အညာက အစားအသောက်ချက်နည်းလေးတွေ အကြောင်း ဖောက်သည်ချအုံးမယ်ဗျာ။ မြို့က ကျွန်တော့်အစ်မတွေ စမ်းပြီးချက်စားလို့ ရတာပေါ့။ ကျွန်တော် အချက်အပြုတ် ၀ါသနာပါတယ်ဆိုတာ အရင်လည်း ရေးဖူးပါတယ်(ဟဲဟဲ)။ အချက်အပြုတ်ဝါသနာပါပေမဲ့ အသားတွေဘာတွေကျတော့ သိပ်ပြီးမစားချင်ဘူး။ အိမ်မှာအသားဟင်းချက်ရင် အမေချက်တဲ့အခါ စားတယ်။ ကိုယ်တိုင်ချက်ရင်တော့ မစားတော့ဘူး။ ဒီရောက်တော့ ကိုယ်တိုင်ချက်တာပဲ စားနေရတာ။ ကိုယ်တိုင်ချက်တာဆိုတော့ တောချက်က များတယ်ဗျ။ ဒီရောက်တော့ ဟင်းအသစ်တွေလည်း တိုးလာတယ်။ မရ ရတာကို ကြံဖန်ပြီး ချက်ချက်စားလို့ပါ။ တခါတလေဆို ကိုယ်ချက်တဲ့ ဟင်းကို ကိုယ်တိုင်အမည်မခေါ်တတ်ဘူး။ ကဲ အညာ ဟင်းချက်နည်းလေးတွေ ဗဟုသုတ ယူသွားကြပါအုံးဗျာ။
အညာဝက်သားချက်
အညာမှာဆိုတာထက် ကျွန်တော်တို့ရွာမှာလို့ပဲ ပြောတာပိုပြီး အဆင်ပြေမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ တစ်နေရာနဲ့ တစ်နေရာ မတူကြဘူးလေ။ ကျွန်တော်တို့ ရွာမှာတင် ၀က်သားကို အလှူချက်နဲ့ အိမ်ချက်မတူပြန်ဘူး။ အလှူမှာချက်တာက အိုးကြီးချက်ပေါ့။ အိမ်မှာချက်ရင် ၀က်သားကို အချဉ်နဲ့ချက်စားကြတာများတယ်။ သရက်သီးခြောက်၊ ဇီးဖြူသီးခြောက်၊ ချဉ်ပေါင်နီသီးခြောက် စတဲ့ အချဉ်တစ်မျိုးမျိုးထည့် ချက်ြကတယ်။ ၀က်သားကို အချဉ်နဲ့ချက်တာက အဆီရော အခေါက်ရော စားရတာ မအီတော့ဘူး။ အလှူမှာတော့ အချဉ်ထည့်မချက်ပြန်ဘူး။ အလှူဟင်းမှာ အချဉ်ထည့်ချက်ရင်တော့ ချက်မလောက်ဖြစ်မှာ သေချာတယ်ဗျ။ အချဉ်မပါဘဲ ချက်တဲ့အလှူအိုးကြီး ချက်ကလည်း စားကောင်းလို့ကောင်းပါတယ်။
ဒါကတော့ မနေ့က မရမ်းသီးခြောက်နဲ့ ချက်ထားတဲ့ဝက်သားဟင်းဗျာ |
အိမ်ချက် ချက်ရာမှာတော့ ရွာမှာက မြေဟင်းအိုးကို သုံးကြတာများတယ်။ ဟင်းချိုအိုးဆိုလည်း မြေနဲ့လုပ်ထားတဲ့အိုးပဲ သုံးတယ်။ အခုနောက်ပိုင်းတော့ ကျက်လွယ်ပြုတ်လွယ် ဒန်အိုးတွေကို သုံးလာကြပါပြီ။ မြေအိုးကထူတော့ ချက်ရတာနဲနဲတော့ ကြာတာပေါ့။ ဒါပေမဲ့ အသားဟင်းချက်ရင်တော့ သူကချက်လို့ကောင်းတယ်။ အသားနူးလွယ်တယ်။ ချက်တာကလည်း သိပ်တော့မခက်ပါဘူး အသားကိုအနေတော်တုံး၊ ချက်မည့်အိုးထဲထည့် ငါးပိ၊ဆား၊နနွင်း၊အရောင်တင်၊ ကြက်သွန်ဖြူ၊ဂျင်း စတာလေးတွေပါ တစ်ခါထဲထည့်နယ် ပြီးမှ ဆီလေး သင့်ယုံထည့်ပြီး လက်ဆေးရည်လေးနဲ့ အရင်ဆုံး အသားမာသွားအောင်လုံးလိုက် ပြီးမှ ရေမြုပ်အောင်ထည့်ပြီး မီးဖိုပေါ်မှာ ရေခန်းအောင် တည်ထားလိုက်တာပါပဲ။ ရေခန်းရင် အသားအနေအထားကြည့်ပြီးတော့ ဆီလည်ရေလည်လေး ချလိုက်ပေါ့။ ဆီများများ စားချင်ရင်တော့ ရေမကျန်အောင် ချက်ပေါ့ဗျာ။ ဆီပြန်ဆိုတာကလည်း မြို့နေလူတန်းစားတွေ စားကြတာက များပါတယ်။ တောမှာကတော့ ဆီလည်ရေလည်လေးပေါ့နော့။ နှမ်းစိုက်ပေမယ့် ဆီများများ မစားနိုင်ကြတာ ကျွန်တော်တို့ တောက တောင်သူလယ်သမားတွေပါ...
အညာငါးချက်
ငါးကိုကျတော့လည်း ၀က်သားလိုပဲ အချဉ်နဲ့ချက်စားတယ်။ ကျွန်တော်တို့ဆီမှာက ချောင်းငါးပဲ လွယ်လွယ်ရပါတယ်။ မြို့မှာဝယ်လို့ရတဲ့ ငါးကြင်း၊ ငါးခူ၊ ငါးဖယ်၊ ငါးမြင်း စတာတွေကိုကျတော့ ရွာကလူတွေက ငါးကြီးသားလို့ခေါ်ကြတယ်။ ချောင်းငါးလေးတွေကတော့ ကြော်စားလည်း ကောင်းတယ်။ချောင်းငါးဆိုတော့ သိပ်ကြီးကြီးတွေ မဟုတ်ဘူး။ ငါးခုံးမ၊ ငါးမွေထိုး၊ ငါးရံ့၊ ငါးသလဲထိုး စတာလေးတွေပေါ့။ ဆည်တို့ ကန်တို့က ငါးတွေလည်း တခါတလေ လာရောင်းတယ်။ အဲ့ဒီအခါဆိုရင်တော့ တီလားပီးယား(ဂျပန်)ငါးတို့၊ ငါးကြင်းတို့ စတောတွေ စားရတတ်တာပေါ့။
ဒါကငါးကို မရမ်းသီးခြောက်နဲ့ချက်ထားတာပါ
ငါးဟင်းချက်ရာမှာတော့ ၀က်သားလို တစ်ခါထဲ ထည့်ပြီးလုံးလို့ မရပါဘူး။ ငါးကို ဆားနနွင်းနယ်ထား ကိုယ့်ထည့်မည့်အချဉ်ကို အရင်ဆုံးအဆာပလာလေးတွေထည့်ပြီး ရေလေးနဲ့ ပွက်အောင်တည် အချဉ်နူးပြီဆိုမှ ငါထည့်ပြီး ရေခန်းအောင်ချက်ရတာ။ မွှေစရာလည်း မလိုတော့ဘူးလေ။ အချဉ်ဓာတ်လေးပါတော့ ငါးလေးတွေက အကောင်မပျက်တော့ဘူး မာပြီးတော့တောင့်နေတာပဲဗျ။ ဆီပြန်ချက်ရင်တော့ ရေမကျန်အောင်တည်ပေါ့။ ချောင်းငါးကို မန်ကျည်းသီးမှည့်နဲ့လည်း ချက်စားရင် ကောင်းသဗျ။ ငါးရံ့ကိုတော့ ဇီးဖြူသီးခြောက်နဲ့နှပ်ရင် ဘာပြောကောင်းမလဲ ဆွေးမျိုးမေ့သွားမယ်။ ကျွန်တော်တို့ရွာမှာ ငါးရံ့ဇီးဖြူသီးခြောက် နှပ်တာကို ယောကျာ်းသားတွေက ပိုပြီးနှပ်တတ်တယ်။ တခါတရံပဲ ချက်တာမို့လို့လား မသိဘူး သူတို့ချက်တာက ပိုကောင်းတယ်လို့ ရွာကျောင်းဘုန်းကြီးက ချီးကျူးတယ်ဗျာ။ အလှူဆိုရင် ဘုန်းကြီးဆွမ်းဟင်း မှာ ငါးရံ့ဇီးဖြူသီးခြောက်နှပ်က အမြဲတမ်းကို ပါရတယ်။ ချက်တာကလည်း ဘုန်းကြီးထိန်းအဖွဲ့က ယောကျာ်းသားတွေ ပဲချက်ကြတာ။ ကြုံရင် ချက်စားကြည့်ဖို့ အကြံပေးပါတယ်။ ကျွန်တော်လည်း ချက်စားဖြစ်တယ်။ ငါးတော့ မဟုတ်ဘူး။ ဒီမှာက ငါးရှားတယ်လေ။ ၀က်သားပေါတော့ ၀က်သားကို ဇီးဖြူသီးခြောက်နဲ့ ချက်စားတာ။ အခေါက်မကြိုက်တဲ့ သူတွေတောင် အခေါက်စားတယ်။ ဇီးဖြူသီးက အဖန်ဆိုတော့ ၀က်သားအဆီအခေါက်တွေကို မအီမအစ်တော့ဘူးဗျ။ အဲ့ဒါလေးလည်း အကြံပြုတယ်နော် အညာချက်လေး ချက်စားကြည့်။ လျှာလည်သွားစေရမယ်။
ကျောက်ဖရုံသီးနဲ့ ၀က်ဝမ်းတွင်သား(ကလီစာ)ချက်
ဒီဟင်းအမယ်ကတော့ ကျွန်တော်တို့ရွာအလှူတွေမှာ အလှူအ၀င်နေ့ ညနေပိုင်း ကျွေးနေကျဟင်း တစ်မျိုးပါ။ သူတို့နှစ်မျိုးကလည်း အတော်လိုက်ဖက်တဲ့ အတွဲပါပဲ။ ရွာမှာ အလှူအ၀င်နေ့ ညနေဆိုရင် တစ်ရွာလုံးနဲ့ ရပ်ဝေးက လာတဲ့ ဧည့်သည်တွေကို အလှူရှင်က ထမင်းခေါ်ကျွေးတယ်။ ဟင်းကတော့ ချဉ်ပေါင်ရည်သောက်၊ ငါးပိလိမ္မာကြော်နဲ့ ကျောက်ဖရုံသီးဝက်ကလီစာ ချက်ပေါ့။ အိုးကြီးချက်မို့လားမသိဘူး ကျောက်ဖရုံသီးထဲမှာ ၀က်ကလီစာအများကြီး မပါပေမယ့် စားလို့အတော်ကောင်းတယ်။ ကျောက်ဖရုံးသီး အနှစ်ကကို စားလို့ကောင်းတာဗျာ။
ကျောက်ဖရုံသီး(ရင့်ရင် ဖြူပြာပြာအရောင်ရှိသည်)
ချက်တာကတော့ ၀က်ကလီစာကို ဟင်းခတ်အဆာပလာတွေထည့်ပြီးတော့ အရင်ချက်လို့ တစ်ရေလောက်ခန်းမှ ကျောက်ဖရုံသီးထည့်ပြီး ကျောက်ဖရုံသီးနူးအိသွားအောင် ချက်ယုံပဲ။ မဆလာတို့ဘာတို့ ထည့်စရာမလိုပါဘူး။ ဆီလည်းနဲနဲပဲထည့်ပါ။ ကျောက်ဖရုံသီးက အနှစ်လိုဖြစ်သွားရင် ပိုစားကောင်းပါတယ်။ ကြုံရင်စမ်းသပ်ကြည့်ပါအုံး။ အညာအလှူရဲ့ ပင်တိုင် ဟင်းတစ်မျိုးပါ။
ကြက်သားခွေးတောက်(ဂွေးတောက်)ရွက်ဟင်း
ဒီဟင်းကတော့ ရွာမှာ ကောက်စိုက်ပျိုးနုတ်ချိန်ဆိုရင် အများဆုံး ချက်ပါတယ်။ ပျိုးနုတ်တဲ့ ဦးလေးအကိုတွေ အကြိုက်။ ထန်းရည်မြည်း ဟင်းဆိုလည်းမမှားပါဘူး။ ထမင်းနဲ့စားရင်လည်းအဆင်ပြေပါတယ်။ အရည်သောက် ဟင်းပေါ့။ ကြက်သား(ကြက်ရိုး) ဆိုရင် ပိုကောင်းပါသည်။ ကြက်ခြေထောက်၊ ကြက်ခေါင်း၊ လည်ချောင်း စတဲ့ အရိုးများတဲ့ အပိုင်တွေကို ရေပြောင်အောင်ဆေးပြီး ဟင်းအိုးမှာထည့် ဆား၊နနွင်၊ငါးပိ ဆီ ကြက်သွန်ဖြူ စတာတွေထည့်ပြီး အရင်ဆုံးလုံးလိုက်ပါတယ်။ နောက်ထပ်ရေမြုပ်အောင်ထည့်ပြီး မီးဖိုမှာတည်ထားပါ။ အရည်သောက်ဟင်း ဖြစ်လို့ အရည်လေးများများနဲ့ဆို ပိုကောင်းပါတယ်။ ကြက်သားတွေကျက်ရင် စားခါနီးမှ ခွေးတောက်ရွက်ထည့်ပြီး စားပါ။ ကြက်သားခွေးတောက်ရွက် ဟင်းကလည်း ရွာကလူပျိုလူလတ် ယောကျာ်းသားတွေ အကြိုက်တွေ့တဲ့ ဟင်းတစ်ခွက်ပါပဲ။
ခွေးတောက်ရွက် ကိုယ်တိုင် ခူးချက်ရအောင်လို့
photos from google
ၾကက္သား သေဘာၤသီး
သေဘာၤသီးရွာရ မခက်အောင်တင်ပေးလိုက်တယ်
ဒီဟင်းကတော့ အိမ်မှာ ယာထွန်၊ ယာကျဲ၊ ပျိုးနုတ်၊ ကောက်စိုက် စတဲ့ လူများများနဲ့ ပျော်ပွဲခေါ်ပြီး လုပ်တဲ့အခါ ချက်နေကျ ဟင်းဖြစ်ပါတယ်။ လူများသလောက် အသားမတတ်နိုင်တော့ အကြံအဖန်လေး ရောချက်ရတာပေါ့။ အသားနည်းနည်းနဲ့ ဟင်းများများရအောင် ချက်နည်းပေါ့။ သင်္ဘောသီး အစိမ်းကို အခွံခွာပြီး အစေ့တွေထုတ်၊ အနေတော် အတုံးလေးတွေ တုံးထားပါ။ ကြက်သားကိုလည်း ထို့နည်းတူ အနေတော်အတုံးလေးတွေတုံးပြီး ဆားနနွင်းနယ်လို့ ဟင်းအိုးမှာအရင်ထည့်လုံး ပြီးတော့မှ အသင့်တုံးပြီးသား သဘောင်္သီးတွေ ထည့်ပြီးလိုသလောက် ရေစွက်လို့ ချက်နိုင်ပါသည်။ အရည်လေးနဲ့ နယ်စားလေး ဆိုရင် ပိုပြီး စားကောင်းပါတယ်။ ဗူးသီးနဲ့လည်း ချက်စားနိုင်ပါသည်။ ကျွန်တော်ကတော့ သဘောင်္သီးနဲ့ ချက်တာကို ပိုပြီး ကြိုက်ပါ၏။ သဘောင်္သီးရဲ့ ဂုဏ်သတ္တိက နူးလွယ်ခဲသော အသားများကို အမြန်နူးအိစေပါသည်။
ဒါကတော့ ထမင်းစားပြီး အချိုတည်းဖို့
နောက်လည်း အသီးအနှံ တောချက်နည်းလေးများကို ပြောပြပါအုံးမည်။စောင့်မျှော်အားပေးပါအုံး…
7 comments:
ကျောက်ဖရုံသီး သပြွန်းချက် စားချင်တာကွာ...
သင်္ဘောသီးမှည့် လည်း စားချင်တယ်...
ရွှေညာသားလေးရေ။ တခါတုန်းက ဒီမှာကျောက်ဖရုံသီးတို့  ဗူးသီးတို့ ရှာမရဘူး။ အဲဒါနဲ့  သူုများပြောတဲ့အတိုင်း ဖရဲသီးအခွံကို သေချာလှီးပြီး ချက်စားကြည့်တာ မဆိုးဘူး။ နဲနဲတူတယ်။ ရွှေညာသားလေးပြောသလို ဘာ
ဟင်းခေါ်ရမှန်းတောင် မသိတော့ပါဘူး။ :)
အမယ်လေး မကြိုက်တဲ့ ဟင်းတခုမှ မပါဘူး အကုန်ကြိုက် ဇီးဖြူသီးနဲ့ ငါးဟင်း ကြော်ချက်လေးကို သတိရလိုက်တာ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
စားချင်လာပြီ ဂလု ဂလု....:P:P:P
ဟင်းချက်ကောင်းတဲ့ အကိုပဲ......:):)
အကိုရေ ကောင်းသောနေ့လေးဖြစ်ပါစေနော်..
ကိုရာဇာ ပြောတဲ့ ကျောက်ဖရုံသီး သပြွန်းချက်ဆိုတာတော့ အခုမှ ကြားဖူးတာပဲဗျာ... ဘယ်လိုလေးပါလိမ့်နော်...
ဟုတ်တယ်အစ်မ မယုရေ... ကျွန်တော်လည်း အသီးအနှံ တခုခု ဆိုရင် ဘယ်လိုအသစ်ထွင် ချက်ရမလဲ စဉ်းစားနေတာပဲ...
SHWE ZIN U ရေ ဟင်းတွေအကုန်ကြိုက်တယ်ဆိုလို့ ၀မ်းသာမိတယ်။ နောက်ထပ် ဆက်ပြီး ချက်ဖို့အားတွေရှိသွားပြီ....
Angelhlaing ရေ အမြဲတမ်းလာအားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်... ဟင်းချက်ကောင်းတယ်ဆိုလို့ ၀မ်းသာမိပါတယ်...
အင်း ဒီတခါတော့ အမဲခြောက်ကို မန်ကျည်းရွက်နဲ့ ခရမ်းချဉ်သီးနဲ့  စပ်ချဉ်
ချက်လေး ချက်ကျွေးအုန်း ။ဒန့် သလွန်သီးလေးပါ နဲနဲထည့်။ အချဉ်ပြေဖို့ ပဲကြီးနှပ်ပါ နှပ်ပေးပါဗျို့ ။
ဝက်သားနဲ့ မရမ်းသီးခြောက်ဟင်းနည်းလေးမှတ်သား သွားတယ်
ကျေးဇူး
Post a Comment