အညာရဲ့ နံနက်အစော မီးဖိုချောင်မြင်ကွင်း( photo from google) |
“အောက် အီ အီး အွတ်”
“တုန်…. တုန်….တုန်…” လင်းကြက်တွန်သံများနဲ့အတူ ရွာဦးကျောင်းမှ တုန်းခေါက်သံက ကျေးလက်နံနက်အာရုဏ်၏ တိတ်ဆိတ်ငြိမ်သက်မှု့ကို လှုပ်နှိုးလိုက်သည်။
“တုန်…. တုန်….တုန်…” လင်းကြက်တွန်သံများနဲ့အတူ ရွာဦးကျောင်းမှ တုန်းခေါက်သံက ကျေးလက်နံနက်အာရုဏ်၏ တိတ်ဆိတ်ငြိမ်သက်မှု့ကို လှုပ်နှိုးလိုက်သည်။
“ခြစ်… ခြစ်...ခြစ်” အိပ်ယာဘေးသေတ္တာပေါ်မှာ ညကတည်းက အရန်သင့် တင်ထားသော ဓာတ်ဆီမီးခြစ်ကို ယူခြစ်ပြီး မယ်အေးလှတစ်ယောက် ရေနံဆီမီးခွက်ထွန်းညှိလိုက်သည်။
ယာတောကို သွားကြမည့် ယောကျာ်းဖြစ်သူနဲ့ သားသမီးတွေအတွက် နံနက်စာချက်ပြုတ်ပြင်ဆင်ဖို့ရာ မယ်အေးလှ တစ်ယောက် အိပ်ယာမှထခဲ့လေ၏။
မီးဖိုချောင်မှာ မီးခွက်ကိုထားခဲ့ပြီး အပေါ့အလေးသွားဖို့ အိမ်သာရှိရာ အိမ်နောက်ဖေးဆီသို့ လှမ်းလာခဲ့သည်။ ကိစ္စ၀ိစ္စ တွေပြီးတော့ လက်ဆေးသန့်စင်ပြီး မီးဖိုချောင်ဆီသို့ တစ်ခေါက်ပြန်လာခဲ့သည်။ ဆားအိုးထဲမှ ဆားအနည်းငယ်ကို ယူပြီး သွားတိုက်လိုက်သည်။ ပြီးတော့ စဥ့်အိုးမှရေကို ဖလားခွက်နဲ့ခပ်ပြီး မျက်နှာသစ်လိုက်ပါသည်။ နံနက်အစောမှာ ရေအေးအေးနဲ့ထိတွေ့မှု့က လူကိုလန်းဆန်းသွားစေတာတော့ အမှန်ပင်။ မျက်နှာသစ်ပြီးတော့ မီးဖိုမှာ မီးမွှေးပြီး ရေနွေအိုးကို ပထမဆုံး တည်လိုက်သည်။ ရေနွေးအိုးတည်ထားတုန်းမှာ ထမင်းချက်ဖို့အတွက် ဆန်ဆေးထားလိုက်သည်။ ရေနွေအိုးဆူတော့ ရေနွေးခရားမှာလ္ဘက်ခြောက်ထည့်ပြီး ရေနွေးခပ်ထားလိုက်သည်။ ထမင်းအိုးကို မီးဖိုပေါ်တင်ပြီး ထမင်းနဲ့စားဖို့ရာအတွက် စီမံရပြန်သည်။ ဒီမနက်တော့ ညကပြုတ်ထားတဲ့ ထောပတ်ပဲပြုတ်ကို ကြက်သွန်နီလေး ဆီသတ်ပြီး ပြန်ကြော်ပေးဖို့ ပြင်ဆင်ထားလိုက်သည်။ နောက်တစ်မျိုးကတော့ ခရမ်းချဉ်သီးကို မီးဖုတ်ပြီး ငရုတ်သီးလေးနဲ့ ထောင်းလိုက်မည်။ ဒီလောက်ဆိုရင် နံနက်အစော ထမင်းကြမ်းအတွက် အဆင်ပြေလောက်ပါ၏။
ထမင်းအိုးငှဲ့ပြီး ခဏကြာတော့ မီးဖိုထဲမှ မီးကျည်းခဲများကို ယက်ထုတ်ပြီးဘေးနားမှာ ထမင်းအိုးကို နှပ်ထားလိုက်သည်။ တဆက်တည်း ဆိုသလို ပဲပြုတ်ကြော်အိုးကို မီးဖိုမှာတင်ပြီး ကြော်လိုက်သည်။ ခရမ်းချဉ်သီးလေးတွေကိုလည်း သီတံမှာထိုးပြီး မီးခဲပေါ်မှာ တင်ထားလိုက်သည်။ ပဲပြုတ်ကြော်အိုး ကျက်တော့ ရေနွေးအိုးနောက်တစ်လုံး ထပ်တည်ထားလိုက်သည်။ တောထဲကို ရေနွေးဗူးထည့်ပေးလိုက်ရအုံးမည် မဟုတ်ပါလား။ အားလုံးပြင်ဆင်ပြီးတော့ နွားတင်းကုပ်ဆီသို့ သွား၍ ငဖြူနဲ့ငညိုကို နွားစာကျင်းမှာ ရွှေ့ချည်ပြီးနွားစာထည့်ကျွေးထားလိုက်သည်။ မိုးဦးကျစမို့ သူတို့နှစ်ကောင်လည်း ပင်ပမ်းလှသည်။ တိရစ္ဆာန်ပေမဲ့ သူ့တို့တာဝန်ကိုတော့ သူတို့သိသည်။ သခင်တွေ အိပ်ယာထကတည်းက သူတို့လည်း အိပ်ယာမှထပြီး စားဖို့ရာအတွက်စောင့်နေကြသည်။ မြေကြီးကို ရုန်းကန်ထွက်ယက်ရမှာဆိုတော့ သူတို့လည်း အားပြည့်ဖိုလိုသည်မဟုတ်ပါလား။
နွားတွေကို နွားစာကျင်းမှာကျွေးထားခဲ့ပြီးတော့ ညကစွန့်ထားတဲ့ နွားချေးတွေကိုကျုံးရပြန်သည်။ တံမြက်စည်းကိုကိုင်လို့ နွားတင်က်ုပ်နဲ့ အိမ်ဝိုင်းထဲကို အမှိုက်လှဲကျင်း သန့်ရှင်းရေးလုပ်လိုက်သည်။ အရှေ့ကောင်းကင်ဆီမှ ရောင်နီလာတော့ ယောကျာ်းဖြစ်သူ ကိုဘမောင်နဲ့ သားသမီးတွေကို နှိုးလိုက်ပါသည်။
“ကိုဘမောင်…ကိုဘမောင် ထတော့တော် ရောင်နီလာပြီတော့ တော် ဒီနေ့ မြောက်တောကို ယာကျဲသွားမှာဆို ကျုပ် ငဖြူနဲ့ငညိုကိုလည်း အစာကျွေးထားပြီးပြီ”
ယောကျာ်းဖြစ်သူကို နှိုးပြီးပြန်တော့“လူလေး ထွေးမောင် သမီးအေးမိ ထကြတော့ကွယ် မိုးလင်းတော့မယ် မင်းတို့အဖေနဲ့ ယာကျဲလိုက်ရမှာ အမေအားလုံး အဆင်သင့် ပြင်ထားပြီးပြီ နေမပူခင် ယာထဲစောစော ရောက်တော့ သက်သာတာပေါ့ ထကြ ထကြ”
ယောကျာ်းနဲ့ သားသမီးတွေကို နှိုးပြီးတော့ မီးဖိုချောင်ထဲမှာ ဘုရားဆွမ်းတော်တင်ဖို့အတွက် ထမင်းအိုးထဲက ဦးဦးဖျားဖျား ထမင်းကိုခူးပြီး ပဲပြုတ်ကြော် ခရမ်းချဉ်သီးထောင်းလေးကို အပေါ်ကပုံလိုက်သည်။ သောက်တော်ရေခွက်မှာလည်း သောက်ရေအိုးမှ ရေကိုခပ်ဖြည့်ပြီး အိမ်ပေါ်ဘုရားစင်ရှိရာဆီသို့ တက်လာခဲ့သည်။ ဆွမ်းတော်ဗန်းကို ဘုရားစင်မှာတင်ပြီး ဖယောင်းတိုင်လေးတစ်တိုင်ကို ထွန်းညှိပူဇော်လိုက်သည်။ အဲ့ဒီနောက်တော့ တဘက်လေးကို ပခုံးပေါ်မှာတင်လို့ ဘုရားစင်ရှေ့မှာထိုင်ကာ လက်အုပ်ချီပြီး ဘုရားဆွမ်းတော်ကပ်ကို မတိုးမကျယ်လေး ဆိုပြီးဆွမ်းကပ်လိုက်သည်။ အရပ်ဆယ်မျက်နှာကို မေတ္တာပို့အမျှဝေပြီး ကြေစည်လေးပါ ထုလိုက်သည်။ ပါးစပ်မှလည်း အခုလို ဆွမ်းကပ်လှူရသော အကျိုးအားကြောင့် ယာတောကို သွားမည့် ယောကျာ်းဖြစ်သူနဲ့ သားသမီးတွေအတွက် ဘေးအန္တရာယ်မှ ကင်းဝေးစေကြောင်း ဆုတောင်းလိုက်သေးသည်။ မိုးဦးကျကာလဆိုတော့ နွေရာသီမှာတွင်းအောင်နေခဲ့တဲ့ ပိုးကောင်မွှားကောင်တွေက ညဆိုအစာထွက်ရှာ တတ်ကြသည်။ မနက်အစော တောထဲထွက်ရင် အဲ့ဒါလေးတွေတော့ သတိထားရသည်။ မြွေတို့ကင်းတို့လို အဆိပ်ရှိတဲ့ အကောင်တွေက တောင်သူလယ်သမားတွေအတွက် အသက်ကိုပင်ဒုက္ခပေးနိုင်သည် မဟုတ်ပါလား။
မယ်အေးလှ ဆွမ်းတော်ကပ်ပြီးတော့ ကိုဘမောင်လည်း မျက်နှာသစ်ပြီးလို့ နွားတွေကို နွားစာထပ်ထည့်ကျွေးနေသည်။ ထွေးမောင်နဲ့ အေးမိတို့ မောင်နှမလည်း ဖခင်နဲ့အတူ ယာတောသွားဖို့ အဆင်သင့်ပြင်ဆင်ပြီး ထမင်းကြမ်းစားကြသည်။ သူတို့သားအဖတစ်တွေ ထမင်းကြမ်းစားနေတုန်း မယ်အေးလှက မျိုးစေ့တောင်းမှာ မျိုးစေ့ထည့်ရင်းက
“ကိုဘမောင် နှမ်း ဘယ်လောက်ထည့်လိုက်ရမတုန်းတော့ မနှစ်က လေးဗူးကျဲတာ နဲနဲပါးသလားလို့ ပဲစင်းငုံကတော့ တစ်ပြည်ထည့်လိုက်မယ် နှမ်းကိုလည်း ဒီနှစ် ခြောက်ဗူးလောက်တော့ ထည့်လိုက်မယ်တော် ကြည့်ပြီးပက်ပေါ့။ သမီးအေးမိ အမေ ပဲလက်ကောက်စေ့နဲ့ ဖရုံစေ့လေးတွေထည့်ပေးလိုက်တယ် ယာခင်းမြောက်စပ်က ရှားပင်ခြောက်ကြီးနားမှာ စိုက်ထားလိုက်နော်”
“ကိုယ့်ယာခင်းနားဆိုတော့ ရောက်တဲ့အခါ လွယ်လွယ်ခူးစားလို့ရတာပေါ့..”
မျိုးစေ့ထည့်ပေးရင်းက သမီးဖြစ်သူကို မှာကြားနေသည်။ အားလုံး နံနက်စာ ထမင်းကြမ်းစားသောက်ပြီးတော့ မယ်အေးလှက ကိုဘမောင် ထွန်းရှဉ်းကောက်ရာတွင် ကူညီလုပ်ကိုင်ပေးရပြန်သည်။ ထွန်ရှဉ်းကောက်ပြီးတော့ သားဖြစ်သူထွေးမောင်က ထွန်ရှဉ်းကိုမောင်း သမီးဖြစ်သူ အေးမိက မျိုးစေ့တောင်းကို ရွက်လို့ ကိုဘမောင်တို့ သားအဖသုံးယောက် ယာတောကို ယာကျဲထွက်သွားကြတော့သည်။
တန်ဖိုးကြီး ပစ္စည်းတွေ ကင်းတဲ့ အညာမီးဖိုချောင်(photo from google) |
သူတို့တွေထွက်သွားတော့ အိမ်မှာကျန်ခဲ့တဲ့ မယ်အေးလှက အငယ်ဆုံးကောင် ဖိုးသစ်ကို အိပ်ယာမှ နှိုးလိုက်သည်။ ဖိုးသစ်က အိမ်မှာအငယ်ဆုံးမို့ အိပ်ယာထအမြဲနောက်ကျတတ်သည်။ ဖိုးသစ်အိပ်ယာထပြီး မျက်နှာသစ် ကျောင်းသွားဖို့ ပြင်ဆင်ပြီးတော့ သားအမိနှစ်ယောက်အတူတူ ထမင်းကြမ်းစားကြသည်။ မယ်အေးလှတစ်ယောက်လည်း ရွာဦးကျောင်းက တုန်းခေါက်ကတည်းက အိပ်ယာမှထပြီး လုပ်လိုက်ရတာ အခုမှပဲထိုင်ရတော့သည်။ ဒါလည်း ကြာကြာထိုင်ရမည် မဟုတ်။ နံနက်စာ စားပြီးပြန်တော့ နေ့လည်စာ အတွက် ချက်ဖို့ကျန်သေးသည်။ သားအမိနှစ်ယောက် ထမင်းစားပြီးတော့ ဖိုးသစ်လည်း ကျောင်းသွားဖို့ လွယ်အိတ်ကို ကောက်လွယ်ပြီး ကျောင်းသို့ထွက်ခဲ့သည်။
မယ်အေးလှကတော့ တောထဲကို နေ့လည်စာ ထမင်းသွားပို့ဖို့ရာအတွက် မီးဖိုချောင်ကို နောက်တစ်ကြိမ် ၀င်ရပြန်သည်။ သူတို့ ယာခင်းက ရွာနဲ့ နဲနဲဝေးတော့ ထမင်းလိုက်ပို့ရသည်။
“ဟဲ့မယ်အေးလှ ဒီနေ့ညည်းတို့အိမ်က ဘယ်ယာခင်းကျဲလဲအေ့”
“ဒီနေ့ မြောက်တောကို သားအဖသုံးယောက်သွားကြလေရဲ့ အရီးဖွားခင်ရေ”
“မြောက်တောဆိုတော့ ညည်းထမင်းလိုက်ပို့ရမှာပေါ့”
“ဟုတ်တယ်အရီးလေး လိုက်ပို့ရမှာ အဲ့ဒါကြောင့် အခုထမင်းချက်နေတာ ကျုပ်သား ထွေးမောင်က ဆာတတ်တယ်တော့”
“ထမင်းပို့ နောက်ကျရင် နှုတ်ခမ်းကို စူနေတာပဲ”
“ဒါနဲ့ အရီးလေးတို့အိမ်ကော ဒီနေ့ဘယ်ယာခင်း သွားကျဲကြလဲ”
“ငါတို့အိမ်ကလူတော့ ဒီနေ့ ရွာတောင်ဘက်နားတင်အေ့ နီးနီးလေးပဲ”
“ညောင်ချဉ်ပင်နားက ယာခင်းကိုလား”
“အေးလေအေ မနှစ်က ငရုတ်စိုက်တဲ့ အခင်းပေါ့ ”
“ဒီနှစ် ငရုတ်မစိုက်တော့ ဘူးလား အရီးလေး”
“အေး ညည်းဦးလေးက ဒီနှစ် ယာခင်းပြောင်းပြီး စိုက်မလို့တဲ့အေ”
“ကျုပ်တို့တော့ မနှစ်က စိုက်တဲ့အကွက်မှာပဲ စိုက်အုံးမယ်”
“ငရုတ်ထွက်လည်း မဆိုးဘူးတော့ အဲ့ဒီအကွက်က” မယ်အေးလှက မီးဖိုချောင်ထဲကနေ ထမင်းချက်ပြုတ်ရင်း အရီးလေးဖွားခင်နဲ့ စကားတွေ ပြောနေခြင်းဖြစ်ပါသည်။
“ဒါနဲ့ အရီးလေး ဘာဟင်းချက်ခဲ့တုန်း”
“ကျုပ်တော့ မနေ့တုန်းက လူလေးထွေးမောင် တောထဲကအပြန် ဆူးပုတ်ရွက် အနုလေးတွေ ပါလာလို့ အဲ့ဒါလေးကို ပဲကြီးလေးနဲ့ ဟင်းချိုလေး ချက်ထားတယ်။ အချဉ်ကတော့ ချဉ်ပေါင်နီသီး ခြောက်ကို ခရမ်းချဉ်သီးလေးနဲ့ ရေစပ်စပ်လေးချက်ထားတယ်။ နောက်ပြီးတော့ ငါးပိကောင်လေးကို ကြက်သွန်နဲ့ ငရုတ်သီးစပ်လေး ကြော်လိုက်မလားလို့”
“ကောင်းပါတော် ညည်းဟင်းတွေက အစပ်ကိုတည့်နေတာပဲ”
"ငါလည်း ပဲဟင်းချိုပဲအေ့ ပဲကြီးတော့ မဟုတ်ပါဘူး ကုလားပဲခြမ်းခွဲပြီးသား ရှိတာလေး ချက်ထားတယ် ညည်းဦးလေးက ဟင်းချိုမပါရင် ထမင်းမစားတတ်ဘူးအေ့”
“ကျုပ်တို့အိမ်ကလည်း ဒီလိုပါပဲ အရီးလေးရယ် အလုပ်ကပင်ပမ်းတော့ အရည်သောက်လေးပါမှလည်း ထမင်းစားရတာက အဆင်ပြေတယ်မဟုတ်လား”
"ကျုပ်သားထွေးမောင်ကလည်း ပဲကြီးဟင်းချိုကို ကြိုက်ချက်တော် ဆူးပုတ်လေးများပါရင် စားတာများခေါင်းကိုမဖော်တော့ဘူး”
“နေအုံးတော့ အရီးလေး ဆူးပုတ်ရွက်လေး နဲနဲယူသွားအုံး သိပ်တော့မများဘူး အနံ့လေးပါတော့ သောက်ရတာ ကောင်းတာပေါ့ ”
“အေးဟယ် ဒါဆိုလည်း ထည့်လိုက်အုံးမယ် ငါလည်းနေ့လည်ကျရင်တော့ အနောက်ချိုင်းထဲကို ထင်းခွေရင်း ဟင်းရွက်ခူးထွက်အုံးမဟဲ့”
“အနောက်ချိုင်းထဲကလည်း ဆူးပုတ်ပင်တွေ ပေါတယ်တော့ ကြံ့ဟင်းနွယ်တွေလည်း အများကြီးပဲ အခုဆို နုနေလောက်ပြီ ရောက်ရင်တော့ ပိုပြီးခူးခဲ့အုံးတော်”
“အေးပါအေ ငါ တောထဲရောက်ရင် ဘယ်တုန်းကနေလို့တုန်း တစ်ဝိုင်းလုံးစာ ခူးခူးလာတာ ညည်းသိသားနဲ့ ငါလည်းပြန်လိုက်အုံးမယ်အေ ဟင်းအိုးက မီးဖိုပေါ်တည်ထားခဲ့တာ ရေခန်းနေလောက်ပြီ ဆွမ်းတော်တောင် ၀င်ပြီးအေ့ ညည်းလည်း ထမင်းပို့သွားဖို့ ပြင်တော့”
“ကျက်ပါပြီအရီးလေး ခဏနေရင် ထမင်းခူးပြီး သွားပို့တော့မယ် ကျုပ်သားက ကျောင်းကတုန်းခေါက်သံ ကြားရင် ထမင်းပို့မျှော်တာ တော်ကြာရောက်မလာရင် နှုတ်ခမ်းစူနေလိမ့်မယ်”
“သူတို့က လူငယ်တွေလေအေ ဒီအရွယ်က စားကောင်းအိပ်ကောင်းဟဲ့ ဒီကြားထဲ အလုပ်ကပင်ပမ်းတော့ ပိုဆိုးတာပေါ့ ကိုင်းကိုင်း ငါလည်းပြန်အုံးမယ်”
ဒေါ်ဖွားခင်လည်း မယ်အေးလှနဲ့စကားကောင်းနေရာမှ ထပြန်လာခဲ့သည်။ မယ်အေးလှကတော့ စကားပြောရင်း မီးဖိုချောင်းမှာ ထမင်းပို့သွားဖို့အတွက် ပြင်ဆင်နေတာ အခုတော့ အဆင်သင့်ဖြစ်နေပြီ။ ရေနွေးအိုး တစ်လုံးကျရင် သွားလို့ရပါပြီ။
“ဆွမ်းဟင်း ဆွမ်းတော်ဗျို့” ရွာဦးကျောင်းက မောင်ကျောင်းသားရဲ့ ဆွမ်းတော်ဗျို့အော်လိုက်တဲ့ အသံဖြစ်ပါသည်။
“ရပ်ပါအုံး ကိုရင်လေး” ဆွမ်းသပိတ်ပိုက်ထားသော ကိုရင်လေးကို မယ်အေးလှက ဆွမ်းတော်ရပ်ဖို့ ပြောလိုက်ခြင်းဖြစ်ပါသည်။
တောထဲထမင်းပို့ဖို့ မခူးခင်က ဆွမ်းတော်အတွက်အရင်ဆုံး ခူးထားသော ထမင်းခွက်နဲ့ ပဲကြီးဆူးပုတ်ဟင်းချိုခွက်ကိုယူကာ ကိုရင်လေးသပိတ်မှာ ဆွမ်းခွက်ကို လောင်းထည့်လိုက်ပြီး ဟင်းချိုခွက်ကိုတော့ မောင်ကျောင်းသားရဲ့ ဟင်းဆိုင်းထဲမှာ လောင်းထည့်လိုက်ပါသည်။
အငယ်ကောင်ဖိုးသစ်ကလည်း ထမင်းစားကျောင်းဆင်းလာတော့ အိမ်ကိုအပြေးပြန်ရောက်လာသည်။ “လူလေးဖိုးသစ် ရေချိုးသွားရင် ရေအိုင်အနက်ကြီးထဲ သွားမချိုးနဲ့နော်။ အကြာကြီးလည်း ချောင်းထဲမှာ ဆော့မနေနဲ့ အမေ တောထဲကို ထမင်းသွားပို့လိုက်အုံးမယ်။ လူလေးအတွက် ထမင်းခူးပြီး ထမင်းစားခုံပေါ်မှာ ထားထားတယ်။ စားပြီးရင် အိမ်ပေါ်က ဒန်အိုးသစ်ထဲမှာ ထန်းလျက်ရှိတယ်။ အဲ့ဒီအထဲက ကျောင်းကို တစ်လုံးယူသွားနော်။အိမ်ပေါက်ကိုလည်း လုံအောင်ပိတ်ထားခဲ့ ကြားလား” သားဖြစ်သူ ဖိုးသစ်ကို မှာပြီး ထမင်းတောင်းကို ခေါင်းမှာရွက် ရေနွေးဗူးကို လက်မှာဆွဲလို့ ကိုဘမောင်တို့ သားအဖသုံးယောက်ရှိရာ မြောက်တောက ယာခင်းဆီသို့ မယ်အေးလှ ထမင်းပို့ ထွက်လာခဲ့ပါတော့သည်။
“ထွန်းရှဉ်းဖြုတ်တာ ကြာပြီးလား ကိုဘမောင်” မယ်အေးလှက ခေါင်းပေါ်မှ ထမင်းတောင်းကိုချရင်း ကိုဘမောင်ကိုလှမ်းမေးလိုက်သည်။
“မကြာသေးပါဘူးဟ အစောကလေးတင် ဖြုတ်တာ”
“ကလေးတွေရော မမြင်ပါလား ဘယ်သွားကုန်ကြလဲတော့”
“သူတို့မောင်နှမ အရှေ့ဘက်ရိုးထဲကို ဆင်းသွားကြတယ် နင့်သားက ပျားအုံးတွေ့ထားတယ် ပြောတာပဲ မောင်နှမနှစ်ယောက် ပျားအုံးသွားဖွတ်တယ် ထင်တယ်”
“ဒါဆိုလည်း သူတို့ပြန်လာမှ စားကြတာပေါ့ ကျုပ်လည်း ရေခပ်ရအောင် လိုက်သွားလိုက်အုံးမယ်” ဟုပြောပြီး မယ်အေးလှတစ်ယောက် ဒဟတ်ပင်ခွကြားမှ ရေအိုးကိုယူပြီး ထွေးမောင်တို့မောင်နှမရှိရာ အရှေ့ဘက်ရိုးထဲသို့ ဆင်းလိုက်သွားပါသည်။
“ဟော အမေတောင် ထမင်းပို့ရောက်လာပြီလား ကျုပ်လည်းထမင်းဆာနေတာ မနေ့ကပျားအုံ မြင်ထားခဲ့လို့ အစ်မနဲ့ ပျားသွားဖွတ်တာ အမေရေ ပျားအုံကြီးက အကြီးကြီးပဲ ဟော့ဒီမှာကြည့်အုံးဗျ” ဆိုပြီး ထွေးမောင်က သူဖွတ်လာသော ပျားအုံကြီးကို မြှောက်ပြလိုက်သည်။
“ဟုတ်ပါ့တော် ပျားရည်တွေကိုပြည့်နေတာပဲ သွားသွားမင်းတို့အဖေ ထမင်းစားဖို့ စောင့်နေတယ် အမေ ရေအိုးလေး ခပ်လိုက်အုံးမယ် သွားနှင့်ကြ”
“ထွေးမောင် နင်သွားနှင့်တော့ ငါအမေနဲ့ရေခပ်ပြီးမှ အတူတူလာခဲ့မယ်” အေးမိက ထွေးမောင်ကို အရင်သွားနှင့်ဖို့ပြောလိုက်သည်။
“ဒါဆိုသွားပြီ အစ်မရေ ကျုပ်ကတော့ ထမင်းဆာလှပြီ” ဟုပြောပြီး ထွေးမောင်တစ်ယောက် ထမင်းတောင်းရှိရာ ယာခင်းစပ်က ဒဟတ်ပင်ဆီသို့ အပြေးနှင်တော့သည်။
မယ်အေးလှတို့ သားအမိပြန်ရောက်လာတော့ မိသားစုတစ်တွေ ယာခင်းစပ်က ဒဟတ်ပင်အောက်မှာ ၀ိုင်းဖွဲ့ပြီးထမင်းစားကြသည်။ ငဖြူနဲ့ငညိုတို့ကိုတော့ ယာခင်းစပ်က တောထဲမှာချည်ထားသည်။ သူတို့နှစ်ကောင်လည်း ထွန်ရှဉ်းရုန်းရတာ ပင်းပမ်းလှသမို့ သစ်ပင်ရိပ်မှာ အိပ်စက်ရင်း အနားယူနေကြသည်။ မယ်အေးလှလက်ရာ ပဲကြီးဆူးပုတ်ဟင်းချို၊ ချဉ်ပေါင်သီးခြောက်ချက်၊ ငပိကောင်ကြော်စပ်စပ်က တောနံ့တောင်နံ့တွေနဲ့ ယာခင်းစပ်က မိသားစုထမင်းဝိုင်းမှာ အရသာတွေ့လှသည်။ ပဲကြီးဟင်းချိုကြိုက်လှတဲ့ ထွေးမောင်တစ်ယောက်လည်း ခေါင်းကိုမဖော်တမ်း စားနေလိုက်တာ ထမင်းနှစ်ပန်းကန် လောက်ကုန်သွားသည်။ မယ်အေးလှကတော့ သားဖြစ်သူ ထမင်းစားတာကိုကြည့်ပြီး ပြုံးနေသည်။ ယာထဲမှာနွားနဲ့ဖက်ပြီး ရုန်းကန်နေရတော့လည်း ဆာရှာပေမပေါ့ ဟုလည်း စိတ်ထဲက တွေးနေမိသည်။ တောသူတောင်သားတို့ ဘ၀ကတော့ ဒီလိုပါပဲလေ ဒီလိုမှမရုန်းကန်ရင်လည်း စားရဖို့က မလွယ်ဘူး မဟုတ်ပါလား။
သားအမိတစ်တွေ စားသောက်ပြီးတော့ မယ်အေးလှထည့်ယူလာတဲ့ ထန်းလျက်ခဲလေးကို ကိုက်လို့ ရေနွေးလေးနဲ့ ထမင်းစားပြီး အချိုတည်းရင်း အနားယူကြသည်။ ထွေးမောင်ကတော့ ဗိုက်ပြည့်သွားပြီမို့ ဒဟတ်ပင်ရိပ်မှာ အပိုယူလာတဲ့ ပုဆိုးလေးကိုခင်းလို့ တစ်ရေးတစ်မော အိပ်စက်ဖို့ပြင်နေသည်။ ကိုဘမောင်ကတော့ ငဖြူနဲ့ငညိုကို မြက်ပေါတဲ့နေရာသို့ ရွှေ့ပြီးချည်ပေးနေသည်။ အေးမိတစ်ယောက်လည်း ထွေးမောင်နည်းတူ ဒဟတ်ပင်ရိပ်မှာ တစ်ရေးတစ်မော အိပ်စက်အနားယူနေသည်။ သူလည်း တစ်မနက်လုံး ထွန်းရှဉ်းနောက်က အမှိုက်ကောက်လိုက် ယာခင်းစပ်က ချုံပုတ်တွေကို ရှင်းလိုက်နဲ့ နားရသည်မရှိ။ ပင်ပမ်းရှာမှာပေါ့။ မယ်အေးလှကတော့ ဓားတစ်ချောင်းကိုကိုင်ရင်း ယာခင်းစပ်က တောထဲကို ၀င်လာခဲ့သည်။ တောထဲရောက်တုန်း ထင်းခြောက်တစ်စည်းလောက်ခွေပြီး အိမ်အပြန် သယ်သွားရအုံးမည်လေ။ ထင်းခွေရင်း မျက်စိကလည်း အပင်တွေဆီကို လှည့်ကြည့်ပြီး ဟင်းချက်စရာ အပင်များကို ရှာသေးသည်။ မိုးဦးကျပြီးခါစ ဆိုရင် တောထဲမှာ ဆူးပုတ်ရွက်၊ ကျီးအာရွက်၊ကြံ့ဟင်းရွက် စတာတွေက အရွက်နုတွေနဲ့ တွေ့ရတတ်သည်။
အဲ့ဒီလိုလျှောက်ကြည့်ရင်းက အပင်တစ်ပင်ဆီကို မယ်အေးလှမျက်စိက အကြည့်ရောက်သွားပါသည်။ တယ်ပင် ပေါ်ကို အုံဖွဲ့ပြီးတက်နေတဲ့ အရွက်နုတွေနဲ့ ကျီးအာနွယ်တွေကို မြင်တော့ အားရ၀မ်းသာ သွားပြီးခူးလိုက်သည်။ ထင်းခြောက်ကလည်း တစ်စည်းစာရပြီ။ ဟင်းချက်စရာအတွက်လည်း ကျီးအာရွက်တွေရပြီ ကောင်းကင်ကို မော့ကြည့်လိုက်တော့ နေကလည်း အနောက်တောင်ရိုးစပ်ဆီကို မေတင်စပြုနေပြီဆိုတော့ အိမ်ပြန်ဖို့ရာအတွက် ပြင်ဆင်လိုက်သည်။ ထင်းစည်းကို ခေါင်းမှာရွက်လို့ ကျွန်းဖက်နဲ့ထုပ်ထားတဲ့ ကျီးအာရွက်ထုပ်ကို လက်က ကိုင်ရင်း ယာခင်းရှိရာဆီသို့ ပြန်လာခဲ့သည်။
မယ်အေးလှ ယာခင်းနားပြန်ရောက်တော့ အိပ်နေတဲ့ထွေးမောင်တို့မောင်နှမလည်း အိပ်ယာမှထနှင့်ကြပြီ။ ကိုဘမောင်လည်း ငဖြူနဲ့ငညိုကို အိမ်ပြန်ဖို့အတွက် ထွန်ရှဉ်းပြန်ကောက်နေလေပြီ။ အားလုံးပြင်ဆင်ပြီးကြတော့ အေးမိက ထမင်းတောင်းကိုရွက်၊ ထွေးမောင်ကနွားရှဉ်းကိုမောင်း၊ ကိုဘမောင်ကတော့ မျိုးစေ့တောင်းကို ထမ်းလျက်၊ မယ်အေးလှက ထင်းခြောက်စည်းကို ခေါင်းမှာရွက်ပြီး သားအမိသားအဖတစ်တွေ ယာတောဆီမှ အိမ်သို့ပြန်လာခဲ့ကြလေသည်။ ၀င်လုစ နေရောင်အောက်မှာ ငှက်တစ်အုပ်ကလည်း အိပ်တန်းတက်ဖို့ တောစပ်ဆီကို ပျံသန်းလာနေကြသည်။ တောထဲကို ထွက်ကျောင်းတဲ့ ဆိတ်အုပ်၊နွားအုပ်တွေလည်း ရွာဆီသို့ ပြန်မောင်းလာကြချေပြီ။ ချောင်းထဲရေခပ်လမ်းမှာလည်း ရေထမ်းပုံးကိုယ်စီနဲ့ သွားသူကသွား ပြန်သူကပြန်လို့ တစ်နေတာကုန်ဆုံးခါနီးပြီမို့ သူ့ထက်ငါ အပြေးအလွှားရေခပ်နေကြသည်။
မယ်အေးလှကတော့ အိမ်ပြန်ရောက်ရောက်ချင်း ထင်းစည်းကို ခေါင်းပေါ်မှချလို့ သူ့တာဝန်ဖြစ်တဲ့ ညနေစာချက်ပြုတ်ဖို့ရာ မီးမွှေးပြီးရေနွေးအိုးတည်၊ ထမင်းအိုးတည်ဖို့ ဆန်ဆေး စတာတွေကို ဇယ်ဆက်သလို ဆက်တိုက်လုပ်ရပြန်သည်။ အေးမိက ချောင်းထဲကို ရေခပ်သွားဖို့ ပြင်သည်။ ထွေးမောင်ကတော့ နွားစာစဉ်းနေလေပြီ။ ကိုဘမောင်ကတော့ မယ်အေးလှ ရွက်လာတဲ့ ထင်းခြောက်စည်းမှ ထင်းချောင်းတွေကို ခုတ်ဖြတ်နေသည်။ ညမိုးချုပ်လာတော့ မယ်အေးလှမီးဖိုချောင်မှာလည်း ရေနံဆီမီးခွက်က နောက်တစ်ကြိမ် ထွန်းညှိရပြန်ပြီ။ မိသားစု ညနေထမင်းဝိုင်းမှာတော့ နေ့လည်တုန်းက တောထဲမှပါလာတဲ့ ကျီးအာရွက်ကို ထွေးမောင် ဖွတ်လို့ရလာတဲ့ ပျားသလက်နဲ့ ဟင်ချိုးလေးချက်ပြီး ခရမ်းချဉ်သီးထောင်း၊ မနက်ကကျန်တဲ့ ငါးပိကောင်ကြော်လေးနဲ့ မိသားစုတွေဝိုင်းဖွဲ့ စားသောက် လိုက်ကြသည်။
ညနေစာ စားသောက်ပြီးပြန်တော့ ကိုဘမောင်က အိမ်ကိုလာလည်တဲ့ အိမ်နီးနားချင်းတွေနဲ့ စကားစမြည်ပြောဆိုရေနွေးသောက်ရင်း၊ ခဏတာအနားယူသည်။ မယ်အေးလှကတော့ အိပ်ယာမ၀င်ခင် သူပြုနေကျ ဘုရားသောက်တော်ရေကပ်ခြင်း၊ မီးပူဇော်ခြင်း၊ ဘုရားပန်းလဲခြင်း၊ ဘုရားရှိခိုးခြင်းတို့ကို ပြုလုပ်နေလေသည်။ မန်ကျည်းပင်ပေါ်မှ ရွှေနီကြီးက တောင်ပံတွေကို ရိုက်ခတ်ပြီး ညဥ့်ဦးယံအတွက် တွန်သံပြုတော့ စကားဝိုင်းကလူတွေလည်း လူစုခွဲပြီး အိပ်ယာဝင်ခဲ့ကြသည်။ နောက်နေ့မနက် လင်းကြက်တွန်သံနဲ့ ရွာဦးကျောင်းက တုန်းခေါက်သံ ကြားပြန်ရင်တော့ မယ်အေးလှတစ်ယောက် အရင်နေ့ကလိုပဲ အိပ်ယာမှထရပေအုံးမည်…..။
တစ်နေ့တစ်နေ့ အလုပ်ကိုဇယ်ဆက်သလို လုပ်ရတဲ့ အညာက တောင်သူလယ်သမား ဇနီးမယားတစ်ယောက်ရဲ့ တစ်နေ့တာလုပ်ငန်းလေးကို ဗဟုသုတအလို့ငှာ ရေးသားခြင်းဖြစ်ပါသည်။ အလုပ်ရယ်လို့ မယ်မယ်ရရ ချပြစရာမရှိသော်ငြား သူလည်းအိမ်မှာနေရင်းကနေ မအားလပ်နိုင်အောင် လုပ်ရပါသည်။ တကယ်တော့ တစ်အိမ်လုံး သူ့လက်နဲ့မထိမိတာရယ်လို့ မရှိသလောက်ပါပဲ။ အိမ်ရှင်မတိုင်း အတုယုသင့်တဲ့ အညာသူ မယ်အေးလှရဲ့ တစ်နေ့တာလုပ်ငန်းလေးတွေပေါ့ဗျာ….
ဒီပို့စ်လေးကို ဖတ်ပြီး အညာရဲ့ ဗဟုသုတလေး အနည်းငယ်မျှ စာဖတ်သူရင်မှာ ကျန်ရစ်တယ်ဆိုရင် ကျွန်တော်ရေးသားရကျိုးနပ်ပါတယ်။
ကျွန်တော်နားလည်သလို ရေးထားခြင်းဖြစ်လို့ ဖတ်လို့အဆင်မပြေတာ၊ လိုအပ်တာလေးများရှိခဲ့ရင် ပြောပြခဲ့စေလိုပါသည်။ စာဖတ်သူတို့ရဲ့ အမြင်လေးများကို စောင့်မျှော်လျှက်ပါဗျာ…
အားလုံးပဲ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်….
5 comments:
လာဖတ်သွားတယ်ကွယ် အညာအကြောင်းဆိုရင် မဖတ်ပဲ မနေနိုင်ဘူး..
အညာသားက အညာချစ်တာ မဆန်းပါဘူးနော်...
အကိုရေ အညာသူမလေးရဲ့ တစ်နေ့တာ အလုပ်တွေဖတ်သွားတယ်နော်.. မင်္ဂလာရှိသောနှစ်သစ်လေးဖြစ်ပါစေအကို။
စာလေးဖတ်သွားတယ် ကျေးဇူးပါ
ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဒေါသ မောဟ လောဘတွေ မပါတဲ့ အညာမိသားစုဘ၀လေးအကြောင်း ဖတ်ရတာ ကြည်နူးဖို့ ကောင်းလိုက်တာ..
ရွာက မိသားစု နဲ့  ဆွေမျိုးတွေကိုသတိရတယ် ပျားသလက် ဟင်းချိုဆိုတာဘယ်လိုမျိုးလည်းမသိ ဟဲဟဲ မြည်းကြည့်ချင်တယ်။
Post a Comment