ကျွန်တော်တို့ လူသားတွေလောကမှာ သားအချစ် မြေးအနှစ် ဆိုပြီးပြောတတ်ကြတယ် မဟုတ်လား။ အခုကျွန်တော်ပြောချင်တာလေးက လူသားတွေလောက် အသိဥာဏ်မရှိတဲ့ ခွေးတွေမှာလည်း အဲ့ဒီလို အဖြစ်မျိုး ရှိတယ်ဆိုတာကိုပါ။ အဆောင်မှာ ခွေးတွေပေါတာက စပြီးပြောရင်တော့ အရှည်ကြီးပါပဲ။ အရင်ရောက်နှင့်တဲ့ အကိုဆရာတွေက ကျွေးထားလို့ အဆောင်မှာ ခွေးတွေအများကြီးပါပဲ။ အဲ့ဒီအထဲကမှ အကိုတစ်ယောက် အစာကျွေးရင် ခေါ်တဲ့ နာမည်တွေကို မှတ်မိနေတာကတော့ လုံးလုံး၊ ကျားမ(ဂျားမ)၊ ဗိုက်ပူမ၊ မိနက် စတဲ့ နာမည်တွေပါပဲ။ ခွေးဆိုပေမဲ့ နာမည်ခေါ်လိုက်ရင် နားလည်တယ်ဗျ။ သူ့နာမည်နဲ့သူ ခေါ်လိုက်ရင်ပြေးလာတာပဲ။
သူတို့တွေထဲက မိနက်ဆိုတဲ့ ခွေးမကြီးက မိုးရာသီမှာ ခွေးကလေး လေးကောင်မွေးတယ်။ အဲ့ဒီလေးကောင်ကလည်း အခု တော်တော်လေးကြီးနေကြပြီပေါ့။ သူတို့ကိုလည်း နာမည်တွေပေးထားသေးတယ်။ ကျွန်တော်ပေးထားတဲ့ တစ်ကောင်ကတော့ ဘုတ်ဘုတ် တဲ့။ ခွေးမည်းမလေး အမွေးစုတ်ဖွားလေးနဲ့မို့ ငယ်ငယ်လေးကတည်းက ဘုတ်ဘုတ် ဆိုပြီးခေါ်တာ အခုလည်း ဘုတ်ဘုတ်ဆိုရင် သုတ်သုတ်ပြေးလာတတ်နေပြီဗျ။ ကျန်တဲ့သုံးကတော့ အောင်နက်၊ ကုတ်ကျား(ဂုတ်ကျား)၊ မိနီ၊ အောင်နက် ဆိုပြီး ခေါ်ကြတယ်။ ဘုတ်ဘုတ်ကတော့ အားလုံးထဲမှာ အလည်ဆုံး အသွက်ဆုံးပဲ။ ကျွေးချင်အောင်လည်း တတ်ပါ့ဗျာ။ သူငယ်ချင်း တစ်ယောက်ကဆို ဘုတ်ဘုတ်ကို သမီးလို့ ခေါ်တယ်။ ဒါလည်း နာလည်တာပဲ။ သမီးလို့ခေါ်တဲ့သူကို ပိုပြီးခင်သေးတယ်။ ကျောင်းကပြန်လာရင် အမြီးကို ပြုတ်ကျမတတ် ခါယမ်းပြီး ပြေးကြိုတယ်။ ကျောင်းမှာ ကျောင်းသူကျောင်းသားတွေနဲ့ အမြဲထိတွေ့နေရတော့ အဆောင်ရောက်ရင် ယောင်လည်လည်နဲ့ နေရတာပျင်းဖို့ကောင်းတယ်။ ဘုတ်ဘုတ်တို့တွေ ရှိတော့ သူတို့ကို စလိုက်၊ ရိုက်လိုက်နဲ့ အပျင်းပြေတယ်။
ကလေးတွေနဲ့နွေးနွေးထွေးထွေးအိပ်နေတဲ့ ဗိုက်ပူမ
ဒီနှစ်ဆောင်းတွင်းမှာ ကျားမ(ဂျားမ)က ခွေးလေး လေးကောင်မွေးတယ်။ ရွာဘက်မှာ ဆိုရင်တော့ ခွေးလေးကောင် မွေးရင် ခွေးကုတင် လို့ခေါ်တာကြားဖူးတယ်။ အဲ့ဒီအထဲမှာ အမကတစ်ကောင် အထီးကသုံးကောင်ပါတယ်။ ဂျားမက အရင်နှစ်တုန်းက ဗိုက်ပူမမွေးထားတဲ့ ခွေးမလေးပေါ့။ ဒီနှစ်တော့ သူကလည်း ကလေးအမေဖြစ်နေပြီ။ ခွေးလေးတွေ မွေးခါစတုန်းကတော့ အဆောင်နဲ့ဝေးရာမှာပဲ မျက်စေ့ပွင့်တော့ အဆောင်နားကို ရွှေ့ထားပေးလိုက်တာ အခုတော့ ဂျားမကလေးတွေက အခန်းရှေ့မှာ ပြေးလွှားဆော့ကစားနေကြပြီ။ ညနေပိုင်းကျောင်းကပြန်ရောက်ရင် သူတို့လေးတွေနဲ့ ဆော့ရတာ အပျင်းပြေတယ်ဗျ။
ခေါင်းစဉ်တတ်ထားသလို သမီးအချစ် မြေးအနှစ်ဆိုတာက ဂျားမနဲ့ သူ့အမေ ဗိုက်ပူမတို့ ပြုမူပုံလေးတွေကို ကြည့်ပြီးပြောပြချင်တာပါ။ ဗိုက်ပူမက အခုနှစ်မှာ ကလေးမမွေးဘူး၊ ဂျားမကို မနှစ်ကမွေးထားတာ ဒီနှစ်ကျတော့ ဂျားမက ခွေးလေးတွေမွေးတယ်။ ပြောရရင် ဗိုက်ပူမက မြေးရတဲ့ခွေးအဖွားကြီးပေါ့။ ဗိုက်ပူမက အမြဲတမ်း ကျွန်တော်တို့ အဆောင်မှာပဲနေတာများတယ်။ ဂျားမကလေးတွေ အဆောင်ရှေ့ကိုရွှေ့လာကတည်းက ညဆိုရင် ခွေးလေးတွေကို သူ့ရင်ခွင်ထဲ ထည့်ပြီးသိပ်တယ်။ နို့မထွက်ပေမဲ့ နို့လည်းတိုက်တာပဲဗျ။ နေ့ဘက်မှာလည်း ဂျားမမရှိရင် သူကခွေးလေးတွေကို ထိန်းတယ်။ ခွေးပေါက်စလေးတွေကလည်း သူတို့အမေများထင်နေသလားမသိဘူး ဗိုက်ပူမနားမှာ အိပ်လိုက် ဆော့လိုက်နဲ့ မြင်နေရတော့ အသိဥာဏ်မရှိပေမဲ့ သူတို့သဘာဝအရ သံယောဇဉ်ထားတတ်တာကို မြင်မိတော့ ၀မ်းသာမိတယ်။ ဂျားမကလည်း သူ့အမေ ဗိုက်ပူမ ရှိရင် အေးအေးဆေးဆေး ခွေးလေးတွေနားကို မကပ်ဘူး။ အမေနဲ့ဆိုရင် စိတ်ချတယ်ဆိုတဲ့ သဘောပေါ့။
နို့တွေတော့ တိုက်နေတာပဲ ထွက်လားတော့မသိဘူး
နောက်တခု ထူးတာက လုံးလုံးလို့ခေါ်တဲ့ ခွေးအပျိုကြီးဗျ သူက ဂျားမထက်ကြီးတယ်၊ အခုထိကလေးမမွေးဘူး။ ဒါပေမဲ့ သူကလည်း ကလေးချစ်တတ်တာပဲ။ ဂျားမကလေးတွေကို စောင့်ရှောက်တယ်၊ ဗိုက်ပူမ နဲ့ ဂျားမ မရှိရင် ခွေးလေးတွေကို သူက ထိန်းတယ်။ တခါတလေ ရင်ခွင်ထဲ ထည့်ပြီး သူ့နို့ကိုတိုက်သေးတယ်ဗျာ။ တနေ့က နေ့ခင်း အဆောင်ကို ထမင်းစားပြန်လာရင်း ထုံးစံအတိုင်း ခွေးလေးတွေနား သွားကြည့်တော့ လုံးလုံးက သူစားပြီးသား အစာကို ခွေးလေးတွေကို အံပြီးကျွေးနေတာ တွေ့တယ်။ တကယ်ကို စိတ်ထဲမှာ ထူးဆန်းနေတယ်။ ကျွန်တော်တို့ ရွာမှာဆို ခွေးမွေးရင် အနားကိုမကပ်နဲ့ဘူး။ ခွေးမက သူကလွဲပြီး ဘယ်ခွေးမှ အကပ်မခံဘူး။ လူစိမ်းဆိုရင် လိုက်ကိုက်တာပဲ။ အခု အဆောင်ကခွေးတွေကတော့ အဲ့လိုမဟုတ်ဘူး တစ်ကောင်ပြီး တစ်ကောင် အလှည့်ကျနဲ့ ခွေးလေးတွေကို ထိန်းနေတာဗျာ။ တစ်ရက်ကကျတော့ ခွေးလေး လေးကောင်ထဲက တစ်ကောင်ပျောက်နေတယ်။ ညနေပိုင်းအထိမတွေ့လို ဘယ်ရောက်သွားလဲ ဆိုပြီး စိတ်ပူလို့ လိုက်ရှာတော့ မိနက်ဆိုတဲ့ ခွေးမက ခွေးပေါက်စလေး တစ်ကောင်ကို သူ့နားခေါ်ပြီး နို့တိုက်နေလေရဲ့။ အဆောင်မှာ ရှိတဲ့ခွေးတွေရဲ့ ပြုမူပုံတွေကို ကြည့်ပြီး လူ့လောက ကအဖြစ်အပျက်တွေနဲ့ ယှဉ်ကြည့်မိတယ်။ အသိဥာဏ်မဲ့တဲ့ တိရစ္ဆာန်ပင် ဖြစ်သော်ငြား မိခင်စိတ်အပြည့်နဲ့ စောင့်ရှောက်တတ်တဲ့ ဗိုက်ပူမ၊ လုံးလုံး နဲ့ မိနက်တို့ရဲ့ အပြုအမူတွေက လူသားတွေကို သင်ခန်းစာ ပေးနေသလိုပါပဲ။
ဒါကတော့ ခွေးလည်မ ဘုတ်ဘုတ်ပါ အခန်းရှေ့မှာ ဒီလိုပဲ အမြဲလာနေတယ်...
3 comments:
ကျမတို့ အလုပ်ထဲမှာနေကြတုန်းကလည်းကျမတို့ ကိုသူတို့ ကသခင်ပြုလို့ နေရင်းထိုင်ရင်းခွေးသခင်တွေဖြစ်ခဲ့ပြီးသူတို့ ကိုကျွေးရဆေးကုရနဲ့ ဖြစ်ခဲ့တယ်။ ခရီးသွားရင်အစာကျွေးဘို့ သူများကိုမှာရသေးတယ်။
ကျမတို့ အလုပ်ကပြန်လာပြီဆိုရင်အမြီးနံ့ ပြီးလာကြိုကြတယ်။။
အလုပ်သွားရင်တကောက်ကောက်လိုက်ပြီးရုံးထိလိုက်ချင်ကြတယ်။ တကယ်သံယောဖဉ်ဖြစ်အောင်လုပ်တတ်ကြတာနော်။
အိုင်အိရာ
ဒါကြောင့်ပေါ့... လူတွေရဲ့ ကြောက်စရာကောင်းတဲ့ စိတ်ဓါတ်ထက် ခွေးတွေရဲ့ သိပ်ချစ်စရာကောင်းတဲ့ သစ္စာတရားနဲ့ သူတို့ရဲ့ အမူအကျင့်လေးကို ပိုပြီး တန်ဖိုးထားတယ်..
ညီမလေးကတော့ ခွေးချစ်တဲ့သူမို့ ပို အသဲယားတယ်..ထွေးပွေ့ချင်မိတယ်..ဟိုယခင် ခွေးပေါက်စလေးတွေနဲ့ ဆောင်းမနက်ခင်း မီးပုံဘေးမှာ ပြေးလွှားတော့ကစား ခဲ့တာကို မြင်ယောင်ရင်း လွမ်းသွားတယ်အကို...
Post a Comment