ငယ်ငယ်တုန်းကပေါ့ ကျောင်းပိတ်ရက် တစ်ရက်မှာ အမေဈေးရောင်းထွက်လို့ အိမ်မှာ ညီလေးတွေကို ထိန်းရင်း ကျန်ရစ်ခဲ့တယ်။ ကျွန်တော်ညီလေးက စကား စပြောတတ်စအရွယ်။ အကိုလို့ခေါ်ရင် "အတို" တဲ့။ အဲ့လို ပီပီသသ သိပ်မပြောတတ်သေးဘူး။ ဖြစ်ချင်တော့ အဲ့ဒီနေ့ကမှ ကျွန်တော်ကလည်း အိမ်ပေါ်မှာတင် ညီလေးနဲ့ တူတူပုန်တမ်း ကစားဖို့ စိတ်ကူးမိတယ်။
အိမ်ပေါ်တင်ဆိုတော့ တခြားကိုလည်း သွားပုန်းစရာမရှိ။ ထုပ်တန်းပေါ်တက်ပုန်း ပြန်ရင်လည်း ကလေးက လိုက်ရှာဖို့ လွယ်မှာ မဟုတ်ဘူးဆိုပြီး အနီးက စောင်ထည့်တဲ့ ထင်ရှုးသေတ္တာကြီးထဲကို ၀င်ပုန်းဖို့ စိတ်ကူးလိုက်တယ်။ သေတ္တာက အကြီးကြီးဆိုတော့ လူတစ်ကိုယ်ဝင်ကွေးလို့ ရတာပေါ့ဗျာ။ အဲ့ဒါနဲ့ ကလေးကိုမျက်စိမှိတ်ခိုင်းပြီး အဲ့ဒီသေတ္တာထဲကို ခါးကုန်းလျက် အနေအထားနဲ့ ၀င်ပုန်းလိုက်တယ်။ သေတ္တာမှာ သောခတ်တဲ့ အပေါ်က ပတ်တာ(ညောင့်မြီးခေါ်သလားမသိဘူး) သေတ္တာဖွင့်ရင် လက်ကိုင်တဲ့ဟာကို အောက်က သော့ချိတ်တဲ့ ကွင်းလေးနဲ့ မချိတ်မိအောင် အပေါ်မှာပဲ ထောက်ထားလိုက်တယ်။ ဒါမှ ပြန်ထလိုက်ရင် သေတ္တာက ပွင့်သွားမှာပေါ့လေ။
အဲ့လို ကိုယ့်အတွေးနဲ့ကိုယ် ဟုတ်လှပြီဆိုပြီးတော့ ၀င်ပုန်းတယ်။ စိတ်ကူးကတော့ ကျွန်တော့်ညီလေးလည်း မြင်နိုင်အောင်ဆိုပြီးတော့ပေါ့။ ဖြစ်ချင်တော့ လူကအထဲကို ရောက်ပြီး နောက်ကျောနဲ့ သေတ္တာအဖုံးနဲ့ ထိပြီး လှုပ်လိုက်တော့ ထောက်ထားတဲ့ သေတ္တာက လက်ကိုင်လေးက အောက်က သောချိတ်တဲ့ ကွင်းထဲကို ကျသွားပါလေရော။ နောက်ကျောကို အားကိုးပြီး ကုန်းထတာလဲ ဘယ်လိုမှ မရဘူး။ ဘယ်ရတော့မလဲ သော့ချိတ်မထားပေမဲ့ သောချိတ်တဲ့ကွင်းနဲ့က ချိတ်မိနေပြီလေ။
အဲ့ဒါနဲ့ အထဲကနေ ညီလေးကို လှမ်းခေါ်တော့ သူလည်း သေတ္တာနား ကပ်လာတယ်။ ဒါပေမဲ့ ဘာလုပ်ရမှန်းသိပုံမရဘူး။ အပြင်ကနေတော့ လိုက်ရှာနေတာပေါ့။ အဲ့လိုဖြစ်ပြီး ခဏကြာတော့ သေတ္တာထဲနေရတာ မွန်းကြပ်လာတယ်။ သေတ္တာဖွင့်ဖို့ ကိုယ့်ဘာသာ ကြိုးစားကြည့်တော့လည်း မအောင်မြင်ဘူး။ လူက ခါးကုန်းလျက်အနေအထားဆိုတော့ ထလို့လည်းမရ၊ ထိုင်လိုလည်းမရပေါ့။ အပြင်ဘက်က ကျွန်တော်ညီလေး ခမြာလည်း ပါးစပ်က “အတိုရေ အတို” နဲ့ခေါ်ပြီး လိုက်ရှာနေတယ်။ သေတ္တာကို လက်နဲ့ထုတော့ အပြင်ကနေ သေတ္တာနား လာရပ်တယ်။ အထဲကျွန်တော်ကတော့ အသက်ရှုကြပ်လာလို့ သေတ္တာဘေးက အကာလုပ်ထားတဲ့ ထင်းရှုးပြားလေးတွေ တခုနဲ့တခုကြားက အပေါက်လေးနားကို နှာခေါင်းကပ်ပြီး ရတဲ့လေကို ရှုသွင်းနေရတယ်။
စိတ်ထဲကလည်း ငါတော့ ဘယ်သူမှ ရောက်မလာရင် ဒီထဲမှာပဲ မွန်းပြီးတော့ သေတော့မယ်ထင်တယ်လို့ တွေးမိပြီး ကြောက်လာတယ်။ အဲ့ဒါနဲ့ အိမ်အောက်က အသံကို နားစွင့်နေလိုက်တယ်။ ကျွန်တော့်ညီလေးကတော့ သေတ္တာဘေးမှာ ထိုင်နေတာကို လေ၀င်တဲ့အပေါက်လေးကနေ မြင်နေရတယ်။ သူလည်း ကြည့်တော့ကြည့်နေတာ။ ဘာလုပ်ရမယ်သာ မသိတာ။ ကလေးဆိုတော့လည်း သေတ္တာဖွင့်ဖို့ ဘယ်စဉ်းစားမလဲဗျာ။ ကျွန်တော်မှာတော့ အထဲမှာ အပေါက်က၀င်လာတဲ့ လေကို မနားတမ်းရှုနေရတယ်။
ခဏကြာတော့ အိမ်အောက်ကနေ လူသံကြားရတယ်။ အဲ့ဒီတော့မှ သေတ္တာထဲကနေ အသံကုန်အော်ပြီး ခေါ်တော့တယ်။ အဲ့ဒီတစ်ယောက်ကလည်း ကျွန်တော့်အဖေရဲ့ အဒေါ်။ သူကလည်း ခေါ်သံကြားလို့ အိမ်ပေါ်ကို တက်လာပြီး ဟိုရှာဒီရှာလုပ်တာပေါ့။ သေတ္တာထဲကဆိုတာကို သိပုံမရဘူး။ နောက်တော့မှ ကျွန်တော်က အထဲကနေ သေတ္တာကို လက်နဲ့ပုတ်ပြလို့ အလွယ်တကူ ဖွင့်ပေးနိုင်တယ်။ အဖေ့အဒေါ်က မင်းကလည်း ပေါက်ပေါက် ရှာရှာ ဒီထဲ ဘာဝင်လုပ်တာတုန်းတဲ့။ ကလေးနဲ့ တူတူပုန်းတမ်းဆော့ရင်း ဒီထဲဝင်ပုန်းတာလို့ ပြောပြတော့ တော်သေးတာပေါ့တဲ့ သူသာရောက်မလာရင် မင်းတော့ ကျော်မကောင်းကြားမကောင်း ဖြစ်တော့မယ်တဲ့။
ဟုတ်လည်းဟုတ်တယ်နော်။ အမေကလည်း ဈေးရောင်းသွားနေတာဆိုတော့ ညနေပိုင်းမှ ပြန်ရောက်မှာ။ အိမ်နီးနားချင်းတွေကလည်း သူ့အလုပ်နဲ့သူမို့ အိမ်မှာမရှိကြဘူးလေ။ အဖေ့အဒေါ် ရောက်လာပေလို့ပဲပေါ့။ မဟုတ်ရင် ကိုရွှေညာတို့ ဒီစာကိုမရေးနိုင်လောက်တော့ဘူး(ဟီးးး)။ သေတ္တာလေးပါ တစ်ခါတည်း မြေကြီးထဲ ရောက်လောက်ရော့မယ်။ အဲ့ဒီကနောက် ညီလေးတွေနဲ့ ဆော့ရင် အိမ်ပေါ်ကိုမဆော့တော့ဘူး။ အိမ်အောက်မှာပဲ တခြားနည်းတွေနဲ့ ဆော့တယ်။ တူတူပုန်းတမ်းဆော့တာကို တစ်ခါတည်းနဲ့ လန့်သွားတာပဲ။ အရွယ်ရောက်လာတော့ ကလေးတွေ တူတူပုန်းတမ်းဆော့တာကို မြင်ရင် ငယ်ငယ်ကအဖြစ်ကို သတိရမိတယ်။ အထူးသဖြင့်တော့ အိမ်ရောက်လို့ စောင်ထည့်တဲ့သေတ္တာကြီးကို မြင်တဲ့အခါ ပိုဆိုးတယ်။ အဲ့ဒီတုန်းက အပြင်ကလိုက်ရှာတဲ့ ကျွန်တော့်ညီလေးကတော့ အခု ကိုရင် ၀တ်နဲ့ ဓမ္မာစရိယတန်း ရောက်နေပြီဗျာ။ အခုအချိန်များ အဲ့လိုဆော့လိုကတော့ ကိုရင်က ဘာလုပ်မလဲမပြောတတ်ဘူးနော်။ အပြင်ကနေ သော့နဲ့ခတ်ထားရင်တော့ ဒုက္ခ။
ကိုရွှေညာသားတို့က အဲ့ဒီလိုပေါက်ရှာခဲ့တာဗျာ။ ပေါ့သေးသေး မဟုတ်ဘူး။ ကံကောင်းလို့ မသေတာ(ဟဲ….ဟဲ)။ နောက်များတော့ မဆော့ရဲတော့ပါဘူး။ ဒီရွယ်ရောက်မှ တူတူပုန်းတမ်းဆော့မယ်ဆိုလည်း အရူးထောင်အပို့ခံရမှာ ကြိမ်းသေတယ်(ဟီးးးးးး)။ အခုတော့ ဟီးနိုင်တာပေါ့နော်။ ဖြစ်တဲ့အချိန်တုန်းကတော့ ချွေးတွေကို ပြန်နေတာပဲ။
အားလုံးပဲ ဒီပို့စ်လေးဖတ်ပြီး ရယ်မောနိုင်ကြပါစေဗျာ။ ကိုယ်တွေ့အဖြစ်အပျက်လေးမို့ အမြဲတမ်းသတိရမိတယ်။
2 comments:
တော်သေးတာပေါ့ဗျာ...အဟီး
တစ်ချိန်က ဒုက္ခဆိုတာ နောင်တစ်ချိန်မှာ ဟာသတွေပါဘဲ (အကြည်တော်)
Post a Comment