(၁)
တခုသော ဆောင်းရာသီ၏ မနက်ခင်းတခုမှာ ကိုလင်းတစ်ယောက် အိမ်မှာမွေးထားသော ၀က်မလေးများကို အစာကျွေးရန် ၀က်ခြံသို့အသွား ၀က်ခြံထဲမှာ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် "အမေရေ…အမေ့… ဟော့ဒီမှာ လာကြည့်ပါအုံးဗျ မိဖြူနဲ့ညိုမ မှာ ဓားခုတ်ရာကြီးတွေနဲ့" ခြံထဲမှာ ဓားဒဏ်ရာများနဲ့ အိပ်နေသော ၀က်မလေးမိဖြူနဲ့ညိုမ တို့နှစ်ကောင်ကို ကြည့်ပြီး ကိုလင်း မိခင်ဖြစ်သူကို လှမ်းပြောလိုက်ပါသည်။ ကိုလင်း ခေါ်သံကြားတော့ မီးဖိုချောင်မှာ ထမင်းချက်ဖို ပြင်ဆင်နေတဲ့ ဒေါ်လေးစိန် အပြေးထွက်လာခဲ့၏။ ၀က်ခြံနားရောက်တော့ သူမမျက်စိတွေ ပြူးကျယ်သွားပါသည်။ ခြံထဲမှာ ဓားဒဏ်ရာများနဲ့ အိပ်နေသော မိဖြူနဲ့ညိုမ တို့နှစ်ကောင်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ စိတ်ထဲမှာလည်း ခြံထဲထည့်မွေးထားတဲ့ ၀က်မလေးနှစ်ကောင်ကို ဘယ်သူကများ လာပြီးဓားနဲ့ခုတ်သွား ပါလိမ့်ဟု တွေးလိုက်မိသည်။
ဝက်ခြံထဲမှာတော့ ဘယ်ဘက်နံဘေးမှား တစ်ထွာခန့်ရှိသော ဓားဒဏ်ရာကြီးနဲ့ အိပ်နေသော ညိုမနဲ့ ညာဘက်နားရွက် တစ်ခြမ်းပြတ်နေတဲ့ မိဖြူတို့ ရှိနေပါသည်။ ဒေါ်လေးစိန်လည်း ၀က်ခြံထဲကိုဝင် အိပ်နေတဲ့ ၀က်မလေးတွေအနားကိုကပ်ကြည့်တော့ ဓားဒဏ်ရာများက နံနက်လင်းခါနီးအချိန်လောက်မှ ခုတ်ခံထားရဟန်တူသည်။ သွေးများပင် မခြောက်သေး။ ကိုယ့်အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်လေးတွေမှာ ဒဏ်ရာတွေမြင်ရပြန်တော့ ဒေါ်လေးစိန်တစ်ယောက် စိတ်မကောင်းဖြစ်မိသည်။ ၀က်မလေးတွေ ဓားခုတ်ခံရတဲ့ အကြောင်းကိုလည်း နားမလည်နိုင်အောင် ဖြစ်နေသည်။
သိချင်စိတ်ကြောင့် ၀က်ခြံပေါက်ကို သွားစစ်ကြည့်တော့ ခြံပေါက်ဝမှာ ပိတ်ထားသော သစ်သားချောင်းများ နေရာပျက်နေတာကို သတိထားမိသည်။ မဟုတ်မလွဲရော သူတို့နှစ်ကောင် ညက ခြံထဲကတိုးထွက်ထားတာ ဖြစ်မည်ဟု တွေးလိုက်သည်။ တိရစ္ဆာန်ဆိုတဲ့ အမျိုးကလည်း အသိဥာဏ်ရှိတာမှ မဟုတ်တာ။ အစားအစာ ၀၀လင်လင် စားရသော်ငြား ခြံထဲမှာ ကြာရှည်နေရတော့ အပြင်ကို ထွက်ချင်ပေမပေါ့။ လောလောဆယ်မှာ ဖြစ်ပြီးတာတွေကို အသာထားလို့ သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေကို သက်သာပျောက်ကင်းအောင် ကုပေးယုံ မှတပါး တခြားနည်းလမ်းမရှိပြီ။
"သား ကိုလင်းရေ အမေ့ကို ရေနွေးအိုးထဲက ရေကျက်အေးလေး နဲနဲယူပေးပါကွယ် မိဖြူနဲ့ညိုမတို့ ဒဏ်ရာတွေကို အမေ ဆေးပေးချင်လို့"ဆိုပြီး ကိုလင်းကို ရေနွေးယူခိုင်းလိုက်သည်။ ရေနွေးရတော့ ညိုမ ကိုယ်ပေါ်က ဒဏ်ရာကို ဆေးကြေားပေးလိုက်သည်။ ထို့နောက် တောင်ဘက်ရွာသို့သွားပြီး ဆေးဆရာခေါ်လာခဲ့သည်။ ဆေးဆရာက လိုအပ်သောဆေးတို့ ပြင်ဆင်ပြီးသောအခါ ညိုမကို ဖမ်းခိုင်းပြီးကိုယ်ပေါ်က ဓားဒဏ်ရာကြီးကို ချုပ်ပေးလိုက်သည်။ ထို့နည်းတူ ဖြူမကိုယ်ပေါ်က ပြတ်သွားသော နားရွက်မှာ ကွဲကျန်နေတဲ့ နားရွက်ပိုင်းကို ချုပ်ပေးလိုက်ပါသည်။
(၂)
ဒေါ်လေးစိန်တို့ အိမ်ရဲ့တောင်ဘက် နှစ်အိမ်ကျော်လောက်မှာ ကိုဖိုးအေးတို့ အိမ်ရှိပါသည်။ ကိုဖိုးအေးက ထန်းသမားတစ်ယောက် ဖြစ်သည်။ သူ့ဇနီးက မရွှေရီ။ သူတို့မိသားစုမှာ သားသမီး သုံးယောက်ရှိပါသည်။ ထန်းသမား ဆိုတော့ ထန်းရည်လေးသောက်တတ်သလို စရိုက်ကလည်း နည်းနည်းကြမ်းသည်။ အိမ်ထောင်ကျစကတည်းက လင်မယားနှစ်ယောက် ပြေလည်သည်မရှိကြ။ တကျက်ကျက် ရန်ဖြစ်နေတတ်သည်။ အဆိုးဆုံးက ကိုဖိုးအေး မူးလာလျှင် မိန်းမဖြစ်သူကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုတ်တတ်ခြင်းပင်။ အိုးခွက်ပန်းကန်ခွဲတာလောက်တော့ အထူးအဆန်းမဟုတ်တော့။ မိန်းမ မရွှေရီကလည်း ယောကျာ်းအကြောင်းသိပေမဲ့ ယောကျာ်းမူးလာလျှင် မိန်းမတို့ သဘာဝ ဗျစ်တောက်ဗျစ်တောက် လုပ်တတ်သည်။ အဲ့ဒီအတွက်ကြောင့် အရိုက်ခံခဲ့ရပေါင်းလည်း မနည်းတော့။ ဒါလည်းသူက အမှတ်မထားတော့ ကိုဖိုးအေးကလည်း မူးလာရင် မိန်းမကိုသာ အပြစ်ရှာသည်။ မိန်းမကို ကျွဲရိုက်နွားရိုက် ရိုက်ပါသည်။ မိန်းမကိုရိုက်လို့ နဘေးလူက ၀င်တားပြန်လျှင် အဲ့ဒီလူက သူ့ရန်သူ။ နောက်ပြီး မိန်းမနဲ့ပါ စွပ်စွဲတတ်သေးသည်။ သူ့စရိုက် သူ့ဥာဉ်ကို သိထားတဲ့ ရွာသားအများစုက သူတို့လင်မယား ရန်ပွဲကို မသိသလိုပဲ နေကြသည်။ တခါတလေ မရွှေရီတစ်ယောက် အိမ်ပေါ်မှအိမ်အောက်ကိုပင် မဆင်းနိုင်။ တခါတလေ ဆေးဆရာခေါ်ပြီး ဆေးထည့်ရသည်က ရှိသေးသည်။ သူ့တစ်ကိုယ်လုံးမှာလည်း ကိုဖိုးအေး ရိုက်ချက်လွတ်တဲ့ နေရာက မရှိသလောက်ပင်။ ဒီလောက်ရိုက်နှက် ထိုးကြိတ်နေတဲ့ ယောကျာ်းကို သည်းခံပြီး ပေါင်းသင်းနေတာကလည်း မရွှေရီရဲ့ အချစ်စိတ်ကြောင့်လား၊ ရှေးရှေးက ၀ဋ်ကြွေးလို့ပဲပြောရလေမလားမသိ။ တစ်ခါတစ်ခါ ယောကျာ်းဖြစ်သူနဲ့ ရန်မဖြစ်တာ ကြာသွားရင် သူကပြောတတ်သေးသည်။ အရိုက်မခံရတာ ကြာတော့လည်း စိတ်ထဲမှာ တခုခု လိုနေသလိုပဲတဲ့ဗျာ။
အဲ့ဒီလို စရိုက်ရှိတဲ့ ကိုဖိုးအေးက အိမ်နီးနားချင်း အချင်းချင်း သည်းခံစိတ်ဆိုတာလည်း မရှိ။ တခြားအိမ်မှ ကြက်ကလေး ၀က်ကလေးများ သူ့အိမ်ကိုလာရင် အသာအယာ မောင်းလွှတ်သည်က ရှားသည်။ လေးဂွ၊ တုတ်၊ ဓား စသည့် နီးစပ်ရာနှင့် ကောက်ထုတတ်သည်။ သီးနှံရိတ်သိမ်းချိန်ဆိုရင် တခြားသူတွေကို တောထဲထွက်ပြီး တလင်းမလုပ်။ အိမ်ဝိုင်းထဲမှာတင် ပြောင်းနှံ၊ ပဲစင်းငုံ၊ နေကြာ စတဲ့ သီးနှံများကို ပုံပြီး ထားတတ်သည်။ ရွာဆိုတော့လည်း တိရစ္ဆာန်လေးတွေက အိမ်တိုင်းလိုလို မွေးတတ်ကြသည်။ သူ့အိမ်ဘက်ကို ရောက်သွားတဲ့ တိရစ္တာန်ကတော့ အကောင်းအတိုင်း ပြန်လာရသည်က အတော်ကို ရှားသည်။ ကျိုးရင်ကျိုး မကျိုးရင် သေတာက များသည်။ ရွာလူကြီးက တလင်းကို ရွာအပြင်မှာ လုပ်ဖို့ပြောတော့လည်း သူကတောင်သူကြီး မဟုတ်တော့ သူ့အိမ်ဝိုင်းထဲမှာပဲ လုပ်ပါရစေတဲ့။ ဒါပေမဲ့ အိမ်ဝိုင်းထဲရောက်လာတဲ့ တိရစ္ဆာန် လေးများကိုတော့ လုံးဝသည်းမခံတတ်။ ယခုလည်း ဒေါ်လေးစိန်အိမ်က ၀က်မလေးနှစ်ကောင်ကို ညတုန်းက အိမ်ဝိုင်းထဲလာပြီး ပြောင်းနှံပုံကို စားလို့ ထန်းလှီးဓားနဲ့ ခုတ်လွှတ်လိုက်သည်။
ကိုဖိုးအေး ခုတ်လိုက်ကြောင်း သိရတာက တခြားကြောင့်မဟုတ်။ သူ့အိမ်နဲ့ ကပ်လျက်မှာ ဒေါ်လေးစိန်ရဲ့ အဒေါ် အရီးလေးဖွားဆွေ အိမ်ရှိပါသည်။ မနက်မိုးလင်းတော့ ဒေါ်လေးစိန်အိမ်မှာ ၀က်တွေ ဓားခုတ်ခံရတယ် သတင်းကြားလို့ အရီးလေးဖွားဆွေ လာမေးရာမှ ညတုန်းက ကိုဖိုးအေးအိမ်ဝိုင်းထဲမှာ ပြောင်းနှံပုံကို လာစားတဲ့ ၀က်တွေကိုလိုက်မောင်းတဲ့ အသံကြားရကြောင်း။ နောက်ပြီး ၀က်တွေအော်သံတွေကိုလည်း သူကြားမိကြောင်း အရီးလေးဖွားဆွေက ဒေါ်လေးစိန်ကို ပြောပြပါသည်။ နောက်တခု ပိုသေချာတာက ကိုလင်းတစ်ယောက် ကိုဖိုးအေး အိမ်ဝိုင်းထဲက ပြောင်းနှံပုံဘေးမှ ၀က်နားရွက်ပြတ်အပိုင်း တခုနဲ့ သွေးကွက်တွေကို တွေ့ခဲ့ရခြင်းဖြစ်သည်။ တရားခံကို သိပြီးဖြစ်သော်လည်း ကိုယ့်တိရစ္ဆာန်က သူ့အိမ်ဝိုင်းထဲ ရောက်သွားတော့ ကိုယ့်ဘက်ကလည်း မှားတာပဲဆိုသော အသိနဲ့ ဒေါ်လေးစိန်လည်း ဘာသိဘာသာ နေလိုက်သည်။ သို့ပေမဲ့ အသိဥာဏ်မရှိတဲ့ တိရစ္ဆာန်တွေကို အခုလိုမျိုး လုပ်လိုက်တာကိုတော့ စိတ်ထဲက မကျေနပ်နိုင်။ အသာအယာ မောင်းလွှတ်လိုက်ရင် ရပါလျက် ဓားနဲ့ခုတ်လိုက်တာကိုတော့ သူစိတ်တိုမိသည်။
ဝက်မလေးတွေ ဒဏ်ရာတွေနဲ့ ခံစားနေရတာကို နေ့စဉ်မြင်တွေ့နေရတော့ ဒေါ်လေးစိန် တစ်ယောက်လည်း စိတ်ကိုထိန်းသည့်ကြားမှ စကားလုံးတွေအံထွက်လာပါတော့သည်။
"ဟေး ငါ့ဝက်တွေကို ဓားနဲ့ ခုတ်တဲ့သူတွေ အခုငါ့ဝက်မလေးတွေ ခံစားနေရသလို နင်တို့တွေ ပြန်ပြီးမခံစားရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်"
"ငါ့ဝက်မလေးတွေ သွေးထွက်သံယို ဖြစ်သလို နင်တို့တွေလည်း မတွေကြုံမခံစားရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်"
"ငါ့ဝက်မလေးတွေ ကိုယ်လက်အင်္ဂါမပြည့်မစုံနဲ့ နေရသလို နင်တို့တွေ မကြုံတွေ့ရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်"
"ငါ့ဝက်မလေးမိဖြူ နားရွက်တိုသွားသလို နင်တို့တွေလည်း နားရွက်တိုနဲ့ မနေရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ်" ဆိုပြီး အော်ဟစ်ဆုတောင်းပေးရင်း မျက်ရည်များလည်း ကျနေလေသည်။ ဒေါ်လေးစိန် ဆုတောင်းကလည်း တခြားသူကို ပျက်စီးစေလိုခြင်းမဟုတ် သူ့ဝက်မလေးတွေ ခံစားနေရသလို ပြုလုပ်တဲ့သူတွေ ပြန်ပြီးမခံစားရပါစေနဲ့လို့ ဆုတောင်းပေးခြင်းဖြစ်ပါသည်။
(၃)
တခုသော ညနေခင်းမှာ ကိုဖိုးအေးတို့ အိမ်ဘက်ဆီမှ ဆူဆူညံညံ အသံများ ကြားနေရသည်။ အခါတိုင်းလည်း သူတို့ လင်မယား ရန်ဖြစ်နေကြမို့ အထူးအဆန်းမဖြစ်သော်ငြား ဒီတစ်ခါ ရန်ဖြစ်တာက ကိုဖိုးအေး မိန်းမ မရွှေရီ ရဲ့စွာကျယ်ကျယ် အသံက ပိုပြီးကြားနေရသည်။ နောက်တော့မှ သိလိုက်ရသည်က ကိုဖိုးအေးမိန်းမ မရွှေရီနဲ့ အရင်က ကိုဖိုးအေး အဆက်ဟောင်း ရွာအရှေ့မြောက်ပိုင်းက မမိလုံးတို့ ရန်ဖြစ်ပြီး နပန်းသတ်နေ ကြခြင်းဖြစ်ပါသည်။
မမိလုံးက ကိုဖိုးအေးတို့အိမ်တောင်ဘက် လမ်းအတိုင်း သူ့အစ်မအိမ်ကို အသွား ကိုဖိုးအေးမိန်းမ မရွှေရီက အိမ်ဝိုင်းထဲမှနေပြီး ကြက်ကိုဆဲသလိုလို၊ ၀က်ကိုဆဲသလိုလိုနဲ့ မမိလုံးကို ရွှဲ့ပြီး ဆဲဆိုရာမှ အချင်းချင်း စကားများကြလေသည်။ မမိလုံးကလည်း ဇရှိသူတစ်ယောက် ဖြစ်တော့ ခနော်ခနဲ့ စောင်းပါးရိပ်ခြေ ပြောတတ်သော မရွှေရီကို ဆုံးမချင်နေဟန် တူပါသည်။ သူ့ကိုရွဲ့ပြီးဆဲရကောင်းလားဆိုကာ မရွှေရီတို့အိမ်ဝိုင်းထဲ ၀င်ပြီး မရွှေရီကို စိန်ခေါ်လေ၏။ ဟိုကလည်း မိန်းမချင်းဆိုတော့ အကျောမခံချင်ရာက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စကားများကြပြီး နပန်းလုံးသည့် အဆင့်သို့ ရောက်သွားတော့သည်။ မိန်းမချင်းရန်ဖြစ်တာဆိုတော့ ယောကျာ်းသားတွေက ၀င်ပြီးဆွဲပြန်ရင်လည်း အပြစ်ကမလွတ်ဖြစ်မှာကို သိကြတော့ ဒီအတိုင်းပဲ နေကြသည်။ ရန်ပွဲက တစ်စစ ပြင်းထန်လာတော့မှ မမိလုံးအစ်မ ရောက်လာပြီး ၀င်ဆွဲလို့ နှစ်ဦးသားလုံးထွေး သတ်ပုတ်နေရာမှ ကွဲကွာသွားသည်။ သို့သော်လည်း ၀င်ဆွဲသူက နောက်ကျသွားလေပြီ။ မရွှေရီ၏ ဘယ်ဘက်ပါးပြင်ပေါ်မှာ သွေးတွေ ရဲရဲနီအောင် စီးကျနေသည်။ ရန်ဖြစ်ရာသို့ လာသော အမျိုးသမီး တစ်ယောက်က မရွှေရီကို တွဲထူရင်း သေချာကြည့်တော့မှ မရွှေရီ၏ ဘယ်ဘက်နားရွက် အပေါ်ပိုင်း ပြတ်သွားတာကို မြင်လိုက်ရသည်။ နှစ်ဦးသား နပန်းလုံးရင်း မမိလုံး ကိုက်ဖြတ်တာကို ခံလိုက်ရခြင်းဖြစ်သည်။ ထူးဆန်းတာက ပြတ်သွားတော့ နားရွက်အပေါ်ပိုင်းကို သူတို့ရန်ဖြစ် သည့်နေရာမှာ ရှာမတွေ့ရခြင်းပါ။ မမိလုံး တစ်ယောက် ဒေါသကြီးကြီးနဲ့ ကိုက်ပြီးသား နားရွက်တပိုင်းကို ထွေးမထုတ်ဘဲ ၀ါးစားလိုက်လေသလားမပြောတတ်။ ရှာလို့မတွေ့တာကတော့ သေချာပါသည်။
ကိုဖိုးအေး ပြန်ရောက်လာတော့ သူ့မိန်းမရန်ဖြစ်လို့ နားရွက်အကိုက်ခံလိုက်ရကြောင်းကို သိလိုက်ရသည်။ မိလုံးနဲ့သူက အရင်က အကြောင်းလေးတွေရှိခဲ့တော့ စိတ်တိုသော်လည်း မျိုသိပ်နေလိုက်သည်။ မရွှေရီအမေဖြစ်သူကတော့ သူ့သမီးနားရွက်ပြတ်တာကို မခံနိုင်လို့ သူကြီးအိမ်မှာ တိုင်ချက်ဖွင့်ပါသည်။ သူကြီးလည်း အဖြစ်မှန်ကို သေချာစစ်ဆေးပြီး မမိလုံးကို လျော်ကြေးအဖြစ် မရွှေရီနားက အနာကို ပျောက်ကင်းသည်အထိ ဆေးဖိုးဝါးခ ကုန်ကျစရိတ်ကို ကျခံစေပြီး တောင်းပန်ခိုင်းလိုက်သည်။ ကိုဖိုးအေး တစ်ယောက်လည်း သူ့မိန်းမ နားရွက် ပြတ်သွားတာကိုမြင်ရတော့မှ သူလုပ်ခဲ့တဲ့ မကောင်းမှု့တွေကို မျက်စိထဲမှာ ပြန်မြင်ယောင် မိတော့သည်။ သူအမှားတွေ အတွက်လည်း သူနောင်တ ရမိလေသည်။ သူဘယ်လိုပင် နောင်တရသော်လည်း နောက်ကျသွားခဲ့လေပြီ။ သူ့မိန်းမ မရွှေရီတစ်ယောက်ကတော့ နားရွက် တဖက်တိုဘ၀နဲ့ လူတောတိုးရ ပေဦးတော့မည် မဟုတ်ပါလား။
ဒေါ်လေးစိန်၏ ၀က်မလေးမိဖြူနားရွက်ကို ကိုဖိုးအေးခုတ်ဖြတ်ခဲ့လို့ သူ့မိန်းမ မရွှေရီ နားရွက်ပြန်ပြီး ကိုက်ဖြတ်ခံရတာလား။ ဒေါ်လေးစိန်ရဲ့ ၀က်မလေး မိဖြူနားရွက်တိုသွားသလို ပြုလုပ်တဲ့သူကို နားရွက်မတိုပါစေနဲ့ဆိုပြီး တောင်းခဲ့တဲ့ ဆုတောင်းကပဲ မပြည့်လေသလားဆိုတာကတော့…….။
ကျွန်တော်မြင်တွေ့ခဲ့ရသော အဖြစ်အပျက်လေးပေါ်မှာ အခြေခံပြီး ရေးသားခြင်းဖြစ်ပါသည်။ ရွာမှာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်လေးပါ။
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ လာရောက် အားပေးမှု့ကို ကျေးဇူးအထူးတင်ပါတယ်။
2 comments:
ကြမ္မာ ရဟတ်က ဒီလိုပါပဲဗျာ။
ပြုသူ အသစ် ဖြစ်သူ အဟောင်းဆိုပေမဲ့ ပြန်လည်လာတာပါပဲ။
အမြဲ မရိုးနိုင်တဲ့ သုတစာတွေနဲ့ အကိုရေ...
ဖတ်ခွင့်ရလို့ ကျေးဇူးပါနော်...
ကောင်းသောနေ့လေးဖြစ်ပါစေ...
Post a Comment