“ခေါင်းလောင်းသံ…တညံညံပေးတဲ့…ရွာကျောင်းကို…ပြေးမြင်မိရင်…သတိရလေတယ်…သူငယ်ချင်းရေ…
တို့များငယ်ငယ်တုန်းက…ရွာအ၀င်လမ်းဆီကနေ…လက်ချင်းယှက်ကာ…ပြေးကာလွှားကာ…ကျောင်းတက် လာကြတာတွေ…မေ့နိုင်ပါမလား…မင်းတို့ငါတို့…ငယ်ငယ်တုန်းကလေ…” ဆိုတဲ့ တေးသံရှင် တွံတေး သိန်းတန်ရဲ့ “အသီးတစ်ရာ အညှာတခု” သီချင်းလေးကို နားထောင်ရင်း ကျွန်တော်ရှစ်တန်းနှစ်တုန်းက အဖြစ်အပျက်လေးကို သတိရမိတယ်။ ဘာရယ်တော့မဟုတ်ဘူး အရင်တုန်းက အဖြစ်လေးတွေက တခါတလေ မှာပြန်တွေးကြည့်ရင် ရယ်စရာလိုလို၊ လွမ်းစရာလိုလို စိတ်ထဲမှာပေါ်ပေါ်လာတယ်ဗျာ။
ကျွန်တော်တို့ ကျောင်းတက်ခဲ့ရတာလေးတွေကို အရင်ရေးခဲ့ဖူးပါတယ်။ ရွာကနေကျောင်းသွားတက်ရတာက သုံးမိုင်လောက်ဝေးတယ်။ မိတ္ထီလာ၊ကျောက်ပန်းတောင်း ကားလမ်းပေါ်က “လက်ပံပျား” ဆိုတဲ့ရွာကို နေ့ချင်းပြန် ကျောင်းသွားတက်ရတာ။ ကြက်သားကြော်တွေ အရမ်းပေါတဲ့ ရွာပေါ့။ ကျွန်တော် ကျောင်းတက်ခဲ့တုန်းကတော့ ထမင်းဆိုင်တွေနဲ့ စည်စည်ကားကားပါပဲ။ နောက်ပိုင်းတော့ ဖြတ်သွားဖြတ်လာလောက်ပဲ ဆိုတော့အရင်ကလောက် စည်ကားသေးလား မပြောတတ်တော့ဘူး။ လက်ပံပျားဆိုရင် ကြက်သားကြော် ပေါတယ်ဆိုတာ တော်တော်များများ သိကြတယ်။ ဒါတွေထားပါတော့လေ။ ပြောချင်တာလေးကို မရောက်ဘဲနေတော့မယ်။
ကျွန်တော်ရှစ်တန်းနှစ်တုန်းက ကျောင်းအာစရိယ ပူဇော်ပွဲမှာ နှစ်စဉ်နဲ့မတူ အစီအစဉ်လေး တခုထည့်တယ်။ အခါတိုင်းနှစ်တွေမှာတော့ အာစရိယပူဇော်ပွဲဆိုရင် ကျောင်းအုပ်ဆရာမကြီးက နှုတ်ဆက်စကားပြော၊ ဆရာဆရာမတွေကိုကန်တော့၊ အတန်းတိုင်းအလိုက် ဆုရသူတွေကို ဆုပေး အဲ့ဒါလောက်ပါပဲ။ ကျွန်တော်ရှစ်တန်းနှစ် ရောက်တော့ အာစရိယပူဇော်ပွဲမှာ ပထမဆုံး ဖျော်ဖြေရေး အစီအစဉ်စပြီး ထည့်ပါတယ်။ အဲ့ဒီအချိန်တုန်းက ကာရာအိုကေ တွေလည်းစပြီးခေတ်စားခါစ အချိန်ပေါ့။ ဆရာတွေက အတန်းခေါင်းဆောင်တွေကို သီချင်းဆိုချင်သူများ စာရင်းကောက်ခိုင်းပါတယ်။ မိမိဆိုမည့် သီချင်းခေါင်းစဉ်နဲ့ နာမည်တွဲပြီး စာရင်းပေးကြရတယ်။ ရွာခံတွေကတော့ သူ့ထက်ငါ အပြိုင်စာရင်းတွေ ပေးကြတယ်။ ကျွန်တော်တို့လို နဘေးရွာတွေက ကျောင်းလာတက်တဲ့ သူတွေက တစ်ယောက်မှ မပေးကြဘူး။ မဆိုရဲလို့လား ရှက်လို့လားတော့ မပြောတတ်ဘူးဗျာ။ အဲ့ဒါနဲ့ ကျွန်တော်လည်း စိတ်ထဲက မခံချင်စိတ်လေးနဲနဲ ဖြစ်လာတယ်။ ဆိုဖို့စာရင်းပေးရအောင်လည်း သီချင်းက ကောင်းကောင်းမဆိုတတ်။ အဲ့ဒါနဲ့ ကိုယ်ရတဲ့သီချင်းလေးတွေ ပြန်ပြီး စိတ်ထဲမှာ ဆိုကြည့်တော့ “အသီးတစ်ရာ အညှာတခု” ဆိုတဲ့ သီချင်းလေးကို သွားပြီးသတိရတယ်။ သူက ကျက်ထားတာလည်း မကြာသေးဘူးဆိုတော့ ဆိုရတာ အဆင်ပြေလောက်တယ်ဆိုပြီး အဲ့ဒီသီချင်းနဲ့ စာရင်းပေးလိုက်တယ်။
ကျွန်တော်တို့ရွာမှာ သီချင်းကျက်တယ်ဆိုတာကလည်း တောထဲတောင်ထဲ နွားကျောင်းသွားရင်ပဲဖြစ်ဖြစ်၊ ထင်းခွေရင်းပဲဖြစ်ဖြစ် တောထဲရောက်တာနဲ့ တီးလုံးမပါ ဗလာသီချင်း အော်ပြီးဟဲတတ်ကြတာ အညာသားတိုင်း သိကြမှာပါ။ နားထောင်မည့်သူမရှိ၊ လက်ခုပ်တီးမည့်သူမရှိ၊ ကဲ့ရဲ့မည့်သူလည်းမရှိ ဆိုတော့ ဆိုရတာ အားပါးတရပဲဗျာ။ အသံကုန် ဟစ်ပြီးကို အော်ဆိုတာ။ ပြီးတော့ သီချင်းကလည်း တစ်ပုဒ်ထဲမဟုတ်ဘူး ရသမျှသီချင်းက တစ်ပုဒ်စလိုက်ရင် နောက်ကအကုန်လုံး သူ့ဘာသာ ပါလာတာပဲ။ အညာသူတွေလည်း ဆိတ်ကျောင်းရင်း၊ ပေါင်းနှုတ်ရင်း၊ ထင်းခွေရင်းသီချင်းအော်ဆိုတတ်ကြတယ်။ လွတ်လပ်သလားမမေးနဲ့ စိတ်ပါလို့ကတော့ ကြိုက်သလောက် အော်ဆိုစမ်း မိုက်လည်းမလိုဘူး တီးဝိုင်းလည်းမလိုဘူး။
ကျွန်တော်လည်း တောထဲမှာတီးလုံးဗလာနဲ့ ကျင့်ထားတာတော့ အဆင်ကိုပြေနေတာပဲဗျ။ အဲ့ဒီသီချင်းကို ကြိုက်လည်း ကြိုက်တော့ ကျက်ရတာလွယ်မှလွယ်။ ကျောင်းသားတွေနဲ့လည်း သက်ဆိုင်နေတယ်လေ။ အဲ့ဒါနဲ့ အာစရိယပူဇော်ပွဲနေ့မရောက်ခင် ကျောင်းပိတ်ရက်မှာ တောထဲကို နွားကျောင်းထွက်ပြီး အသံကုန်ဟစ်တော့တာပဲ။ ကိုယ့်ကီးနဲ့ ကိုတော့ အဆင်ကိုပြေနေတာပဲ။ ဒါနဲ့ သီချင်းအသံစစ်မယ့်နေ့ ရောက်လာပါတယ်။ ပွဲမှာ ဖျော်ဖြေရေးတာဝန်ကျတဲ့ ဆရာက စာရင်းပေးသူအကုန်လုံးကို မဆိုခိုင်းဘူး။ စင်ပေါ်ရောက်မှ အပေါက်အလမ်း မတည့်ဖြစ်နေမှာစိုးလို့ အသံစစ်ပြီး အဆင်ပြေသူကိုပဲ ရွေးမယ်ဆိုတော့ နဲနဲတော့ အားလျှော့ထားလိုက်ပါတယ်။ ကိုယ်က တီးလုံးမပါ ဗလာချည် ကျင့်ထားသူ နောက်ပြီး မိုက်ဆိုတာကိုလည်း သူများကိုင်ပြီး ဆိုတာလောက်ပဲ မြင်ဖူးတာလေ။ ကိုယ့်ရွာမှာက ကာရာအိုကေဆိုတာ ဝေးလို့ တီဗွီတောင် ရှိတာမဟုတ်ဘူး။ အဲ့ဒါနဲ့ စာရင်းကလည်း ပေးပြီးသားဆိုတော့ အသံစစ်ရာ ကာရာအိုကေရုံကို ဆရာနဲ့အတူလိုက်သွားပါတယ်။ သူများတွေဆိုတာတော့ သိပ်အကောင်းကြီး မဟုတ်ပေမယ့် သူ့ဟာနဲ့သူ အဆင်ပြေနေတာပဲဗျာ။
ကျွန်တော့်အလှည့်ရောက်တော့ လူက မိုက်ဆိုတာကြီးကို တစ်ခါမှ မကိုင်ဖူးတော့ ချွေးတွေပြန်လာတယ်။ မိုက်ကိုင်ရတာကို လက်တွေကတုန်နေတယ်။ သီချင်းစာသားကို ကျက်ထားတော့ စပြီဆိုတာနဲ့ စက်ထဲက စာလေးတွေ ဖျက်တာကို မကြည့်တော့ဘူး မိုက်ကြီးကို ပါးစပ်နားကပ်ပြီး အော်ဆိုတော့တာပဲ။ အသံကလည်း “ကြံပျား” သံဖြစ်သွားပုံရပါတယ်။ ဆရာကပြောတယ် မင်းသီချင်းက ပွဲနဲ့လည်းလိုက်တယ်။ ကျောင်းသားတွေနဲ့လည်း အတော်လေးသက်ဆိုင်တယ် ဆိုပြီး နောက်ထပ်နှစ်ခါလောက် ဆက်ပြီးဆိုခိုင်း ပါသေးတယ်။ ဒါပေမဲ့ စည်းဝါးနဲ့ဆိုရတော့ ဗလာချည် တောထဲမှာ ဆိုရတာလောက် အဆင်မပြေဘူးဗျာ။ အဲ့ဒါနဲ့ပဲ နောက်ဆုံးတော့ လက်လျှော့လိုက်ရပါတယ်။ ကျွန်တော့်အတွက်တော့ မိုက်ကြီးကို ကိုင်ဖူးသွားတာပေါ့ဗျာ။ စိတ်ထဲမှာတော့ တနွေးနွေးနဲ့ ကိုယ့်ကိုကိုယ် စိတ်တိုနေမိတယ်။ ရွာမှာသာ ကာရာအိုကေနဲ့ အဆိုကျင့်ရရင် ဒီလိုမဖြစ်လောက်ဘူးပေါ့။ အဲ့ဒီလိုနဲ့ ပွဲနေ့ရောက်တော့ သူများတွေ ဆိုတာကိုပဲ အောက်ကနေ လက်ခုပ်တီးပေးခဲ့ရပါတယ်ဗျာ။ တွံတေးသိန်းတန် သီချင်းတွေထဲကမှ “အသီးတစ်ရာ အညှာတခု” သီချင်းကို ကြားရင် ကျောင်းတုန်းက အဖြစ်ကို မေ့ကိုမမေ့ဘူး။
အဲ့ဒီလောက်ကို အသံကောင်းတာနော်။ ကြံပျား ဆိုတာက ကြားရင် ပြန် တဲ့။ ပိုးကတော့ မသေသေးဘူးရယ်။ နောက် ဆယ်တန်းနှစ်ရောက်တော့ မြို့ကအဒေါ်အိမ်မှာနေပြီး ကျောင်းတက်တာ။ အိမ်မှာကလည်း ကာရာအိုကေစက်နဲ့ လူကလည်းနဲဆိုတော့ အဆင်ကိုပြေသလားမမေးနဲ့ ရှစ်တန်းနှစ်က အကြွေးကို စိတ်ရှည်လက်ရှည်ကို ပြန်ဆပ်လိုက်တယ်။ မိုက်ကိုင်တာလည်း မတုန်တော့ဘူး။ အသံနေအသံထားနဲ့ ဟဲတတ်လာတယ်။ နောက်များ အခွင့်ကြုံလို့ကတော့ မကျေပွဲကို နွှဲလိုက်အုံးမယ် လို့လည်း စိတ်ထဲက အားခဲထားတယ်။ ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်ဆက်တက်တော့မှ အောင့်ထားသမျှတွေ အစွမ်းပြခွင့်ကြုံတော့တယ်။ ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာတော့ တီးဝိုင်းမပါလို့ မနွှဲလိုက်ရဘူး။ နောက်နှစ် မေဂျာဝဲလ်ကမ်းမှာ တီးဝိုင်းထည့်တော့ အဆင်ပြေသွားတယ်။ သီချင်းကတော့ တက္ကသိုလ်ရောက်ပြီ ဆိုတော့ ပြောင်းသွားတယ်ဗျ။ အဆိုတော်ကတော့ တွံတွေးသိန်းတန်ပဲ သီချင်းက “ချစ်ရက်ရှည်ရှည် အင်းလျားမြေ” တဲ့။ မှတ်မှတ်ရရ အဲ့ဒီတုန်းက ဆုငွေက ငါးထောင်ကျပ်နဲ့ ပန်းကုံးတွေလည်း လည်ပင်းနဲ့ အပြည့်ပဲရလိုက်တယ်။ အားပေးမဲ့သူ မရှိလောက်ဘူးထင်ထားတာ ဆုတွေတက်ချတော့ သီချင်းမလွဲအောင် အတော်လေးကို ဂရုစိုက်ရတယ်။(ဟဲ..ဟဲ) အနုပညာကို ၀ါသနာတော့ ပါလှတယ်မဟုတ်ပေမဲ့ ဆိုင်းသံဗုံသံ ကြားရင်တော့ ပိုးလေးတွေက ထထလာတယ်။ ကျောင်းမပြီးခင်အထိ ကျောင်းမှာလုပ်တဲ့ပွဲဆိုရင် မပါတဲ့ပွဲက ခပ်ရှားရှားရယ်။ သီချင်းမဆိုရင် တေးသရုပ်ဖော်မှာ ပါတယ်။ တစ်နေရာ မဟုတ်တစ်နေရာတော့ ၀င်နွှဲဖြစ်တယ်ဗျ။ အဲ့ဒီတုန်းကတော့ ဘာမှ ဟုတ်တယ်လို့ မထင်ရပေမဲ့ အခုအချိန် ပြန်တွေးရင် လွမ်းမောစရာ လေးတွေအဖြစ် ပြန်ပြီးခံစားရတယ်။
အရင်တုန်းက ဖြစ်ခဲ့တာလေးပါ။ ဘာရယ်မဟုတ် ပြန်တွေးမိလို့ အနည်းငယ်မျှ အပျင်းပြေပြေ ဆိုပြီး ပြန်ပြောပြတာပါ။ တွံတေးသိန်းတန် သီချင်းတွေကိုတော့ ရသလောက်ကို စုထားတယ်။ အမှတ်တရ လေးတွေဖြစ်ခဲ့ရလို့ဆိုပါတော့။ နောက်ပြီး သူ့သီချင်းအတော်များများက တောသဘာဝလေးတွေ ရောယှက်နေတော့ သဘောကျ တာလည်းပါပါတယ်။
အခုရက်ပိုင်းတော့ သင်္ကြန်နားနီးလို့ သင်္ကြန်သီချင်းတွေနားထောင်ပြီးတော့ အလွမ်းဖြေနေရတယ်ဗျာ။
လာလည်ရင်းနဲ့ ရယ်မောသွားပါအုံးနော်…သီချင်းတော့ မဟဲပြတော့ဘူးဗျာ တော်ကြာ ကျွန်တော့် အသံကြားပြီး ပြန်ပြေးကုန်မှာစိုးလို့………….ဟီးး.ဟီး…….
အားလုံးကျန်းမာပျော်ရွှင်ကြပါစေဗျာ….
3 comments:
ပိုက်ဆံ 5000 ရတယ်ပေါ့ တော်လိုက်တာ...။ ပြန်ရင် စီးရီးထုတ်မယ်..
အဆိုတော် လုပ်နော်...။ ကျေးလက် ဓလေ့ သီချင်းလေးတွေ မပျောက်
အောင်လို့လေ...။
အားပေးသွားပါတယ်ကိုညာသားလေးရေ့...
မြန်မာဓလေ့သီချင်းလေးတွေပျောက်ပျက်မသွား
အောင် ဆက်ဆိုနေပါဦးဗျာ။။။။။။။
ရတဲ့ အထဲက တစ်ဝက်ပေးရမယ်နော် ဒါပဲ..အဟီး
လွမ်းနေပါတယ် အကိုရေ....
သီချင်းသံတွေ ကြားရင် ပိုပြိးမခံစားနိုင်လို့လေ...
အားပေးလျှက်..
ကောင်းသောနေ့လေးဖြစ်ပါစေ။
Post a Comment