခြင်းအပြည့်ပါပဲ။အန်တီက ကိုယ့်အခင်းကကိုယ်ရတာပိုပိုသာသာပေးပါ့မယ်ဆိုတဲ့အတိုင်း
တစ်ရာဖိုး လှည်းကျိုးအောင်ရတယ် ဆိုတဲ့စကားလိုပါပဲ။
ကျနော်လည်းသူ့စေတနာကို အသိအမှတ်ပြုပြီးသူထည့်ပေးသလောက်ယူလာခဲ့တယ်။
အဆောင်ရောက်တော့ ချဉ်ပေါင်ရွက်တွေဒီလောက်အများကြီး ဘာလုပ်ရမှန်းမသိတော့
နောက်ဆုံးမှာ ကြံရာမရ အရွက်တွေရေဆေးပြီး သင် အခန်းထဲမှာပဲ
လေနဲ့နွမ်းအောင်လုပ်ပြီး မျှစ်ဝယ်ထားတာနဲ့ရောကြော် ကိုယ်စားဖို့လည်းချန်
မန္တလေးမစိုးရိမ်မှာစာဝါလိုက်နေတဲ့ ညီ ဦးဇင်းဆီကို ချဉ်ပေါင်ကြော်တဗူး၊ ငါးခြောက်ကြော်တဗူး၊
ကြက်သားမွကြော်တဗူး ကြော်ပြီး လူကြုံနဲ့ထည့်ပေးလိုက်တယ်။
ကျန်တာကိုတော့ အခုပုံထဲကိုလို ခရမ်းချဉ်သီးပါလေကာနဲ့ လုံးချက်ငရုတ်သီးစပ်လေးချက်စားလိုက်ပါတယ်။
အမေ့လက်ရာကိုမမီပေမဲ့ အမေ့လက်ရာနီးပါးစားလို့ကောင်းတဲ့ ဟင်းတခွက်ပါ။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ။ လာရောက်လည်ပတ်ကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
ချဉ်ပေါင်ဟင်းခွက်မြင်ပြီး ဗိုက်တွေဆာလိုက်တာ ထမင်းပူပူလေးနဲ့စားလိုက်ရရင် ဘယ်လောက်များကောင်းလိုက်မလဲနော် :)
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
0 comments:
Post a Comment