ရွာမြင်ကွင်း(photo from google)
သို့…
“အဝေးတစ်မြေရောက် သူငယ်ချင်းထွေးမောင်သိစေရန် ငါနဲ့ရွာသူရွာသားတွေအားလုံး မင်းကို သတိရခြင်းများစွာနဲ့ စာရေးလိုက်တယ်။ ဘာလိုလိုနဲ့ မင်းလည်း ငါနဲ့ရွာသူရွာသား တွေကိုခွဲသွားတာ သုံးနှစ်သုံးမိုး ကျော်သွားပြီနော်။ မင်း ငါတို့ဆီကို ရေးတဲ့ စာတွေထဲမှာ အစစအရာရာ အဆင်ပြေတယ် ဆိုတာကြားရလို့ ငါနဲ့ ရွာသူရွာသားတွေ အားလုံး ၀မ်းသာနေကြတယ်။ ဒါနဲ့ ပြောရအုံးမယ် ထွေးမောင်။ မင်းရွာက ထွက်သွားပြီးနောက်ပိုင်း ငါတို့ရွာလေးက အတော်လေး ပြောင်းလဲလာပြီ သူငယ်ချင်းရေ။ အထူးသဖြင့် ပညာရေးဘက်မှာ အရင်ကလို မဟုတ်တော့ဘူး။ မင်းနဲ့ ငါတို့တွေ ကျောင်းတက်တုန်းက မင်းရယ်၊ ငါရယ်၊ စန္ဒာရယ် သုံးယောက်ပဲ ရှိခဲ့တာ။ အခုဆိုရင် နှစ်စဉ်ကျောင်းသား ဦးရေတွေ တိုးတိုးလာတယ်ကွ။ ငါဖြင့် သူတို့တွေ ကျောင်းတက်သွားတာကိုကြည့်ပြီး ငါတို့တွေ ကျောင်းသွားတက်ခဲ့ ရတာကို သတိရမိတယ်။ ငါတို့တုန်းကတော့ အားလုံးပေါင်းမှ သုံးယောက်ထဲပေါ့ကွာ။ အဲ့ဒီထဲကမှ မင်းတစ်ယောက်ပဲ ဆယ်တန်းစာမေးပွဲကို နှစ်ချင်းပေါက်အောင်ပြီး ငါနဲ့စန္ဒာက ကျနေခဲ့တာ။ ရွာကလူတွေ ပြောကြသလိုပေါ့ တောင်သူလုပ်ရမယ့် ကံဇာတာပါလို့ ဆယ်တန်းကို ဘယ်လောက် ဖြေဖြေ မအောင်ဘူးဆိုတာလေ။ အခုတော့ ငါ့ဘ၀က တောင်သူကြီး လုံးလုံးဖြစ်နေပြီကွ။ ဒါပေမဲ့ ငါကျရာ ဘ၀မှာ ပျော်ပျော်နေတတ်တာ မင်းသိပါတယ်။
မစန္ဒာကတော့ အခု အိမ်ထောင်ကျသွားပြီ။ ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းက ရွာကို ပြန်လာသေးတယ်။ သူ့မှာ သမီးလေး တစ်ယောက်တောင် ရနေပြီကွ။ မင်းအကြောင်းတွေကို ငါတို့တွေက ပြောပြလို့ သူလည်း မင်းအတွက် ၀မ်းသာနေတယ်။ ပြီးတော့ သူကပြောသေးတယ်ကွ ထွေးမောင်ကတဲ့ ကျောင်းတုန်းကတည်းက သူလုပ်မယ်ဆိုရင် မဖြစ်ဖြစ်အောင် လုပ်တတ်တယ်။ ဘယ်အခက်အခဲကိုမဆို ဖြစ်အောင်လုပ်တတ်တဲ့ မင်းရဲ့ စိတ်ဓာတ်ကိုလည်း သူကအမှတ်တရပြောသေးတယ်။ အခုမင်း အဝေးမှာ ပညာသွားသင်နေတယ် ဆိုတာလည်း မင်းမှာ ရွာအတွက် လုပ်ချင်တဲ့ ဆန္ဒတွေ၊ ရည်မှန်းချက်တွေ ရှိပြီးသားဆိုတာ သူယုံကြည်တယ်တဲ့။ ငါကတော့ မင်းဆယ်တန်းအောင် ပြီးကတည်းက ငါတို့ရွာက လူတွေ မင်းကို အားကျပြီး ကလေးတွေကို ကျောင်းဆက်ထားကြတာ တွေ့ရလို့ စိတ်ထဲမှာ ၀မ်းသာနေမိတယ်။ ပြီးတော့ မင်းဘွဲ့ယူတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း မင်းတို့အိမ်ကို လာလာကြည့်ကြတာလေ အရီးလေးမှာ အိမ်ပေါ်တက်ချိတ်လိုက်၊ နောက်တစ်ယောက်လာရင် ပြန်တက်ယူလိုက်နဲ့ နောက်ဆုံးတော့ အိမ်အောက်ထပ်မှာပဲ ချိတ်ထားရတယ် သူငယ်ချင်း။ သူတို့တွေက ပြောသေးတယ် ဒီလိုဝတ်စုံနဲ့ဓာတ်ပုံကို ပြက္ခဒိန်ထဲမှာပဲ မြင်ဖူးတာတဲ့လေ။ ငါတို့ရွာမှာက မင်းအရင် ဒီလိုဝတ်စုံနဲ့ ဓာတ်ပုံရိုက်ထားတာ မရှိဘူးဆိုတော့ သူတို့အတွက် အထူးအဆန်း ဖြစ်နေတာပေါ့ကွာ။
မင်းသိမှာပါ တောင်ပိုင်းက ဦးလေးထွန်းဝေ သမီ ခင်မိုးလေ။ အခုသူက ဘွဲ့တောင် ယူပြီးသွားပြီကွ။ သူက ငါတို့ထက်အတန်း တစ်နှစ်ငယ်တယ်လေ။ နောက်ပြီး သူနဲ့အတန်းတူ အနောက်ဝိုင်းက အရီးအေးဆွေ သား ထွန်းသစ်ကလည်း ဘွဲ့ရလို့ အလုပ်တွေလုပ်နေပြီ။ မင်းတို့ အိမ်နားက ဦးလေးစံခင် သားကတော့ ဆယ်တန်းအောင်ပြီး တပ်မတော်ထဲ ၀င်သွားတယ်ကွ။ ဘာရာထူးလဲတော့ ငါမခေါ်တတ်ဘူးကွ။ မော်လမြိုင်ဘက်မှာ တာဝန်ကျနေတယ်။ အရီးခင်အုန်း သမီးကတော့ ငါတို့ရွာမှာ သားဖွားဆရာမ တာဝန်ပြန်ကျတယ်။ အခုဆို ရွာကနေ တက္ကသိုလ်ဆက်တက်နေကြတဲ့ ကျောင်းသားတွေလည်း အများကြီးပဲကွာ။ ဆယ်တန်းကိုလည်း ငါတို့ရွာက နှစ်စဉ်အောင်ကြတယ်။ အရင်ကတုန်းက ဆယ်တန်းအောင် တယ်ဆိုတာ မရှိသလောက် ရှားခဲ့တဲ့ ငါတို့ရွာ အခုတော့ ပညာတတ်တွေပေါလာပြီကွ။ ငါကတော့ အပေါ်မတင် အောက်မကျနဲ့ အခု တောင်သူပဲလုပ်နေတယ်။ ပြီးတော့ ငါတို့ရွာကျောင်းမှာ တုန်းက သင်တဲ့ ငါတို့ဆရာမကြီး ဒေါ်အေးစိန်လည်း အခုမြို့ပေါ်ကို ပြောင်းသွားပြီကွ။ ဆရာမကြီး ပြောင်းခါနီးတော့ ရွာကလူကြီးတွေက နှုတ်ဆက်ပွဲလေး လုပ်ပေးကြတယ်။ ငါ ဦးဆောင်ပြီး ရွာကညီငယ်ညီမငယ်တွေနဲ့ ကျောင်းသူကျောင်းသားတွေက ဆရာမကြီးကို လက်ဆောင်လေးတွေနဲ့ ကန်တော့ကြတယ်။ ငါအဲ့ဒီနေ့က မင်းကို သိပ်ပြီး သတိရမိတယ်ကွာ။ ဆရာမကြီးလည်း ငါတို့ရွာမှာ နှစ်ပေါင်းနှစ်ဆယ်လောက် နေလာခဲ့တာဆိုတော့ ငါတို့ရွာသူလိုဖြစ် နေပြီလေ။ သူလည်း တာဝန်အရ ပြောင်းရမေ့မယ့် စိတ်တော့မကောင်းလှဘူးကွ။ သူက ရွာသူရွာသားတွေနဲ့ ကျောင်းသူကျောင်းသားတွေကို ပြန်ပြီး နှုတ်ဆက်စကားပြောတဲ့ အထဲမှာ မင်းအကြောင်းပါ ထည့်ပြောသွားတယ်။ ကျောင်းသားကျောင်သူတွေကို မင်းလို အဝေးမှာ ပညာတွေ သွားရောက် သင်ကြား နိုင်အောင် ကြိုးစားကြဖို့၊ ပညာတွေ တတ်သွားရင်လည်း ကိုယ့်ရပ်ကိုယ့်ရွာကို မမေ့ဖို့မှာတယ်။ ရွာသူရွာသားတွေကိုလည်း သားသမီးတွေကို ကျောင်းဆက်ထားဖို့ မှာတယ်ကွ။ သူရွာကနေ ပြောင်းပေမယ့်လည်း လိုအပ်တဲ့ အကူအညီရှိရင် သူ့ဆီကို လာဖို့ပြောတယ်။ ငါတို့တွေက ၀ိုင်းပြီး ကန်တော့ ကြတော့ ဆရာမကြီးက မျက်ရည်တွေကျပြီး ငါတို့ကို ဆုတွေပေးတယ်။ ငါတို့လည်း မျက်ရည်တွေ ထိန်းလို့မရဘူး။ ရွာကလူတွေလည်း မျက်ရည်တွေကျတာ လူတိုင်းပါပဲ။ ဆရာမကြီး ကျေးဇူးတွေက ငါတို့ရွာလေး အပေါ်မှာ အများကြီး ရှိခဲ့တယ်လေကွာ။
နောက်တခု မင်းကို ပြောဖို့ကျန်သေးတယ်။ အခု ငါတို့ရွာအနောက်ဘက်ကနေ ကားလမ်းဖောက်ပြီး သွားပြီကွ။ ကတ္တရာတော့ မခင်းရသေးဘူး။ ကျောက်ချောလမ်း အဆင့်ပဲ ရှိသေးတယ်။ လုံးဝမရှိတာနဲ့ စာရင်တော့ တော်သေးတယ် ပြောရမှာပေါ့ကွာ။ လမ်းလုပ်တဲ့ အဖွဲ့က ရွာကရေခပ်လမ်းကိုလည်း ကျောက်တွေ ခင်းပေးသွားတယ်။ ရွာအနောက်ဘက် ချောင်းထိပ်ကနေ ရွာဦးကျောင်းနားအထိ လမ်းကြီးကို ဖြူးနေတာပဲကွ။ အရင်က လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့တဲ့ရွာလေးက အခုဆိုရင် ကားသံတွေ တ၀ူဝူကြားနေရပြီကွ။ နောက်ပြီးတော့ ငါတို့တွေတုန်းက ညဆို စာကျက်ရင် ရေနံဆီမီးခွက်နဲ့ ဖယောင်းတိုင်ကို အသုံးပြုခဲ့ရာက အခုညီငယ်ညီမငယ်တွေကျတော့ မီးရောင်ထိန်ထိန် အောက်မှာ စာတွေကျက်နိုင်ပြီ သူငယ်ချင်း။ ရွာဦးကျောင်းမှာ မီးစက်ကြီး တစ်လုံးပေးထားတယ်။ အဲ့ဒီကနေ တစ်ရွာလုံးကို ညစဉ်မီးပေးတယ်။ အရင်တုန်းက ညစဉ် မှောင်မိုက်နေခဲ့တဲ့ ငါတို့ရွာထဲက လမ်းတွေဟာလည်း အခုတော့ မီးရောင်တွေအောက်မှာ ထင်ထင်ရှားရှား မြင်နေရပြီ သူငယ်ချင်း။ ငါတော့ လုပ်ပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်မိတယ်။ အရင်က နွားလှည်းလောက်သာ ရှိတဲ့ ငါတို့ရွာလည်း အခုများဆို ဆိုင်ကယ်တွေနဲ့ ထော်လာဂျီ တွေနဲ့ ဖြစ်နေပြီဗျာ။ အရင်က ရေဒီယိုသာ ရှိတဲ့ငါတို့ရွာလေးက အခုဆို တယ်လီဖုန်းနဲ့ တီဗွီတွေနဲ့ တကယ့်ကို ပြောင်းလဲနေပြီ။
မင်းဆီက ဖုန်းလာတိုင်း ငါတို့တွေ ၀ိုင်းပြီးနားထောင်ကြတာ။ မင်းက ရွာကလူတွေအားလုံး ကို သတိရတယ်လို့ ပြောရင် မျက်နှာတွေကို ပြုံးနေကြတာပဲ။ ငါတို့ရွာကနေပြီ အဝေးရောက်နေတာက သိပ်မရှိဘူးလေ။ ကျန်တဲ့သူတွေက အဝေးမှာဆိုပေမဲ့ ကိုယ့်နိုင်ငံတွင်းမှာတင်ဆိုတော့ ဖုန်းမဆက်လည်း ပြန်လာရင် ချက်ချင်းလာလို့ရတာပဲ။ မင်းကျတော့ အဲ့လိုမဟုတ်ဘူး ဆိုပြီး မင်းဆီက ဖုန်းလာရင် မင်းအသံကို ကြားချင်ကြတာနဲ့ ဖုန်းနားကို လိုက်လာပြီး နားထောင်ကြတာကွ။ ဖုန်းခွက်ကိုင်ဖို့ လုနေရလို့ ဖုန်းပိုင်ရှင်က စပီကာဖွင့်ပေးရတယ်။ မင်းကတစ်ယောက်ထဲ ပြောပေမယ့် ငါတို့က အများကြီးကြားရတယ်။ မင်းပြောတဲ့အင်တာနက် ဆိုတာလည်း လူရုပ်ကိုတောင် ကြည့်လို့ရတယ်ဆို။ အရင်တစ်ခါ အရီးလေးတို့ သွားတုန်းက ငါအလုပ်မအားလို့ မလိုက်ခဲ့ရဘူး။ ရွာရာက်တော အရီးလေးက ပြန်ပြောပြလို့ ရွာကလူတွေ အံ့သြနေကြတာကွ။ ဒီလောက်အဝေးကြီးကို လူရုပ်မြင်အောင် ဘယ်လိုကြည့်လဲ ဟုတ်မှလည်း ပြောပါ ဆိုတဲ့သူက ရှိသေးတယ်။ မင်းအတွက် ငါတို့တွေ ဂုဏ်ယူပါတယ်ကွာ။ နဘေးရွာတွေက မေးရင်လည်း ကျုပ်တို့ရွာက နိုင်ငံခြားမှာ ပညာသွားသင် နေတဲ့ သူတောင်ရှိတယ် ဆိုပြီး ဂုဏ်ယူစွာနဲ့ ပြောကြတာကွ။ ငါလည်း ရွာမှာ ပြောင်းလဲနေတဲ့ အကြောင်းလေးတွေကို ပြောပြချင်တာနဲ့ မင်းဆီကို ဒီစာရေးလိုက်တာ။ စာတွေတော်တော် ရှည်သွားတယ်ကွ။ ပြောစရာတွေကတော့ ကျန်သေးတယ်။ မင်းပြန်လာမှပဲ အေးအေးဆေးဆေး ပြောကြတာပေါ့။ မင်းငါ့ဆီကို စာပြန်ရေးအုံး။ အင်တာနက်ဆိုတာကို ငါမသုံးတတ်တော့ မင်းလက်ရေးနဲ့ ရေးတဲ့ စာကိုပဲ ငါမျှော်နေမယ်။ မင်း အဲ့ဒီမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံလေးတွေလည်း ထည့်ရေးလိုက်နော်။ ရွာကလူတွေကို ငါပြန်ပြောပြလို ရတာပေါ့ကွာ။ မင်းပြန်လာမယ့် ရက်ကို ငါနဲ့အတူ ရွာသူရွာသားတွေရယ်၊ ပြောင်းလဲနေပြီဖြစ်တဲ့ မင်းသံယောဇဉ်ကြီးတဲ့ ရွာလေးရယ်က စောင့်မျှော်နေကြတယ်။ မင်းလည်း ကျန်မာရေးကို ဂရုစိုက်ပါ။ စာကိုလည်း ကြိုးစားပါ။ မင်းရည်မှန်းချက်တွေ ပြည့်ဝတဲ့ တစ်နေ့ မင်းချစ်တဲ့ ရွာလေးဆီကို ဆက်ဆက်ပြန်လာခဲ့နော်…ငါနဲ့အတူ ရွာသူရွာသားတွေ စောင့်မျှော်နေမယ်…..”
မင်းရဲ့အချစ်ဆုံးသူငယ်ချင်း
မိုးဇော်
ဝက်မထောက်ကျေးရွာ၊ကျောက်ပန်းတောင်းမြို့နယ်။
1 comments:
အရမ်းကောင်းတဲ့ ပေးစာလေး ပါလားအကိုရေ..
လွမ်းမိပါ၏။။။။
ကောင်းသောညလေးဖြစ်ပါစေအကို။
Post a Comment