ဈေးအပေါ်မျက်နှာကျက်မှာ အလှဆင်ထားတဲ့ ပန်းလုံးတွေ |
ဒီနေ့ ကျောင်းပိတ်ရက်မှာ သူငယ်ချင်း တစ်ယောက်က ဈေးဝယ်သွားတာ အဖော် လိုက်ခဲ့ပေးဖို့ခေါ်လို့ သူနဲ့လိုက်သွား ဖြစ်တယ်။ ဒီနေ့မနက်အိပ်ယာထကတည်းက အပြင်မှာ ရာသီဥတု ကလည်း နှင်းတွေ ကျနေလို့ အဆောင်မှာပဲ ဇိမ်နဲ့ကွေးမယ်ဆိုပြီး စဉ်းစားထားတာ။ ဈေးဝယ်ဆိုတော့လည်း နဲနဲစိတ်ဝင်စားတာနဲ့ သူငယ်ချင်းလည်း အဖော်ရအောင်ဆိုပြီး နှင်းတွေကြားမှာပဲ ထွက်လာခဲ့ပါတယ်။ လမ်းသွားရတာကတော့ သိပ်ပြီးတော့ အဆင်မပြေ လှဘူးဗျာ။ မြန်မာပြည်က ရွှံ့ဗွက်တွေအစား ဒီမှာတော့ နှင်းဗွက်တွေထဲမှာ သွားခဲ့ရတယ်။
ဆိုင်ရောက်တော့လည်း ပစ္စည်းတွေကလိုချင်စရာ တွေကြည့်ပဲ။ အစကတော့ ဘာမှမ၀ယ်တော့ဘူးလို့ ဆုံးဖြတ်ထားတာ ဟိုကြည့်ဒီကြည့်နဲ့ ဈေးနှုန်းကလည်း တ၀က်ဈေးပဲလို့ ရေးထားတော့ စိတ်ကဘယ်လိုမှ မရတော့ဘူး။ ပုံမှန်ရောင်းတာ တစ်ထောင်ဆိုရင် ငါးရာနဲ့ရမှာလေဗျာ ဟဲ..ဟဲ.. တောသားပဲလေနော့။ ကိုယ့်အထွာနဲ့ကိုပေါ့။ အဲ့ဒါနဲ့ နွေရာသီမှာ ၀တ်ဖို့ အပေါ်ဝတ်အကျီင်္တစ်ထည် နဲ့ ကင်မရာထည့်ဖို့ အိတ်လေးတစ်လုံး ၀ယ်လာဖြစ်တယ်။ အဆောင်က သူငယ်ချင်းတွေ ကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြတော့ သူတို့ကလည်း လိုချင်တယ်ပြောတာနဲ့ သူငယ်ချင်းနှစ်ယောက် အတွက်ပါ အင်္ကျီတစ်ထည်စီ ၀ယ်လာပေးလိုက်တယ်။အလကားမဟုတ်ဘူးနော်။ အဆောင်ရောက်တော့ ပိုက်ဆံ ပြန်တောင်းတာပေါ့ဗျာ (ဟဲ…ဟဲ)။
သူတို့ကလည်း မသိရင်တော့ လူအစစ်တွေအလား |
မြန်မာပြည်မှာတော့ ဈေးဝယ်လို့ပြီးရင် မုန့်ဟင်းခါးဆိုင်တို့၊ ကြာဇံဟင်းခါးဆိုင် တို့ကို သွားတာပေါ့ဗျာ။ ဒီမှာတော့ မက်ဒေါ်နယ် လို့ခေါ်သလား (ဟမ်ဘာဂါလို့ခေါ်သလား) မပြောတတ်ပါဘူး သူငယ်ချင်းနှစ်ယောက် အဲ့ဒီဆိုင်တန်းတွေဘက်ကို ရောက်သွား ပါတယ်။ တောသားဆိုတော့ အမှန်အတိုင်းပြောရရင် အဲ့ဒီလို အစားအစာ တွေကိုသိပ်ပြီး ခံတွင်းမတွေ့လှဘူးဗျ။ သူငယ်ချင်းတွေနဲ့ ဟမ်ဘာဂါစားရင် တစ်ခုကို ကုန်အောင် အတော်လေး စားယူရတယ်။ အဲ့ဒါနဲ့ ဆိုင်တွေကိုလျှောက်ကြည့်တော့ ထမင်းကြော်တွေ၊ ခေါက်ဆွဲကြော်တွေကို ဒယ်အိုးနဲ့ မဟုတ်ဘဲ မီးဖိုပလိပ်ပြား ပေါ်မှာ ဓားတွေနဲ့ခုတ်စင်းပြီး ကြော်နေတာ တွေ့တာနဲ့ စိတ်ဝင်စားလို့ သူငယ်ချင်းကို အဲ့ဒီဆိုင်မှာ သွားစားဖို့မဲဆွယ် လိုက်ပါတယ်။ ဟမ်ဘာဂါ ကိုတော့ အရင်နှစ်ခါလောက် စားဖူးပြီးသားမို့ စားချင်စိတ် မရှိတော့ဘူး။ သူငယ်ချင်းကလည်း နှစ်ခါမပြောရပါဘူး နှစ်ယောက်သား ဆိုင်ကို ရောက်သွားပါလေရော။ ဆိုင်ရောက်တော့ ကောင်တာမှာ ထိုင်တဲ့တစ်ယောက်က အာရှသားဖြစ်ဟန်တူပါတယ်။ ဖော်ဖော်ရွေရွေပါပဲ။ အစားအစာတွေအကြောင်း ပြောပြတယ်။ အဲ့ဒါနဲ့ ကျွန်တော်က ခေါက်ဆွဲကြော်(ဆိုင်မှာရေးထားတာတော့ спаго တဲ့) တစ်ပွဲနဲ့ သူငယ်ချင်းက ထမင်းကြော်တစ်ပွဲ မှာလိုက်ပါတယ်။
အကြော်ထဲ ထည့်မည့် အဆာပလာတွေကိုလည်း ကိုယ်တိုင်ပဲကြိုက်တာ ယူထည့်ရတယ်။ အဲ့ဒါတွေယူထည့်တော့လည်း ဆိုင်ရှင်က အသားများများထည့်ယူတဲ့ အသားကိုက အဲ့လောက်မခင်မင်တော့ နဲနဲလေးပဲ ယူထည့်လိုက်တယ်။ နောက်တော့ ဆိုင်ရှင်က ကျွန်တော့်ပန်းကန်ထဲကို အသားတွေကိုယ်တိုင် လာထည့်ပေးတာ ပန်းကန်က အသားတွေနဲ့တင် ပြည့်သွားပါတယ်။ပြီးမှ အသီးအနှံတွေ ကိုယ်ကြိုက်တာ ယူထည့်တဲ့ဗျာ။ သဘောကောင်းချက်တော့ လွန်ပါရော။ ကျွန်တော့်တစ်ပွဲစာက နှစ်ယောက်စားလို့ ရနေပြီ။ ကိုယ့်ထည်ချင်တာတွေ ထည့်ပြီးတော့ ကြော်တဲ့သူဆီကို ပေးလိုက်ပါတယ်။ ကျွန်တော့်အကျင့်ကလည်း တစ်မျိုးဗျ စားသောက်ဆိုင်ရောက်ရင် အစားစားဖို့ထက် သူတို့ချက်တာပြုတ်တာကို ကြည့်ရတာ ပိုသဘောကျတယ်။ ဖြစ်နိုင်ရင် ၀င်ပြီးစမ်းလုပ်ကြည့်ချင်တာ။ အချက်အပြုတ်ကလည်း အဲ့ဒီလောက်ကို ၀ါသနာကြီးတာ။ ဒါပေမဲ့ ၀ယ်သူက၀ယ်သူပဲပေါ့နော်။ သူချက်ပြုတ်နေတာကို သဘောကျစွာ ကြည့်နေရင်း ဓာတ်ပုံပဲ ရိုက်လာခဲ့ပါတယ်။ ကြော်လို့ပြီးတော့ တစ်ခါသုံး ခွက်နဲ့ထည့်ပေးပါတယ်။ နောက်ပြီး ဂျုံကို မီးဖုတ်ထားတဲ့ဟာ တခုလည်း ထည့်ပေးသေးတယ်။ ကျန်တဲ့ အချဉ်တို့ နံနံပင်တို့ကိုတော့ ကိုယ်ကြိုက်တာ ထည့်ယူနိုင်ပါတယ်။ စားကြည့်တော့ အရသာက မဆိုးပါဘူး။ နည်းနည်းလေးတော့ ပေါ့တယ်။ ဆားနဲ့ ငရုတ်ကောင်းမှုန့် လေးထပ်ဖြည့်ပြီး ပြင်လိုက်တော့ အနေတော်ပါပဲ။ စားလိုက်တော့ တ၀က်တောင် မကုန်သေးဘူး ဗိုက်ကပြည့်ပြီ။ အဆောင်မှာကလည်း ထမင်းကြမ်းနဲနဲစားလာခဲ့လို့ပါ။ ဒီအတိုင်းထားခဲ့ဖို့ ကျတော့လည်း နှမြောစရာမို့ သူငယ်ချင်းကို တ၀က်ခွဲထည့်ပေးလိုက်တယ်။ ကျန်တာလေးကိုတော့ ကုန်အောင်စားခဲ့တယ်။ ဟိုဘေးက ဂျုံမီးဖုတ်ကိုတော့ စားတယ်ဆိုယုံလေးပဲ ဖဲ့ပြီးအရသာကို မြည်းကြည့်ခဲ့ပါတယ်။
သူကြော်နေတာကြည့်ရင်း ကျွန်တော်လည်း လက်တွေကို ယားနေတာပဲ |
စားပြီတော့ ခဏထိုင်ရင်း သူတို့ဆီက ဆိုင်တွေရောင်းချတာကို အကဲခတ်ကြည့်တော့ သူတို့ဆိုင်တွေက လူကုန်သက်သာတယ်ဗျ။ ကျွန်တော်တို့ ဆီမှာလို ငွေရှင်းဖို့ ခေါ်ရတာတို့ ပန်းကန်သိမ်းဖို့ ခေါ်ရတာတို့ လုပ်နေစရာ မလိုဘူး။ ပိုက်ဆံကလည်း မစားခင်ကတည်းက ရှင်းထားရတာ။ ပန်းကန်ဆိုတာကလည်း တစ်ခါသုံးတွေ ဆိုတော့ စားပြီးလွှင့်ပစ်ယုံပဲ။ တချို့ဆိုင်ကြီးတွေမှာတော့ ပန်းကန်သုံးကြပါတယ်။ အဲ့ဒီစနစ်လေးလဲ မဆိုးဘူးဗျနော်။ လူအကုန်သက်သာတာပေါ့။ စားပွဲထိုးငှားရ၊ ပန်းကန်ဆေးငှားရ၊ သန့်ရှင်းရေးငှားရ စတာတွေ အပိုလုပ်မနေရတော့ဘူး။ သန့်ရှင်းရေး သမားကလည်း ဆိုင်တွေအများကြီးမှ နှစ်ယောက်သုံးယောက်လောက်ပဲ စားပြီးသွားတဲ့ ၀ိုင်းကခုံကို ပုဝါလေးနဲ့ လိုက်သုတ်ပေးလိုက်ရင်ပြီးပြီ။ အမှိုက်တွေကိုလည်း တွန်းလှည်းလေးနဲ့ တစ်ခါထဲ သယ်သွားတယ်။ အဲ့ဒီနောက်တော့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်လည်း ထပြန်လာခဲ့ကြပါတယ်။ ဘူတာရုံမရောက်ခင်အထိ နှင်းဗွက်ကို ရုန်းပြီး စိုစိစိနဲ့လမ်းလျှောက်ခဲ့ရပါတယ်။ အဆောင်ပြန်ရောက်တော့ အနားယူရင်း ဒီပို့စ်လေးချရေးလိုက်ပါတယ်။ ကျွန်တော်လက်ဆော့လာတဲ့ ပုံလေးတွေလည်း အားပေးသွားပါအုံးဗျာ။ ကျွန်တော်အညာသား ဒီရောက်မှ ကင်မရာကိုင်ဖူးတာပါပဲ။
ကြည့်ပါအုံး အများကြီးပဲဗျာ(လဘက်စိမ်းရေနွေးခွက်) |
ဟိုဘက်က စိမ်းစိမ်းလေးက ဆမြိတ်ရွက်နဲ့ အောက်ကဆော့အချဉ် |
ခေါက်ဆွဲကြော်ကြိုက်တတ်ရင် သုံးဆောင်သွားအုံးနော်...:P
ကျွန်တော့်ညီအစ်ကို မောင်နှမတွေ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေဗျာ….
2 comments:
ဘေးက ဘလင်းနီ မုန့်လားဟင် ... စားချင်တာ..
ငါမုန့်မှုန့် တစ်ဝက် ကျန်သေးတယ်... နောက်ရက်
ကြော်စားမယ်...:P
စားကောင်းမဲ့  ပုံပဲ ဈေးကြီးလား ..တပွဲ ကို ၃ယောက်လောက်တောင်စားလို့ ရမယ်ထင်တယ်..
Post a Comment