ဒီနေ့တော့ ကျောင်းကစောစောပြန်ရောက်တယ်။ နောက်ပြီး တနလာင်္နေ့လည်းပိတ်တာမို့ ဟင်းချက်စားဖို့ စိတ်ကူးမိတယ်ဗျာ။ မိုးကလည်း မနေ့ညကတည်းက ရွာနေတာ အခုထိမတိတ်သေးဘူး။ အင်း မိုးအေးအေး ဆိုတော့ ဘာဟင်းချက်စားရကောင်းမလဲ စဉ်းစားတော့ အပူအစပ် ဆိုရင်တော့ ရာသီဥတုနဲ့လည်းကိုက်ညီ တာမို့ ငရုတ်သီးစပ်ဟင်းချက်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ညတုန်းက အိပ်ရေးလည်း သိပ်မ ၀လို့ ခေါင်းကနည်းနည်းကိုက်နေသေးတယ်။ ဟင်းချက်ဖို့ဆုံးဖြတ်ပြီးပြီဆိုတော့ အိမ်နားက ဈေးလေးကို သွားဖို့ထီးတစ်ချောင်း ကိုင်ပြီးထွက်လာခဲ့ပါတယ်။
ဈေးထဲရောက်တော့ ၀ယ်နေကျဖောက်သည်ဆီက ကြက်သွန်၊ ဂျင်း၊ ငရုတ်သီး စတာလေးတွေနည်းနည်းစီ ၀ယ်ပြီး သူ့ဆိုင်မှာပဲခဏထားခဲ့တယ်။ ဈေးထဲဆက်လျှောက်တော့ အသီးအရွက်တွေက စုံစုံလင်လင်မို့ ၀ယ်ချင်တာတွေကများနေတယ်။ ဘာဝယ်ရမလဲ စဉ်းစားရင်း ဟိုဆိုင်ကြည့်ဒီဆိုင်ကြည့်နဲ့ နောက်တော့ ပိန္နဲသီးစိပ်လေးတွေ့လို့ တစ်ဆယ်ဖိုး (မြန်မာငွေနဲ့ဆို နှစ်ရာ) ၀ယ်လိုက်ပါတယ်။ သူနဲ့ချက်စားဖို့ အတွက် ကြက်သား သုံးဆယ့်ငါး ကျပ်ဖိုးဝယ်ခဲ့တယ်။ မိုးကလည်း ရွာနေတာမို့ လိုအပ်တာလေးတွေမြန်မြန်ဝယ်ပြီး ခပ်သုတ်သုတ်ပြန်လာခဲ့ပါ တယ်။
ဒီဈေးလေးက အသီးအရွက်အသားငါး ၀ယ်ရတာ စူပါမားကတ်တွေနဲ့စာရင် အတော်လေးအဆင်ပြေတယ်။ လတ်လတ်ဆပ်ဆပ်လည်းရတယ်။ အိမ်နဲ့လည်းနီးတော့ ချက်ချင်မှခဏလေးပြေးဝယ်လိုက်လို့ရတယ်။ ၀ယ်လာခဲ့တာက ကြက်သားနဲ့ ပိန္နဲသီး ဆိုတော့သူတို့နှစ်ခုကို ပေါင်းပြီးဟင်းအစပ်လေးချက်ပါတယ်။ မိုးအေးတဲ့ရာသီဥတုနဲ့ကိုက်ညီအောင်ပေါ့ဗျာ။
နောက်ပြီးပထမဆုံး စမ်းပြီးချက်ရမှာမို့ ဘာကိုအရင်ချက်ရမယ်မသိဘူး။ ဒါနဲ့ကိုယ့်စိတ်ကူးနဲ့ကိုယ် ပိန္နဲသီးကို အရင်ဆုံး ပြုတ်လိုက်ပါတယ်။ အစိမ်းဆိုတော့အစေးလေးတွေနည်းနည်းပါလို့ပါ။ ပိန္နဲသီးပြုတ်နေတုန်းမှာ ကြက်သားအတွက်လိုအပ်တာလေးတွေကို ပြင်ဆင်ပါတယ်။ ကြက်သားကိုရေဆေး ငံပြာရည်၊ ဆား၊ နနွင်း စတာတွေထည့်ပြီး နယ်ထားပါတယ်။ စပါးလင် တစ်ပင်လည်းပါခဲ့တာမို့ ရေစင်အောင်ဆေးပြီး အပင်လိုက် ဓားရိုးနဲ့ကျေအောင်ထုပြီး ကြက်သားနဲ့ရောနယ်ထားလိုက်ပါတယ်။ ဟင်းအနှစ်အတွက် ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်းတို့ကို အစ်မတစ်ယောက်ဆီကငှားထားတဲ့ ကြိတ်စက်လေးနဲ့ ကြိတ်လိုက်ပါတယ်။ ခရမ်းချဉ်သီး တစ်လုံးလည်းထည့်ကြိတ်ပါတယ်။ ကြက်သွန်နီကိုတော့ သပ်သပ်လှီးပါတယ်။ အတူတူရော ကြိတ်ရင် ကြက်သွန်ဖြူနံ့ပျောက်သွားတတ်တယ်လို့ အမေပြောဖူးလို့ပါ။ အားလုံးပြင်ဆင်ပြီးချိန်မှာတော့ ပိန္နဲ သီးလည်းကျက်သွားပါပြီ။
မီးဖိုပေါ်မှာဒယ်အိုးတင် အိုးပူလာတော့ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီကိုအရင်ကြော်ပါတယ်။ ကြက်သွန်နီနွမ်းသွားတော့ အစောကကြိတ်ထားတဲ့ အဆာပလာတွေထည့်ပြီးဆီသတ်ပါတယ်။ ဆီသတ်တာမွှေးလာတော့ နယ်ထားတဲ့ကြက်သားထည့်ပါတယ်။ ကြက်သားကိုမာသွားအောင် ရေအနည်း ငယ်ထည့်ပြီးလုံးပါတယ်။ ကြက်သားတွေမာသွားတော့မှ ပြုတ်ထားတဲ့ပိန္နဲသီးကိုထည့်ပြီး မိနစ်နှစ်ဆယ်ခန့် မီးအေးအေးနဲ့တည်ထားလိုက်ပါတယ်။ အပေါ့အငန်အတွက် ငံပြာရည်အနည်းငယ်ထည့် ဟင်းချိုမှုန့်အနည်း ငယ်ထည့်ပါတယ်။ အရသာအနေတော်ဖြစ်မှ ပင်စိမ်းရွက်အုပ်ပြီး မီးဖိုပေါ်ကချပါတယ်။ အခုဆိုရင်တော့ စပါးလင်၊ချင်း ငရုတ်သီးနဲ့ ပင်စိမ်းနံ့လေးမွှေးနေတဲ့ ကြက်သားပိန္နဲသီးဟင်းတစ်ခွက် အဆင်သင့်ဖြစ်ပါပြီ။ ဟင်းကိုမစားခင် ကတည်းက လူတစ်ကိုယ်လုံး ချွေးတွေကချွဲနေပေါ့ဗျာ။ ကိုယ့်ဘာသာကိုယ်ချက်တာမို့ ကိုယ့်ပါးစပ်နဲ့တော့ အရသာကိုရှိနေတာပါပဲ။
ကြက်သားပိန္နဲသီးဟင်းလေးပါ
ဟင်းကျက်တော့ မနက်ကျောင်းအပြန်တုန်းက လွယ်လွယ်သုပ်စားထားတဲ့ ခရမ်းချဉ်သီးသုပ်ကို သတိရလို့ ခရမ်းချဉ်သီးစိမ်းနှစ်လုံးကို ပါးပါးလှီးပြီးမြေပဲထောင်းရယ် ကြက်သွန်တစ်လုံးရယ် နံနံပင်ရယ် ရောသမမွှေပြီး သုပ်လိုက်ပါတယ်။ အစပ်ဟင်းနဲ့ တွဲစားဖို့ အချဉ်သုပ်တခွက်ပေါ့ဗျာ။ အရည်သောက်အတွက်ကိုတော့ ကျုပ်ရဲ့ပင်တိုင်စံ ဟင်းရည်သောက်ဖြစ်တဲ့ စံပယ်ပန်းလဘက်ခြောက်ရေနွေး ပူပူလေးပေါ့။ အားလုံးပြင်ဆင် ပြီးတော့ဝိုင်းဖွဲ့ပြီး အားရပါးရ လွေးလိုက်ပါတယ်။ အပြင်မှာမိုးလေးက တစ်ဖျောက်ဖျောက် အိမ်ထဲမှာတော့ ထမင်းစားရင်း ရူးရူးရှဲရှဲနဲ့ ချွေးတစ်လုံးလုံးပေါ့ဗျာ။ ရာသီဥတုနဲ့လိုက်ဖက်တဲ့ ဟင်းလေးနဲ့ မို့ထမင်းမြိန်ချက်တော့ မပြောပါနဲ့ဗျာ...။
ဟင်းအိုးထဲမှာတုန်းက ဒီလိုလေးပါ....
ကြက်သား နဲ့ ပိန္နဲသီး ကွဲပြားအောင် အနီးကပ်ရိုက်ချက်... :)
မချိုမချဉ်နဲ့ အရသာရှိတဲ့ ခရမ်းချဉ်သီးသုပ်လေး... :)
မစားဖူးသေးသူများအတွက် ချက်စားနိုင်အောင် နည်းလမ်းလေးဝေမျှပေးတာပါ...။ လာလည်ရင်းနဲ့ စိတ်အပန်းဖြေစရာ အနည်းငယ်ရသွားတယ်ဆိုရင် ကျေနပ်ပါတယ်။ လာရောက်လည်ပတ်သူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေဗျာ...။
မျိုးခန့်(စကားဝါမြေ)
1 comments:
စားကောင်းမှာသေချာတယ်။း)
အိုင်အိုရာ
Post a Comment