ကျုပ်ရွှေညာသားလေး ရွာကိုနောက်တစ်ခေါက်ပြန်မှာမို့ ကျန်နေသေးတဲ့ ရှု့ခင်းပုံလေးတွေနဲ့ အညာနွေနေပူအောက်က ပန်းလေးတွေကိုတင်ပေးလိုက်ပါတယ်။ နောက်ဆုံးမှာ ရေနွေးကြမ်းနဲ့ ပြောင်းဖူးမီးဖုတ်ပြီးသားကို သုပ်ထားတာရယ် နေ့လည်ခင်း အိပ်ချင်ပြေ မချစ်စု သရက်သီး လတ်လတ်ဆတ်ဆတ်ကို တိုင်မှာညက်အောင်ထုပြီး ဆားဖြူးထားတာရယ်ကို သုံးဆောင်သွားအုံးဗျာ...။ ရွာကပြန်ရောက်ရင် နောက်တစ်ပိုင်း ထပ်တင်တာပေါ့နော့...။
ရေလှောင်ဆည်ကနေ အခုလိုရေမြောင်းလေးနဲ့ သွယ်သွင်းယူသဗျာ....။
နွေရာသီတော့ နွေရာသီပါပဲ ဒါပေမဲ့ ရေနားနီးတော့ အခုလို စိမ်းစိုနေတာ မိုးတွင်းတမျှပေါ့...။
ခရမ်းသီးတွေလည်း သီးလို့နေပြန်သေးဗျာ...။
ချဉ်ပေါင်ပင်တွေကလည်း နုနုဖောက်ဖောက်မို့ ခူးချင်စရာ လက်ကိုယားနေတာပဲ... သူများအခင်းမို့ ဓာတ်ပုံပဲရိုက်ခဲ့ရတယ်လေ...။
အပေါ်ကပုံကတော့ ရေလှောင်ဆည်ပါ နွေရာသီဆိုတော့ ရေကမြင်တဲ့အတိုင်းပဲ...။
ဟော့သလို ပိုက်လေးနဲ့သွယ်ပြီးတော့ လွှဲယူကြတယ်ဗျ...။
အရီးလေးတို့ ယာခင်းဘေး ရိုးထဲက ကျောက်စက်ရေတွင်းလေးပါ...ရေကအမြဲတမ်း ပြည့်နေတာ ခပ်လို့မကုန်ဘူး သောက်လို့လည်းကောင်းတယ် အေးမြပြီး ကြည်လင်နေတာပဲ မှန်ကြည့်လို့ရတယ်ဗျာ...။
ရေပြည့်လာရင် ဘေးကမြောင်းလေးကနေ စီးထွက်သွားတာပဲ...။
ဒါကတော့ ရိုးရဲ့ အထက်ပိုင်းက ကျုပ်ဦးလေးတားထားတဲ့ ရေချိုးဖို့နေရာလေးပါ နွေနေပူပူမှာ ရေစိမ်လို့အတော်ကောင်းဗျာ...အေးစိမ့်နေတာပဲ...။ အထက်ကရေတွင်းလေးက အောက်နားက ကျောက်ခုံပေါ်မှာရှိပါတယ်...။
ဒီပုံလေးက အထက်ကရေလှောင်ဆည်ထဲကို ဆယ့်နှစ်ရာသီ စီးဝင်နေတဲ့ သဘာဝရေထွက်လေးပါ...ဒီရေထွက်ရေကို ရွာအထိပိုက်နဲ့ သွယ်တန်းဖို့ ဆန္ဒရှိနေကြပေမယ့် ပိုက်ဆံအကုန်မခံနိုင်သေးတော့ ချောင်းထဲကရေကိုပဲ ပခုံးထမ်းနဲ့ သယ်နေကြရတယ်...။ ထီသာပေါက်ရင်တော့ သူတို့ဆန္ဒတွေ ဖြည့်ပေးနိုင်ကောင်းပါရဲ့ဗျာ...။
ဒါကတော့ ခါချဉ်ကောင်လေးတွေပါ...လူကိုများကိုက်ရရင် လေးပေါင်လေးဘက်ကားပြီး အသေခံကိုက်တယ်...။ ကြားဖူးတာတော့ ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ ခါးကမသန်ဆို လားပဲ...။ လူကိုကိုက်ရင်တော့ ခါးမသန်ပေမဲ့ အသေခံပြီးကိုက်တယ်...တော်တော်ဆိုးတဲ့ ဟာလေးတွေ...။
ဒီအပင်ကတော့ အညာချယ်ရီလို့ တင်စားပြီးခေါ်တဲ့ နွေရာသီပွင့်ပန်းတစ်မျိုးပါ...ကျုပ်တို့ရွာကတော့ ၀ိစပ်(၀ိဇပ်)ပင် လို့ခေါ်တယ်ဗျာ...။ အရွက်ကတော့ ငှက်ပျောသီးမှည်အောင် အုပ်တဲ့အခါ သုံးတယ်...ကျန်တာတော့သိပ်ထွေထွေထူးထူးမသုံးပါဘူး...။ ဆေးအသုံးလေးများသိရင် ဝေငှကြပါအုံးနော်...တခြားခေါ်တဲ့ အမည်လေးရောပေါ့...။
ရနံ့ကသိပ်မမွှေးပေမယ့် ပန်းလေးတွေကတော့ အတော်လေးလှတယ်ဗျာ...။
ပြောင်းဖူးဖုတ်နဲ့ရေနွေးကြမ်းလည်း သုံးဆောင်သွားကြအုံးနော်...။
ဟော့ဒါကတော့ အဖွားဟင်းချက်ဖို့ ပြင်ထားတဲ့ ဟင်းရွက်ဗန်းပါ... ဒန့်သလွန်ရွက်၊ ဖရုံရွက် နဲ့ ဖရုံပွင့်လေးတွေပါ... ဦးလေးယာခင်းက ကျုပ်ကိုယ်တိုင်ခူးလာခဲ့တာ...ချက်ချင်သပါ့ဆိုရင်တော့ ဗန်းလိုက်သာမသွားပေတော့ဗျာ...။
အဖွားတို့အိမ်ကသောက်ရေအိုးလေးပါ...ကင်မရာကအားကုန်ခါနီးလို့ ရေသောက်နေတဲ့သူကို ပြီးအောင်မစောင့်ဘဲ ရိုက်လိုက်တာ သောက်ရေခွက်ကကျန်နေခဲ့တယ်...ကိုယ့်ခွက်နဲ့ကိုသာ ခပ်သောက်လိုက်နော်... ရေကတော့ အေးမြနေတာပဲဗျ...။
ဒီနှစ်ပုံကတော့ မချစ်စု သရက်သီးကို တိုင်မှာ ညက်အောင်ထုပြီး ဆားဖြူးထားတာပါ...ဒါလည်း ကျုပ်လက်ချက်ပဲ မစားရတာကြာလို့ တီးလိုက်တာ လေးစိတ်ကုန်သွားတယ်...။
လာလည်ကြတဲ့ ကျုပ်မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးအထူးတင်ပါတယ်။ ဒီတစ်ခေါက်ရွာကပြန်လာရင် ထန်းသီးဟင်းချက်တာရယ် ထောက်ရှာရွက်သုပ်ရယ် နဲ့ နောက်ထပ်ရှု့ခင်းပုံတွေ သမလာခဲ့အုံးမယ်ဗျာ...စောင့်မျှော်အားပေးပါအုံးနော်...။
ရွှေညာသားလေး
1 comments:
အပိုင်း(၂)လေးထပ်ပြီးအားပေးသွားပါတယ်
Post a Comment