လောကကြီးမှာတစ်ခါတလေ မထင်ထားတာလေးတွေ ဖြစ်တတ်တယ်ဆိုတာ မှန်တယ်ဗျာ။ အကျိုးအကြောင်း တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား၊ ကံကောင်းတယ်လို့ပဲ ဆိုရမလား မပြောတတ်ပါဘူး။ ၂၀၀၇ ခုနှစ်ထဲမှာ ကျွန်တော့်အတွက် တိုက်ဆိုင်တာလေးတွေ ရှိခဲ့တယ်။ ပထမဆုံးက ကျွန်တော်ဂုဏ်ထူးတန်းပြီးလို့ မဟာသိပံ္ပ ဆက်မတက်ဖို့ ဆုံးဖြတ်ရာက စပြီးပြောရမယ် ထင်ပါတယ်။ မိသားစုထဲမှာ ကျွန်တော်က ဒုတိယမြောက်သား ကျွန်တော့်အောက်မှာ ညီလေးယောက်နဲ့ အထက်မှာ အကိုကြီးတစ်ယောက် စုစုပေါင်း ညီအစ်ကို ၆ ယောက်ရှိတယ်။ အကိုကြီးကတော့ ၆ တန်းအောင်တာနဲ့ ကျောင်းထွက်တယ်။ အဖေနဲ့အမေက မထားလို့မဟုတ်ပါဘူး သူ့ဆန္ဒအလျောက် ကျောင်းမနေခြင်းပါ။ ကျွန်တော်ကတော့ ငယ်ငယ်လေး ကတည်းက ကျောင်းထွက်ဖို့ ဆိုတာကို စိတ်ကူးထဲကိုမရှိခဲ့တာ။ အဲ့ဒီတုန်းကတော့ ပညာရေးအကြောင်း ကောင်းကောင်း မသိသေးပါဘူး။ ဒါပေမဲ့ ကျောင်းနေချင်စိတ် ကတော့ လုံးဝမပျောက်ခဲ့ဘူး။ တခါတလေ အမေက စသလိုလိုနဲ့ သူကျောင်းစရိတ်မတတ်နိုင်လို့ ကျောင်းထွက်ခိုင်းရင် ကျွန်တော့်မှာ ထမင်းမစားနိုင်အောင် ဖြစ်ခဲ့ရတယ်။ တကယ်တော့ အမေက စိတ်ထဲကပါလို့ ပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့ စိတ်ကို အကဲစမ်းကြည့်ခြင်း သာဖြစ်ပါတယ်။ အကိုကြီး ငါးတန်းနှစ်က ကျောင်းထွက်မယ်လို့ပြောပြီး ကျောင်းကိုဘယ်လိုမှ သွားခိုင်းမရလို့ အမေ မျက်ရည်ကျခဲ့တာကို အခုထိမှတ်မိနေပါသေးတယ်။ အဲ့ဒီတုန်းကအမေ့ပြောစကားက သားတွေကို သူလိုဆင်းရဲမှာကြောက်လို့တဲ့။ ကျွန်တော်တို့ အပေါ်ထားတဲ့ အမေ့ရဲ့စေတနာကို အခုအချိန်မှာ ပိုပြီးတော့ နားလည်ခံစားတတ်လာတယ်။ ကျောင်းထွက်ခိုင်းလို့ ကျွန်တော်အဲ့ဒီလို ထမင်မစားဘဲနေပြီဆိုရင် အမေကပြန်ပြန်ချော့ တတ်တယ်။ အမေက သားကိုစတာပါတဲ့။ ဘယ်တော့မှ ကျောင်းမထုတ်ဘူး သားကသာ စာကိုကြိုးစားပါတဲ့ အမေ့ဘက်က ၀တ္တရားမပျက်ယွင်း စေရပါဘူးတဲ့လေ။ ကျောင်းမထွက်ရဘူးဆိုမှ ထမင်းပြန်စားတယ်။ အဲ့ဒီလောက်အထိ ကျောင်းနေဖို့ကို စိတ်ဆန္ဒပြင်းပြခဲ့တာပါ။
ဒါပေမဲ့ ကျွန်တော်မဟာသိပ္ပံဆက်တက်ရမယ့် နှစ်မှာတော့ ကျောင်းထွက်မယ်ဆိုတဲ့ စကားကို ပထမဆုံး အကြိမ်ပြောဖူးခဲ့ပါတယ်။ ကျွန်တော့်အောက်ကညီငယ်တွေကို ဦးစားပေးချင်တာရယ်၊ အဖေနဲ့အမေကို အားနာတာရယ်ကြောင့်ပါ။ နောက်ပြီး အိမ်ရဲ့အခြေအနေကိုလည်း ကောင်းကောင်းသိနေတယ်လေ။ ဒါပေမဲ့ အဖေနဲ့အမေက ဘယ်လိုမှခွင့်မပြုဘူး။ ကျောင်းပြီးအောင်တက်ဖို့ကိုပဲ ပြောပါတယ်။ အဲ့ဒါနဲ့ နောက်ဆုံးတော့ ကျောင်းဆက်တက် ဖြစ်ခဲ့တယ်ဆိုပါတော့ဗျာ။ အဖေနဲ့အမေက ကျွန်တော့်ဘ၀ရှေ့ရေးကိုပဲ ကြိုပြီးမြင်နေသလားထင်ရတယ်။ ကျွန်တော် ကျောင်းကိုရောက်တော့ ဂုဏ်ထူးတန်းပြီး အလုပ်ခေါ်တာနဲ့ တိုက်ဆိုင်နေတယ်။ ကျွန်တော်လည်း ဆရာဆရာမတွေကို မေးမြန်းပြီး အလုပ်လျှောက်လိုက်ပါတယ်။ ထပ်ပြီးတော့ ကံကောင်းတယ်ဆိုရမလား ကျွန်တော် အလုပ်ရခဲ့တယ်ဗျ။ ကျောင်းမပြီးခင် အလုပ်ရတော့ ၀မ်းသာလိုက်တဲ့ဖြစ်ချင်းဗျာ မပြောပါနဲ့။ အလုပ်လုပ်ရင်းနဲ့ ကျောင်းဆက်တက်ခွင့် ရမှာဆိုတော့ ကိုယ့်ကျောင်းစရိတ်အတွက် အမေ့ဆီကို ပြန်မတောင်းရတော့ဘူးလေ။ အဖေနဲ့အမေလည်း ကျွန်တော်အလုပ်ရတော့ ပျော်ရွှင်နေကြတယ်။ သူတို့ပျော်တာက ကျောင်းစရိတ်သက်သာ သွားလို့ပျော်ခြင်းမျိုး မဟုတ်ပါဘူး။ သူ့တို့သားက တက္ကသိုလ်မှာ ဆရာဖြစ်တယ်ဆိုတာကို ဂုဏ်ယူလို့ ပျော်တဲ့အပျော်မျိုးပါ။
နောက်ပြီးရွာမှာက ပေါက်ပေါက်မြောက်မြောက်လည်း သိပ်ပြီးမရှိဘူးဆိုတော့ ရွာအတွက်လည်းဂုဏ်ယူပြီး ပျော်ကြတာပေါ့။ ကျွန်တော့်အတွက်ကတော့ အလုပ်ရပြီးပြီးချင်း ရန်ကုန်မှာ သင်တန်းတက်ရမယ်ဆိုလို့ ပျော်တဲ့အပျော်ပါပဲ။ ရန်ကုန်ဆိုတာကို ကြားသာကြားဖူးနေတာ တစ်ခေါက်မှမရောက်ဖူးဘူး။ ရောက်လိမ့်မယ်လို့လည်း မျှော်လင့်မထားခဲ့ပါဘူး။ အဆက်အစပ်ဆိုတာကလည်း တစ်ယောက်မှမရှိဘူးလေ။ တချို့တွေက ဆွေမျိုးသားချင်းတွေ ရန်ကုန်မှာနေလို့ သွားလည်ရင်းရောက်နိုင်သေးတယ်။ နောက်ပြီး ရွာကနေ ဘုန်းကြီးဝတ်ပြီး ရန်ကုန်ရောက်နေလို့ ဘုန်းဘုန်းဆီကို သွားလည်ရင်းရောက်ရအောင်လည်း ဘုန်းဘုန်းကမရှိ။ အဲ့ဒီလောက် မြို့နဲ့အဆက်အသွယ်ပြတ်တဲ့ ရွာမှာ ကြီးပြင်းလာရတော့ ရန်ကုန်ဆိုတာကို သီချင်းထဲ၊ဗွီဒီယိုထဲမှာ လောက်သာကြားဖူးတဲ့ ကျွန်တော်အတွက် မရောက်နိုင်ဘူးလို့မျှော်လင့်ထားတာ မလွန်ပါဘူးနော်။
RC hall ရှေ့မှာ သူငယ်ချင်းများနဲ့ အမှတ်တရ |
ဒါနဲ့ပဲ ကျွန်တော်အညာသား ရန်ကုန်မြို့ကြီးကို ရောက်လာခဲ့တယ်ဆိုပါတော့။ မမြင်ဘူး မူး မြစ်ထင်ဆိုတာလို မြို့ဆိုလို့ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်း လောက်သာရောက်ဖူးတဲ့ ကျွန်တော်အတွက် ရန်ကုန်မြို့ကြီးမှာ မြင်သမျှအရာတိုင်းဟာ အံ့သြစရာတွေကြည့်ပါပဲ။ အထပ်မြင့်တိုက်ကြီးတွေ၊ ကြိတ်ကြိတ်တိုး စည်ကားနေတဲ့ လူတွေ၊ပုရွက်ဆိတ်အုံအလား များပြားလှတဲ့ကားတွေ၊ အ၀တ်အစား တောက်တောက်ပြောင်ပြောင်နဲ့ လူငယ်တွေစသဖြင့် အိုဗျာ စုံလို့ပါပဲ။ ကျွန်တော်သင်တန်းတက်ရမှာက မြန်မာပြည်မှာ သမိုင်းဝင်တက္ကသိုလ်ကြီုးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ။ သစ်ပုတ်ပင်ကြီးတို့၊ အဓိပတိလမ်းမနဲ့ ဘွဲ့နှင်းသဘင် အဆောက်အဦးကြီးရယ် ကံ့ကော်ပင်တန်းနဲ့မြေနီလမ်းဆိုတာရယ်တွေက သီချင်းထဲမှာ ကြားဖူးထားတဲ့ ကျွန်တော့်အတွက် ကိုယ်တိုင်မြင်တွေရတော့မှ ပိုပြီးအံသြရပါတယ်။
သစ်ပုတ်ပင်ကြီး ဆိုတာကလည်း မြင့်မြင့်မားမားနဲ့ ကျောင်းဝန်းထဲမှာ ကျက်သရေရှိလှတယ်။ သစ်ပင်ကြီးကြီးဆိုတာ ကျွန်တော်လိုတောသားတစ်ယောက် အတွက်သိပ်ပြီး မထူးဆန်းလှပေမဲ့ အဲ့ဒီ သစ်ပုတ်ပင်ကြီးမြင်ရတော့မှ ရွာမှာရှိတဲ့ ကုက္ကိုလ်ပင်တို့၊ လက်ပံပင်တို့ဆိုတာ ဘာရှိလို့တုန်းဗျာ။ ကားပေါ်ကဆင်း ဆင်းချင်း ပထမဆုံး ရောက်သွားတာက အဲ့ဒီသစ်ပုတ်ပင်ကြီးအနီးက ကျောင်းသားရေးရာ ဌာနကိုပါ။ ကျွန်တော်တို့တစ်တွေ ရောက်တဲ့နေ့က ကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်နေလို့ ကျောင်းထဲမှာ လူကလည်းနည်းပါတယ်။ ပထမဆုံးရောက်တဲ့ သူမို့ ဘယ်နားမှာဘာရှိမှန်းလည်း မသိ။ သစ်ပုတ်ပင်ကြီးကို ကြည့်ပြန်တော့လည်း လှောင်ပြောင်တဲ့ အကြည့်တွေနဲ့ကြည့်နေသလို ခံစားရတယ်။ ဗိုက်ဆာလို့ အစာလေး ၀ယ်စားချင်တာတောင် ဆိုင်ကဘယ်နားနေမှန်းမသိလို့ မစားရတဲ့ကျွန်တော့်အဖြစ်ပါ။ နောက်တော့ မတတ်နိုင်တဲ့အဆုံး သစ်ပုတ်ပင်ကြီး ဘေးနားကနေ ဘွဲ့နှင်းသဘင်ခန်းမ ဘက်ဆီကို လျှောက်သွားမိပါတယ်။ ဆေးရောင်မည်းမည်းတွေနဲ့ ခန့်ညားထည်ဝါစွာ တည်ရှိနေတဲ့ ဘွဲ့နှင်းသဘင် အဆောက်အဦးကြီးကလည်း ရှည်လျားလှတဲ့ အဓိပတိလမ်းမကြီး၊ ကံ့ကော်ပင်တန်းတို့နဲ့အတူ ပနံရလိုနေပါတယ်။
ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ အမှတ်တရ |
ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦးကြီး ဘေးကနေ ကျောင်းဝန်းခြံစည်းရိုးနားကို ကပ်သွားပြီး ထွက်ပေါက်ရှာကြည်တော့ အပေါက်ကတွေ့ပါရဲ့ သောကခတ်လျက်သား ဖြစ်နေတယ်။ ဒါနဲ့အဆောင်လေးထဲက အစောင့်ဖြစ်ဟန်တူတဲ့ ဦးလေးကြီးကို အကျိုးအကြောင်းပြောပြပြီး အပေါက်ဖွင့်ပေးဖို့ အကူအညီ တောင်းတော့ ဦးလေးကြီးက သဘောကောင်းစွာနဲ့ အပေါက်ဖွင့်ပေးရှာပါတယ်။ အဲ့ဒီကနေ အပြင်ထွက်လိုက်တော့ အင်လျားကန်ဘောင် ဒီဘက်ထိပ်က စားသောက်ဆိုင်တန်းတွေဘက်ကို ရောက်သွားပါတယ်။ အဲ့ဒီနားရောက်တော့လည်း ဘယ်ဆိုင်ကို ၀င်ရမှန်းမသိလို့ အလှဆင်ထားတဲ့ လမ်းလေးကနေ အောက်ဘက်ကို ဆင်းဖို့အပြင် ဆိုင်ဝန်ထမ်းဖြစ်ဟန်တူတဲ့ လူငယ်တစ်ယောက်က သူတို့ဆိုင်တံဆိပ်လေး အင်္ကျီကို လာကပ်ပါတယ်။ အစပိုင်းတော့ ဘာလုပ်မှန်း မသိပါဘူး။ အထဲကိုဝင်မယ်ဆိုတော့မှ အဲ့ဒီလူငယ်က ပိုက်ဆံတောင်းပါတယ် ဘာအတွက်လည်းမေးတော့ လမ်းကနေအောက်ထဲဆင်းခတဲ့ဗျာ (၀င်ကြေးပေါ့) ကြည့်ပါအုံး အခုမှရောက်တဲ့ တောသားကို ရိုက်စားလုပ်လိုက်တာ။ လမ်းဆင်းခတောင်းရအောင်လည်း သူကဘာမှလုပ်မပေး ကိုယ့်ခြေထောက်နဲ့ကို ဆင်းရတာလေ။ မတော်သကာ သူကပွေ့ပြီး အောက်ချပေးတယ်ဆို တော်သေးတယ်နော့။ အခုတော့ ဘာမှမဟုတ်ဘဲ ပိုက်ဆံ ၂၀၀ ပေးလိုက်ရပါတယ်။ အဲ့ဒါနဲ့ ပိုက်ဆံပေးပြီးမှတော့ မထူးဘူးဆိုပြီး သူတို့လမ်းအတိုင်း အောက်ကိုဆင်းပြီး မြင်ခင်းပြင်ကနေ ကန်ရေစပ်နားအထိရောက်အောင် သွာလို့ရတဲ့နေရာမှန်သမျှ အနှံ့ကို သွားပစ်လိုက်တယ်။ အထဲမှာတော့ မိသားစုလိုက်၊ သူငယ်ချင်းတွေ အဖွဲ့လိုက်၊ တချို့လည်း နှစ်ယောက်ထဲ၊ အပန်းဖြေနေကြတာကို တွေ့ခဲ့ရပါတယ်။ ဗိုက်ဆာတဲ့ စိတ်လည်း ဘယ်ရောက်သွားမှန်းကို မသိတော့ပါဘူး။ နောက်တော့ လာရာလမ်းအတိုင်းပဲ ကျောင်းထဲကိုပြန်ဝင်ပြီး အဆောင်နေရာချပေးမယ့်သူ အလာကို သစ်ပုတ်ပင်ဘက်ခြမ်းက ကျောင်းသားရေးရာဌာန ဆင်ဝင်အောက်မှာ ထိုင်လို့တစ်မျိုး၊ ထလို့တစ်ဖုံနဲ့ စောင့်နေရတာ ညနေစောင်းမှ နေဖို့အဆောင်ရပါတယ်။
ညနေပိုင်းရောက်တော့ ကျွန်တော်နဲ့ တသုတ်ထဲ အလုပ်ရတဲ့ ကျောင်းအသီးသီးမှ ကျောင်းသားတွေလည်း သင်တန်းတက်ဖို့ သူ့အဖွဲ့နဲ့သူ ရောက်လာကြတယ်။ စတွေ့ခါစဆိုတော့ သိပ်ပြီးတော့ မရင်နှီးကြသေး။ လူတွေ့ဖြေတုန်းက မြင်ဖူးပြီးသားတွေဆိုတော့ မျက်နှာတွေကိုတော့ မှတ်မိနေပါတယ်။ အဆောင် နေရာချပေးတဲ့သူ ရောက်လာတော့မှ ကိုယ်နေရမည့်အဆောင်ကို အ၀တ်အိတ်တွေကိုယ်စီနဲ့ သွားခဲ့ကြပါတယ်။ မှတ်မှတ်ရရ ကျွန်တော်နေခဲ့ရတာက ပဲခူးဆောင် ဒုတိယထပ်မှာပါ။ ပဲခူးဆောင်ကြီး ကလည်း သမိုင်းဝင်အဆောင်ကြီးပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း ကျောင်းသားဘ၀တုန်းက ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်မှာ နေသွားခဲ့တဲ့အကြောင်း အဆောင်မှူးပြောပြလို့ သိခွင့်ရခဲ့တယ်။ ကျွန်တော်တို့ အပေါ်ထပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနေသွားတဲ့ အခန်းရှိပါတယ်။ အခန်းထဲမှာတော့ ပစ္စည်းရယ်လို့ များများစားစားမရှိပါဘူး။ ထီးတစ်ချောင်းတော့ ကျွန်တော်မြင်ခဲ့ပါတယ်။
နောက်နေ့တွေမှာတော့ ကိုယ့်သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဌာနကပို့ချတဲ့ သင်တန်းချိန်တွေကို တက်ကြရပါတယ်။ သင်တန်းချိန်ကလည်း မနက်(၈) နာရီကနေ ညနေ(၄)နာရီအထိ ကြားထဲမှာ ထမင်းစားချိန် တစ်နာရီသာ နားရပါတယ်။ ထမင်းကိုတော့ ကျောင်းထဲက ဆိုင်မှာပဲ ၀ယ်စားကြတယ်။ ညနေစာကိုတော့ တချို့လည်း အပြင်ထွက်စားကြရဲ့။ ညနေပိုင်းကျောင်းဆင်းချိန် ရသမျှအချိန်လေးမှာ လှည်းတန်းဈေး ဘက်ကို လမ်းလျှောက်ထွက်ကြတယ်။ အင်းလျားကန်ဘောင်ဘက်ကို သူငယ်ချင်းတွေနဲ့ လမ်းလျှောက်ရင်း၊ လေကောင်းလေသန့်ရှုရှိုက်ရင်း၊ ဟိုငေးဒီငေး ငေးမောရင်း၊ ညနေပိုင်းတွေမှာ သွားဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အတွက်တော့ အားလုံးဟာ အတွေ့အမြင် အသစ်တွေ့ချည်းပါပဲ။
သင်တန်းတက်ခဲ့တဲ့ တစ်လတာ ကာလအတွင်း သင်တန်းအားရက်တွေမှာ ရန်ကုန်မြို့ရဲ့ ထင်ရှားတဲ့ နေရာတွေကို လည်ပတ်ဖြစ်ခဲ့ပါတယ်။ ပုံတော်တွေနဲ့ တီဗွီမှာသာ မြင်ဖူးခဲ့တဲ့ ရွှေတိဂုံစေတီတော် ကြီးကိုလည်း သုံးကြိမ်တိုင်တိုင် သွားရောက်ပြီး ဦးခိုက်ဖူးမြော်ခဲ့ရပါတယ်။ ဟက်ပီးဝါးဆိုတဲ့ ကလေးကစားကွင်း၊ တိုင်းရင်းသားကျေးရွာ၊ ရေလယ်ကျောက်တန်း၊ ဆူးလေဘုရား၊ မြို့တော်ခန်းမ၊ ပန်းဆိုးတမ်းလမ်းက စာအုပ်အဟောင်းဆိုင်တွေ၊ မဟာဝိဇယစေတီတော်၊ ကန်တော်ကြီးပန်းခြံ၊ ပြည်သူ့ရင်ပြင် စတဲ့နေရာတွေကိုလည်း ရောက်ဖူးခဲ့ပါတယ်။ မှတ်မိတာလေး တခုက မြေနီကုန်း ကုန်တိုက်လား၊ စူပါမားကက်လား ကောင်းကောင်းတော့မမှတ်မိတော့ဘူးဗျ။ အဲ့ဒီဆိုင်ကြီးပေါ်ကို သူငယ်ချင်းနှစ်ယောက် ယောင်လည်လည်နဲ့ တက်သွားပါတယ်။ သူများတွေက ဆိုဒ်ဂိုက်အပြည့်နဲ့ ပိုက်ဆံအိပ်တွေလွယ်ပြီး ဈေးလာဝယ်ကြတာ။ ကျွန်တော်တို့နှစ်ယောက်ကတော့ ပုဆိုးလေးတွေနဲ့ အသားမည်းမည်း တောသားလေးတွေ။ မျက်စိထဲသာ မှန်းကြည့်ပါတော့နော်။ ဘာဝယ်လို့ဝယ်ရမှန်းမသိ လျှောက်ကြည့်နေတာကို ဆိုင်ကအရောင်းစာရေး လေးတွေက မသင်္ကာသလို လိုက်ကြည့်တာကိုလည်း ခံခဲ့ရပါတယ်။သူများတွေက လက်တွန်းလှည်းတွေနဲ့ ပြည့်နေအောင်ဝယ်နေကြပေမဲ့ ကျွန်တော်တို့ကတော့ ထူးထူးထွေထွေလည်း ၀ယ်စရာမရှိဘူးလေ။ စပြီးတက်ကတည်းက ရောက်ဖူးအောင်ဆိုပြီးတက်တာကိုး။ အဲ့ဒီမှာ ကိုယ့်ကိုကိုယ်လည်း တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်တော့ ရှက်ရှက်နဲ့ ခေါင်းလျှော်ရည်(O2 အပြာရောင်) တစ်ဗူးနဲ့ ကျွန်တော့်သူငယ်ချင်းက သွားတိုက်ဆေးတစ်ဗူး ၀ယ်ပြီးပြန်ဆင်းလာခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်လေးကလည်း ကျွန်တော့်ဘ၀မှာ ရန်ကုန်မြို့ရောက် အမှတ်တရလေး အဖြစ်ကျန်ရစ်ခဲ့တယ်။
အခုရောက်နေတဲ့ဆီက ဈေးဆိုင်ကြီးတွေကို ရောက်တိုင်း ရန်ကုန်မှာတုန်းက ကြုံခဲ့ရတာလေးကို အမြဲတမ်း သတိရမိတယ်ဗျာ။ ဘယ်တတ်နိုင်မလဲနော် ကိုယ်မရောက်ဖူးတဲ့ နေရာဒေသပဲ ဒီလောက်တော့ ရှိပေမပေါ့။ ဟိုစကားလေးကိုတော့ မှတ်မိသေးတယ်။ “လောကီပုဂ္ဂိုလ် လူဟုဆိုက ရုပ်ကိုမကြည့် စိတ်ကိုကြည့်လော့” ဆိုတာလေးပါ။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ ရုပ်ပိုင်းဆိုင်ရာကို ကြည့်ပြီး မသင်္ကာသလို အဖြစ်ခံခဲ့ရတာပေါ့။ အဲ့ဒီသင်ခန်းစာလေးတွေက ကျွန်တော်ဘ၀ အမြင့်ကိုရောက်ဖို့ အတွက် တွန်းအားတွေဖြစ်ခဲ့တယ်ဆိုလည်း မမှားပါဘူး။ နောက်ပြီးတော့ ရွာကိုပြန်ရောက်တိုင်း ကိုယ့်အဖြစ်လေးတွေကို ပြန်ပြောပြပြီး ကိုယ့်နောက်ကလူတွေ မြို့ရောက်ရင် ကျွန်တော်လို မကြုံရအောင် တတ်နိုင်သလောက် ပြောပြပေးပါတယ်။ ကျွန်တော်တုန်းကသာ ဖြစ်ခဲ့တာပါ။ နောက်မျိုးဆက်သစ် ကျွန်တော့်ရွာက လူငယ်တွေက ကျွန်တော်လောက် မဆိုးတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တုန်းကတော့ ကြုံခဲ့ဖူးပါတယ်။
ကျွန်တော့်အတွက်တော့ ရန်ကုန်မြို့မှာ တစ်လတာ တက်ရောက်ခဲ့တဲ့ သင်တန်း ကာလလေးဟာ အချိန်သိပ်မကြာပေမယ့် ပညာတွေရသလို ဗဟုသုတတွေ၊ ဘ၀အတွက်သင်ခန်းစာတွေလည်း အများကြီးရခဲ့ပါတယ်။ အရင်တုန်းက ကြားဖူးယုံသာ ရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဆိုတဲ့နေရာမှာ စာတွေသင်ယူခဲ့ဖူးသွားတယ်။ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်ခန်းမ၊ အင်လျားကန်၊ ရွှေတိဂုံစေတီတော်၊ စတာတွေကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်တွေ့ဖူးခဲ့တယ်။ နောက်ပြီးတော့ အဲ့ဒီသင်တန်းက အစပြုလို့ ဘယ်လိုမှမျှော်လင့်မထားတဲ့ နိုင်ငံရပ်ခြားကို ပညာသင်ရောက်လာခဲ့ခြင်းပါပဲ။
ဒီပို့စ်လေးကို ရေမယ်လို့ ရည်မှန်းထားတာ ကြာပါပြီ။ အခုတော့ အကောင်အထည်ပေါ်သွားပြီပေါ့ဗျာ။ ဘာရယ်တော့မဟုတ်ပါဘူး ကျွန်တော် ကြုံတွေ့ခဲ့တာလေးတွေကို ပြောပြခြင်းသာ ဖြစ်ပါတယ်။
ကျွန်တော့်ညီအစ်ကို မောင်နှမတစ်တွေ အားလုံး ဘေးရန်းကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
3 comments:
တစ်ကယ့်ကို လွမ်းမော ဖွယ်ရာလေးတွေ ခံစားအားပေးသွား ပါတယ်အကိုရေ...
ကောင်းသောနေ့လေးဖြစ်ပါစေ။
သုံး၊လေးနှစ် ကြာခဲ့ပေမယ့် ပြန်စဉ်းစားတိုင်း အခုလိုပဲနော်...
ငါတို့လည်း အတွေ့အကြုံတွေအများကြီးပဲ... တောသား ရန်ကုန်ရောက်လေ
... ပြည့်စုံသွားအောင် ထပ်ရေးမှနဲ့တူတယ်... ရန်ကုန်ကို တစ်လကျော်
ကျော် နေခဲ့ရပေမယ့် ပျော်လည်း ပျော်ခဲ့တယ်.. ပျင်းလည်း ပျင်းခဲ့တယ်..
ဗိုလ်ချုပ် အောင်ဆန်း အခန်းကို တက်ကြည့်တာ ပြတင်းပေါက်ကနေလေ.
.. ထီးရော၊ ကုတင်ရော တွေ့ခဲ့တယ်ဗျ...။ စရောက်ရောက်ခြင်း ကြုံ
ခဲ့ရတဲ့ အကြောင်းတွေကို သတိရမိတယ်...။
ရေးပါအုံးမယ်...
အမှတ်တရ တွေ နော်..
Post a Comment