စာတွေလည်း မရေးဖြစ်တာကြာသွားတယ်။ဦးစားပေးစရာလေးတွေ လည်း ရှိနေလို့ပါ။ အခုတော့ အဲ့ဒါလေးတွေ ပြီးသွားလို့ ဘလော့ကို ပြန်လှည့်လာပြီဗျာ။ ရလဒ်လေးတွေလည်း သိပ်ပြီး မဆိုးလို့ စိတ်ချမ်းချမ်သာသာ ရှိပါတယ်။
အရင်တစ်ခါရေးထားတဲ့ အတိတ်ကအကြောင်းလေးတွေရဲ့ အဆက်ကို အခု ဆက်ပြီးရေးလိုက်ပါတယ်။ ရေးတယ်ဆိုတာထက် ပြောပြတယ်ဆိုတာက ပိုအဆင်ပြေပါတယ်။ အခုကျွန်တော်ရောက်နေတဲ့ နေရာက ကျောင်းတွေ နောက်ဆုံးစာမေးပွဲဖြေနေတဲ့အချိန်၊ မကြာခင်မှာ နွေရာသီကျောင်းပိတ်ရက်ကို ရောက်တော့မယ်။ မြန်မာပြည်မှာကတော့ ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်၊ ကျောင်းတက်ရာသီကို ပြန်စနေပြီပေါ့။
ကျောင်းအပ်ကျောင်းတက်တယ်ဆိုတာကလည်း ငွေကြေးတတ်နိုင်သူတွေအတွက် စကားလုပ်ပြီး ပြောစရာမဟုတ်ပေမဲ့ တောရွာမှာ မွေးဖွားကြီးပြင်းလာရသူတွေ အတွက်က ကျောင်းအပ်ချိန်ရောက်တိုင်း အနည်းနဲ့အများတော့ စိတ်ညစ်ရပါတယ်။ စိတ်ညစ်တယ်ဆိုတာကလည်း မြို့မှာလို ဘာကြေးညာကြေးပေးရလို့ မဟုတ်ပါဘူး။ ကျောင်းကသတ်မှတ်တဲ့ ကျောင်းအပ်ခ၊ စာအုပ်စာတမ်းဖိုး စတာလေးတွေကို အဆင်သင့်မပေးနိုင်လို့ စိတ်ညစ်ရတာပါ။ ဒါတောင် ရွာတွေမှာ ကျောင်းဝတ်စုံ ဆိုတာကို မ၀တ်မနေရ သတ်မှတ်မထားလို့ တော်ပါသေးတယ်။
ကျွန်တော် ငယ်ငယ်ကဆို ကျောင်းအပ်ချိန်ရောက်ရင် ပိုက်ဆံမရှိတာရှိတာကို နားမလည်ဘူး ကျောင်းဖွင့်ပြီပြောတာနဲ့ အမေ့ကို ကျောင်းအပ်ဖို့ခေါ်တော့တာပဲ။ သင်္ကြန်ပြီးလို့ ကျောင်းမှာ အောင်စာရင်းထွက်ပြီးပြီ ဆိုတာနဲ့ ကျောင်းပြန်တက်ရမယ်ဆိုတာကို အလိုလိုသိနေတယ်။ အမေကတော့ အေးအေးဆေးဆေးပဲ ကျောင်းကဖွင့်ခါစပဲ ရှိသေးတယ် လူမစုံသေးပါဘူး မင်းဆရာမနဲ့ အမေတွေ့တယ် စသဖြင့် အမျိုးမျိုးပြောပြီး အတတ်နိုင်ဆုံး ကျောင်းအပ်နောက်ကျနိုင်သမျှ နောက်ကျအောင် စောင့်ပါတယ်။ အဲ့ဒီလို စောင့်ရတာကိုလည်း အတန်းလေး နဲနဲကြီးလာတော့မှ နားလည်လာတယ်ဗျာ။ ဈေးရောင်းတဲ့ အမေ့အတွက်က ကျောင်းအပ်ခပေးရမည့်ပိုက်ဆံကို သူ့ဈေးရင်းထဲမှာ ထည့်ရင်းတော့ တစ်ရက်ဆိုတစ်ရက် အဲ့ဒီအပေါ်က အမြတ်ကျန်တယ်လေ။ ပိုက်ဆံကမများပေမဲ့ ဈေးရင်းထဲမှာ အဲ့ဒီငွေလေး ထည့်ရင်းတော့ အနည်းဆုံး ဗလာစာအုပ် တစ်အုပ်၊ခဲတံတစ်ချောင်ဖိုးလောက်တော့ ကျန်နိုင်တာပေါ့ဗျာ။ ဒါပေမဲ့ ကလေးစိတ်ညစ်အောင်တော့ အမေက မလုပ်ပါဘူး။ ကျောင်းမှာ ကျောင်းသားနဲနဲစုံလာပြီဆိုတာနဲ့ ရွာကျောင်းက ဆရာမဆီကိုသွား ဆရာမနဲ့ နားလည်မှု့ယူပြီးတော့ ကျောင်းအပ်ပြီးပြီဆိုတဲ့ အကြောင်း ကျွန်တော်ကိုပြောပြီး ကျောင်းတက်ခိုင်းပါတယ်။ ဘာမှမသိတဲ့ ကိုယ်ကတော့ သူများတွေလိုပဲ ကျောင်းကိုသွား ပျော်ပျော်ရွှင်ရွှင်ပဲပေါ့ဗျာ။ ဆရာမကလည်း အကြောင်းသိသူမို့ ဘာမှပြောပါဘူး။ တခုတော့ ရှိတယ် ဆရာမပြောတဲ့ ကျောင်းအပ်လက်ခံရက်နောက်ဆုံးနေ့ကိုရောက်ရင်တော့ အမေက မပျက်မကွက် ကျောင်းအပ်တယ်။ ကျသင့်တဲ့ ပိုက်ဆံကိုလည်းတစ်ခါတည်း ပေးသွင်းပါတယ်။
ငယ်ငယ်တုန်းက ကျွန်တော့်မှာ ကျောင်းဝတ်စုံဆိုတာလည်း သတ်သတ်မှတ်မှတ်ရယ်လို့ မရှိခဲ့ပါဘူး။ အလယ်တန်းကျောင်း မပြောင်းခင်အထိပေါ့။ ဒီလိုပဲ ဖြစ်သလို အိမ်နေရင်း ၀တ်တာနဲ့ပဲ ကျောင်းသွားတက်ပါတယ်။ ရွာဆိုတော့ ကိုယ်လိုသူလိုလူတွေပဲမို့ အဆင်ပြေလှပါတယ်။ သုံးတန်းလေးတန်းရောက်တော့ ပုဆိုးစ၀တ်ခါစမှာ အမေ့ကိုယ်တိုင် ယက်ပေးတဲ့ ကျောင်းစိမ်းပုဆိုးလေးတွေကိုတော့ အခုထိ မျက်စိထဲ မြင်ယောင်မိသေးတယ်ဗျာ။ မြို့မှာခေါ်တဲ့ ၀က်ဝံတံဆိပ် ကျောင်းစိမ်းပုဆိုးအဆင်နဲ့ တူတာလေးကို ကျွန်တော်တို့ ညီအစ်ကို သုံးယောက်အတွက် အမေက ယက်ကန်းစင်မှာ ကိုယ်တိုင်ယက်ပေးတယ်။ ၀က်ဝံပုဆိုးလို ချည်အစိမ်းကို တိုင်၊ အမည်းကို ဖောက်ချည် ထားပြီး ပုဆိုးယက်ပါတယ်။ အမေယက်ပေးတဲ့ ကျောင်းစိမ်းပုဆိုးလေးတွေမှာတော့ ကလနားဘက်မှာ အဖြူရောင် ချည်လေး နှစ်မျက်လောက် ပါပါတယ်။(နှစ်မျက်ဆိုတာက ယက်ကန်းယက်ရာမှာ သုံးတဲ့ အသုံးအနှုန်းကိုခေါ်တာပါ။ ချည်ချောင်းလေးချောင်းကို တစ်မျက် လို့သုံးပါတယ်။ နှစ်မျက်ဆိုတော့ ချည်ချောင်း ၈ ချောင်းပါတာပေါ့။ ယက်ကန်းယက်ရာမှာ သုံးတဲ့ အရေအတွက်ပါ။ ပုဆိုး၊လုံချည် ယက်မယ်ဆိုရင် အဲ့ဒီအရေအတွက်ပေါ်မူတည်ပြီးတော့ အစိပ်အကျဲ ကွာသွားတာပါပဲ။ အမျက် များများထည့်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ချည်တော့ပိုကုန်ပါလိမ့်မယ်။ ပုဆိုးကတော့ ပိုပြီး ထူပါတယ်။ ယက်ကန်းယက်ပြီး အသက်မွေးတဲ့ သူတွေတော့ ကောင်းကောင်းကျွမ်းတာပေါ့ဗျာ။ ရောင်းတမ်းအတွက်ဆိုရင် ချည်အမျက်နဲနဲ လျှော့ထည့်လို့ရတာပေါ့။) အဲ့ဒီပုဆိုး အစိမ်းနဲ့အမည် အတိုင်အဖောက်နဲ့ ယက်ထားတဲ့ ပုဆိုးလေးတွေကိုတော့ သုံးတန်းလေးတန်း လောက်မှာ ကျောင်းဖွင့်ရက်ပိတ်ရက် ၀တ်ရပါတယ်။ ပုဆိုးအကြမ်းဆိုတော့လည်း အကြမ်းခံသဗျာ။ တစ်ခါယက်ပေးရင် ညီအစ်ကို သုံးယောက် တစ်ယောက်ကို နှစ်ထည် နွေ၊မိုး၊ဆောင်း သုံးရာသီး ၀တ်စမ်းပါ့။ ဆောင်းတွင်းမှာဆို ပုဆိုးကြမ်းက စောင်တစ်ထည်လောက် အားကိုးရတယ်။ နွေးမှနွေးပဲ။
မှတ်မိပါသေးတယ်။ ကျွန်တော် လေးတန်းနှစ်မှာ ဆုရတော့ ဆုပေးပွဲနေ့မှာ ဆရာမက ဆုယူမည့်သူတွေကို အဖြူအစိမ်းဝတ်ခဲ့ခိုင်းတယ်။ ကျွန်တော့်မှာက အစိမ်းဆိုတာကတော့ အမေယက်ပေးထားတဲ့ လက်ဖြစ်ပုဆိုးကြမ်းလေးရှိလို့ အဆင်ပြေရဲ့၊ အဖြူကြတော့ ရှားရှားပါးပါး တစ်ထည်ပဲ ရှိတယ်။ အဲ့ဒီတစ်ထည်ကလည်း ၀တ်တာများလို့ ပခုံးနဲ့ နောက်ကျော ဆက်တဲ့နားက စုတ်နေပါပြီ။ အရောင်ကတော့ အဖြူရောင်ပျောက်ပြီး နို့နှစ်ရောင်ပေါက်နေပါပြီ။ ဘယ်လိုမှ မတတ်နိုင်တဲ့ အဆုံး အဲ့ဒီ နို့နှစ်ရောင်အင်္ကျီအဖြူ ဂုပ်ပြဲလေးကိုအမေယက်ပေးထားတဲ့ ကျောင်းစိမ်းလုံးချည်အကြမ်းကို တွဲဝတ်ပြီး ဆုတက်ယူပါတယ်။ အဲ့ဒီတုန်းက အခုလို ကင်မရာတွေ မပေါသေးပါဘူး။ ဒါပေမဲ့ ဆရာမက ဆုပေးပွဲမှာ အမှတ်တရအဖြစ်နဲ့ ဓာတ်ပုံဆရာခေါ်ပြီး ရိုက်ပေးပါတယ်။ အဲ့ဒီနှစ်က ဆုရတဲ့သူတွေ ဆရာမနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံလေးကို ရွာကျောင်းက ရုံးခန်းထဲမှာ မှန်ဘောင်လေးနဲ့ ချိတ်ထားတာကို ကျွန်တော်ဆယ်တန်းအောင်ပြီးတဲ့အထိ ရှိတွေ့ရပါသေးတယ်။ ကျောင်းကိုရောက်တဲ့အခါ ရုံးခန်းထဲဝင်ပြီး အမှတ်တရအနေနဲ့ အဲ့ဒီဓာတ်ပုံလေးကို ကြည့်ဖြစ်တယ်။ အထူးသဖြင့်တော့ လည်ဂုတ်ပြဲနေတဲ့ နို့နှစ်ရောင် အင်္ကျင်္င်္ီဖြူလေးကိုပေါ့။ ဒီကပြန်ရင်တော့ အဲ့ဒီ ဓာတ်ပုံလေးရှိသေးရင် အမှတ်တရ ယူပြီး သိမ်းထားရအုံးမယ်။ ဆရာမက တခြားနေရာကို ပြောင်းသွားတော့ ရှိမှရှိပါအုံးမလား မပြောတတ်ပါဘူး။
ကျောင်းဝတ်စုံပြီးတော့ စာအုပ်ခဲတံလေးတွေ သုံးခဲ့ရတာကိုလည်း ပြောပြအုံးမယ်။ ကျွန်တော်တို့ မူလတန်းကျောင်းတုန်းကတော့ ဘောပင်(ဖောင်တိန်)ကို လေးတန်းနှစ်ရောက်မှ ရေးခွင့်ပြုပါတယ်။ ဒါတောင် မ၀ယ်နိုင်တဲ့သူကို ခဲတံနဲပဲသုံးခိုင်းတယ်။ မူလတန်းကျောင်သားအရွယ်ကတော့ ခဲတံ၊ ခဲဖျက်၊ ကျောက်တံ၊ပေတံ စတာတွေကတော့ ၀ယ်မလောက်ပါပဲ။ ပျောက်သလားမမေးနဲ့။ အဲ့ဒါနဲ့ အမေက ဘယ်လိုလုပ်ပေးလဲဆိုရင် ခဲတံကုန်ခါနီး လက်နှစ်ဆစ်လောက်ပဲ ကျန်ရင် အဲ့ဒီခဲတံတိုကို သူနဲ့ဆံ့နိုင်မည့် ၀ါးရိုးသေးသေးအခေါင်းထဲမှာ တတ်ပြီးတော့ ရေးခိုင်းပါတယ်။ အဲ့လိုရေးလို့ ကုန်မှ ခဲတံအသစ်ထုတ်ပေးပါတယ်။ ပေတံကျတော့လည်း ၀ယ်ပေးတဲ့ဟာဆိုရင် ပျောက်လိုက်၊ ကျိုးလိုက်နဲ့ ကြာကြာမခံလို့ ထန်းလက်အခြောက်ကို ဓားနဲ့ချောအောင်သပ်ပြီးတော့ လက်နှစ်လုံးလောက် အပြားလေးကို ပေတံတစ်ချောင်းစာ ဖြတ်ပြီးပေးပါတယ်။ ဘယ်လောက်ပဲ ပျောက်ပျောက် ပိုက်ဆံမကုန်တဲ့ နည်းပေါ့ဗျာ။ ထန်းလက်ခြောက်က ပေါသကိုး။ အမေ့အတွက်က ချွေတာနိုင်မှ တော်ယုံကျတယ်လေ။ ကျောင်းသားတွေအပြင် အိမ်ရဲ့စားဝတ်နေရေးနဲ့ လူမှု့ရေးကလည်း ရှိသေးတယ် မဟုတ်လား။
အဲ့လိုနဲ့ လေးတန်းအောင်လို့ (၅)တန်းကို ဆက်တက်ဖို့ရာအတွက် ကျောင်းအပ်ချိန်ရောက်လာတော့ ရွာကျောင်းမှာတုန်းကလို ကျောင်းအပ်နောက်ကျလို့ မရတော့ဘူး။ အဲ့ဒီလိုကျပြန်တော့လည်း ကျောင်းဆက်တက်ရမည့် သားတွေအတွက် အမေက ကြိုကြိုတင်တင် ပြင်ဆင်ထားတတ်တယ်။ (၅)တန်းတက်မည့် ကျွန်တော်အတွက်ကို ကျောင်းမဖွင့်ခင်ကတည်းက အင်္ကျီအဖြူစကို ၀ယ်ပြီး စက်ချုပ်သမားဆီမှာ အပ်တယ်။ လွယ်အိတ်၊ ဖိနပ် စတာတွေကို ၀ယ်ပေးထားတယ်။ ပုဆိုးအစိမ်းကလည်း ရွာကျောင်းတုန်းကလို လက်ဖြစ်မရတော့တာကို သိတယ်။ အဲ့ဒီတော့ ပုဆိုးစိမ်းကိုလည်း တထရွန်စ ခေါ်တဲ့ ကျောင်းစိမ်းပုဆိုစကို ၀ယ်ပြီးချုပ်ပေးတယ်။ ဒါမှ ကျောင်းဖွင့်လို့ သူများတွေကျောင်းအပ်သွားတဲ့အခါ အတူလိုက်နိုင်မှာပေါ့တဲ့။ (၅)တန်းကျောင်းကို စတက်တော့ အမေ့အတွက် ၀န်တခုပိုလာတာက ထမင်းချိုင့်အပြင်၊ မုန့်ဖိုးပါ ပေးရတယ်။ မုန့်ဖိုးကတော့ အမြဲတမ်းမရပါဘူး။ ရံဖန်ရံခါမှပေါ့။ အဲ့ဒီတုန်းက မုန့်ဖိုးကလည်း ငါးကျပ် တစ်ဆယ်ခေတ်ဗျ။ ငါးကျပ်ဆိုရင် မုန့်လုံးကြီးကြော် နှစ်ခုရတယ်။ ရေခဲချောင်းဆိုလည်း ပေါင်မုန့်ပါတဲ့အထုပ် နှစ်ထုပ်ရတယ်။ မုန့်ကျွဲသည်းဆို တစ်တုံးမှ တစ်ကျပ်ရယ်။ အခုများတော့ တစ်ရာလောက် ဖြစ်နေပြီထင်ပါရဲ့။ တော်တော်လေးကို ကွာသွားပြီနော်။ သူများတွေဆီမှာတော့ အခုအချိန်အထိ အကြွေစေ့တွေ သုံးနေသေးတယ်။
ဖိနပ်ကတော့ သားရေဖိနပ်ဆိုတာ အနားတောင် မကပ်နိုင်ပါဘူး။ သူများတွေ ပေါပေါစီးနေတဲ့ ဆင်ကြယ်ဖိနပ်ကိုတောင် မစီးရဘူး။ မြင်းကျယ်ခေါ်တဲ့ ဖော့ခြောက်ဖိနပ်နဲ့ပေါ့။ အဖိုးကြီးက ဖိနပ်သဲကြိုးကို အာရွဲ့အောင် ဆွဲပြနေတဲ့ ပုံနဲ့လေ။ အဲ့ဒီနောက် တဆင့်တက်လို့ ခြောက်တန်း၊ခုနစ်တန်းရောက်တော့ ဖိနပ်က လိပ်ဖိနပ်ခေါ်တဲ့ အပြာရောင်နဲ့ အစိမ်းရောင် နှစ်မျိုးသာရှိတဲ့ ဖိနပ်ပေါ့။ ဖိနပ်သဲကြိုးမှာ လိပ်ပုံလေးတွေပါတယ်။ အဲ့ဒီဖိနပ်ကလည်း တော်တော်လေးကို ခိုင်ပါတယ်။ နောက်မြီးသာတိုပြီး လိုက်လာတယ်။ သဲကြိုးကပြတ်တယ်ဆိုတာ မရှိဘူး။ အမြင်ကပ်အောင်ကို စီးရတယ်။ အမေကတော့ ပြောရှာတယ် ကိုယ်က မိုးရွာရွာနေပူပူသွားလာနေရတော့ ဖိနပ်ကိုလည်း မိုးရွာနေပူစီးလို့ရတဲ့ ဖိနပ်ပဲ ကောင်းတာပေါ့ကွာတဲ့။ လွယ်အိတ်ဆိုလည်း အမွေးဖွားတွေနဲ့ သူများတွေလွယ်တာမြင်တော့ လူငယ်သဘာဝ လွယ်ချင်မိတာပေါ့။ ဒါပေမဲ့ အိပ်မက်မျှသာ ဖြစ်ခဲ့ပါတယ်။ အမေ၀ယ်ပေးတဲ့ လွယ်အိတ်က အနည်းဆုံး နှစ်နှစ်တော့ ကောင်းကောင်းလွယ်လို့ရပါတယ်။ အစစကို ချွေတာပေမဲ့ လိုအပ်တာကိုတော့ အဆင်ပြေအောင် လုပ်ပေးပါတယ်။
ကိုးတန်းဆယ်တန်းရောက်တော့ အထက်မှာ ပြောခဲ့တဲ့ ၀က်ဝံပုဆိုးတွေ အများစုဝတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်မှာ မ၀တ်နိုင်ခဲ့ပါဘူး။ သူ့ထက်ဈေးချိုတဲ့ ကျောင်းစိမ်းပုဆိုးနဲ့ပဲ ကိုးတန်းအောင်ခဲ့ပါတယ်။ ဆယ်တန်းနှစ်မှာတော့ မြို့မှာကျောင်းသွားတက်ရမှာမို့ မြို့နဲ့ကိုက်ညီအောင်ဆိုပြီး ၀က်ဝံပုဆိုးနဲ့ သားရေဖိနပ်ကို အမေကိုယ်တိုင် ၀ယ်ပေးခဲ့တယ်။ သြော် စဉ်းစားကြည့်တော့ မိဘဆိုတာ သားသမီးရဲ့ လိုအပ်ချက်တွေကို သိနေပါလားဆိုတာကို သဘောပေါက်မိတယ်။ ကျောင်းသားဘ၀ ၀တ်ချင်ခဲ့တဲ့ ၀က်ဝံပုဆိုးနဲ့ သားရေဖိနပ်ကိုတော့ ဆယ်တန်းနှစ်မှာ ၀တ်ဆင်ခဲ့ရပါတယ်။
ရောက်နေတာက ကျောင်းပိတ်ခါနီးတဲ့နေရာ၊ ပြန်ရတော့မှာက ကျောင်းဖွင့်နေတဲ့ရာ၊ တွေးမိတာက ငယ်ငယ်တုန်းက အဖြစ်အပျက်လေးများ၊ သိပ်ပြီးတော့ မဆက်စပ်မိဘူးဗျာ။ ဖတ်ရတာ ငြီးငွေ့ရင်တော့ ခွင့်လွတ်ပါ။ ပြောခဲ့တာလေးတွေက ကျွန်တော်အတွက်တော့ မမေ့နိုင်စရာ အမှတ်ရစရာလေးတွေမို့ ခေါင်းစဉ်လေးနဲ့တော့ ကိုက်ညီမယ်ထင်ပါတယ်။
နောက်လည်း အတိတ်က အမှတ်ရစရာလေးတွေကို အဆင်သင့်ရင် ပြောပြပါအုံးမယ်။
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ………။။
3 comments:
အကိုရေ အမှတ်တရလေး ဖတ်ရတာ ငယ်ဘဝကို ပြန်သတိရမိတယ် ..
စာလုံးဖောင့်တွေ အရမ်းသေးလို့ မျက်မှန်တက်ရရင်တော့ အကို့တာဝန်ပဲ..
မျက်မှန်ဝယ်ပေးဖို့ ပြောတာပါ...:):)
ငယ်ဘ၀လေးတွေဆိုတာတော့ ဘယ်သူမဆို တမ်းတမိတတ်ကြပါတယ်။ ရေးထားတာလေးဖတ်လို့ကောင်းတယ်။ အဲ ဖေါင့်လေးနဲနဲသေးနေတာတစ်ခုဘဲ။ :))
အိန်ဂျယ်နဲ့ အစ်မ မအိမ်သူ မျက်စိတွေ အတော်ညောင်း သွားလားမသိဘူး။ ပုံမှန်ဆိုဒ်ပဲ ဆိုပြီး တင်လိုက်တာ။ ပြန်ကြည့်တော့မှ small ဆိုတာဖြစ်နေတယ်။ အားနာလိုက်တာဗျာ။ အခုပြန်ပြင်ထားပါတယ်။
လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
Post a Comment