ပန်းသီးပင် |
သူငယ်ချင်းတွေက ပြောကြတယ် မင်းတို့အညာကလူတွေက အစားအစာကို ကြံကြံဖန်ဖန် စားတတ်ကြတယ်တဲ့။ ကျွန်တော်ဒီကို ရောက်ခါစ ပန်းသီးတွေ သီးချိန် တစ်နေ့ကျောင်းကအပြန် ကားစောင့်နေရင်း ကားမှတ်တိုင် နားကပန်းသီးပင်ကနေ ပန်းသီးနုလေး တစ်လုံးကိုခူးပြီး ပါးစပ်နဲ့ကိုက်ကြည့်လိုက်တယ်။ပန်းသီးပင်ကိုပထမဆုံး မြင်ဖူးတဲ့ တောသားကျွန်တော့်အတွက် စူးစမ်းချင်တာကလည်း ပါတာ ပေါ့ဗျာ။အဲ့ဒါနဲ့ ပန်းသီးကို ကိုက်ကြည့်တော့ အရသာက ချဉ်စူးစူးနဲ့ အညာက သရက်သီးအစိမ်း အရသာမျိုးလေး ခံစားမိတယ်ဆိုရင်ပဲ မျက်စိထဲမှာ လုပ်စားဖို့အတွက်က ချက်ချင်း ပေါ်လာတယ်။ဒီလောက်ချဉ်တဲ့ ပန်းသီးအနု လေးတွေကို ထောင်းစားကြည့်ရင် မဆိုးလောက်ဘူးဆိုပြီး အစမ်းအနေနဲ့ လေးငါးဆယ်လုံးလောက် လွယ်အိတ်ထဲ ခူးထည့်လာလိုက်ပါတယ်။
သိချင်စိတ်(စားချင်စိတ်)များနေလွန်းလို့ အဆောင်ရောက်တော့ အ၀တ်ကိုတောင် မလဲနိုင်ဘဲ ခူးလာခဲ့တဲ့ ပန်းသီးနုလေးတွေကို ငရုတ်သီး၊ကြက်သွန်ဖြူလေးနဲ့ ရောပြီး ထောင်းကြည့်ပါတယ်။ ခဏကြာတော့ ငရုတ်ဆုံထဲမှာ မသိရင်တော့ သရက်သီးစိမ်းထောင်းလေးလား ထင်ရတယ်။ တကယ်တော့ ပန်းသီးထောင်းပေါ့နော်။ အဲ့ဒီပန်းသီးထောင်းလေးနဲ့ ထမင်းပူပူလေးကို ဆီဆမ်းပြီး တွဲစားလိုက်တာ ချွေးတွေများဖြိုင်ဖြိုင်ကျလို့ဗျာ။ အထက်မှာပြောခဲ့တဲ့ စကားလေးက သူငယ်ချင်းတွေက အဲ့ဒီပန်းသီးထောင်း စားပြီး ကောက်ချက်ချတဲ့ စကားလေးပါ။ နောက်တော့ ကျွန်တော်အညာသား စည်းဖောက်လိုက်တာ ကျွန်တော်တို့နေတဲ့ မြို့တင်မဟုတ်ဘူး တခြားမြို့တွေက ညီအစ်ကိုမောင်နှမတွေဆီအထိ ပန်းသီးထောင်း သတင်းက ပြန့်သွားတယ်ဗျ။ ကျွန်တော်လည်း နောက်နေ့ကျတော့ ပန်းသီးတွေကို များများခူးပြီး အ၀ ထောင်းစားလိုက်တယ်။ မှတ်ကရော။
ပန်းသီးအစိမ်း |
အဲ့ဒီကစလို့ ပန်းသီးမမှည့်ခင် စပ်ကြား မီးဖိုချောင်မှာ ပန်းသီးကို ထောင်းလို့တစ်သွယ်၊ ချက်လို့တစ်ဖုံ၊ ကြော်လို့တစ်မျိုး၊ အမျိုးမျိုး လုပ်စားကြတာ နောက်နှစ်ကျတော့ ပန်းသီးတွေ မသီးရဲတော့အောင်ပဲဗျာ။ပန်းသီးကလည်း စားလို့ ကောင်းသလား မမေးပါနဲ့။ အစိမ်းလေးတွေကို ခရမ်းချဉ်သီးလေးနဲ့ ရောချက်ရင် အညာက သရက်သီးစိမ်း ဟင်းလေးလား ထင်ရတယ်။ ချဉ်ချဉ်လေးနဲ့ စားလို့ကောင်းသဗျ။ ငါးပိလေးနဲ့ ကြော်စား တော့လည်း မရမ်းသီးကြော် လေးလိုလို စားရတာ ခံတွင်းအတွေ့သား။ ထမင်းစားတဲ့အခါ အချဉ်တစ်မယ် အတွက် မပူရတော့ဘူးပေါ့။ ငါးပိရည်ကျိုနဲ့ဆိုလည်း တို့စားလို့ကောင်းသေးတယ်။ ပန်းသီးနုလေးတွေကို လေးစိတ် စိပ်ပြီး ငံပြာရည်လေးရယ် ငရုတ်သီးမှုန့်လေးရယ်၊ ရောနယ်ပြီး သုပ်လိုက်ရင် သရက်သီးစိမ်းသုပ် (မိန်းခလေးတို့အကြိုက်) အတိုင်းပဲ အတော်စားလို့ကောင်းတယ်။
စွယ်တော်ပင် |
ပန်းသီးထောင်းအကြောင်း ပြောနေတာနဲ့ ပေးထားတဲ့ ခေါင်းစဉ်ကိုတောင် မေ့နေပြီ။ အခုလည်း သူငယ်ချင်း တွေနဲ့ ငြင်းခုံရင်း ဒီပို့လေးရေးလိုက်တာပါ။ စစ်ကူ တောင်းတဲ့ သဘောပေါ့ဗျာ။ ကျွန်တော်အညာသား အမှန်အတိုင်း ပြောရရင် စွယ်တော်ပင်ကို မြို့ရောက်မှ စမြင်ဖူးတာ။ မှတ်မှတ်ရရ တက္ကသိုလ်ရောက်မှ ကျောင်းဝိုင်းထဲမှာ စတွေ့ဖူးတာပဲ။ အဲ့ဒီကတည်းက ရွာက တောထဲမှာရှိတဲ့ ဖလန်ပင်နဲ့ နှိုင်းယှဉ်ကြည့်နေမိတာ။“စွယ်တော်ရွက်ကလေးများလို နှစ်လွှာ ပေါင်းမှ တစ်ရွက်ဖြစ်ပါရစေ” ဆိုတဲ့စာသားကိုတော့ ရင်းနှီးနေတာ ကြာပေါ့။ ရုက္ခဗေဒမှာတော့ မျိုးရင်းတူရာ အပင်အုပ်စုတွေ ရှိတာသိကြမှာပေါ့။ အခုပြောတဲ့ စွယ်တော်နဲ့ ဖလန်ပင်ကလည်း မျိုးရင်းတူအုပ်စု ဖြစ်မယ်ထင်တယ်။ နောက်တစ်မျိုးရှိသေးတယ် စွယ်တော်ရွက်လိုပုံစံပဲ အပွင့်တော့ကွဲတယ်။ အဲ့ဒီအပင်ကိုတော့ ကျွန်တော်တို့ဆီမှာ လိပ်ပြာပင်လို့ခေါ်တယ်။ သူ့ကိုတော့ တွေ့ရတာ နည်းပါတယ်။ ပြီးမှ ပုံလေးတွေ ယှဉ်ကြည့်နော်။ စွယ်တော်ရွက်ကို ဟင်းချိုချက်စားလို့ရတယ်ဆိုတာပဲ သိတယ်။ ကျန်တာတော့ ဘယ်မှာ သုံးလဲဆိုတာ မသိတော့ဘူး။
ဖလန်ပွင့် |
ကျွန်တော်တို့ တောက ဖလန်ပင်ကတော့ အဖူးနဲ့အပွင့်လေးတွေကို ပြုတ်ပြီး သုပ်စားကြတယ်။ အတို့အမြှုပ် အဖြစ်လည်း စားကြတယ်။သူက အပင်ကြီးမျိုး ဖြစ်ပြီး ထင်းအတွက်လည်း အသုံးဝင်တယ်။ရွာကလူကြီးတွေကတော့ ဖလန်ရိုးကို သူတို့သောက်တဲ့ ပြောင်းဖူးဖက် ဆေးလိပ်မှာ ဆေးရိုးအဖြစ် သုံးကြတယ်ဗျ။ ဖလန်သား ထင်းကလည်း မီးဖိုချောင်အတွက် အဆင်ပြေတယ်။ အပင်အဆိုးအကောင်း ပေါ်မူတည်ပြီး ထွန်တုံး၊ နွားထမ်းပိုးတုံး စတာတွေလည်း လုပ်လို့ရပါတယ်။ ကျွန်တော်ကတော့ ဖလန်ပင်ဆိုရင် နွေရာသီမှာ အဖူးနဲ့အပွင့်တွေခူးပြီး သုပ်စားနေကြမို့ ကောင်းကောင်း မှတ်မိနေတယ်။ ဖလန်ပွင့်ပြုတ်ပြီးသားကို မန်ကျည်းသီးမှည့်ဟင်း လေးနဲ့တို့စားရတာကို သဘောကျတယ်ဗျ။ အသုပ်ကတော့ နှမ်းလှော်ထောင်း မွှေးမွှေးလေးနဲ့ဆိုရင် စားကောင်းလွန်းလို့ ဆွေမျိုးမေ့သွားမယ်။ သူငယ်ချင်းတွေက စွယ်တော်ချစ်သူတွေ ကျွန်တော်တောသားက ဖလန်ပင်ချစ်သူ။အဲ့ဒီနှစ်ဖွဲ့ သူအပင်ကကောင်းတယ် ငါ့အပင်ကကောင်းတယ်နဲ့ ငြင်းခုံကြတယ်။
အခိုင်လိုက်ပွင့်နေတဲ့ဖလန်ပွင့်(photo from google)
အဲ့ဒီအုပ်စု နှစ်ခုကြား ငြင်းခုံရင်းက ဒီပို့စ်လေး ရေးဖြစ်တာပါ။ စွယ်တော်ပင် အကြောင်းကိုတော့ ကျနော်က ဟင်းချိုချက်စားရတာကိုပဲ ကောင်းကောင်းသိတယ်ဗျ။ သြော်တခု ကျန်သေးတယ် ကျောင်းတုန်းက သူငယ်ချင်းမတွေ စာအုပ်ထဲမှာ စွယ်တော်ရွက်လေးတွေကို ခူးပြီးတော့ ညှပ်ထားတာ တွေ့ဖူးတယ်။ စာတွေလည်း ရေးထားထင်ပါ့။ ဘာရေးထားလဲဆိုတော့ သူများကိုယ်ရေးကိုယ်တာမို့ မစပ်စုမိပါဘူးဗျာ။ တခုခုတော့ တခုခုနေမှာပေါ့(ဟဲ…ဟဲ)။ ကျွန်တော့်ချစ်သူ (အဲ ဟုတ်ပေါင်) ကျွန်တော် ပြောတဲ့ ဖလန်ပင်ကတော့ အထက်မှာရေးခဲ့တာလေးတွေ စားလို့ရသလို အသုံးအဆောင် အဖြစ်လည်း သုံးစွဲလို့ ရပါတယ်။ စာရေးရင်းနဲ့ အမေ့လက်ရာ ဖလန်ပွင့်သုပ်နဲ့ မန်ကျည်းသီးမှည့်ဟင်းကို မြင်ယောင်မိသေးတယ်။ အခုဆို မြန်မာပြည်မှာက သင်္ကြန်ရောက်ခါနီးနေပြီဆိုတော့ တောထဲမှာ ဖလန်ပင်တွေလည်း ဖွေးနေအောင် ဖူးပွင့်နေလောက်ပြီ။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်တောသားကတော့ တောအစားအစာလေးတွေနဲ့ တောဓလေ့လေးတွေကိုပဲ လွမ်းမိတယ်ဗျာ။
လာရောက်လည်ပတ်တဲ့ ကျွန်တော့် ညီအစ်ကို မောင်နှမတွေလည်း စွယ်တော်နဲ့ ဖလန်ပင်ပုံကို ကြည့်ပြီး ဘယ်အဖွဲ့မှာ ပါမလဲဆိုတာ ဆုံးဖြတ်ကြအုံးနော်။ဒီပို့စ်လေးဖတ်ပြီး ဗဟုသုတ အနည်းငယ်မျှ ရတယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါတယ်။စွယ်တော်ပင်ဆိုရင်တော့ စွယ်တော်ချစ်သူများအဖွဲ့ဝင်ပေါ့။ တကယ်လို့ ဖလန်ပင်ကို သိတယ်ဆိုရင်တော့ ကျွန်တော်နဲ့အဖွဲ့တူပေါ့။ ထင်တာ မြင်တာလေးတွေကို မန့် လို့ဖြစ်စေ၊ စီ လိုဖြစ်စေ ကြိုက်တဲ့နေရာမှာ ရေးထားပေးခဲ့နော်။ အဲ့ဒါလေးတွေ က ကျွန်တော်အတွက် နောက်ထပ်ငြင်းခုံဖို့ အားအင်လေးတွေပါ….:P
လာရောက်ပြီးလည်ပတ်ကြတဲ့ ညီအစ်ကိုမောင်နှမအားလုံး ဘေးဘယာဝေးကွာပြီး မကြာခင်မှာ ရောက်ရှိလာတော့မည့် နှစ်သစ်သင်္ကြန်ပွဲမှာ ပျော်ရွှင်မှု့ကိုယ်စီရရှိနိုင်ကြပါစေဗျာ……
အားလုံးကိုကျေးဇူးတင်ပါတယ်...
13 comments:
ရွှေညာသားလေးရေ အမသိသလောက်တော့ အမတို့ ဆီမှာ စွယ်တော်က ၂မျိုးရှိတယ်။ ၁ခုက အခုပုံထဲကလို ခရမ်းရောင်အပွင့် နောက်၁ခုက အဖြူ
ရောင်အပွင့်။ အရွက်တွေကတော့ဆင်တယ်။ အဖြူရောင်ပွင့်တဲ့အရွက်က စားလို့ ရတယ်။ ကြော်စားတာ။ ခရမ်းရောင်ပွင့်တဲ့ အပင်ကအရွက်က
နည်းနည်းကြမ်းတယ်။ အဖြူပွင့်က အခုပုံတွေထဲကနဲ့ တော့ မတူဘူး။ ခရမ်းရောင် ပွင့်တဲ့ အပင်တွေကတော့ RIT ၀င်းထဲမှာ အများကြီးပဲ။ အင်း... ဘယ်အဖွဲ့ ထဲလဲ ဆိုယင်တော့ ၂ ဖွဲ့ လုံးထဲပ်ါတယ်။ ဖလန်ရွက်
ကိုလဲ ကြိုက်တယ်။ စွယ်တော်ရွက် လဲ ကြိုက်တယ်။ :)
တောသားတာ ဖြစ်တာ ဖလန်ပင်ကို မသိဘူးဗျ... အခုမှမြင်ဖူးတာ..
လိပ်ပြာပင်လို့ ခေါ်တဲ့ အပင်က ငါတို့ဆီမှာတော့ စွယ်တော်အဖြူလို့ခေါ်
တာ...။ စားရမှန်းတော့ မသိဘူး...။ ပြောလည်း ပြောထိုက်ပါပေ
တယ်... ကြံကြံဖန်ဖန်လို့..
မှတ်ထားတယ် ရွာရောက်မှ လုပ်စားကြည့်အုံးမယ်...
ိကိုရွှေညာသားလေး... အလည်ရောက်ခဲ့တယ်ရှင့်။ ပန်းသီး အစိမ်းကို အဲ့ဒီလို ထောင်းစားရတာ မသိဘူး။ စမ်းကြည့်ဦးမယ်နော်။ ကျေးဇူး။
ဟုတ်ကဲ့ပါ rose ရေ... အသီးနုလေးတွေဆို ပိုကောင်းတယ်...ပန်းသီးထောင်းနဲ့ ပဲဟင်းချိုနဲ့ အတော်လိုက်ဖက်တယ်ဗျာ။ လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်...
ပန်းသီးထောင်းတော့မစားဖူးဘူး.. ပန်းသီးစိမ်းကို ငါးပိချက်ချက်စားတာတော့ ကောင်းမှကောင်းပဲ.. ရေခဲသေတာရှင်းရင်း ပန်းသီးစိမ်းထွက်လာရင် ချက်စားလိုက်တာပဲ..း)
သိဘူး စားရမှန်းလဲ မသိဘူး အမျိုးတော်မှန်းလဲ သိဘူး
အဲလောက်ဗဟုသုတ စုံတယ်အကိုရေ..အဟီး
ကျေးကျေးပါ...ဗဟုသုတလေးတွေအတွက်...
ကောင်းသောနေ့လေးဖြစ်ပါစေ။။။။
အွန်...ကျွန်တော် မသိတဲ့ အကြောင်းအရာတွေ ချည်းပါလား။ ပန်းသီးထောင်းစားလို့ရတာလည်း မသိဘူး။ စွယ်တော်ပင်နဲ့ စွယ်တော်ရွက်တော့ မြင်ဖူးပါရဲ့။ ချက်စားရကောင်းမှန်း မသိဘူး။ ဖလန်ပင်ဆို မြင်တောင်မမြင်ဖူးဘူး။ လူကတော့ အညာသားပါပဲ။ ကျွန်တော်ကိုက ဗဟုသုတ နည်းသကိုး။ အခုမှ သိတော့တယ်။
ရှိသမျှ အကုန် သုပ် အကုန်ထောင်းစားနေတော့တာဘဲ သူ့ရှေ့ကတောင် ဖြတ်မလျှောက်ဝံ့တော့ဘူး. ။
ဒါတောင် အကုန်လုံးမပြောရသေဘူးအစ်မရေ နောက်ထပ်စားစရာတွေ ကျန်နေသေးတယ်...:P လူတော့မစားပါဘူး....ရဲရဲဝံ့ဝံ့လျှောက်ပါနော်...:D လာလည်တာ ကျေးဇူးတင်ပါတယ်ဗျာ...ပျော်ရွှင်ပါစေ...
ကွင်းဆင်းတုန်းက စွယ်တော် နဲ့ ဖလံ ခွဲခြားနည်းသင်ခဲ့ရပြီး စာအုပ်ထဲမှာမှတ်ထားခဲ့တာအိမ်မှာကျန်ခဲ့ပြီး( ။
သေချာတာကတော့ သူတို့ မတူပါဘူး။ စွယ်တော်မရမ်းရောင် ကတော့ Bauhinia purpurea လို့ ထင်ပါတယ် အမှတ်မမှားရင်ပေါ့။ Genus တူပြီး species (မျိုးစိပ်) ကွဲရှိတာတွေလည်းသင်ဘူးပါတယ်။ ခုတော့မမှတ်မိတော့ပါဘူး။ Genus ကမျိုးရင်းလို့ တော့ထင်တာဘဲ။
Actually it's not very useful :D
Iora
ဟုတ်ကဲ့ပါ lora ကျေးဇူးတင်ပါတယ်ခင်ဗျာ... ကျွန်တော်က ရုက္ခဗေဒ သမားမဟုတ်တော့ သေချာတော့မသိပါဘူး။ဒါကြောင့် အပင်အုပ်စုတူတယ် ထင်တယ်လို့ပြောခြင်းပါ။ နောက်ပြီး ကျွန်တော်ပြောချင်တာလေးက အညာမှာ အသုံးပြုကြတာလေးကို ဗဟုသုတအဖြစ် မျှဝေခြင်းဖြစ်ပါတယ်။ အခုလို ရှင်းပြပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်...:P
ကျမလည်းအသေးစိတ်မသိပါဘူး။ သဘောကျလို့ ကိုယ်သိတာလေး share လုပ်တာပါနော်။ ကျမလည်း ရုက္ခသမားမဟုတ်ပါဘူး။
Thanks for sharing.
အိုင်အိုရာ
😂😂
Post a Comment