သင်္ကြန်လည်း မကြာခင်ကပဲ ပြီးဆုံးသွားပြီဗျာ။ အညာက တောင်သူလယ်သမားတွေလည်း သိပ်မကြာခင်မှာ လယ်ယာလုပ်ငန်းတွေ ပြန်ဝင်ကြရတော့မည်။ အခုအချိန်မှာ ယာခင်းတွေထဲ ပေါင်းကောက်၊ နောက်ချေးချ(နွားချေး)၊ နောက်ချေးဖြန့် စတာတွေကို လုပ်နေကြရပြီပေါ့။ နောက်ချေးချ တာက အိမ်မှာ စုဆောင်းထားတဲ့ အမှိုက်၊ နွားချေးနဲ့မြေသြဇာတွေကို မိုးမကျခင် ယာခင်းထဲကို နွားလှည်းနဲ့တိုက်ပြီး ချတာကိုပြောတာပါ။ နောက်ချေးဖြန့်တာကတော့ ယာထဲရောက်ပြီးသား နွားချေးတွေကို တောင်းနဲ့ထည့်ပြီး ယာခင်းနှံ့အောင် လိုက်ဖြန့်ပေးရတာကို ဆိုလိုတာပါ။
ဒီအနေအထားဆိုရင် သုပ်စားလို့ရပြီ (from google) |
ကိုင်း ဒါလေးတွေထားပါတော့ မိုးဦးကျပြီဆိုရင် တလင်းပြင်တွေနားမှာ စပါးပင်၊ ပဲပင်၊ ချဉ်ပေါင်ပင်၊ ပြောင်းပင် စသည့် ရိတ်သိမ်းချိန်တုန်းက ကျန်ခဲ့တဲ့ အစေ့လေးတွေက မိုးရေနဲ့ထိတွေ့ပြီး အပင်ပေါက်လေးများ အစုလိုက်ပေါက်လာပါသည်။ အဲ့ဒီအထဲက တလင်းစပ်တွေမှာ အများဆုံး ပေါက်တဲ့ ဒန့်ကျွဲဆိုတဲ့ အပင်အကြောင်းကို ဗဟုသုတ အလို့ငှာမျှဝေပေးလိုက်ပါတယ်။ ရေးသာရေးရတယ်ဗျာ အစ်မတစ်ယောက်က ကွန်မင့်မှာ “တွေ့သမျှအကုန် သုပ်၊ထောင်း စားနေတော့တာပဲ သူ့ရှေ့ကတောင် ဖြတ်မသွားရဲလောက်အောင်” ဆိုပြီး ရေးသွားတော့ ပြောရမှာတော့ခပ်လန့်လန့်ပဲ:):):)။
ကျွန်တော်ကလည်း တခြားမဟုတ်ပါဘူး ကိုယ့်ညီအစ်ကို မောင်နှမတွေ ရောက်နေတဲ့ နေရာမှာ တကယ်လို့ ကျွန်တော်ပြောတဲ့ အပင်လေးတွေများ တွေ့ခဲ့မယ်ဆိုရင် အသုံးပြုလို့ ရစေချင်တဲ့ စေတနာနဲ့ပါ။ ကျွန်တော်ဆို နွေရာသီမှာ လမ်းလျှောက်ထွက်ရင်း မြူရွက်တွေတွေ့လို့ ခူးလာတာ သူတို့လူမျိုးတွေက ဘာလုပ်ဖို့လဲမေးတော့ သုပ်စားရတယ်လို့ ပြောလိုက်တာ အံသြနေတယ်။ အဲ့ဒီလိုပေါ့ တချို့ကျတော့ အပင်ကို မြင်ဖူးပြီး ဘယ်လိုသုံးရတယ်ဆိုတာကို သိချင်မှ သိမှာလေနော့။ အဲ့ဒါကြောင့်ပါ။ ကျွန်တော်တို့အတွက်ကတော့ အညာမှာပဲ မွေးဖွားကြီးပြင်းလာတာဆိုတော့ အပင်အတော်များများကို စားဖူးသုံးဖူးတယ်လေ။ အခုလိုလေး ရေးသားပေးတော့ ကျွန်တော်မသိတာကိုလည်း သိတဲ့သူက ပြန်ပြီးမျှဝေနိုင်တာပေါ့နော်။ အဲ့ဒီရည်ရွယ်ချက်လေးတွေနဲ့ မျှဝေခြင်းပါဗျာ။
ဒါလေးက ဒန့်ကျွဲအပွင့်ဝါ၀ါလေးတွေပါ (from google) |
အခု ဒန့်ကျွဲပင်ဆိုတာက အပင်နိမ့်အမျိုးအစားပါ။ အမြင့်က ဒူးလောက်အထိပဲ ရှိတယ်။ အပင်လေးတွေ ပေါက်ပြီး တစ်ထွာသာသာလောက် ရှိရင် အရွက်တွေကို ခူးလို့ရပါပြီ။ အပင်က ခက်ဖြာပြီးထွက်တာမျိုး မဟုတ်ပါဘူး။ တစ်ပင်မှ အညွှန့်တစ်ညွှန့်ပဲ အဲ့ဒီအညွှန့်ကို ခူးလိုက်ရင်တော့ အတက်လေးတွေ ထွက်လာပါတယ်။ အပွင့်ကလည်း အ၀ါရောင်လေးတွေ ပွင့်တယ်။ အသီးကတော့ အတောင့်ရှည်ရှည်လေးတွေ အထဲမှာ အစေ့တွေက အများကြီးပဲ။ အရွယ်အစား သိပ်ပြီးမကြီးပေမဲ့ တစ်စေ့နဲ့တစ်စေ့ထိနေပါတယ်။
အသီးအပွင့်တွေနဲ့ အခုလို အစုလိုက်ပေါက်တတ်တယ်(from google) |
မိုးကျလ္ဘက်သုပ်
မိုးကျလ္ဘက်ဆိုလို့ ရေနွေးသောက်တဲ့ လ္ဘက်ကို ပြောတာမဟုတ်ဘူးနော်။ ဒန့်ကျွဲရွက်အနုကို ကျွန်တော်တို့ အညာမှာခေါ်တဲ့အသုံးအနှုန်းပါ။ ဘာလို့အဲ့ဒီလိုခေါ်လဲဆိုတော့ မိုးဦးကျမှာပဲ စားရတတ်လို့။ နောက်ပြီး အရွက်နုတုန်းမှာပဲ စားလို့ရတာကြောင့်ပါ။ အရွက်နုလေးတွေကိုခူး ရေနွေးလေးနဲ့ ကျက်ယုံပြုတ်ပြီးတော့ မြေပဲလှော်၊ နှမ်းလှော်၊ ဆီချက်၊ ကြက်သွန်နီအစိမ်း စတာလေးတွေထည့်ပြီး သုပ်စားရင် အရသာရှိတဲ့ သဘာဝ အရွက်သုပ်လေးတစ်မျိုးရတယ်ဗျ။ ကျွန်တော်တို့ရွာမှာက မြေပဲမစိုက်တော့ နှမ်းလှော်နဲ့ပဲသုပ်စားကြတယ်။ ဆီကိုလည်း ဆီစိမ်းပဲသုံးတယ်။ ကြက်သွန်နီ ပါးပါးလှီးထားတာလေးနဲ့ သုပ်ပြီး မနက်အစော ထမင်းကြမ်းနဲ့ဆို လိုက်မှလိုက်ပဲဗျာ။
ဒန့်ကျွဲပင် (from google) |
ဒန့်ကျွဲစေ့ရေနွေး
အောက်မှာ အင်္ဂလိပ်လို ရေးထားတာလေး တွေ့လို့ထပ်ဖြည့်တင်ပေးလိုက်ပါတယ်။
အောက်မှာ အင်္ဂလိပ်လို ရေးထားတာလေး တွေ့လို့ထပ်ဖြည့်တင်ပေးလိုက်ပါတယ်။
Cassia seed tea
(Cassia seed:“clearing away summer heat and treat eye Disease,looseing the bowel to relieve constipation.” Cassia seed tea is very rich in calcium and selenium. It is the natural drinks to prevent and Cure consenecence.)(http://www.yibeitong.com/YXTYC.htm)ဒန့်ကျွဲစေ့လေးတွေပါ(from google) |
ရေနွေးကိုတော့ ဒန့်ကျွဲစေ့ကို လှော်ပြီးသုံးပါတယ်။ ဒီရေနွေးကလည်း သောက်လို့ကောင်းသဗျ။ အစေ့လေးတွေကို မွှေးအောင်အိုးကင်းမှာ ထည့်ပြီးလှော်လိုက်။ ပြီးရင် ရေနွေးခရားအိုးမှာ လေးငါးစေ့လောက် ထည့်ပြီး ရေနွေးပွက်ပွက်ဆူလေး လောင်းထည့်။ ခဏနေတော့ ကော်ဖီနံ့သင်းသင်းလေးနဲ့ သောက်လို့ကောင်းတဲ့ ဒန့်ကျွဲစေ့ရေနွေးလေး သောက်လို့ရပါပြီ။ အိမ်မှာ ကျွန်တော့်အဖေဆို အမြဲတမ်းကျိုသောက်တယ်။ အရသာကလည်း လ္ဘက်ခြောက်လောက် မဖန်ပေမဲ့ အဖန်ဓာတ်လေးနဲနဲပါပြီး သောက်လို့ကောင်းတယ်။ ဓာတ်ဗူးထဲမှာ ထည့်ပြီးနှပ်ထားရင်တော့ ပိုပြီးသောက်ကောင်းတယ်။ အနံ့ကလှော်ထားလို့ ကော်ဖီစေ့လှော်တဲ့ အနံ့နဲ့အတော်တူတယ်ဗျာ။ အဖန်ဓာတ်များများရချင်ရင်တော့ ဒန့်ကျွဲစေ့လှော် များများထည့်ပြီး နှပ်ထားပေါ့ဗျာ။ အဖေပြောတာကတော့ ဆီနဲ့ပတ်သက်ပြီး ကောင်းတယ်လို့ ပြောတာပဲ။ အိမ်မှာတုန်းက ဒန့်ကျွဲစေ့ရေနွေးကို မကြာမကြာ သောက်ဖူးတယ်။ ကဲ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဒန့်ကျွဲပင်တွေ့ရင် လက်တွေ့ စမ်းကြည့်လိုက်အုံးဗျာ….
နောက်ထပ် အသုံးဝင်တာလေးများ ရှိရင်လည်း မျှဝေပေးခဲ့အုံး။ ကျွန်တော်လည်း ထပ်ပြီးသိရတာပေါ့။ ဒီအကြောင်းလေးဖတ်ပြီး ဗဟုသုတ အနည်းငယ်ရရင် ရေးသားရကျိုးနပ်ပါတယ်။
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
9 comments:
မရိုးနိုင်သော အမှတ်တရ လေးတွေအတွက် ကျေးဇူးအကိုရေ
အားပေးလျှက်...
ကောင်းသောနေ့လေးဖြစ်ပါစေ
ဒန့်ကျွဲကို သိဘူး.. ငါတို့ ဆီမှာ မပေါက်ဘူး ထင်တာပဲ...။
ဗဟုသုတလေး အတွက် ကျေးဇူးပါဗျာ..
ရှေးလူကြီးတွေ ဆုံးမကြတဲ့ ဒန့် ကျွဲပင် ပုခက်လွှဲ ဆိုတာဒီအပင်ပေါ့။ အိမ်ထောင်ကျစောတာကိုပြောတာလေ။ မိုးကျလက်ဘက်သုတ်က စားလို့ ကောင်း။ :)
ဒန့် ကျွဲပင် ကို google မှာ ဘယ်နာမည်နဲ့ ရှာ၇မလဲ ပြောပြပါဦး။
ဟုတ်ကဲ့ အစ်မ မယုရေ “cassia tora ” လို့ရိုက်ထည့်ရင် ရပါတယ်ဗျာ။ အဆင်ပြေပါစေ။
မိုးကျလဘက်သုပ် ကိုတော့ ကြိုက်သလားမမေးနဲ့ စားချင်လိုက်တာ မန်းလေး မှာ မရှိဘူး
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကျေးဇူးပါဘဲမြန်မာရနံသင်းတဲ့ စာလေးတွေမို့ကြိုက်တယ်
လာလည်ကြတဲ့အတွက်ရော အချိန်ပေးပြီး မန့်ခဲ့တဲ့အတွက်ပါ အားလုံးကို ကျေးဇူးတင်ပါတယ်နော်....ပျော်ရွှင်ချမ်းမြေ့ကြပါစေ။။။
မိုးကျလက်ဖက်ကို သူငယ်ချင်းတွေနဲ့ လိုက်ခူးပြီးသုပ်စားခဲ့တာတွေသတိရမိတယ်။ ကျေ။ဇူး
Post a Comment