မြိုင်မြိုင်ဆိုင်ဆိုင် နှစ်ပါးသွားအက |
“လေးနွယ်ရေ… ဟေ့လေးနွယ်”
“ကိုရင်ဖိုးရွှေကြီး ဘာတုန်းတော့ အော်ကြီးဟစ်ကျယ်နဲ့”
“ဟ ငါ နင့်ကို သတင်းကောင်း ပြောမလို့ဟ ဘာလဲ နင်မသိချင်ဘူးလား”
“ဘာသတင်းတုန်း သိချင်တာပေါ့တော့ ကိုရင်ဖိုးရွှေကြီးနော် မဟုတ်တရုတ်တွေတော့ လျှောက်မပြောနဲ့”
“အေးပါဟ လေးနွယ်ကလည်း နင်က ငါ့ဆိုရင် အကောင်းကို မထင်ဘူး”
“မဟုတ်ရပါဘူး ကိုရင်ဖိုးရွှေရယ် ကျုပ်က စတာပါတော် ပြောမှာသာပြောပါ”
“ဒီလိုဟ မြောက်ဘက်ရွာက ငါတို့အရီးလေးက ရှေ့လထဲမှာ သူ့မြေးတွေကို ရှင်ပြုပေးမှာလေ အဲ့ဒါ သူ့အလှူမှာ ဇာတ်ပွဲနှစ်ည ထည့်မှာတဲ့ဟ အဲ့ဒါနင်တို့ သိရအောင်လို့ ငါပြောပြတာ မနေ့က ငါ အရီးလေးတို့ဆီ ရောက်ခဲ့လို့ သိလာတာ”
“ကိုရင်ဖိုးရွှေ တကယ်ပြောတာနော် တကယ်ပေါ့ဟ ငါနင့်ကို အရင်ဆုံးပြောပြတာ တခြားဘယ်သူ့ကိုမှ မပြောရသေးဘူး”
“အောင်မလေး ၀မ်းသာလိုက်တာတော် ကျုပ်တို့ပွဲငတ်နေတာ ကြာပြီတော့ ရွာကျောင်းဘုန်းကြီးပျံပွဲ ပြီးကတည်းက ပွဲမကြည့်ရတာ ကြာပြီ။ အေးခနဲ့ မယ်သစ်တို့ အဖွဲ့ကိုလည်း ကျုပ်ပြောလိုက်အုံးမယ်။ သူတို့လည်း ကြားရင် ၀မ်းသာမှာတော့… ဒါနဲ့ ဇာတ်က ဘယ်ကဇာတ်လဲတော့ ငှားပြီးပြီလား"
“အေးဟ ဇာတ်နာမည်က လမင်းကမ္ဘာ ဆိုလားပဲ ချောက်ကလို့ ပြောတယ်”
“ဟုတ်လား ဒါဆိုရင် ဇာတ်အသစ်ကြည့်ရမှာတော့ ကျုပ်တို့ဘက်မှာ မ၀င်ဘူးသေးဘူး”
“ကိုရင်ဖိုးရွှေကြီးနော် ပွဲနီးရင် ကျုပ်တို့အတွက် နေရာကောင်းကောင်း သွားဦးထားပေးရမယ်”
“စိတ်ချပါ လေးနွယ်ရယ် ဇာတ်ခုံဆောက်ပြီးတာနဲ့ နင်တို့အတွက် ငါနေရာသွားဦးထားပေးမယ် စိတ်ချ။”
“ကဲ ငါ ချောင်းထဲရေခပ်သွားတော့မယ်ဟ နင်ရော ရေဘယ်နှစ်ခေါက်ရောက်ပြီလဲ”
“တစ်ခေါက်မှ မရောက်သေးပါဘူးတော် တောထဲကအပြန် ပြင်ဆင်ပြီး အေးခတို့ကို ရေခပ်သွားဖို့ သွားခေါ်မလို့ ကိုရင်ဖိုးရွှေ ရောက်လာတာပဲ”
“အော် အေးအေး ဒါဆို ငါအရင် သွားနင့်ပြီနော် နင်တို့ သူငယ်ချင်းတွေ နောက်က လာခဲ့ကြပေါ့ ”
“ကောင်းပါပြီတော်”
ကိုရင်ဖိုးရွှေ တစ်ယောက် သူ့အရီးလေးအလှုမှာ ဇာတ်ပွဲထည့်မည့် သတင်းကို သူ့နှမ ၀မ်းကွဲတော်သူ လေးနွယ်ကို ပြောပြပြီး ချောင်းထဲသို့ ရေခပ်ထွက်လာခဲ့သည်။
လေးနွယ်တို့အပျိုတစ်စုကလည်း ဇာတ်ပွဲဆိုတဲ့ အသံကြားလို့ကတော့ မကြည့်ရရင် မနေနိုင်။ ဘယ်လောက်ဝေးဝေး ရောက်အောင် သွားကြည့်တတ်သည်။ ကိုရင်ဖိုးရွှေနဲ့ ရွာကယောကျာ်းလေးတွေက သူတို့ သက်တော်စောင့်တွေအဖြစ် ပွဲကြည့်သွားရာ လိုက်ပေးရသည်။ တခြားရွာကို ကိုယ့်ရွာက မိန်းခလေးတွေ ပွဲသွားကြည့်ရင် ရွာက ကာလသား ကိုလူပျိုတို့မှာ ပွဲမကြည့်ချင်သော်လည်း နောက်ကလိုက်ပေးကြသည်။ ကိုယ့်ရွာသူကို တခြားရွာသားက စမှာ ပြောင်မှာကို စိုးရိမ်ကြသောကြောင့်ပင် ဖြစ်သည်။
အလှူရက်နီးကပ်လာတော့ လေးနွယ်တို့ အပျိုတစ်စုလည်း ပွဲကြည့်ဖို့ရာအတွက် စိုင်းပြင်းနေကြသည်။ ပွဲကြည့်သွားရာတွင် ထမင်းထုပ်သွားဖို့အတွက် ဘယာကြော် ကြော်ဖို့ရွာ ပဲခွဲသူကခွဲ နေကြာစေ့လှော်သူက လှော်နဲ့ တစ်ယောက်တစ်မျိုးစီ ပြင်ဆင်နေကြသည်။
အညာမှာပွဲကြည့်သွားလျှင် မိန်းခလေးအများစုက ထမင်းထုပ်များ ယူသွားလေ့ရှိသည်။ ပွဲခင်းထဲရောက်ရင် ပွဲဈေးတန်းက အသုပ်စုံ တစ်ပွဲလောက်ဝယ်ပြီး ကိုယ့်ပါလာတဲ့ ဘယာကြော်၊ ခရမ်းသီးချက် စတဲ့ ဟင်းလေးများနဲ့ ပွဲခင်းထဲမှာပဲ ကိုယ့်သူငယ်ချင်းတစ်တွေ စုပြီးစားကြသည်။ ယောကျာ်းလေးများကတော့ ယူလေ့မရှိ။ အိမ်ကတောင်းလာတဲ့ ပိုက်ဆံလေးများနဲ့ ပွဲဈေးတန်းရောက်မှ အကြော်၊ အသုပ်စုံ၊ မုန့်ဟင်းခါး၊ တို့ဟူးသုပ် စတာလေးတွေ တစ်မျိုးမျိုး ၀ယ်ပြီး ရွာကမိန်းမပျိုတို့နားမှာ ထမင်းအတူတူ စားကြသည်။ မိန်းမပျိုတို့ကလည်း အားကိုးရပါသည်။ ထမင်းကို တစ်ယောက်စာအတွက် မဟုတ်ဘဲ ပိုပိုသာသာ ထည့်ယူလာကြသည်။ တစ်ရွာတည်း သားချင်းတွေဆိုတော့ နဘေးရွာရောက်လျှင် စည်းစည်းလုံးလုံးရှိကြသည်။ ကိုလူပျိုတို့ကလည်း ပွဲမစခင်တော့ ပွဲဈေးခင်းပတ်ချင်ပတ်နေမည်။ ပွဲထွက်ပြီဆိုတာနဲ့ ကိုယ့်ရွာသူတွေ နဘေးမှ မထတော့။ တကယ့်ကို မောင်နှမရင်းတွေအလား စောင့်ရှောက်ကြသည်။ ကိုယ့်ရွာသူကို လာပြီး နောက်ပြောင်တာ မကြိုက်ကြသလို၊ သူများရွာသူကိုလည်း နောက်ပြောင်ကျီစယ်ခြင်း မလုပ်ကြ။
ပွဲနေ့ရောက်လာတော့ လေးနွယ်တို့ တစ်တွေလည်း မနက်ခင်းပိုင်းမှာ နွားစာ၊ရေစာ ပြည့်စုံအောင် လုပ်ထားခဲ့ကြသည်။ နောက်နေ့အတွက်ပါ ကိုယ်လုပ်ရမည့်တာဝန်အတွက် တစ်ခါထဲ လုပ်ထားခဲ့သည်။ ဒါမှ ပွဲကြည့်က ပြန်လျှင် အိပ်ရေး၀၀ အိပ်နိုင်ကြမည် မဟုတ်လား။ အားလုံး အလုပ်တွေပြီးတော့ ပွဲသွားကြည့်ဖို့ရာအတွက် ဖြီးလိမ်းပြင်ဆင်ကြသည်။ တခြားရွာကို သွားရမှာဆိုတော့ ကိုယ့်ရှိတဲ့ အ၀တ်အစားလေးကို သပ်သပ်ရပ်ရပ်လေး ၀တ်စားသွားမှ ဖြစ်ပေမပေါ့။ ပွဲကြည့်ဆိုပေမယ့် ကိုယ်ကပဲ ကြည့်မှာမဟုတ်ဘူးလေ သူများကလည်း ကိုယ့်ကိုပြန်ကြည့်မှာမို့ လှလှပပလေး ၀တ်စားသွားမှ အဆင်ပြေမယ် မဟုတ်လား။ အခုဇာတ်ပွဲသွားကြည့်မယ့် ရွာက လေးနွယ်တို့ရွာနဲ့ သိပ်မဝေးတာမို့ ညနေစောင်း နေ၀င်ခါနီးမှ သွားလျှင်အဆင်ပြေသည်။ ရွာနဲ့ ဝေးရင်တော့ စောစောလေးထွက်မှ ပွဲထွက်အမှီရောက်သည်။ ကိုရင်ဖိုးရွှေကတော့ သူ့အရီးလေး အလှူမို့ အရင်နေ့ကတည်းက သွားနှင့်သည်။ လေးနွယ်တို့ကိုလည်း ရွာက အေးမောင်တို့၊ ထွန်းလှတို့ အဖွဲ့နဲ့ အတူလာခဲ့ မှာထားခဲ့သည်။
"သမီး လေးနွယ် ဟိုရောက်ရင် ညည်းအကို ဖိုးရွှေကို တွေ့အောင်ရှာနော် သူလည်း သူ့အရီးလေး အလှူဆိုတော့ အလုပ်ကများမှာ၊ အနွေးထည်လေးဘာလေးထည့်သွားအုံး တပေါင်းလဆိုပေမဲ့ နေ့လယ်ပိုင်းသာ ပူတာ ညကျတော့ အေးသေးတယ်။ အမေ့ နှစ်စပ်တဘက် ကြီးလည်း ယူသွားလေ။ ချမ်းတော့ ခြုံရတာပေါ့။"
“အေးမောင်တို့ ထွန်းလှတို့ ဟိုရောက်ရင် ကိုယ့်နှမတွေကို ဂရုစိုက်နော် သူတို့ကို ထားပြီး ပွဲဈေးတန်း လျှောက်လည်မနေနဲ့အုံး အမူးသမားတွေနဲ့လည်း ရန်တွေဘာတွေမဖြစ်နဲ့နော် ကိုယ်ကပွဲကြည့်သွားတာ ပွဲကိုပဲ အေးအေး ဆေးဆေးကြည့်ကြ ကိုယ့်ကြောင့် သူတစ်ပါးပွဲမပျက်စေနဲ့ ဖြစ်ရင် ကိုယ့်ရွာလည်း နာမည်ပျက်တယ် ကြားလား” ဒေါ်စောချစ်တစ်ယောက် ပွဲကြည့်သွားမည့် သမီးလေးနွယ်နဲ့ သူငယ်ချင်းတွေကို မှာကြားနေခြင်းဖြစ်သည်။
“စိတ်ချပါ အရီးလေး စောချစ်ရယ် ကျွန်တော်တို့ သိပါတယ်။ နောက်ပြီးတော့ ကိုကြီးဖိုးရွှေလည်း ရှိပါတယ် ဘာမှပူမနေနဲ့နော်”
“အေးပါကွယ် အရီးလေးက စိတ်ပူလို့ပါ။ ပွဲဆိုတော့ သောက်ကြစားကြနဲ့ မူးလာရင် မင်းတို့လူငယ်တွေ ရန်ဖြစ်ကြမှာ စိုးရိမ်လို့ပါ ဒါဆိုလည်း သွားကြ သွားကြ နေတောင်ဝင်လုပြီ”
“ဟုတ်ကဲ့ အရီးလေး ”
“ဟေ့ လေးနွယ် နင်တို့တွေ ပြင်လို့မပြီးကြသေးဘူးလား သိပ်လည်း ပြင်မနေကြပါနဲ့ဟ နင်တို့ရုပ်တွေ ဒီထက်လဲ ပိုလှလာမှ မဟုတ်ပါဘူး” အစသန်သော ထွန်းလှက လေးနွယ်တို့အဖွဲ့ အိမ်ပေါ်ကဆင်းမလာသေးလို့ လှမ်းစလိုက်သည်။
“အောင်မလေး ကိုရင်ထွန်းလှ ကျုပ်တို့က လှပြီးသားနော် ပြင်စရာကိုမလိုတာ ဟိုရောက်ရင် တော်တို့တွေ စားဖို့ ထမင်းပိုထည့်နေတာ သိပြီလား ဟင်းဝယ်ဖို့ ပိုက်ဆံသာများများထည့်ခဲ့ ကျုပ်တို့ကတော့ ဘယာကြော်ပဲ ပါတယ်”
“အေးပါဟ ငါလည်း အမေ့ဆီက ပိုက်ဆံတောင်းလာပါတယ် ဟိုရောက်ရင် နင်တို့ကို အသုပ်စုံဝယ်ကျွေးမယ် ငါ့အတွက် ထမင်းများများထည့်ခဲ့ဟ”
“ပါပါတယ်တော် အေးခတို့၊ မယ်သစ်တို့လည်း ထမင်းတွေထည့်လာတာ အများကြီး ဟိုရောက်လို ကျုပ်တို့နားမကပ်ရင်တော့ ငတ်မယ့်သာပြင်ထား အကုန်စားပစ်မှာ”
“အေးပါဟာ သွားကြစို့ တော်ကြာ နောက်ကျနေလိမ့်မယ် ဇာတ်က ငါတို့နယ် မရောက်ဖူးတော့ အစောထွက်မယ်ပြောတယ် တော်ကြာ မမှီပဲနေမယ်”
လေးနွယ်တို့တစ်သိုက်လည်း သနပ်ခါးအဖွေးသားနဲ့ ထမင်းထုပ်၊ရေဗူး၊ ပွဲခင်းထဲရောက်ရင် စားဖို့ နေကြာစေ့လှော် စတာတွေကို လက်ဆွဲခြင်းထဲထည့်ဆွဲပြီး ပွဲကြည့်ဖို့ အတွက် ရွာကနေ တက်တက်ကြွကြွ ထွက်လာခဲ့ကြသည်။
နှစ်ပါးသွားအက |
လေးနွယ်တို့ အဖွဲ့ ပွဲခင်းကိုရောက်တော့ မှောင်စပြုနေပြီ။ ကိုရင်ဖိုးရွှေလည်း သူ့နှမ လေးနွယ်တို့အတွက် ပွဲခင်းအလယ်နားလောက်မှာ ဖျာနှစ်ချပ်ခင်းထားပေးသည်။ ဇာတ်ပွဲကြည့်ရသည်ကလည်း ဇာတ်ခုံနဲ့နီးလွန်းပြန်လျှင် ကြည့်ရတာမကောင်း၊ ဝေးလွန်းပြန်ရင်လည်း မမြင်ရ။ အလည်နားလောက်ကမှ ကြည့်ရတာအဆင်ပြေသည်။
“ဟေး လေးနွယ် လာလာ ဒီနားကို နင်တို့အတွက် ဒီနားမှာ ဖျာခင်းထားတယ်။ စုစု စုစုနဲ့ ပွဲခင်းထဲမှာ နေရာရှာနေသော လေးနွယ်တို့အုပ်စုကို ကိုရင်ဖိုးရွှေလှမ်းခေါ်လိုက်ခြင်းဖြစ်ပါသည်။”
“ဒီနားလောက်ကမှ အဆင်ပြေမယ်ထင်လို့ ငါဒီနားမှာ ဦးထားတာ။ ဒီရွာသူတွေနဲ့တောင် နေရာလုရင်း စကားများရသေးတယ်။ သူတို့ကလည်း တခြားရွာကလူကို ဦးစားမပေးချင်ဘူးဟ။”
“ကျေးဇူးတင်ပါတယ် ကိုရင်ဖိုးရွှေရယ် ညကျရင် လေးနွယ်တို့နား လာခဲ့အုံးလေ ထမင်းတွေလဲထည့်လာတာ အများကြီးပဲ ဘယာကြော်တွေလဲပါတယ်၊ အေးသစ်က ခရမ်းချဉ်သီးချက် ချက်လာတယ်”
“အေးပါဟ ငါအရီးလေးတို့ဆီမှာ ညနေတုန်းကတော့ ထမင်းစားထားတယ် လုပ်စရာလေးတွေလည်း ကျန်သေးတယ် အဲ့ဒါတွေ ပြီးမှပဲ ငါလာတော့မယ် ငါ့အတွက်ချန်မနေပါနဲ့ အေးမောင်တို့၊ ထွန်းလှတို့အဖွဲ့ကို ကျွေးလိုက်။ အေးမောင်နဲ့ထွန်းလှ မင်းတို့အဖွဲ ပွဲမထွက်ခင် ပွဲဈေးလေးဘာလေးသွားလည်လေကွာ ပြီးရင်တော့ ကိုယ့်ရွာသူတွေနားမှာ နေပြီးပွဲကြည့်နော်။ ငါကလုပ်စရာလေးတွေ ကျန်သေးလို့ နောက်ပြီးမှ လာခဲ့တော့မယ်။”
“စိတ်ချပါ ကိုကြီးဖိုးရွှေကလည်း ကျွန်တော်တို့ အရင်ပွဲတွေတုန်းကလည်း ဒီလိုပဲ အတူတူ ကြည့်နေကြပဲကို စိတ်ချ ဘာမှမပူနဲ့ ကိုကြီးဖိုးရွှေ အလုပ်လုပ်ရှိတာ အေးအေးဆေးဆေး သွားလုပ်ပါ သူတို့နားမှာ ကျွန်တော်တို့ ရှိပါတယ်ဗျ”
“အေးပါကွာ မင်းတို့ကို ငါယုံပါတယ်။ ကိုယ့်ရွာသူတွေကို စောင့်ရှောက်ရမှာ ငါတို့မင်းတို့ မှာတာဝန်ရှိတယ်လေကွာ ဒါကြောင့် ငါသတိပေးတာပါ ဒါဆို ငါသွားလိုက်အုံးမယ်နော်။”
“ဟုတ်ကဲ့ပါ ကိုကြီးဖိုးရွှေ စိတ်ချပါ”
“လေးနွယ် အေးခနဲ့မယ်သစ်တို့ ငါ အရီးလေးတို့အိမ် ခဏသွားလိုက်အုံးမယ်နော် နင်တို့ ရေဗူးတို့ဘာတို့ ပါရဲ့မဟုတ်လား ငါဘာယူခဲ့ရအုံးမလဲ”
“လေးနွယ်တို့မှာ အပြည့်အစုံပါပါတယ် ကိုရင်ဖိုးရွှေ ”
“အေးအေး ဒါဆို ငါသွားပြီနော်” ကိုရင်ဖိုးရွှေ သူ့နှမတွေကို ပွဲခင်းထဲမှာ နေရာချပေးခဲ့ပြီး အလှူ့ရှင် သူ့အရီးလေး အိမ်သိုထွက်သွားလေသည်။
ဇာတ်ခုံဆီမှ အသံချဲ့စက်ကလည်း သီချင်းတွေဖွင့်နေသည်။ ဇာတ်ထဲက ဆိုင်းဝိုင်းမှလည်း ပတ်လုံးတွေကို ပတ်စာကပ်နေပြီ။ ပတ်မတီးကလည်း ပတ်မကြီးကို တထီထီနဲ့ တီးလို့ ပတ်စာကပ်နေသည်။ အနောက်တိုင်း တီးဝိုင်းဆီမှလည်း အစမ်းတီးခတ်သံတွေ ကြားနေရပြီ။ မကြာခင်မှာ ပွဲထွက်ဖို့အတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။ ပွဲ့ကြည့်ပရိတ်သတ်ကလည်း ကုန်းကုန်းကွကွနဲ့ နေရာဦးသူ မုန့်ဝယ်သွားသူနဲ့ လုပ်လုပ်ရွရွ ဖြစ်နေသည်။
ခဏအကြာမှာတော့ ကျေးရွာလူကြီးက ဇာတ်ခုံပေါ်တက်ပြီး ပွဲစည်းကမ်းတွေကို ကြေငြာပါသည်။ ပွဲကြည့်လာသူများ အနေနဲ့ ဆူဆူပူပူ မလုပ်ကြဖို့၊ ယဉ်ယဉ်ကျေးကျေး အားပေးကြဖို့၊ သောက်စားမူးယစ်ပြီး ပွဲဖျက်ပါက ပွဲကုန်စရိတ်များကို ပေးလျော်ရမည် ဖြစ်ကြောင်း ကြေငြာသွားပါသည်။
သူကြီးကြေငြာလို့ပြီးသွားတော့မှ ပွဲအစဆုံးနေ့ဖြစ်တာမို့ ဇာတ်ဆိုင်းဆရာက ဘုရားကန်တော့တီးလုံးကို တီးခတ်ပြီး ကပြမည့် ဇာတ်သူဇာတ်သားတွေက ဇာတ်ခုံပေါ်ရှိ ဘုရားပုံတော်ရှေ့မှာ နေရာယူလို့ ဘုရားကန်တော့ပါသည်။ ဘုရားကန်တော့ပြီးတော့ ဇာတ်ပွဲတို့ထုံးစံ ငှက်ပျောအုန်းပွဲနဲ့ အပျိုတော်အက ထွက်ပါသည်။ အဲဒီနောက်တော့ မြန်မာသံစဉ်၊ နှစ်ပါးအကြို၊ အော်ပရာ၊ စတိတ်ရှိုး၊ ပြဇာတ် စတာတွေကို အစီအစဉ်အတိုင်း ကပြဖျော်ဖြေသည်။ ဇာတ်အဖွဲ့ကလည် ပထမဆုံး ရောက်သည့်ရွာမို့ အားသွန်ခွန်စိုက် အသုံးတော်ခံသည်။ ပရိတ်သတ်ကလည်း နှစ်နှစ်ခြိုက်ခြိုက် အားပေးသည်။
ပြဇာတ်ပြီးသွားတော့ နောက်ပိုင်းဇာတ်ထုပ်နဲ့ နှစ်ပါးသွားမထွက်ခင် ခဏနားသည်။ ပွဲနားတော့မှ လေးနွယ်တို့ မိန်းခလေးတွေလည်း အညောင်းဆန့်ရင်း အပေါ့အပါး ထသွားကြသည်။ ပြီးမှ ပွဲဈေးတန်းဘက်ခဏလှည့်ဝင်ပြီး အိပ်ချင်ပြေစားဖို့ ဇီးထုပ်လေး၊ အချဉ်ပေါင်းလေး ၀ယ်လာခဲ့သည်။ ပွဲခင်းထဲ ပြန်ရောက်တော့ ပါလာတဲ့ ထမင်းထုပ်ကိုဖွင့်လို့ ပွဲခင်းထဲမှာ သူငယ်ချင်းတွေ စုပြီး တစ်ယောက်တစ်လုတ် ထမင်းစားကြသည်။ အေးမောင်၊ ထွန်းလှနဲ့ ရွာကယောကျာ်းလေးတစ်စုကလည်း အကြော်ဝယ်သူက၀ယ်၊ မုန့်ဟင်းခါးဝယ်သူက၀ယ်၊ တို့ဟူးသုပ်ဝယ်သူက၀ယ်နဲ့ တစ်ယောက်တစ်မျိုးစီ ၀ယ်ပြီး လေးနွယ်တို့အဖွဲ့နဲ့ အတူ ထမင်းဝိုင်းစားကြသည်။ ပွဲကြည့်ရင်း တစ်ယောက်တစ်လုတ်မျှဝေပြီး စားရတဲ့ ထမင်းဝိုင်းကလည်း ပျော်စရာကောင်းလှသည်။ ချစ်စရာကောင်းပြီး အပူအပင်ကင်းတဲ့ အညာသူအညာသားတို့ရဲ့ ပွဲခင်းဓလေ့လေးများပင်ဖြစ်သည်။ဟန်ဆောင်မှု့ကင်းပြီး မကာသန မဖက်တဲ့ အညာက ပွဲကြိုက်ခင်တို့ရဲ့ စရိုက်လေးများပါပေ။
နောက်ပိုင်းဇာတ်ထုပ်ကိုတော့ ဒီဇာတ်ပွဲက ရေငံပိုင်ဦးရှင်ကြီး ဇာတ်ထုပ်ကို ပီပြင်စွာကပြသွားသည်။ မောင်ရှင်တို့လှေ အပြန်လမ်းမှာ ဒုက္ခရောက်ရပုံ၊ နောက်ဆုံး ကံဆိုးသူမဲနှိုက်ရွေးချယ်ရာမှာ သုံးကြိမ်စလုံး မောင်ရှင်သာ မဲပေါက်ပုံ၊ မိန်းမလှကျွန်းမှ မိန်းမလှခုနစ်ဖော်တို့က မောင်ရှင်စောင်းသံကိုကြားလို့ မောင်ရှင်ကိုပါ နှစ်သက်သွားပြီး လှေကိုမရွေ့နိုင်အောင်ပြုလုပ်ထားပုံ၊ စတာတွေကို စိတ်ဝင်စားဖွယ် ကပြဖျော်ဖြေသည်။ မောင်ရှင်အဖြစ် သရုပ်ဆောင်သည့် ခေါင်းဆောင် မင်းသားကလည်း ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်ပြနိုင်သည်။ နောက်ပြီး မောင်ရှင်အမေ မအောင်သူ အဖြစ် သရုပ်ဆောင်တဲ့ နောက်ပိုင်းမင်းသမီးကြီးကလည်း အငိုအပြောတွေပိုင်လွန်းလှတော့ ပွဲကြည့်ပရိတ်သတ်မှာ ငြိမ်သက်ပြီး ဇာတ်ထုပ်ထဲကို စီးမျောနေလေသည်။
နောက်ပိုင်းဇာတ်ထုပ်ပြီးသွားတော့ နှစ်ပါးသွားအတွက် မင်းသားမင်းသမီးတွေ ပြင်ဆင်ဖို့ ခဏတာ နားပြီး နှစ်ပါးသွားပြန်ထွက်ပါသည်။ ကိုရင်ဖိုးရွှေတစ်ယောက်လည်း လေးနွယ်တို့ပွဲခင်းရောက်ကတည်းက ထွက်သွားလိုက်တာ နှစ်ပါးသွားထွက်မှပဲ လေးနွယ်တို့နား ပြန်ရောက်လာသည်။
“ရော့ဟ လေးနွယ်တို့ အိပ်ချင်ပြေအောင် ဇီးထုပ်စားကြအုံး ငါလည်း အလှူအိမ်က အလုပ်တွေကူလုပ်ပြီး ခဏလှဲလိုက်တာ အိပ်ပျော်သွားတယ်။ ဇာတ်ကို ဘယ်လိုနေမှန်းမသိလိုက်ဘူး ဘယ်နဲ့လဲဟ ဇာတ်ကကောင်းမဟုတ်လား”ကိုရင်ဖိုးရွှေက လေးနွယ်တို့ကို မေးလိုက်သည်။
“ကောင်းပါ့တော် ဇာတ်က မီးရော၊ အပြင်အဆင်ရော၊ အ၀တ်အစားတွေကလည်း လဲသလားမမေးနဲ့ ဟိုမင်းသားဆို သီးချင်းတစ်ပုဒ်ဆိုတာ အ၀တ်က သုံးခါတောင်လဲတယ်တော့၊ မင်းသားတွေကလည်း ချောချက်၊ မောင်ရှင် မအေလုပ်တဲ့ ဟိုမင်းသမီးကြီးများ အငိုကောင်းတာ ကျုပ်တောင်ရောပြီး မျက်ရည်ကျတယ် တကယ်ပဲ” လေးနွယ်သူငယ်ချင်း အေးခက ကိုရင်ဖိုးရွှေအမေးကို အားရပါးရ ပြောပြနေလေသည်။
“ဟုတ်တယ် ကိုရင်ဖိုးရွှေရဲ့ ကိုရင်ဖိုးရွှေတို့အရီးလေးက ဇာတ်ငှားတတ်သားပဲ နောက်ကျုပ်တို့ရွာ ပွဲထည့်ရင် ဒီဇာတ်ကို မှတ်ထားတော့ ကျုပ်ဖြင့်ကြည့်ရတာ ၀ကို မ၀သေးဘူး”မယ်သစ်က ဇာတ်ကို ကြိုက်လို့ နောက်ထပ် ငှားဖို့ပင် တိုက်တွန်းရင် ၀င်ပြောလေသည်။
ဇာတ်ခုံဆီမှ နှစ်ပါးသွားထွက်တော့မည် အကြောင်း ကြေငြာလိုက်တော့ လုပ်လုပ်ရွရွဖြစ်နေသော ပရိတ်သတ်လည်း ငြိမ်ကျသွားသည်။ ပိတ်ကားလိပ်ကြီးကလည်း တစ်လှုပ်လှုပ်၊ ဆလိုက်မီးရောင်စုံကလည်း ဇာတ်ခုံပေါ်မှာ စိမ်းလိုက်ဝါလိုက်၊ နီလိုက်ပြာလိုက်နဲ့ နှစ်ပါးခွင်ကို စဖို့ရာ ပြင်နေသည်။ ဇာတ်ဆိုင်းဝိုင်းက မြိုင်မြိုင်ဆိုင်ဆိုင် တီးလိုက်ချိန်မှာတော့ စောစောက လှုပ်လှုပ်ဖြစ်နေသော ပိတ်ကားလိပ်ကြီးလည်း မီးရောင် မှိန်မှိန်အောက်မှာ တဖြည်းဖြည်းချင်းအပေါ်ကို ဆွဲတင်သွားတော့သည်။ မီးရောင်အောက် ဇာတ်ခုံပေါ်မှာတော့ တလက်လက်တောက်နေတဲ့ အ၀တ်အစားတွေကို လှလှပပ ဆင်ယင်ပြီး ကပြဖို့ အသင့်ဖြစ်နေတဲ့ မင်းသားနဲ့ မင်းသမီးတွေက အသီးသီးနေရာယူလျက် တွေ့ရသည်။
ဆိုင်းဝိုင်းကြီးရဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တီးချက်များနဲ့ အတူ သွက်လက်ပေါ့ပါးစွာ ကပြနေသော မင်းသားနဲ့ မင်းသမီးတွေရဲ့ နှစ်ပါးခွင်ကလည်း ပရိတ်သတ်ကို ဆွဲဆောင်မှု့အပြည့်နဲ့ ဖျော်ဖြေတင်ဆက်ရင်း နောက်နေ့ညကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပြီး မိုးလည်း လင်းခါနီးပြီမို့ နှစ်းပါးခွင်ကို သိမ်းလိုက်လေသည်။ ပိတ်ကားလိပ်ကြီးက အပေါ်ကနေ တဖြည်းဖြည်း ကျဆင်းလာပြီးတဲ့ နောက်မှာတော့ ဇာတ်သူဇာတ်သားတွေရဲ့ မေတ္တာပို့သံက ကျက်သရေ ရှိလှစွာပေါ်ထွက်လာလေ၏။ ဇာတ်ဆိုင်းဝိုင်းဆီမှလည်း ဗျောတုတ်သံကို ကြားလိုက်ရသည်။
ထိုနောက်မှာတော့ ပွဲကြိုက်ခင် လေးနွယ်တို့ အုပ်စုလည်း အထုပ်လေးတွေ ကိုယ်စီနဲ့ အိမ်ပြန်ဖို့ရာ ပွဲခင်းမှ ထကြရပြီ။ တစ်ညလုံး မနားတမ်း ပြူးကျယ်ခဲ့ရသော ကိုရွှေမျက်လုံးလည်း ပွဲပြီးသွားပြီမို့ အနားယူချင်လှပေပြီ။ အိမ်ရောက်လျှင်တော့ မနားတမ်းကို အိပ်လိုက်မယ်ဟု တွေးတောရင် ပွဲခင်းဆီမှ ပြန်လာခဲ့ကြလေသည်။
“ဒုတ်”
“အောင်မလေးဗျ သေပါပြီ”
“ဟ ဘာဖြစ်တာလဲ ထွန်းလှရ”
“ဘာမှ မဖြစ်ပါဘူး ကိုကြီးဖိုးရွှေ ကျုပ်အိပ်ငိုက်ပြီး ကျောက်ခဲကို ခလုတ်လိုက်မိသွားလို့”
“မသိပါဘူးကွာ မင်းကို ဘယ်သူကများ တီးလိုက်တာလဲလို့ ဟား ဟား”
ကိုရင်ဖိုးရွှေကတော့ ညကပွဲမကြည့်ဘဲ နဲနဲအိပ်ထားရလို့ ဟားနိုင်ပေမဲ့ တစ်ညလုံး ဇာတ်ခုံပေါ်က တင်ဆက်ကပြသမျှ ပါးစပ်အဟောင်းသားနဲ့ အားပေးလာရတဲ့ လေးနွယ်တို့၊ အေးမောင်တို့ အုပ်စုတွေကတော့ ဟားဖို့ဝေးစွ လမ်းကိုပင် မနည်းကြည့်ပြီး လျှောက်နေရသည်။
အဲ့ဒါကြောင့် လူကြီးတွေက ပြောတာပေါ့ ပွဲသွားကြော့ကြော့ ပွဲပြန်မော့မော့ဆိုတာ…..ဟား….ဟား…
အားလုံးပဲ ပြုံးပျော်ကြည်နူးနိုင်ကြပါစေ…..
4 comments:
ဟုတ်ပါ့ ပွဲအကြောင်းလေး ရေးတော့ ကလေးတုန်းက ပွဲကြည့်ဖူးခဲ့တာတွေကိုသတိရတယ်...။ ပွဲခင်းထဲမှာ ပွဲကြည့်တာက နဲနဲ
ထမင်းတို့၊ သရေစာ စားချင်လို့လေ...။ ဇီးပေါင်းထုပ်တို့၊ အချဉ်ပေါင်းတို့
စားချင်တာ... တကယ်ပဲ...
လွမ်းတယ်ဗျ...
ကြည်နူးစရာ ကျေးလက်သရုပ်ဖော်လေးပဲ
ရေးတက်လိုက်တာ အကိုတို့များ.....
အားပေးလျှက်..
ကောင်းသောနေ့လေးဖြစ်ပါစေ။
ကောင်းလိုက်တာ..တခါလောက် အညာမှာ ဇာတ်ပွဲကြည့်ရင်း ပွဲခင်းထဲ ထမင်းမြိန်စားချင်သေးတယ်..။ ပျော်စရာကောင်းလိုက်တာ..။ ကျေးလက် စရိုက်နှင့် သဘာဝ လေးတွေ ပေါ်လွင်ပါတယ်..။ အခုခေတ် ဇာတ်ပွဲတွေမှာ နောက်ပိုင်းဇာတ်ထုတ်တွေ မကတော့ဘူး လို့ ပြောကြတယ်..။ ဘာပဲဖြစ်ဖြစ် နှစ်ပါးသွားအကကို တော့ ကြိုက်တယ်ဗျ..။ ဇာတ်ပွဲကြည့်ကြတဲ့ ဓလေ့လေးကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ဆက်ရေးပါဦးး..အားပေးနေလျက်ပါ..။
ဇာတ်ပွဲမကြည့်ဖူးပေမယ့်
ကြည့်လိုက်ရတဲ့အတိုင်းပဲ
Post a Comment