ဒီတစ်ခါတော့ ကျွန်တော့်အစ်မတွေကို အသီးအနှံတောချက်လေးတွေ အကြောင်း ပြောပြအုံးမယ်။ ဆီနည်းနည်း ရေများများနဲ့ ဖောဖောသီသီ စားနိုင်တဲ့ ဟင်းတွေပေါ့ဗျာ။ နောက်ပြီးတော့ ပုံမှန်စားနေကျ ဟင်းလေးတွေ ဆိုလည်း မမှားပါဘူး။ အသီးအနှံဆိုတော့ အများစုက သိပြီးသားတွေ ဖြစ်ချင်လည်းဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ တောမှာချက်တဲ့ နည်းလေးတွေကတော့ တူမှာမဟုတ်လောက်ဘူး။ ချက်စားတာမစားတာထက် ဗဟုသုတ ပေါ့နော့။ မြို့ချက်တွေရိုးအီသွားတဲ့ အခါ နည်းသိထားတော့ တောချက်လေးတွေ ချက်စားလို့ရတာပေါ့ ဟုတ်ဘူးလားဗျာ။
ကြောင်လျှာသီးအညာချက်
ကျွန်တော့်အစ်မတွေ ရေးတဲ့ ဘလော့တွေမှာ ကြောင်လျှာသီးဟင်းတွေ မကြာမကြာ တွေ့ရပါတယ်။ အများစုက ကြော်စားတာ များကြတယ်။ ကျွန်တော်တို့ တောမှာတော့ ဟင်းချက်စားတာများပါတယ်။ အစိမ်းလိုက် ရိတ်ရိတ်ပါအောင် လှီးပြီးတော့ သုပ်ပြီးလည်းစားကြတယ်။ ဆားရည်စိမ်ပြီး စားရင်လည်းကောင်းတာပါပဲ။ ကြောင်လျှာသီးကတော့ ကျွန်တော်အကြိုက်ဆုံး အစားအစာထဲမှာ တခုအပါအ၀င်ပါပဲ။ ခါးတဲ့အရသာချင်း တူပေမဲ့ ကြက်ဟင်းခါးသီးကို ကြောင်လျှာသီးလောက် မကြိုက်ဘူး။ ကြောင်လျှာသီးကိုတော့ ဘယ်လိုပဲ ချက်ချက် အကုန်ကြိုက်တယ်။ အကြိုက်တွေ နောက်ထားလို့ ကြောင်လျှာသီး ဟင်းချက်နည်းလေး အရင်ပြောပြမယ်။
ကြောင်လျှာပင်နဲ့ အသီး(from google) |
ကျွန်တော်တို့ တောမှာ ကြောင်လျှာသီးဟင်းချက်ရင် အရင်ဆုံး ကြောင်လျှာသီးကို မီးဖုတ်ပါတယ်။ မီးဖုတ်တယ်ဆိုတာကလည်း အရမ်းကျက်သွားအောင် မဟုတ်ပါဘူး။ မီးခဲပေါ်တင်လိုက်လို့ ကြောင်လျှာသီးအခွံလေးတွေ ဖောင်းတက်လာရင် ရပါပြီ။ မီးဖုတ်ထားတဲ့ ကြောင်လျှာသီးတောင့်ကို ဆန်ဆေးရည် ဒါမှမဟုတ် ရေနဲ့ စိမ်ထားလိုက်ပါ။ ကြာကြာစိမ်ထားရင်တော့ အခါးဓာတ်တွေပါ ထွက်ကုန်ပါတယ်။ သဘောကတော့ ညနေချက်မယ်ဆိုရင် မနက်ကတည်းက မီးဖုတ်ပြီး ရေစိမ်ထားလိုက်ပေါ့။ ချက်ခါနီးတော့ အတောင့်ကို ရေးထဲကဆယ်ပြီး အခွံတွေကို လက်နဲ့ပွတ်လိုက်ရင် မီးဖုတ်ထားတဲ့အတွက် အကုန်လုံး ကွာကုန်ပါတယ်။ အဲ့ဒီရေဆေးပြီးသားကိုမှ လက်သုံးလုံးလောက် အပိုင်းလေးတွေ ပိုင်းထားပါတယ်။ နောက်ပြီးတော့ မန်ကျည်းသီးစိမ်းသုံးလေးတောင့်ကို ညက်အောင်ထောင်းပြီး ဟင်းအိုးထဲမှာ ကြက်သွန်နီ၊ ခရမ်းချဉ်သီး တစ်လုံးလောက်ကို ငါးပိ၊ဆား၊နနွင်း၊အရောင်တင် စတာလေးတွေနဲ့ အရင်လုံးပါတယ်။ နောက်တော့မှ အစောကလှီးထားတဲ့ ကြောင်လျှာသီးအပိုင်းလေးတွေကို ထည့်ပြီးလုံးပါ။ ငရုတ်သီးနဲ့ကြက်သွန်ဖြူ ထောင်းပြီးသားထည့် အဖုံးအုပ်ပြီး ရေလေးနဲ့ လုံးချက်လေးချက်ပါ။ ကြောင်လျှာသီး နူးလောက်အောင် ရေထည့်ပြီး အဖုံးအုပ်ချက်ပေးပါ။ ကြောင်လျှာသီး ဖတ်လေးတွေ နူးသွားပြီဆိုရင်တော့ ရေစပ်စပ်လေးနဲ့ မီးဖိုမှချပြီး ထမင်းမြိန်စေတဲ့ ကြောင်လျှာသီး ဟင်းတခွက်ရပါပြီ။ မန်ကျည်းသီးစိမ်း ပါတဲ့အတွက် အခါးသက်သာပါတယ်။ လယ်ပုစွန်လုံး ထည့်ချက်ရင်လည်း အတော်စားလို့ ကောင်းပါတယ်။ ဒါပေမဲ့ စားပြီးရင် အကြောတော့ အတော်တက်တယ်။ အိပ်လို့လည်း အတော်ကောင်းတယ်ဗျို့။
ပြောရမယ်ဆိုရင် ကြောင်လျှာက တစ်ပင်လုံးကို အသုံးဝင်တယ်ဗျ။ အသီးမသီးခင်မှာ အရွက်နုလေးတွေကို ပြုတ်ပြီးတော့ သုပ်စားရင်လည်း ကောင်းတာပဲ။ မန်ကျည်းသီးမှည့်ဟင်းချက်ပြီး အတို့လုပ်စားရင်လည်း ကောင်းတယ်။ ကြောင်လျှာဖူးလေးတွေကိုလည်း ဟင်းချက်စားလို့ ရပြန်တာပဲ။ နောက်ပြီးတော့ ကြောင်လျှာပွင့် ကလည်း ဟင်းချက်စားရင် ကောင်းမှကောင်း။ ကြောင်လျှာခေါက်ကတော့ အနာတွေ အညှော်ဝင်ရင် သွေးပြီး လိမ်းပေးနိုင်တယ်။
ကြောင်လျှာအသီးနဲ့ အပွင့်(photo from google) |
ကြောင်လျှာသီးအစိမ်းသုပ်မယ်ဆိုရင် ကြောင်လျှာသီး မနုမရင့်ကို ဓားထက်ထက်နဲ့ ပါးပါးပါအောင်လှီးပါ။ ပြီးရင် ဆားအနည်းငယ်ထည့်နယ်ပြီး အခါးရည်ထွက်လာအောင်နယ်ပါ။ ကြောင်လျှာသီးဖတ်လေးတွေ ပျော့သွားရင် ရေဆေးပြီးတော့ ရေပြောင်အောင် ညစ်ပြီး မြေပဲလှော်ထောင်း၊ နှမ်းလှော်ထောင်း၊ ကြက်သွန်နီတစ်လုံးလောက် ပါးပါးလှီးထည့်ပြီး ဆီ၊ဆား စတာလေးတွေထည့်လို့ သုပ်စားနိုင်ပါသည်။ အကျယ်ချဲ့ပြီး ဆီချက်တို့ ပုစွန်ခြောက်မှုန့်တို့ ထည့်ရင်တော့ ကောင်းသထက်ကောင်းမှာပေါ့။ တောမှာတော့ အဲ့ဒါတွေက လွယ်ဘူးလေနော့။ အဲ့ဒါကြောင့် တောစတိုင်ပဲ လွယ်လွယ်ကူကူ သုပ်စားကြတယ်ဗျို့။ ကြောင်လျှာသီးအစိမ်းသုပ်ကလည်း ထမင်းမြိန်တဲ့ ဟင်းတခွက်ပါပဲဗျာ။ မစားဖူးသေးရင်တော့ လုပ်စားကြည့်ဖို့ အကြံပေးပါတယ်။
ကြောင်လျှာဖူးကတော့ အခါးဆုံးပါပဲ။ အဖူးဆိုသလောက် အခါးမှန်သမျှက သူ့ဆီမှာသွားပြီး စုနေသလား ထင်ရတယ်။ ကျွန်တော်ကတော့ အခါးကြိုက်သူမို့ အဆင်ကိုပြေနေတာပဲ။ ကြောင်လျှာဖူးလေးတွေကို ခူးပြီးတော့ ထွန်သွားတိုလေးနဲ့ ခပ်ဆဆလေးထုပြီးရေစိမ်။ အသီးချက်တုန်းကလိုပဲ မန်ကျည်းသီးစိမ်းလေးနဲ့ ငရုတ်သီးစပ်လေး ချက်စားရင် အတော်လေး စားလို့ကောင်းပါတယ်။ အခါးဟင်းဆိုတော့ သူ့တွဲဖက်က ဟင်းချိုလေး၊ အငန်ထောင်းလေးပေါ့။ ကြောင်လျှာသီးချက်တဲ့ နေရာမှာ ချင်း(ဂျင်း) ကိုမသုံးရဘူးလို့တော့ ကြားဖူးတယ်။ ဓာတ်မတည့်ဘူး ဆိုလားပဲနော်။ ကိုယ်တိုင်တော့ မသုံးဖူးလို့ မသိကြောင်း ၀န်ခံပါတယ်။ သိချင်ရင်တော့ စမ်းသာကြည့်(ဟဲ…ဟဲ)။
ကြောင်လျှာပွင့်ဟင်း
ကြောင်လျှာဖူးနဲ့ ကြောင်လျှာပွင့်မှာ အပွင့်ကို ပိုပြီးတော့ စားသူများပါတယ်။ စဉ်းစားကြည့်တော့ အဖူးကိုစားမယ် ဆိုရင် တစ်မျိုးပဲစားရမှာဗျ။ အပွင့်ကျမှ စားမယ်ဆိုရင် နှစ်မျိုးစားရတယ်။ အပွင့်ရယ်၊ အသီးရယ်ပေါ့။ ဒါကြောင့် ကြောင်လျှာပင်ရှိတဲ့ အိမ်က အဖူးကို ခူးပြီးမစားကြတာဗျ။ တောထဲအလေ့ကျပေါက်တဲ့ ကြောင်လျှာပင်ကတော့ အဖူးကို ခူးလို့ရပါတယ်။ တစ်ခိုင်လောက်ဆိုလည်း ချက်စားဖို့ လုံလောက်တယ်။ ကြောင်လျှာအပွင့်ကို ချက်စားမယ်ဆိုရင် အပင်အောက်မှာ ကြွေကျနေတဲ့ ကြောင်လျှာပွင့်လေးတွေကို ကောက်ယူပြီး အထဲက ၀တ်ဆံချောင်းလေးတွေဖယ် ပွင့်ဖတ်ကို နှစ်ခြမ်းလောက်း ခွဲပြီးတော့ ဆန်ဆေးရည်းနဲ့ နှစ်ညလောက် စိမ်ထားရပါတယ်။ ရေစိမ်ကျသွားရင် ချက်စားလို့ ရပါပြီ။
ကြောင်လျှာအဖူးနဲ့ အပွင့်(photo from google) |
ရေစိမ်ကျပြီးသား ကြောင်လျှာပွင့်ကို ကြော်စားနိုင်သလို၊ တခြားအရွက်များနဲ့ အရည်ဆမ်းစားလေး ချက်ရင်လည်း ဟင်းဖြစ်ပါတယ်။ သူကတော့ အပွင့်မို့ အခါးဓာတ်ကင်းပါတယ်။ ကြောင်လျှာပွင့် ရေစိမ်ကျကို ကြော်စားတာတော့ အကောင်းဆုံးပါပဲ။ နောက်ပြီး ကျန်သေးတယ်ဗျ။ အပွင့်ကို အခြောက်လှန်းပြီး ရေနွေးဖျော သုပ်စားရင်လည်း ကောင်းတယ်။ အခြောက်လှန်းပြီးသားကို ကြော်စားလို့လည်း ရတယ်။ ဒီနည်းကတော့ နိုင်ငံခြားရောက်မှ သိတဲ့နည်းပါ။ မုံရွာဘက်က သူငယ်ချင်းတစ်ယောက်က ကြောင်လျှာပွင့်ခြောက်တွေ သယ်လာတာ အများကြီးပဲ။ သူက သုပ်ကျွေးလို့ စပြီးစားဖူးတာပါ။ ကြော်တာကတော့ ကျွန်တော်ကိုယ်တိုင်ပေါ့။ ကျွန်တော်တို့ ရွာမှာက အစိမ်းပဲလွယ်လွယ်ရတာဆိုတော့ အပင်အောက်က ကောက်ပြီး ဆန်ဆေးရည်နဲ့စိမ်လို့ ရတဲ့ရေစိမ်ကျကိုပဲ လုပ်စားကြတာများတယ်လေ။ အဖွားကတော့ ကြောင်လျှာပွင့်တွေများရင် အခြောက်လှန်းပြီး သိမ်းထားတတ်တယ်။ သူလည်း ချက်ပြီးစားတာပါပဲ။ သုပ်စားရမှန်း သိဟန်မတူဘူး။
ကြောင်လျှာပွင့်ရေစိမ်ကျကို ကြော်မယ်ဆိုရင် အရင်ဆုံး ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီလေး တစ်လုံးစ်ီကို ငါးပိအနည်းငယ်၊ ဆားနနွင်းအရောင်တင်တို့နဲ့ ဆီသတ်ပြီးတော့ ကြောင်လျှာပွင့်ရေစိမ်ကျကို ထည့်ပြီးကြော်ပါ။ ဒီမှာလည်း ပုစွန်ခြောက်တို့ဘာတို့ ထည့်နိုင်ပါတယ်။ ကျွန်တော်က တောကချက်နည်းပြောတာဆိုတော့ ပုစွန်ခြောက်မပါပါဘူး။ မရှိလို့နော်(အဟဲ)။ နောက်ပြီးရင် ငရုတ်သီးနဲ့ ကြက်သွန်ဖြူလေး ထောင်းပြီးတော့ အုပ်လိုက်။ ကြိုက်တတ်ရင် အပေါ်က ပင်စိမ်းရွက်လေးပါ ထည့်လိုက်အုံးဗျာ။ အဲ့ဒါဆိုရင်တော့ စားပြီးရင်း စားချင်နေမယ့် ကြောင်လျှာပွင့်ကြော် ဟင်းတခွက် ရပါပြီ။ အဝေးရောက်နေသူတွေ အိမ်ကို အမြန်လှမ်းမှာပြီး ချက်စားကြည့်နော်။ စားဖူးရင် ဘယ်တော့မှမေ့မှာ မဟုတ်ဘူး။ ကြိုက်တတ်တယ်ဆိုရင် ပြောပါတယ်။
ကြောင်လျှာသီးဆားရည်စိမ်
ဒါကတော့ ကြောင်လျှာသီးအစိမ်းကို အနေတော်လေးတွေ လှီးပြီးတော့ ဆားကို ဆန်ဆေးရည်နဲ့ရေနွေးရော ဖျော်ပြီး ထည့်စိမ်ယုံပါပဲ။ အသီးတွေ ချဉ်သွားပြီဆိုရင် ငံပြာရည်ချက်၊ ငါးပိရည်၊ ခရမ်းချဉ်သီး ငါးပိချက် စတာတွေနဲ့ တို့စားလို့ရပါတယ်။ ကျွန်တော်တို့ ကျောက်ပန်းတောင်း ဈေးအနောက်ဘက်က ထမင်းဆိုင်တွေမှာ တခါတရံ ကြောင်လျှာချဉ် အတို့လေးတွေ စားရတတ်ပါတယ်။ အခါးအရသာ မပါတော့ပဲ ချဉ်ငံငံလေးနဲ့ အတို့အမြှုပ်လုပ်စားလို့တော့ အတော်ကောင်းပါတယ်။ မစားဖူးသေးရင် လုပ်ပြီး စားကြည့်ပါလို့ အကြံပြုပါတယ်ဗျာ။
ကျွန်တော်အပင်အကြောင်း ပြောတိုင်း အရွက်သုပ်စားလို့ရတဲ့ အပင်က ပါပါနေတယ်။ အင်းလေ အပင်ဆိုတာကလည်း အရွက်ပါမှ ဖြစ်တာကိုးနော်။ အခုလည်း ကြောင်လျှာပင်ကနေ အသီးအပွင့် တွေကို ကြော်လှော်စားပြီးတော့ အရွက်ကိုထားခဲ့ပြန်ရင်လည်း မတရားရာ ကျမှာမို့ ကြောင်လျှာရွက်ကိုလည်း သုပ်ပြီး စားကြအုံးစို့။ သုပ်တာကတော့ လွယ်လွယ်လေးပါ။ အရွက်ရှိဖို့ပဲ လိုတာ(အဟီး)။ အရွက်နုကိုခူးပြီး ရေနွေးဖျော၊ ကျက်သွားရင် ရေညှစ်ပြီး ကပ်ကြေးနဲ့ကိုက် ဆား၊ဆီ ကြက်သွန်နီပါးပါးလှီးထားတာရယ် နှမ်းလှော်ထောင်း ရယ်ထည့် သုပ်လိုက်ပါ။ ကြောင်လျှာရွက်သုပ်ကတော့ မနက်အစော ထမင်းကြမ်းနဲ့လိုက်ဖက်တယ်။ နေ့လည်နေ့ခင်း ရေနွေးလေးနဲ့ ဆိုလည်း ကောင်းပါတယ်။ နွေရာသီဆိုရင်တော့ ကြောင်လျှာပင်က အရွက်တစ်ရွက်မှ အပင်ပေါ်မှာ မရှိပါဘူး။ မိုးရွာပြီးမှ အရွက်တွေ ဝေနေအောင် ပြန်ထွက်ပါတယ်။
လယ်ပုစွန်လုံးနဲ့မန်ကျည်းသီးစိမ်းချက်
လယ်ပုစွန်ဆိုတော့ မိုးရာသီစပါးစိုက်ချိန်မှာပဲ ရနိုင်ပါတယ်။ မြို့ကတော့ ဂဏန်းလို့ ခေါ်ကြတယ်။ ကျွန်တော်တို့ တောမှာတော့ ပုစွန်လုံး လို့ပဲခေါ်ကြတယ်။ ချောင်းထဲက ပုစွန်ဆိတ်က အကွေးလေးတွေမို့ ကွဲအောင် ပုစွန်လုံးလို့ ခေါ်တာလို့ပဲ မှတ်လိုက်နော်။ လယ်ပုစွန်က မိုးလည်လောက်မှာ လယ်တွေ ရေ၀င်ရင် တွင်းအောင်းနေတဲ့ ပုစွန်အိုတွေ ထွက်လာပါတယ်။ လယ်ထွန်တဲ့အချိန်ဆိုရင် ထွန်းရှဉ်းနောက်က လိုက်ကောက်ရင် ပုစွန်တွေ အများကြီးရတယ်။ သူတို့နေတဲ့ လယ်ကွက်ထဲရေ၀င်လို့ လယ်စိုက်ဖို့ ထွန်လိုက်ရင် တွင်းတွေပျက်ကုန်ပြီး အထဲမှာနေတဲ့ ပုစွန်လုံးတွေက ထွန်သွားရာနောက် ပါနေတာပဲ။ ထွန်ကလဲ ရေထဲမွှေနေရတာဆိုတော့ ပုစွန်တွေလဲ ရှောင်လို့ဘယ်ရမတုန်း။ လယ်ထွန်းရင်းနဲ့ ထွန်ရေးကြောင်းမှာ ပေါ်လာတဲ့ ပုစွန်လုံးကို ကောက်ပြီး ပုဆိုး ခါးပုံစထဲမှာ ထည့်ပြီး ယူလာယုံပဲ။
လယ်စိုက်ပြီးလို့ စပါးပင်တွေ ကြားမှာ တွေ့ရတဲ့ ပုစွန်လုံးကတော့ အသစ်ကလေးတွေပေါ့။ သူတို့ကတော့ အသစ်ပေါက်တာက ကြီးလာကြတာဆိုတော့ တွင်းအောင်း ပုစွန်အိုတွေနဲ့စာရင် စားရတာ နုတာပေါ့။ စပါးပွင့်တဲ့ အချိန်ဆိုရင် လယ်ပုစွန်တွေ ဆူတဲ့အချိန်ပဲ။ ဥတွေ အဆီတွေ ပေါတဲ့အချိန်ပေါ့ဗျာ။ အဲ့ဒီအချိန်က ပုစွန်လုံးကတော့ စားလို့အကောင်းဆုံးပဲ။ ပုစွန်လုံး ရနိုင်တာလေးတွေ သိပြီးတော့ ဟင်းချက်စားတာလေး ပြောပြတော့မယ်နော်။
ပုစွန်လုံးဟင်း(photo from google) |
ဟင်းချက်နည်းကလည်းမခက်ပါဘူး။ ပုစွန်လုံး ပေါတဲ့အချိန်ဆိုရင် မန်ကျည်းသီးစိမ်းလည်း ဟင်းချက်စားတဲ့ အရွယ်ရောက်ပြီ။ ရလာတဲ့ ပုစွန်လုံးကို ရေပြောင်အောင်ဆေးပြီး အခွံခွာ အခွံထဲမှာ ပါတဲ့အဆီလေးတွေကို ပုစွန်ညှပ်နဲ့ ခြစ်ပြီး ထည့်လို့ရပါတယ်။ ပြီးရင်တော့ မန်ကျည်းသီးကို ညက်အောင်ထောင်းပြီး ဟင်းအိုးထဲမှာထည့် အစောကခွာထားတဲ့ ပုစွန်လုံးကိုလည်း တခါထဲ ထည့်ပြီးရင် ငါးပိ၊ဆား၊ကြက်သွန်၊နနွင်း၊ ဆီ စတာလေးတွေထည့်ပြီး ရေလေးနည်းနည်း နဲ့ အရင်လုံးလိုက်ပေါ့။ လုံးတဲ့ရေခန်းမှ နောက်ထပ်ရေလေးနဲနဲ ထပ်ထည့် အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းတောင့်လေးပစ်ထည့်ပြီး ပင်စိမ်းရွက်လေး အုပ်ပြီးတော့ ချလိုက်ပါ။ ဒါဆိုရင်တော့ ပင်စိမ်းနံ့မွှေးမွေးလေးနဲ့ လယ်ပုစွန်လုံးမန်ကျည်းသီးစိမ်း ဟင်းတစ်ခွက်ရပါပြီ။ ဟင်းမချက်ချင်ရင်တော့ အခွံခွာပြီးသား ပုစွန်လုံးတွေကို ဒယ်အိုးမှာ ဆီထည့်ပြီး ကြော်စားလို့လည်း ကောင်းပါတယ်။ လယ်ပုစွန်က နုနုလေးတွေဆိုတော့ ကြာကြာ ကြော်စရာမလိုပါဘူး။ ခဏဆိုရင် ကျက်တာပဲ။ မကြော်ချင်ရင်တော့ အလုံးလိုက် မီးဖုတ်ပြီး မန်ကျည်းသီးစိမ်းနဲ့ ထောင်းစားရင်လည်း အတော်လေး ကောင်းပါတယ်။ ပုစွန်လုံးပါတော့ မန်ကျည်းသီးက ချဉ်သင့်သလောက် မချဉ်တော့ဘူးပေါ့။ ကြုံကြိုက်ရင် စမ်းပြီးတော့ ချက်စားကြည့်နော်။ တောချက်ပေမဲ့ အကြိုက်တွေ့မှာ အာမခံတယ်ဗျာ(ဟဲ…ဟဲ)။
အိုးလိုက်တွေ့လိုမလာခဲ့တယ် ကြည့်ရတာတော့ အချဉ်နဲ့ ချက်ထားသလိုပါပဲ(from google) |
မြို့မှာတွေ့ဖူးတဲ့ ပုစွန်လုံးတွေကတော့ အကြီးကြီးတွေနော်။ မွေးမြူရေးကလား ပင်လယ်တို့၊ မြစ်တို့က ရတာလားတော့ မပြောတတ်ဘူး။ အကောင်တွေကတော့ တော်တော်ကြီးတယ်။ လယ်ပုစွန်ကတော့ အဲ့လောက်မကြီးပါဘူး။ နောက်ပြီးကျွန်တော်တို့ဆီက ချောင်းထဲမှာတွေ့ရတဲ့ ပုစွန်လုံးကျတော့ လယ်ပုစွန်လုံးလို မဟုတ်ပြန်ဘူး။ အလုံးက နဲနဲပြားတယ်။ နောက်ပြီး မာလည်းအတော်မာတယ်။ စားလို့မကောင်းဘူးပေါ့ဗျာ။
ပုစွန်လုံးနဲ့ ပတ်သက်ပြီး ကျွန်တော်ကြားဖူးတာလေး တခုပြောပြအုံးမယ်။ ရှေးတုန်းက ဘုန်းကြီးကျောင်းက ဖိုးသူတော် တစ်ယောက် ပုစွန်လုံးစားချင်လို့ပုစွန်လုံးတွေ သွားကောက်လာတာပေါ့။ ဘုန်းကြီးကျောင်းသား ဆိုတော့ သူများအသက်ကို သတ်ရမှာလည်း ကြောက်နေတယ်။ စားကလည်းစားချင် သတ်လည်းမသတ်ရဲ ဆိုတော့ အခက်တွေ့နေတယ်။ နောက်တော့ အကြံရပြီး မီးဖိုပေါ်မှာ ရေနွေးဒယ်အိုးတည် အပေါ်က တုတ်ချောင်းလေးတင်ထားလိုက်တယ်။ အဲ့ဒီတုတ်ချောင်းပေါ်ကိုမှ ပုစွန်လုံးလေး တွေကို ဖြတ်ပြီးကူးခိုင်းတယ်တဲ့။ အကောင်ငယ်တာလေးတွေကတော့ ဟိုဘက်ရောက်အောင် မကူးနိုင်တော့ ရေနွေးအိုးထဲ ပြုတ်ကျပြီးသေတာပေါ့။ အကောင်ကြီးတဲ့ ပုစွန်လုံးတွေကျတော့ ဟိုဘက်ကို ရောက်အောင် ကူးနိုင်တယ်။ ဖိုးသူတော်ကလည်း လူလည်ကျတယ်ဗျ ဟိုဘက်ကမ်းကို ကူးနိုင်တဲ့ ပုစွန်လုံးကိုကျတော့ နင်က အကောင်ကြီးတယ် နောက်တစ်ခါ ပြန်ကူးဆိုပြီး နောက်တစ်ခေါက် ထပ်ကူးခိုင်းတယ်တဲ့။ ဘေးတိုက်ပဲ သွားတတ်တဲ့ ပုစွန်လုံးခမြာ ဒီတုတ်တန်းပေါ်ကနေ ဟိုဘက်ရောက် ကူးဖို့ဆိုတာ စဉ်းစားသာကြည့်ပေါ့။ ကျွန်တော်တို့ကို အဖွားက ပြောပြောပြလို့ မှတ်မိနေတာ။ ငယ်ငယ်တုန်းကတော့ ပုစွန်လုံးကို မဖမ်းရဲဘူး။ ပုစွန်လုံးက အညှပ်တွေကားပြရင် ညှပ်မှာကြောက်လို့ပါ။ သူတစ်ပါး အသက်ဆိုတာကတော့ မသတ်ဘဲ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲနော်။
ဟော့ဒါကတော့ ပုစွန်လုံးကြော်ကြီးတွေပါ(photo from google) |
အစကတော့ သုံးလေးမျိုးလောက် ပြောမယ်စဉ်းစားထားတာ။ အခုတော့ လယ်ပုစွန်နဲ့ ကြောင်လျှာပင် နှစ်မျိုးက တော်တော်လေးများသွားပြီမို့ ကျန်တာလေးတွေကို နောက်မှ ထပ်ပြောတော့မယ် ခင်ညာ။ ရေးနေရင်း ပေါ်ပေါ် လာတော့ အကုန်ပြောပြချင်တာနဲ့ ရေးလိုက်တာပါ။ စာတွေရှည်နေရင်လည်း နားလည်ပေးပါနော်။ ဗဟုသုတ ရစေချင်တဲ့ စေတနာ အရင်းခံနဲ့ပါ။
ကျွန်တော်ပြောတာလေးတွေကို သိပြီးသည်ဖြစ်စေ၊ မသိရသေးသည်ဖြစ်စေ ဖတ်ပြီးတော့ ဗဟုသုတလေး အနည်းငယ်မျှ ကျန်ရစ်တယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါတယ်။ ကျွန်တော်မသိသေးတဲ့ တခြားနည်းလေးများ ရှိရင် ပြန်လည်ဝေမျှပေးခဲ့ပါအုံးဗျာ။
စာဖတ်သူရင်ထဲက လာတဲ့ ထင်မြင်ချက်လေးတွေက ကျွန်တော်ရှေ့ဆက်ဖို့ အားအင်တွေပါ။ လေးစားပြီး တန်ဖိုးလည်းထားပါတယ်။
အားလုံးသော ကျွန်တော့် ညီအစ်ကို မောင်နှမတစ်တွေ ကျန်းမာ ပျော်ရွှင်ကြပါစေ။
9 comments:
လယ်ပုစွန်လုံးနဲ့မန်ကျည်းသီးစိမ်းချက်....စားချင်တယ်...အကို
ဟင်းချက်ကောင်းတဲ့ အကိုဆီ လာလည်အုံးမှပဲ....:):):)
ရွေညာသားလေး..
ကြောင်လျှာသီးကိုအဲဒီလိုစားဘူးတယ်။ အညာမှာမမ တာဝန်ကျဘူးတော့ မမက အဲလိုချက်ကျွေးတတ်တယ်။
လာလည်ပါ Angelhlaing ရေ ဖိတ်ခေါ်ပါတယ်။ အညာကို ပြောတာနော် အခုနေရာကတော့ အသီးအနှံတွေက ရှားပါးလွန်းလှတယ်...:P:P:P နာမည်နဲ့လိုက်ပါ့ဗျာ...တကယ်ကို ရှားတယ်။
Iora က အညာဟင်းလေးတွေ စားဖူးတယ်ဆိုတော့ အညာနဲ့ မစိမ်းဘူးပေါ့နော် ၀မ်းသာပါတယ်။ လာပြီးအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
I like all foods from upper Myanmar. Thanks!
အညာဟင်းလေးတွေ ချက်ချက်ကျွေးနေတဲ့ ရွှေညာသားလေးရေ...... အခုလဲ လည်ပင်းမှာ ကြောင်လျှာသီးကြီး ဆွဲလိုက်လို့ လား.....မြင်ယောင်
ကြည့်မိပါဘိတော်.... :)
လယ်ပုဇွန်လုံးလေး နဲ့ မန်ကျီးသီးချက် လေး စားချင်လိုက်တာ
ဟုတ်ပါ့ဗျာ အစ်မ မယုရေ... ဒီကိုလာခါနီးတော့ ရွာကလူတွေက မင်းကြောင်လျှာဖတ်ကြီး လည်ပင်းဆွဲရတော့မှာပေါ့တဲ့...တော်သေးတယ် ဒီမှာ နေ့တိုင်းမဆွဲရလို့... အဲ့ဒါကြီးဆွဲထားရရင် ရွာကလူတွေပြောတာကို သတိရမိရဲ့ဗျာ...ဟား...ဟားးးး
SHWE ZIN U ရေ အညာကိုသာ အလည်လာခဲ့နော် လယ်ပုစွန်လုံးနဲ့မန်ကျည်းသီးစိမ်းဟင်း အ၀ချက်ကျွေးမယ်...:):):)
လာပြီးအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်....
Zuhra ရေ လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ...နောက်လည်းလာလည်ပါ အညာအစားအစာလေးတွေ ချက်ကျွေးမယ်ဗျ...ပျော်ရွှင်ပါစေ...
ကြောင်လျာသီး ကိုမြင်ဖူးပေမဲ့  တစ်ခါမှ မစားဖူးသေးဖူး..
ဟင်းချက်စားတဲ့  နည်းတွေ မှတ်သွားတယ်..
ကျေးဇူးပါ..
Post a Comment