ကြက်ဥပြုတ် ရောင်းတာမဟုတ်ဘူးနော်... ကြက်ဥပြုတ်အကြောင်းလေးပြောချင်လို့ပါ...။ဒီနိုင်ငံကလူတွေများ ဘယ်လောက်အကြင်နာတရားကင်းမဲ့သလဲမမေးနဲ့ ကြက်ဥစားတာတောင် အကောင်ပါတာကိုမှ ပြုတ်စားသတဲ့ဗျာ...။ စသိတုန်းက တော်တော်ထူးထူးဆန်းဆန်းဖြစ်မိတယ်ဗျ။ ဒီအတိုင်း အကောင်းမဖြစ်ခင်စားတာတော့ ကျုပ်လည်းစားပါတယ်။ နောက်ပြီး အစာနဲ့ဥတဲ့ကြက်ဥဆိုတော့ အကောင်မပေါက်နိုင်လောက်ဘူးထင်လို့ စိတ်ချလက်ချစားပါတယ်။ ကြက်ဖနဲ့ကြက်မပေါင်းဖက်ပြီးလို့ ရတဲ့ဥဆိုရင်တော့တစ်မျိုးပေါ့။ အခုဟာက အဲ့ဒီအဆင့်ထက်ကျော်လွန်ပြီး ကြက်ပေါက်စလေး အကောင်ဖြစ်နေတဲ့အချိန်ကို ပြုတ်စားကြတာတဲ့ဗျ။ ရွှေညာသားလေးက ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်တာမို့အဲ့လိုပြောသံကြားတာနဲ့တင် ကြက်သီးမွေးညှင်းထမိတယ်။ ကြက်ဥထဲမှာ ကြက်ကလေးအကောင်ဖြစ်စ(၇)ရက်သားကိုပြုတ်စားကြတယ်။ နောက်တစ်ခုက (၁၄) ရက်သားကို ပြုတ်စားတယ်။ (၁၄) ရက်သားဆိုရင်တော့ ကြက်ကလေးက တော်တော်ကို အကောင်အထည်ပေါ်နေပြီပေါ့...။ အသက်လည်းဝင်နေလောက်ပြီ ဒီအခြေအနေမျိုးရှိတဲ့ ကြက်ဥကို မီးဖိုပေါ်တည်ပြီးပြုတ်တော့ အထဲကကြက်ကလေးရဲ့ဒုက္ခတွေးသာကြည့်ကြပေါ့ဗျာ။
ဒီပုံကတော့ ဂူဂယ်ကရှာထားတာပါ....အတူတူပဲ အဲ့ပုံစံလေးတွေ
သူတို့ဆီမှာ ညနေဆိုရင် စက်ဘီးနဲ့လှည့်ရောင်းတယ်ဗျာ။ တခြားစီးပွားရေးလေးများလုပ်စားကြပါလားနော်...။ ဒီလိုဆို ကျွဲ၊နွား၊ကြက်၊၀က် သတ်တဲ့သူတွေဘယ်လိုလုပ်မလဲမေးကောင်းမေးမှာပေါ့။ ဗုဒ္ဓဘာသာအရ စဉ်းစားရင် သူများအသက်သတ်တာမို့ ဘယ်ဟာမှတော့မကောင်းပါဘူး။ ကျုပ်ဒီနိုင်ငံကိုရောက်ခါစကဆို တော်တော်လေးကိုအံ့သြတာ။ သူတို့အစားအသောက်ကဘယ်လိုကြီးလဲပေါ့။ဒါကို ဆရာမနဲ့ပြောဖြစ်တော့ သူကပြောသေးတယ် အိပ်ရေးပျက်တဲ့သူတွေ အတွက်ကောင်းတယ်တဲ့။ ညအချိန်မတော်အထိစာကျက်တဲ့ကျောင်းသားတွေ စားသင့်တယ်လို့အကြံပေးသေးတယ်။ ငါတော့ အားမပြည့်လည်းနေပါစေ စားတော့ဘူးလို့ပြောလိုက်တယ်။ ဆရာမက သူလည်းစားတယ်တဲ့။ ကောင်းတယ်ဆိုပဲ။
ကျုပ်ကတော့အသံကြားရင်ကို အံချင်လွန်းလို့။ စားဖို့ဝေးစွ သူများစားတာမြင်ရင်ကို ကြက်သီးထလွန်းလို့ပါဗျာ။ ဒါကို သူငယ်ချင်းတစ်ယောက်က အခန်းကိုလာလည်ရင်း အဲ့ဒီကြက်ဥတွေ လေးလုံးဝယ်လာတယ်။ မင်းတို့ရောစာဖို့တဲ့။ တော်ပြီငါတို့ကမစားချင်ဘူးလို့ စားလည်းမစားရဲဘူးလို့ငြင်းလိုက်တယ်။သူကတော့ ကျုပ်တို့ရှေ့မှာတင်ကြက်ဥကိုခွဲပြီးတော့ တစ်ဆင့်ချင်းစားပြနေသေးတယ်။ပါးစပ်ကလည်း အရသာရှိတယ် yummy yummy တဲ့။ အများကြီးစားရင်တော့ ခေါင်းကိုက်တယ်လို့ပြောတယ်။ ကိုလက်စ်ထရော ပါဝင်မှုများလို့တဲ့။ ဒါတောင်သူတော့နှစ်လုံးကုန်အောင်စားတယ်။ တကယ်ပါ သူစားနေတာကိုကြည့်ပြီး ကျုပ်ခေါင်းက ကြီးကြီးလာတယ်။ ပြန်တော့ ကျန်တဲ့နှစ်လုံးကို ကျုပ်စားဖို့ဆိုပြီးထားခဲ့သေးတယ်ဗျာ။ ဘယ်ရမလဲ အောက်ထပ်က အဆောင်စောင့်ကိုသွားပေးလိုက်တယ်။
မစားရလို့ အဟာရမဖြစ်ရင်လည်းနေပါစေ...။ဒီလိုမျိုးကြက်ဥပြုတ်တော့ မစားပါဘူး။စားချင်သပါ့ဆိုရင်တော့ ပုံထဲမှာမြင်ရတဲ့အတိုင်း သေချာလေးကြည့်ပြီးတော့ စားသင့်မစားသင့်ဆုံးဖြတ်နော်။ အခုဒီပို့စ်ရေးနေတုန်းကို အဆောင်အောက်လမ်းပေါ်က အော်သံကြားလိုက်ရသေးတယ်ဗျ။ "ဘလို ဘလို” တဲ့ သူတို့ဘာသာစကားနဲ့အော်တာ။ ကြက်ဥဖြစ်ရတာတောင် နိုင်ငံနဲ့လိုက်ပြီး အပြုတ်ခံရတာက ကွာသေးတယ်...။မြန်မာပြည်ကကြက်ဥလေးတွေ ကံကောင်းတယ်နော်...။ဗဟုသုတအဖြစ်တင်လိုက်တာပါ...။ စားချင်သပါ့ဆိုရင်တော့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကိုသာ လာခဲ့ဗျာ...။ ထူးထူးဆန်းဆန်းတွေ ကျန်သေးတယ် နောက်တော့ဆက်ပြောပြအုံးမယ်...။
မျိုးခန့် (စကားဝါမြေ)
2 comments:
မစားဘူးဗျို့ ..
ကြည့်လည်းမကြည့်ရဲဘူးသူများစားတာကို။
ရက်စက်လိုက်ကြတာနော်။
ကျေးဇူးဘဲရွှေညာသားလေးရေ။
အစစအရာရာအဆင်ပြေပါစေလို..
အိုင်အိုရာ
မစားရဲပါဘူး ။အကောင်လေးတွေသနားပါတယ် ။
Post a Comment