ဒီတစ်ခါ ဆိုရင်တော့ ကျွန်တော်သိတဲ့ အညာဟင်းချက်နည်းလေးတွေ ကုန်လောက်ပြီ ထင်တာပဲ။ စပြီးသားလေး တွေလည်းရှိတော့ ပြီးအောင်ပဲ ဆက်ရေးပေးလိုက်ပါရဲ့ဗျာ။ အစားအစာဆိုတာကလည်း နေ့စဉ် ချက်ပြုတ်စားသောက်နေရတော့ နည်းအသစ်လေးများ သိရင် စမ်းပြီးချက်စားလို့ ရတာပေါ့နော့။ ကျွန်တော်က တော့မကြာခင် နွေရာသီ ရောက်တော့မှာမို့ ပျော်နေတယ်။ အသီးအရွက်တွေ နွေရာသီဆိုရင် ပေါပေါများများ ၀ယ်စားလို့ရလို့ပါ။ ဈေးလည်းပေါတယ် ဆိုတော့ ကျွန်တော်တို့တွေ အတွက် အဆင်ကိုပြေလို့..ဟဲ..ဟဲ..။ ဒီနေ့ရေးတဲ့ ဟင်းလေး တွေက တချို့လည်း သိချင်မှသိမယ် အညာမှာတော့ စားနေကျဆိုတော့ ဗဟုသုတအဖြစ် ရေးပေးလိုက်ပါတယ်။
သနပ်ဖူး ချဉ်ရည်ဟင်း
သနပ်ပင်ဆိုတာက ဆေးလိပ်တဲ့ သနပ်ဖက်မျိုးလားတော့ မသိဘူး။ ဆေးလိပ်တဲ့ သနပ်ဖက်ပင်ကိုတော့ မမြင်ဖူးပါဘူး။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ သနပ်ပင်ကတော့ အပင်မြင့်တယ်။ ဖက်ရွက်က ဆေးလိပ်ဖြစ်အောင်တော့ မကြီးဘူး။ သနပ်ကိုင်းကိုတော့ ဓားနဲ့နုတ်နုတ်စင်း အခြောက်လှန်း၊ မောင်းစင်မှာထောင်းပြီး ဆေးရိုးတော့ လုပ်ကြတယ်။ ဖက်ကတော့ ပြောင်းဖူးဖက်ပေါ့။ သနပ်သီးက ရင့်မှည့်လာရင် အစေးတွေက ကော်နဲ့တူတယ်။ ကလေးတုန်းက စာအုပ်တွေပြဲရင် သနပ်သီးကို ဖျစ်ပြီးရတဲ့ အစေးတွေကို ကော်လုပ်ပြီး ကပ်ဖူးတယ်။ အကြာကြီး မခံပေမဲ့ သုံးလို့တော့ ရသဗျ။
သနပ်ဖူးချဉ်ရည်ဟင်းကတော့ သနပ်ရွက်နုချိန်မှာ အဖူးလေးတွေပါ တစ်ခါထဲ ထွက်ပါတယ်။ သင်္ကြန်မတိုင်ခင် ဆိုရင် သနပ်ရွက်တွေနုတတ်တယ်။ နွေရာသီမှာပဲ နုတာများတယ်။ ချက်စားတာကတော့ သနပ်ရွက်အနုနဲ့ အဖူးရောရာကို ခူးပြီးတော့ မန်ကျည်းသီးမှည့်အတောင့်လိုက် ထည့်လုံးပြီး ချဉ်ရည်သောက် ချက်စားလို့ ကောင်းပါတယ်။ သနပ်ဖူးက ဖန်တဲ့အရသာရှိလို့ အချဉ်ရည်ဟင်း ချက်စားလို့ပဲ အဆင်ပြေပါတယ်။ နွေရာသီမှာ စိုက်တဲ့ ကိုင်းခင်းထဲက ချဉ်ပေါင်ရွက်တို့၊ ဘိလပ်ရွက်တို့နဲ့ ရောပြီး အချဉ်ရည်သောက် ချက်စားရင်လည်း ကောင်းပါတယ်။
ပိတ်စွယ်ချဉ်
ဒီအပင်ကတော့ ရေထဲမှာပေါက်တာပါ။ အောက်ပိုင်းတွေမှာ ပိုပေါမယ်ထင်တယ်။ ကျွန်တော်တို့ဆီမှာတော့ ရေအမြဲရှိတဲ့ ရိုးတွေ၊အိုင်တွေ၊ ဗွက်တွေမှာ ပေါက်တာများတယ်။ အဲ့ဒီအပင်ကို နှုတ်ပြီးတော့ အပေါ်က ရင့်တဲ့ အခွံတွေကို ခွာပြီးတော့ ရလာတဲ့ အနုဆုံးအပိုင်းကို သုံးပါတယ်။ ဆန်ဆေးရည်နဲ့ စိမ်ထားရင် ချဉ်သွားတာပဲ။ မျှစ်နဲ့ခပ်ဆင်ဆင်ပေမဲ့ စားလို့တော့ အတော်ကောင်းပါတယ်။ ပိတ်စွယ်ချဉ်ကို ချဉ်ပေါင်ရွက်၊ ပဲသီး၊ ခရမ်းသီး စတဲ့ အသီးအရွက်လေးတွေနဲ့ ရောလို့ အချဉ်ရည်ဟင်း ချက်စားလို့ကောင်းပါတယ်။ သူ့ချည်းလည်း ကြော်စားရင် ကောင်းတယ်။ အသားနဲ့ရောချက်ရင်လည်း မျှစ်လိုပါပဲ စားလို့ကောင်းတယ်။ ကျွန်တော်ကတော့ အချဉ်ဟင်းချက်စားရတာကို ပိုပြီးသဘောကျတယ်။ ကျောက်ပန်းတောင်း ပျံကျဈေးထဲမှာဆိုရင် ပိတ်စွယ်ချဉ်ဖွေးဖွေးတွေ အမြဲလိုလို တွေ့ရတတ်တယ်။ ထမင်းဆိုင်တွေမှာလည်း ချဉ်ရည်ဟင်းဆိုရင် ပိတ်စွယ်ချဉ်ကို မျှစ်အစား ထည့်ချက်တတ်ကြတယ်။ တော်တော်များများ ပေါတော့ စားဖူးကြမယ် ထင်ပါတယ်ဗျာ။
အညာမျှစ်ချဉ်
မျှစ်ချဉ်(photo from google) |
မျှစ်ချဉ်ကလည်း ဒေသလိုက်ပြီး အမျိုးမျိုးရှိတယ်ဗျ။ ပျဉ်းမနားမျှစ်ချဉ်၊ ရှမ်းမျှစ်ချဉ် စတဲ့ ၀ါးအကြီးစားတွေက ရတဲ့ မျှစ်ချဉ်တွေပေါ့။ ကျွန်တော်တို့ရွာက ပုပ္ပါးတောင်နား ရှိတာဆိုတော့ ပုပ္ပါးတောင်ပတ်ဝန်းကျင်က တောင်ရိုးတောင်တန်းတွေ ပေါ်မှာပေါက်တဲ့ ၀ါးရုံပင်လေးတွေကနေ ချိုးလို့ရတဲ့ မျှစ်ကိုပဲ အချဉ်တည်ရတာပေါ့။ အချဉ်တည် တယ်ဆိုတာထက် ဆားသိပ်တယ်ဆိုရင် ပိုမှန်ပါတယ်။ တောထဲကရလာတဲ့ မျှစ်ကို အိမ်ရောက်ရင် နှစ်ညလောက် ရေစိမ်ပြီး ထွန်းသွားတိုနဲ့ ခပ်ဆဆလေးထုပြီးတော့ ဆားနဲ့နယ်ပြီး အိုးထဲမှာသိပ်ထားတာပါ။ ပျဉ်းမနားနဲ့ ရှမ်းပြည်က မျှစ်ချဉ်တွေလို အရမ်း မချဉ်ပါဘူး။
ဒါကတော့ တစ်မျိုး(photo from google) |
မိုးလည်လောက်ဆိုရင် တောင်ရိုးပေါ်မှာ မျှစ်တွေလှိုင်လှိုင်ပေါတယ်။ အဲ့ဒီအချိန်ဆို တောင်ရိုးတက်နိုင်တဲ့ သူကတော့ တက်နိုင်သလောက် မျှစ်ရတာပါပဲ။ အဲ့ဒီအချိန်ဆို ကိုယ့်အိမ် စားဖို့အတွက်တော့ ရွာကအိမ်တိုင်းလိုလို မျှစ်ချဉ် သိပ်ထားကြတယ်။ မျှစ်ကိုတော့ မျှစ်ချဉ်ရယ်မှ မဟုတ်ဘူး အမျိုးမျိုးလုပ်စားကြ ပါတယ်။ မျှစ်အစိုပေါတဲ့အချိန်ဆို မျှစ်ကိုပြုတ်ပြီးတော့ မျှစ်သုပ်၊ မျှစ်ကြော်၊ မျှစ်ဆတ်ဟင်းချို၊ မျှစ်နဲ့ဆန်လှော်ဟင်းခါး စတဲ့ အမျိုးမျိုးအထွေထွေလုပ်စားနိုင်ပါတယ်။
အညာက မျှစ်က ဒီလိုသေးသေးလေးတွေပါ |
မျှစ်ချဉ်ကိုကျတော့ ရွာမှာ နွေရာသီရောက်လို့ ဟင်းစားရှားသွားမှ မျှစ်ချဉ်အိုးကို ဖောက်ပြီးချက်ပါတယ်။ ဆားနဲ့သိပ်ထားတာဆိုတော့ ချက်မယ်ဆိုရင် ရေနဲ့ သုံးထပ်လောက် ဆေးပစ်ရပါတယ်။ ဆေးပြီးတော့ ခရမ်းချဉ်သီးလေးနဲ့ အရည်စပ်စပ်လေး ချက်စားကြတယ်။ မျှစ်ချဉ်ရေဆေးပြီးသားကို ငရုတ်ဆုံမှာ မညက်တညက်လေး ထောင်းပြီး ကြော်စားရင်လည်း ကောင်းပါတယ်။ အမဲရိုနဲ့ ချက်စားရင်လည်း ကောင်းပါတယ်။ မျှစ်ကအပူဓာတ်ရှိတယ် ဆိုပေမဲ့ ငရုတ်သီးစပ်လေး ချက်စားမှ ပိုပြီးတော့ လေးလေးပင်ပင် ရှိပါတယ်။ အသားငါးနဲ့ ချက်စားရင်တော့ အရည်သောက်မို့ ငရုတ်သီးမထည့်နဲ့ပေါ့။ မျှစ်ချဉ်ငရုတ်သီးစပ် ချက်ကိုတော့ အတော်ကြိုက်တယ်။ စားပြီးရင် ရေနွေမပူမအေးလေးများ သောက်ရရင် ပါးစပ်ကို ပြဲနေတာပဲဗျာ။ ဒါကတော့ ကျွန်တော်တို့ ရွာထွက် မျှစ်ချဉ်ချက်စားနည်းလေးတွေပါ။ ကျန်တဲ့မျှစ်ချဉ်ကိုတော့ ငါးခေါင်းနဲ့ချက်စားတာ၊ ၀က်သားနဲ့ချက်တာ စသဖြင့် လူတိုင်းစားဖူးလောက်တာမို့ မရေးတော့ပါဘူး။
ဆန်စေ့ဟင်းချို
ဒီဟင်းကလည်း ကျွန်တော်တို့ရွာမှာ ဟင်းချက်စရာ ရှားပါးတဲ့အခါ ချက်ချက်စားကြတဲ့ ဟင်းတစ်မျိုးပါပဲ။ ဆန်စေ့ကို ချက်တာဆိုလို့ ဆန်ပြုတ်ကိုတော့ သွားမမြင်နဲ့နော်။ ကိုယ့်လယ်ရဆန် ကျွန်တော်တို့ဆီမှာတော့ မောင်းထောင်းဆန်ခေါ်တာပေါ့ ကိုယ်တိုင်ထောင်းထားတဲ့ မောင်းထောင်းဆန်ကို ဟင်းချိုချက်စားတာပါ။ မိုးဦးကျ ယာထွန်ချိန်ဆိုရင် ဆန်စေ့ဟင်းချိုက အတော်စားလို့ကောင်းတယ်။ တောထဲတောင်ထဲက မိုးဦးကျရင် ထွက်တဲ့ ဆူးပုတ်ရွက်၊ ငရှာရွက်၊ ကျီးအာရွက်၊ ဂုံရွက်၊ ခွေးတောက်စိန်ရွက် စတဲ့ ဟင်ချိုရွက်လေးတွေ ရောပြီး ထည့်ချက်စားရင် အတော်ကောင်းတဲ့ ဟင်းချိုတစ်မျိုးပါပဲ။ ကျွန်တော်အဖွား အင်မတန်ချက်တဲ့ ဟင်းတစ်မျိုးဆိုလည်း မမှားဘူးပေါ့ဗျာ။ သူက တောထဲ မထွက်နိုင်တော့ အိမ်ကနေ ထမင်းဟင်းချက်ရတာ။ ဟင်းချက်စရာ မရှိရင် ဆန်စေ့လေးလက်တဆုပ်လောက်ကို ဆား၊ငါးပိ၊ကြက်သွန်နီ၊ ဆီလေးပါလေကာထည့်ပြီး ရေများများနဲ့ မီးဖိုမှာ တည်ထားလိုက်တာပဲ။ တောထဲသွားတဲ့ သူပြန်လာခါနီးမှ အစောကပြောတဲ့ အရွက်လေးတွေ ရှိရင်ထည့် မရှိရင်လည်း မီးဖိုကချပြီး ပူပူလေး သောက်စားကြတာပဲ။ ဆန်စေ့ကိုပဲ ဟင်းချိုချက်ပြီး ထမင်းနဲ့ပြန်စားပေမဲ့ စားလို့တော့ ကောင်းတယ်ဗျ။သစ်ရွက်စိမ်းလေးတွေ ပါရင် ပိုပြီးစားလို့ ကောင်းပါတယ်။ နာမည်ကတော့ ဆန်စေ့ဟင်းချိုတဲ့ဗျာ….
(ခွေးတောက်စိန်ရွက်က ခွေးတောက်ရွက်နဲ့ ဆင်ပါတယ် နွယ်ပင်ပါပဲ။ ဒါပေမဲ့ သူက လုံးဝ မခါးပါဘူး။ ဟင်ချိုးချက်စားလို့ကောင်းပါတယ်။ အပင်လေးတွေ့လို့ ဗဟုသုတအဖြစ် တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ မိုးဦးကျစ ဆိုရင် ပေါပါတယ်။ ခွေးတောက်စိန်ရွက်လို့ ခေါ်ကြတယ်။)
ခွေးတောက်စိန်ရွက်(photo from google) |
နောက်ပြီး ရှိသေးတယ်။ ပဲငရှံဟင်းချို ဆိုတာ။ အဲ့ဒါလည်း အဖွားအလွန်ချက်တဲ့ဟင်းတစ်မျိုးပဲ။ ပဲစေ့နာမည်ကို ခေါ်တာပါပဲ။ ပဲငရှံတဲ့။ ကျွန်တော်တို့ဆီမှာတော့ ကောက်ညှင်းပေါင်းထဲ ထည့်ပေါင်းကြတာများတယ်။ အဲ့ဒီပဲစေ့ကို အဖွားက အိုးကင်းနဲ့လှော်ပြီး ကျောက်ပြင်မှာ အလုံးကွဲလေး အပေါ်က ကျောက်ပြားနဲ့ဖိပြီး ခွဲပါတယ်။ အခွံတွေပြောင်အောင်လုပ်ပြီးတော့မှ ဆန်စေ့လေးနဲနဲနဲ့ ရောပြီးတော့ ဟင်းချိုးချက်ပါတယ်။ အဲ့ဒီဟင်းကလည်း စားလို့ကောင်းတာပါပဲ။ မိုးဦးကျ ဦးလေးတို့ ယာထွန်ချိန်ဆိုရင် အဖွားအမြဲတမ်းချက်တဲ့ ဟင်းချိုတစ်မျိုးပေါ့။ ဦးလေးဖြစ်သူကလည်း သူ့အမေ အကြောင်းသိတော့ ယာထွန်းရင်း နွားတွေနားထားရင် ယာခင်ဘေးစပ် ချုံတွေပေါ်မှာ ဟင်းရွက်လေးတွေ ရှာခူးတယ်။ အိမ်ရောက်လို့ ထွန်ရှဉ်းဖြုတ်ပြီးတာနဲ့ အမေရော့ ဟင်းရွက်ထုပ် ဆိုပြီးပေးလိုက်ရင် အဖွားက သူတည်ထားတဲ့ ဟင်းချိုအိုးထဲ ဟင်းရွက်စိမ်းလေးတွေ ထည့်လိုက်တယ်။ အခုတော့ အဖွားလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ သူချက်ချက်ကျွေးတဲ့ ဟင်းလေးတွေကိုတော့ ယခုတိုင်း သတိရနေမိတယ်ဗျာ။
ပြည်ပန်းညိုဟင်းချို
ပြည်ပန်းညိုဆိုပေမဲ့ သူ့ပန်းကတော့ အ၀ါရောင်လေးတွေပါ။ ကျွန်တော်တို့ဆီမှာ အရွက်ကို ဟင်းချိုချက်စားတယ်။ ပဲကြီးဟင်းချိုမှာ ထည့်ချက်ရင် စားလို့ကောင်းတယ်။ အနံ့ကတော့ မကြိုက်တဲ့သူ ဆိုရင် နဲနဲ နံမယ်ထင်တယ်။ အနံ့က အလွန်ကြီးတော့ မပြင်ပါဘူး။ သူ့အတိုင်း ဟင်းချိုချက်စားရင်လည်း သောက်လို့ကောင်းတယ်။ ပဲဟင်းနဲ့ဆိုတော့ တစ်မျိုးလေးပေါ့။ အရွက်နုကို ပြုတ်ပြီးတော့ အတို့အမြှုပ်အဖြစ် လုပ်စားရင်လည်း အဆင်ပြေတာပါပဲ။
ပြည်ပန်းညိုပင်(photo from google) |
ထန်းသီးဟင်း
ထန်းသီးဟင်း အကြောင်းကို ထန်းပင်အကြောင်းရေးတုန်းက ရေးခဲ့ဘူးပါတယ်။ အခုနဲနဲပြန်ရေးလိုက် ပါအုံးမယ်။ အညာမှာ ထန်းလျက်ပေါတာတော့ အားလုံးသိကြမှာပါနော်။ ထန်းပင်ပေါတော့ ထန်းသီးလည်း မရှားဘူးပေါ့။ ထန်းသီးဟင်းကိုတော့ စားဖူးသူ နည်းပါလိမ့်မယ်။ ထန်းသီးဆံ နုနုကို အချဉ်လေးနဲ့ ချက်စားလို့ ရပါတယ်။ ကျွန်တော်တို့ဆီမှာကတော့ ထန်းသီးလက်နဲ့ကော်လို့ ရတဲ့အနေအထားကို ချက်စားတာပါ။ အရမ်းမာသွားရင်လည်း ချက်စားလို့မကောင်းပါဘူး။ အဲ့ဒီထန်းသီးကို မန်ကျည်းရွက်နု နဲ့ရောပြီး အရေစပ်စပ်လေးနဲ့ ငရုတ်သီးစပ်ချက်စားရင် အတော်ကို ကောင်းပါတယ်။ ထန်းသီးက ချိုတတ်လို့ အချဉ်လေးနဲ့ချက်စားမှ အဆင်ပြေပါတယ်။ အချဉ်ကိုလည်း ကြိုက်နှစ်သက်ရာ သုံးနိုင်ပါတယ်။ သရက်သီး၊ ချဉ်ပေါင်သီး စတဲ့အချဉ်တွေနဲ့လည်း ရပါတယ်။ ကျွန်တော်တို့ ဆီမှာက ထန်းသီးပေါ်ချိန်ဆိုရင် မန်ကျည်းရွက်ကလည်း နုတဲ့အချိန်မို့ မန်ကျည်းရွက်နဲ့ ချက်စားတာက များတယ်။ မန်ကျည်းရွက်နဲ့ကလည်း ပိုပြီးတော့ လိုက်ဖက်ပါတယ်။
ဒီထန်းသီးကတော့ ဒီအတိုင်းစားတာအဆင်ပြေတယ်(photo from google) |
မှတ်မိပါသေးတယ်။ ရွာမှာတုန်းက ကျွန်တော်တို့အိမ်ကို တခြားရွာက ဧည့်သည်တစ်ယောက် ရောက်လာတာ။ အချိန်ကလည်း ထမင်းစားချိန်ရောက်နေပြီဆိုတော့ အမေက ရှိတဲ့ဟင်းလေးနဲ့ပဲ ထမင်းကျွေးဖို့အတွက် ပြင်ဆင်ပါတယ်။ အဲ့ဒီနေ့က အိမ်မှာ ပဲဟင်းချိုနဲ့ ထန်းသီးဟင်းချက်ထားတော့ အမေက ဧည့်လာစောင်လာ ထားတဲ့ ငါးပိကောင်လေးကို ကင်ပြီး ထမင်းခူးကျွေးပါတယ်။ ဧည့်သည်ကလည်း အဝေးကလာရတော့ ဆာနေဟန်တူပါရဲ့ ထမင်းစားတာ ခေါင်းကို မဖော်ပါဘူး။ သူအနှိုက်များတာက ထန်းသီးနဲ့မန်ကျည်းရွက် ချက်ထားတဲ့ ဟင်းခွက်ကိုပါ။ တော်တော်လေး စားလို့ကောင်းဟန်တူပါတယ်။ မျက်နှာမှာလဲ ချွေးတွေကို သီးလို့။ အမေကတော့ ဟင်းမကောင်းလို့ အားနာနေပေမဲ့ ဧည့်သည်က အားရပါးရ စားတာကို မြင်ရတော့ ၀မ်းသာနေတယ်။ ထမင်းစားပြီးတော့မှ သူက ဟင်းကိုမေးတယ်။ စားသာစားလိုက်တယ် ဘာဟင်းမှန်း မသိဘူးတဲ့။ အမေက ထန်းသီးဟင်းဆိုတာကို ပြောပြတော့မှ အံသြသွားတယ်။ ကျုပ်တို့ရွာမှာတော့ ထန်းသီးကို ဟင်းချက်စားရမှန်း မသိကြပါဘူးဆိုပြီး အမေ့ဆီက ဟင်းချက်နည်းလေးပါ တောင်းသွားတယ်ဗျာ။ ကျွန်တော့် မိတ်ဆွေတွေလည်း အညာကိုရောက်လို့ ကြုံကြိုက်ရင် ထန်းသီးဟင်း ချက်ကျွေးခိုင်းနော်။ တကယ်စားလို့ ကောင်းတယ်ဗျ။
မန်ကျည်းရွက်နဲ့အမဲခြောက်
မန်ကျည်းရွက်နုနု(photo from google) |
ဒီဟင်းကတော့ အမဲသားစားသူတွေအတွက် အဆင်ပြေပါတယ်။ ရွာတွေမှာ အသားက အမြဲတမ်းမရတော့ ကြုံကြိုက်တဲ့ အခါ ၀ယ်ပြီးတော့ အခြောက်လှန်းထားတတ်တယ်။ အဆင်သင့်ရှိတော့ ဧည့်သည်လာတဲ့အခါ အရေးတကြီးလိုရင် အဆင်ပြေတာပေါ့။ အဲ့ဒီအမဲခြောက်ကို ကင်ပဲစားစား၊ ကြော်စားစား၊ ဟင်းချက်စားစား အဆင်ပြေပါတယ်။ ဟင်းချက်ရင်တော့ အိမ်သားအားလုံးအတွက် စားနိုင်တာပေါ့နော်။ အမဲခြောက်ကို ခရမ်းချဉ်သီးလေးနဲနဲရယ် မန်ကျည်းရွက်လေးနဲ့ ရောပြီး နယ်စားလို့ရအောင် အရည်လေးနဲ့ ချက်ရင် စားလို့ကောင်းပါတယ်။ အမဲခြောက်ကို အရင်နူးအောင် ချက်ပြီးမှ မန်ကျည်ရွက်ထည့်လည်း အဆင်ပြေပါတယ်။ အရည်အနည်းအများကတော့ စားမည့်လူအရေအတွက်ကိုကြည့်ပြီးတော့ ချက်ပေါ့ဗျာ။ ကျနော်ဆို အိမ်မှာ ဟင်းချက်ရင် ရေနွေးနဲ့ ဆားကို အမြဲတမ်းအသင့်ပြင်ထားတယ်။ မိသားစုကများတော့ စားနေရင်း ဟင်းက အခြေအနေ မလှရင် ပွားလို့ရအောင်လိုလေ….ဟဲ…ဟဲ…
ပေါက်ပန်းဖြူနဲ့ငါးပိချက်
ပေါက်ပန်းဖြူအရွက်နဲ့အဖူး(photo from google) |
ပေါက်ပန်းဖြူပင်ကိုတော့သိကြမှာပါနော်။ မီးဖိုချောင်အတွက် အတော်လေးအသုံးဝင်တဲ့ အပင်ပါ။ အရွက်ကစပြီး အပွင့်၊ အဖူး၊ အသီး စတာတွေအထိ အကုန်ချက်စား၊ တို့မြှုပ်စားလို့ရတယ်ဗျ။ အိမ်မှာ ပေါက်ပန်းဖြူ တစ်ပင်လောက် စိုက်ထားရင် ဟင်းအတွက်က ပူစရာမလိုရလောက်အောင်ပဲ။ ကျွန်တော်ကတော့ ပေါက်ပန်းဖြူဆိုရင် ငါးပိချက်နဲ့မှ အကြိုက်ဆုံးပဲ။ ပေါက်ပန်းဖြူအရွက်၊ အဖူးအပွင့်၊ အသီးအကုန်လုံးကို ပြုတ်ပြီး တော့ ငါးပိချက်လေးနဲ့ တို့စားရင် တခြားဟင်းမပါဘဲ စားလို့ဖြစ်တယ်ဗျို့။ နောက်ပြီး တခြားအရွက်တွေနဲ့လည်း တွဲပြီးတော့ အချဉ်ရည် ဟင်းချက်စားနိုင်သေးတယ်။ ပေါက်ပန်းဖြူပွင့်ကို မန်ကျည်းသီးစိမ်းလေးနဲ့ ချက်ရင်လည်း စားကောင်းတယ်။ အဖူး၊အပွင့်၊အရွက်၊အသီးနု ရောရာကို ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက် စတာတွေနဲ့ အချဉ်ရည်သောက် ချက်ရင်လည်း အတော်ကောင်းတယ်။
ပေါက်ပန်းဖြူ အပွင့်နဲ့ အသီး(photo from google) |
ငါးပိချက် ချက်တာလဲ လွယ်လွယ်လေးပဲဗျ။ တောချက်ကို ပြောတာနော် အဟဲ။ ပွက်ရင် ကျက်တာပဲ။ ချက်တာလေးက အရင်ဆုံး ကြက်သွန်နီနှစ်လုံးလောက်ကို ပါးပါးလှီးပြီး ဆီလေးနဲနဲနဲ့ လှိမ့်လိုက်ပါ။ ကြက်သွန်နွမ်းသွားရင် ကြက်သွန်ဖြူနဲ့ရောထောင်းထားတဲ့ ငရုတ်သီးကို ထည့်ပြီးတော့ မွှေးလာအောင်ရောပြီး လှိမ့်။ ကြော်တာပါပဲ။ ဆီများများသုံးရင်တော့ ကြော်တယ်ပေါ့။ အခုက ဆီနဲနဲပဲ ထည့်လို့ လှိမ့်တယ်လို့ ပြောတာ။ ငရုတ်သီးနံ့လေး မွှေးလာရင် စိမ်းစားပဲခေါ်လား၊ ကျက်စားပဲခေါ်လားမသိ အဲ့ဒီငါးပိကို ရေနဲ့အရည်ဖျော်ပြီး အစောကကြော်တဲ့အထဲကို လောင်းထည့်လိုက်ပါ။ ငါးပိရည် ထည့်ပြီးလို့ အိုးပွက်လာရင် ငါးပိချက်ရပါပြီ။ ကျွန်တော်ကတော့ အိမ်မှာတုန်းက အမေချက်ကျွေးတာ စားနေကျမို့ ပေါက်ပန်းဖြူကို ငါးပိချက်နဲ့ပိုပြီး ကြိုက်ပါတယ်။ ငါးပိချက်နည်းလေးကို စမ်းပြီးချက်စားကြည့်ဗျာ။ အတော် စားလို့ကောင်းတယ်။ ခရမ်းချဉ်သီး၊ ပုစွန်ခြောက် တွေမပါဘဲကို ထမင်းမြိန်ပါတယ်။
ပဒုမ္မာဖူး
ပဒုမ္မာပင်အဖူးနဲ့အပွင့်(from google) |
ဆူးတွေများများနဲ့ အပင်ပါ။ ကျွန်တော်တို့ရွာမှာတော့ ရွာခြံစည်းရိုးအဖြစ်စိုက်ထားတယ်။ ဆူးက အဆိပ်ရှိတယ်။ မြင်ဖူးကြမယ်ထင်ပါတယ်။ ဆူးစူးရင်တော့ အတော်လေးနာတယ်။ ကျွန်တော်တို့ရွာမှာတော့ ပေါတယ်ဗျ။ သူလည်း မိုးရာသီမှာ အဖူးတွေထွက်တယ်။ အဲ့ဒီအဖူးတွေကို ချိုးပြီးတော့ ဟင်းချက်စားလို့ကောင်းတယ်။ သူကလည်း အရသာ တစ်မျိုးပဲ။ ပဒုံမာဖူးကို ၀ါးရင် ချွဲချွဲလေးနဲ့ စားရတာ တစ်မျိုးလေးပဲ။ အများဆုံး စားဖူးတာတော့ ချဉ်ပေါင်ရွက်နဲ့ ချက်စားတာများတယ်။ အထဲမှာပါတဲ့ ၀တ်မှုံတံလေးတွေကို ပြောင်အောင် သင်ပြီးတော့ အခြမ်းလေးတွေ ခွဲပြီးချဉ်ပေါင်ရွက်နဲ့ တစ်ခါထဲ လုံးချက်ယုံပါပဲ။ အချဉ်ရည် သောက်ထဲမှာလဲ ထည့်ချက်ရင် စားလို့ကောင်းပါတယ်။ အဖူးနဲ့ အပွင့်ကို နှစ်မျိုးစလုံး သုံးလို့ရတယ်။ ကြုံကြိုက်ခဲ့ရင် သိထားတော့ ချက်စားလို့ရတာပေါ့ဗျာ။ ကျွန်တော်တို့ ရွာမှာတော့ အဲ့ဒီအပွင့်တွေ လှိုင်လှိုင်ပွင့်ရင် မိုးကုန်ပြီလို့ တွက်ကြတယ်။ ဟင်းစားတင် မဟုတ်ဘူး မိုးအချက်ပြ အပင်လည်း ဖြစ်တာပေါ့။
လယ်ကန်စွန်းရိုးနီ
ကန်စွန်းရွက်အရိုးနီလေးတွေ။ လယ်ထဲမှာ အများဆုံးပေါက်တယ်။ သင်္ကြန်ပြီးလို့ မိုးတစ်မိုးလောက် ရွာပြီးရင် လယ်ရိုးကျွတ်တွေထဲမှာ ကန်စွန်ရိုးနီလေးတွေ အတက်ပြန်ထွက်လာတယ်။ အဲ့ဒီအတက်လေးတွေကို လိုက်ဆိတ်ပြီးတော့ အချဉ်ရည်ပဲချက်စားစား၊ ကြော်ပြီးတော့ပဲစားစား အတော်စားလို့ကောင်းတယ်။ မိုးဖြိုင်ဖြိုင်ရွာရင်တော့ သန်သန်မာမာ ထွားထွားကျိုင်းကျိုင်း လယ်ကွန်စွန်းတွေ ခူးမနိုင်အောင် ပေါပါတယ်။ အရမ်းများလာရင်တော့ ၀က်စာအတွက်ခူးကျွေးကြတယ်။ မိုးဦးကျစမှာ ထွက်တဲ့ လယ်ကန်စွန်းက မန်ကျည်းသီးလေးနဲ့ အချဉ်ရည်ချက်စားလို့ ပိုကောင်းတယ်ဗျ။ အရမ်းမပေါသေးလို့လေ။ အရမ်းပေါလာရင် ကြော်စားရတာက ပိုကောင်းတယ်။ ဥ ဥတဲ့ ကန်စွန်းရွက်ကလည်း ချက်စားလို့ကောင်းပါတယ်။
ဒါလေးတွေကတော့ ကျွန်တော်တို့ရွာမှာ အစားများတဲ့ ဟင်းစားလေးများပဲ ဖြစ်ပါတယ်။ သိပြီးသူများအတွက် ထပ်ပြီးမှတ်မိတာပေါ့။ မသိသေးသူများအတွက် ဗဟုသုတပေါ့ဗျာ။ ပုံမှန်စားနေကျ ဟင်းချက်နည်းများကို ငြီးငွေ့တဲ့အခါပဲဖြစ်ဖြစ်၊ အမိမြန်မာပြည်ကို သတိရတဲ့အခါဖြစ်ဖြစ် ဆီနည်းပြီး ထမင်းမြိန်စေတဲ့ အညာချက်လေးတွေ ချက်စားနိုင်စေလိုတဲ့ စေတနာနဲ့ ကျွန်တော်မှတ်သားမိသမျှလေးတွေ ပြောပြခြင်းဖြစ်ပါတယ်။
အားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ…
12 comments:
အညာဟင်းမစားဘူးသေးဘူး
စမ်းပြီးချက်ကြည့်မယ်နော်
ရွှေညာသားလေးရေ ပြန်ခါနီးပြီ စားရခါနီးပီဆိုပြီး တခုပြီးတခု ချက်ပြနေတော့
တာပဲ။ ပိတ်စွယ်ကို စလင်းဆင်ဖြူကျွန်း ဘက်နေတုန်းက မန်ကျည်းရွက်နဲ့  ချက်ကျွေးတာစားဘူးတယ်။ အရမ်းကြိုက်တယ်။ ဂုံမင်းနဲ့ တူတယ်။ဂုံမင်းကိုသိ
လား။ အနံ့ တမျိုးလေးနဲ့ မွှေးတယ်။စားဘူးလား။ မျှစ်ထဲမှာဆိုယင်တော့ မျှစ်သုတ်နဲ့ မျှစ်ဆတ်ကိုအကြိုက်ဆုံး။ မျှစ်ဆတ်ကို ကိုယ့်ဟာကိုယ်လုပ်တာ။
ဆန်စေ့ဟင်းချိုတော့မကြားဖူးဘူးထင်တာပဲ။ ကျန်တာတွေလဲသိပ်မသိဘူး။ မန်ကျည်းရွက်နဲ့ အမဲခြောက်စပ်ချဉ်ချက်တော့ကောင်းကောင်းစားဘူးတယ်။
နွေရာသီကျောင်းပိတ်လို့ ရွာပြန်ယင်ကြီးကြီးက အဲဒါပဲအချက်များတယ်။
လယ်ကန်စွန်းရိုးနီကတော့ ချဉ်ဖတ်တည်တာလဲအရမ်းကောင်းတယ်။ ချဉ်ဟင်းချက်စားတယ်။
အင်းနော် အကိုကတော့ လုပ်ပြိ အဲဒါတွေ စားရဖို့ ဘယ်တော့လောက်များ မှပါလိမ့်နော်.....:):)
ခုကျွေးနော် ရဘူးးးးးး:P:P:P
ကောင်းသောနေ့လေးဖြစ်ပါစေအကို.။
လတ်လတ်ဆတ်ဆတ်ဆိုတော့ ချိုနေတာဘဲပေါ့နော်။
ကိုရွှေညာသားရေ ကျမတို့အညာကတော့ ပဒုမ္မာပင်လို့မခေါ်ဘူးဗျ။ ကျားရှာပင်လို့ခေါ်တယ်။ အပွင့်ခြောက်ကို သုပ်လဲစားတယ်၊ ငပိနဲ့လဲကြော်စားကြတယ်။ ကိုရွှေညာသားရဲ့ ဘလော့ကိုလာလည်ရင် ကျမတို့ရွာကို တအားသတိယတယ်။
jasmine>>>> တို့ ဆီက တောင်ပေါ်စာလေးတွေကိုလည်း စားဖူးသလောက်တော့ ကြိုက်ပါတယ်။ ခေါပုတ်၊ မုန့်ညှင်းချဉ်၊ စွန်တံ၊ ရှမ်းခေါက်ဆွဲ စတာတွေကိုတော့ အတော်လေးကြိုက်တယ်။ အညာအစားအစာလေးတွေလဲ စားဖူးအောင် ချက်စားကြည့်ပေါ့...:P:P:P
အစ်မ မယု>>>> ပြောတဲ့ ဂုံမင်းဆိုတာကိုတော့ မစားဖူးသေးဘူး....မျှစ်ဆတ်ကတော့ မိုးရာသီမျှစ်ပေါက်တဲ့အချိန်ဆိုရင် အိမ်မှာအမြဲလိုလို ရှိတယ်။ အိုးနဲ့စိမ်ထားတာလေ အိမ်ကတောထွက်တဲ့သူတိုင်းက မျှစ်လေးတွေပါပါလာတော့ မျှစ်ဆတ်ကတော့ မပြတ်ရဘူး....
khin>>>>> ပြောမှပဲ အပွင့်အခြောက်သုပ်စားရတယ်ဆိုတာ သိတယ်။ မှတ်ထားပြီး ရွာပြန်ရောက်ရင် သုပ်စားအုံးမှပါ။ နောက်လည်း ရွာအလွမ်းပြေ လေးတွေ လာပြီးအားပေးပါအုံးဗျာ....:P:P:P
အားလုံးပဲ လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ရွှေညာသားလေး...
ဒီအညာဟင်းတွေက တစ်မျိုးပါလား...မစားဖူးသေးတာတွေ တော်တော်များနေတယ်...အညာသားမျက်စိလည်သွားတဲ့ အညာဟင်းတွေကို စိတ်ကူးပေါက်ရင် ချက်စားကြည့်ရမယ်...
ကျွန်မက အမေအထက်သူနဲ အဖေအညာသား ကမွေးတာမိုလား မသိဘူး အညာစာလဲ ကြိုက် ၊ ဆီတိုဟူး၊ ဟင်းလှော် ၊ ဟင်းပေါင်း အထက်စာ လဲစားတတ်တယ် ။ ကြည့်ပီးတော့ ငယ်ငယ်ကနွေရာသီသွားနေရင် စလင်းက အဖွား ချက်ကျွေး ဒါတွေ သတိရ လိုက်တာ။ thkq for ur anyarsar photos.
Oh my god,My mouth is watering when I look at this post. It has been over a decade not having those dishes. Thanks for the post Shwe Nyar Thar.
အညာဟင်းလေးတွေလာဖတ်ရင်း သွားရည်ယိုရသလို မြန်မာပြည်ကိုလည်းလွမ်းသွားရတယ်။
အညာဟင်းလေးတွေစားချင်လိုက်တာ ပထမဆုံးအကြိမ်လာလည်ပြီးလင့်လည်းချိတ်သွားပါတယ်နော်း)
ဟုတ်ကဲ့ခင်ဗျ...မဆုမြတ်မိုးအခုလိုလာလည်တဲ့အတွက်
ကျေးဇူးတင်ပါတယ်...နောက်လည်းလာလည်ပါအုံးဗျာ...။
Post a Comment