ဘာလိုလိုနဲ့ သီတင်းကျွတ်လတောင်ရောက်လာပြီနော်... သီတင်းကျွတ်ဘုရားပွဲနဲ့ ဝေးနေတာ သုံးနှစ်လောက် ကြာသွားပြီဆိုတော့ ဒီနှစ် သီတင်းကျွတ်ဘုရားပွဲကို ပြန်ပြီးဆင်နွှဲဖို့ ရွှေညာသားတို့ အားခဲထားတယ်ဗျ။ အလုပ်ကိစ္စလေးတွေနဲ့မို့ ပြန်ရောက်ကတည်းက ရွာကို တစ်ညအိပ်ပဲ ရောက်သေးတယ်။ ရွာကဆွေမျိုးတွေက မင်း ငါတို့ရွာလာပြီး တစ္ဆေခြောက်တာလားတဲ့။ ပြောမယ်ဆိုလည်း ပြောစရာပဲလေ။ ကျွန်တော်သွားတာကလည်း ညရောက်မနက်ပြန်ဆိုတော့ ဆွေမျိုးတွေအိမ်ကိုတောင် နှံ့အောင်မရောက်ခဲ့ဘူး။ ၀န်းထမ်းဆိုတော့လည်း နေချင်သလိုနေလို့မရဘူးလေ တာဝန်ဆိုတာကလည်း ရှိသေးတော့ ဆွေမျိုးတွေကို သီတင်းကျွတ်မှပဲ အေးအေးဆေးဆေး လာခဲ့မယ်ဆိုပြီး နှစ်သိမ့်ခဲ့ရတယ်။
ဟော အခုသီတင်းကျွတ်ပြန်တော့လည်း ကျောင်းမှာက အလုပ်တွေကများသား။ ကျောင်းသားတွေ ကျောင်းပိတ်ပေမဲ့ ဆရာတွေမှာက ကျောင်းပိတ်ရက်ဆိုတာမရှိဘူးဗျာ။ ဒေးပြီးတော့ အဝေးသင်စာမေးပွဲ အဝေးသင်စာမေးပွဲပြီးတော့ ဒေးတွေကျောင်းပြန်ဖွင့်နဲ့ ဆက်တိုက်ပါပဲ။ အဝေးသင်ကလည်း အခုမှ တစ်သုတ်ပဲ ဖြေရသေးတယ်။ နောက်ထပ်နှစ်သုတ်ကျန်သေးတယ်ဆိုပဲ။ ဒုတိယအသုတ်ဖြေမယ့်အချိန်က ရွာဘုရားပွဲရက်နဲ့ တိုက်နေလို့ အခန်းစောင့်ရက်ကို နောက်ဆုံးနေ့တွေမှ ပါရင်ကောင်းမှာပဲလို့ စိတ်ထဲကနေ ဆုတွေတောင်းနေမိတယ်။ ရွာဘုရားပွဲနဲ့ ဝေးနေခဲ့တာ ကြာပြီဆိုတော့ ဒီနှစ်ကို အတော်လေး အားခဲထားတာ။ ပြန်ရောက်ပြီးကတည်းက ရွာမှ ငယ်ပေါင်းသူငယ်ချင်းတွေနဲ့လည်း စကားကို အေးအေးဆေးဆေး မပြောရသေးဘူးလေ။ နောက်ပြီး ရွာဘုရားပွဲမှာ ကျွေးတဲ့ ဖရုံသီးနဲ့ ၀က်သားရောချက်တဲ့ ဟင်းကိုလည်း မစားရတာ ကြာလှပေါ့။ အခုအချိန်က ရွှေညာသားတို့ ရွာမှာ ဖရုံသီးတွေ အတော်လေးပေါတာလေ။ နှစ်စဉ် ရွာဘုရားပွဲဆိုရင် ဖရုံသီးနဲ့ဝက်သားရောချက်ပြီး ကျွေးနေကြမို့ ဒီနှစ်လည်း အစဉ်အလာ မပျက်ကျွေးမှာသေချာတယ်။
ဘယ်အရပ်ဘယ်ဒေသ ပဲရောက်ရောက် ကျွန်တော့်အတွက်တော့ ကိုယ့်ရပ်ကိုယ့်ရွာက ဓလေ့စရိုက် လေးတွေကို အမြဲတမ်း သတိရတယ်။ အညာဓလေ့ သီတင်းကျွတ်ပြီဆိုရင် မင်္ဂလာဆောင်တဲ့ သူတွေကလည်း ပေါမှပေါလေ။ ဒါကြောင့် သူငယ်ချင်း အချင်းချင်းတွေ့ရင် "ဟေ့ကောင် မင်း သီတင်းမကျွတ် သေးဘူးလား" ဆိုပြီး စကြတယ်။ ဆိုလိုတာက ဟေ့ကောင် မင်း မင်္ဂလာမဆောင် သေးဘူးလားလို့ သွယ်ဝိုက်ပြီး မေးတာပေါ့။ သီတင်းမကျွတ်တဲ့ သူတွေက ၀ါဆိုဦး ရောက်ရင် မင်္ဂလာဆောင်ကြတယ်။ ဒီနှစ်က အညာမှာ မိုးတွေကလည်း ကောင်းချက် လွန်ရောပဲ။ နှမ်းတွေလည်း ရကြတယ်။ အညာက တောင်သူတွေ လယ်ယာလုပ်ငန်း အဆင်ပြေကြတယ်လို့ ဆိုရမှာပေါ့။ စပါးတွေကတော့ အနှံတွေထွက်တဲ့လယ်ကထွက်၊ တချို့လယ်တွေက ဖုံးတုန်း လုံးတုန်း ပေါ့။ ဒီအကြောင်းတွေက ရွာပြန်ရောက်လို့ သိရတာမဟုတ်ရပါဘူး၊ ရွာကညီဝမ်းကွဲတစ်ယောက် အဝေးသင်လာဖြေရင်း ပြောပြလို့ သိရတာပါ။
နောက်ပြီး သူကပြောသေးတယ် အကို ရွာပြန်မလာတော့ဘူးလားတဲ့။ ဒီနှစ်ရွာဘုရားပွဲက ကထိန်နဲ့ တွဲပြီး လုပ်မှာ၊ ကထိန်ကလည်း အရင်နှစ်တွေကလို တစ်ဦးတည်း ကထိန်မဟုတ်ဘူး စုပေါင်းဘုံကထိန် လုပ်မှာတဲ့လေ။ အလိုလိုမှ ရွာကိုပြန်ချင်နေပါတယ်ဆို သူကလာပြီး နှိုးဆွနေသေးတယ်။ အဲ့ဒီတော့ ဘယ်ရမလဲ ကျွန်တော်ကလည်း ပြန်မှာပေါ့၊ ကျောင်းမပိတ်ရင် ခွင့်တင်ပြီးတော့ကို ပြန်လာခဲ့မယ်လို့ ပြောလိုက်တယ်။ ပြီးတော့မေးလိုက်သေးတယ် အကို သီတင်းကျွတ်တော့မှာလားတဲ့ဗျာ။ ဒီမေးခွန်းအတွက် အဖြေပေးစရာက မရှိတော့ အင်း သီတင်းတော့ မကျွတ်သေးဘူးကွာ ၀ါဆိုဦးမှပဲလို့ ဖြေလိုက်ရတယ်။ ဘာခက်လဲနော့ ၀ါဆိုဦးကျတော့ သီတင်းကျွတ်မှလို့ ပြောင်းလိုက်ယုံပဲလေ ဟဲဟဲ...။
ရွာကပြန်လာရင်တော့ ဘုရားပွဲအကြောင်းလေးတွေကို ပြန်ရေးပေးမယ်နော်။ မြန်မာပြည်က ကွန်နက်ရှင်နဲ့ ဓာတ်ပုံလေးတွေတော့ တင်လို့ မလွယ်ဘူးဂျာ...။ ကျွန်တော်အတွက် ဒီလောက် စာလေးရေးလို့ရတာကိုပဲ သိန်းဆုပေါက်သလို ခံစားပြီး ၀မ်သာပီတိဖြစ်ရတယ်။ အဝေးရောက်နေတဲ့ ကျွန်တော့် ညီအစ်ကို မောင်နှမတွေလည်း သီတင်းကျွတ်လား ၀ါဆိုဦးလား အစီအစဉ်ရှိရင် အသိပေးအုံးနော်...။ လက်ဖွဲ့လေး ဘာလေး ပို့ပေးရအောင်လို့ပါ။ ကျွန်တော်ကတော့ တခုသော သီတင်းကျွတ်မှာ ဖြစ်မှာပေါ့ ဘယ်သီတင်ကျွတ်လဲ ဆိုတာကတော့.....။
ဒီနှစ်သီတင်းကျွတ်ကတော့ အဖိုးအဖွားတွေကို ကန်တော့ရင်း၊ မရောက်တာကြာပြီဖြစ်တဲ့ ရွာကဘုရားပွဲကို ဆင်နွှဲရင်း၊ မစားရတာ ကြာပြီဖြစ်တဲ့ ဖရုံသီးများများ ၀က်သားနည်းနည်း ရောချက်တဲ့ အညာဟင်းလေးကို သွားလွေးရင်း၊ သူငယ်ချင်းတွေထဲက သီတင်းကျွတ်မည့်သူကို လက်ဖွဲ့ရင်း ရွာကိုပြန်ဖို့ အစီအစဉ်တွေ ဆွဲထားလေရဲ့ဗျာ....။
လိုက်ချင်တဲ့သူတွေကို စရိတ်ငြိမ်းခေါ်ပါတယ်...စာရင်းပေးလို့ရပါပြီ.....။
အစားအသောက်ကတော့ ဘုရားပွဲကကျွေးတဲ့ အညာထမင်းဟင်းပေါ့ဗျာ။ နောက်ပြီး ပုပ္ပားတောင် အနီးတ၀ိုက်က ထွက်တဲ့ ရခိုင်ငှက်ပျောသီး ၀၀တုတ်တုတ်တွေရယ်၊ အညာမုန့်ဆီကြော်တွေရယ်လည်း ကျွေးအုံးမယ်။
အားလုံးကို လေးစားလျက်
ရွှေညာသားလေး
5 comments:
မြန်မာပြည်ပြန်ရောက်နေတဲ့သူဆိုတော့ ပြောအားရှိတာပေါ့လေ....:):)
အညာပြန်ယင်း အညာစာတွေလဲစားယင်း အမေသဘောတူတဲ့ အညာသူလေးနဲ့ လဲ ဘာလိုလိုညာလိုလို.....ပေါ့ ဟုတ်လား
အညာသွားလည်တုန်းကကျွေးတဲ့ မုန့်ဆီကြော်တော့သတိရတယ်။ အလှူလုပ်ရင် အိုးကြီးတွေနဲ့ထည့်ထားတာ အဝင်တစ်ခု အထွက်တစ်ခုနဲ့ ထမင်းတောင်မစားနိုင်ဘူး။ စားချက်...း)
ခင်တဲ့
မေသိမ့်
ခုထိ မကျွတ်နိုင်သေးဘူး ဟုတ်။ :D
အညာအကြောင်းလေးတွေ အမြဲအားပေးလျှက်ပါ။
အိုင်အိုရာ
Post a Comment