Photo from Google images
ကြက်သားကြော်ပုံဂူဂယ်မှာရှာတာလိုချင်တဲ့ပုံမရတဲ့အဆုံးKFCပုံပဲတင်လိုက်ပါတယ်။
အခုတလောမြန်မာနိုင်ငံမှာKFCကြက်ကြော်ဆိုင်ဖွင့်ပြီဆိုတဲ့သတင်းတွေခဏခဏတွေ့နေရတော့
ဖဦးထုပ်မှာမသွားဖြစ်တဲ့KFCဆိုင်ဘက်ကိုတောင်ရောက်သွားဖြစ်သေးတယ်။တောသားပီပီဘိုစာတွေသိပ် မစားတတ်တော့KFCတို့Mcdonaldဆိုင်ဘက်ကိုခြေဦးမလှည့်ဖြစ်ပါဘူး။ဒါပေမဲ့မြန်မာပြည်ကသတင်းတွေ
ဖတ်ပြီးစိတ်ကသွားချင်မိတော့လည်းမြည်းစမ်းဖို့ရောက်ခဲ့တယ်ဆိုပါတော့လေ။
အဲ့ဒီကြက်ကြော်ဆိုင်ရောက်တော့ကျနော်အလယ်တန်းတက်ခဲ့တုန်းကလက်ပံပျားရွာကကြက်ကြော်ဗန်းတွေ
ကိုမျက်လုံးထဲပြေးမြင်မိရာကဒီပို့စ်လေးရေးတင်ဖို့စဉ်းစားမိတာပါ။ပုပ္ပားနဲ့ပုဂံညောင်ဦးဘုရားဖူးရောက်ဖူးတဲ့ သူတော်တော်များလက်ပံပျားကြက်ကြော်ကိုသိကြမယ်ထင်ပါတယ်။မိတ္ထီလာကျောက်ပန်းတောင်းလမ်းပေါ် မှာရှိတဲ့ကားလမ်းဘေးရွာကြီးတစ်ရွာပေါ့။ကျနော်ကျောင်းတက်တုန်းကဆိုထမင်းဆိုင်တွေနဲ့ခရီးသည်တင်
ကားတွေနဲ့တော်တော်ကိုစည်းကားတဲ့ရွာပါ။ကားလမ်းဘေးတစ်လျှောက်ထမင်းဆိုင်တွေအစီအရီနဲ့တော
မကျမြို့မမည်တဲ့နေရာတစ်ခုပါ။ကျနော်တို့ကျောင်းကလည်းကားလမ်းဘေးမှာပဲဆိုတော့ကျောင်းဆင်း
ချိန်ဆိုကျောင်းရှေ့ကညောင်ပင်ကြီးအောက်မှာထိုင်ပြီးထမင်းဆိုင်တွေမှာထမင်းစားနားတဲ့ခရီးသည်တင်
ကားတွေကိုငေးရတာအမော။ပုဂံညောင်ဦးဖက်ကိုဘုရားဖူးသွားတဲ့ကားတွေအများစုထမင်းစားနားတဲ့
နေရာမို့ဘုရားဖူးရာသီဆိုရင်ဆိုင်တိုင်းမှာကားတွေအပြည့်ပါပဲ။နိုင်ငံခြားသားတွေပါတဲ့ကားတွေရပ်ပြီဆို
ကျနော်တို့အတွက်အထူးအဆန်းပါပဲ။အသားနီစပ်စပ်နှာခေါင်းချွန်ချွန်ယောကျာ်းမိန်းမတွေကားပေါ်က
ဆင်းလာရင်ကလေးသဘာဝစုပြုံပြီးသွားကြည့်ကြတာပေါ့။တခါတလေသူတို့ကထမင်းဆိုင်ထဲမ၀င်ဘဲ
ကျနော်တို့ကျောင်းပေါက်ကိုလာကျောင်းသားတွေကိုဘော့ပင်လေးတွေလက်ဆောင်ပေးဓာတ်ပုံတွေရိုက်
ကြတယ်။အဲ့ဒီတုန်းကတော့ကလေးအရွယ်ဆိုတော့အထူးအဆန်းဖြစ်ပြီးပြူးပြူးကြောင်ကြောင်လေးတွေ
ပေါ့။
အဲ့ဒီနိုင်ငံခြားသားကားတွေနားမှာကျောင်းသားတွေပြီးရင်အများဆုံးပရိတ်သတ်ကကြက်သားကြော်သည်
တွေပါ။ဝယ်ချင်တာမ၀ယ်ချင်တာမစဉ်းစားကြဘဲသူ့ထက်ငါအရင်ဦးအောင်ကြက်သားကြော်ဗန်းတွေရှေ့
ထိုးပြီးမြန်မာတို့ထုံးစံအတင်းရောင်းတော့တာပဲ။တခါတလေဆိုသူတို့ချင်းရန်တွေဖြစ်ကြသေးတယ်။ဟိုလူ
တွေကတော့ကြည့်ပြီးဓာတ်ပုံရိုက်မှတ်တမ်းတင်တာကလွဲဘယ်ဝယ်စားလိမ့်မလဲဗျာ။တချို့ဆိုသွားတဲ့
နောက်တကောက်ကောက်လိုက်ပြီးရောင်းကြသေးတာ။
ကြက်သားကြော်သည်တွေကဘုရားဖူးရာသီဆိုသူတို့အတွက်ခွင်ပါပဲ။နယ်ဝေးကလာကြတဲ့ဘုရားဖူးကား
တွေကတော်တော်လေးအားပေးကြတယ်လေ။အိမ်အပြန်ကားတွေဆိုလည်းအလုအယက်ဝယ်ကြတာဆို
တော့သူတို့ကြက်ကြော်ကတော်တော်ရောင်းရတယ်။နောက်ပြီးလက်ပံပျားကြက်ကြော်စားကောင်းတာက
ဗမာကြက်စစ်စစ်ကိုကြော်တာကြောင့်လည်းပါတယ်။အနီးအနားရွာတွေမှာတစ်နိုင်တစ်ပိုင်မွေးတဲ့ဗမာကြက်
တွေကိုယောကျာ်းတွေကအလေးချိန်နဲ့လိုက်ဝယ်။မိန်းမကကြက်သားကြော်ရောင်းအကုသိုလ်အလုပ်ဆိုပေမဲ့
စားဝတ်နေရေးအတွက်ဆိုတော့လည်းမကောင်းမှန်းသိလျက်နဲ့လုပ်ကြရတာပေါ့လေ။သူတို့ကြော်ထားတာ ကမြင်ရတာနဲ့စားချင်စဖွယ်ပါ။အပေါ်ယံအသားတွေကိုရဲနေအောင်၊ကျွမ်းလည်းမကျွမ်းအောင်ကြော်ထား
တာဗျ။ကြက်သားကြော်ဗန်းကိုများကြည့်လိုက်ရင် ရင်အုပ်လေးတွေကိုစီပြီးထည့်ထားတာကြည့်လို့များ
ကောင်းနေသေးတယ်။တစ်ခုချင်းစီခွဲမ၀ယ်ချင်းရင်တော့ရင်အုပ်ပေါင်နှစ်ချောင်းနဲ့အမြစ်အသည်းတစ်စုံပါ
တစ်ကောင်လုံးစာအတွက်ဝယ်ရင်ဈေှးဆစ်လို့ကောင်းပါတယ်။
ကျောင်းတက်တဲ့အချိန်တုန်းကတော့သူတို့ကြက်သားကြော်ကိုဝယ်လည်းမစားနိုင်သလိုနေ့စဉ်နေ့တိုင်း
မြင်နေရတော့သိပ်လည်းစိတ်မ၀င်စားပါဘူး။နောက်ပိုင်းမိတ္ထီလာကျောင်းသွားတက်တော့မှအသွားဆို
အဆောင်ကဆရာမလက်ဆောင်ပေးဖို့ဝယ်ရင်ကိုယ်အတွက်ပါအမြစ်အသည်းကြော်လေးသွေးကြော်
လေးဝယ်ရင်းမြည်းစမ်းဖူးတာ။သူတို့မှာကလည်းဈေးကအစားစားရှိပါတယ်။ရင်အုပ်ဆိုတစ်မျိုး၊ပေါင်ဆို
တစ်မျိုးအမြစ်အသည်းဆိုတစ်မျိုး၊လည်းချောင်းနဲ့ခေါင်းတွဲလျက်ကတစ်ဈေးစသဖြင့်ပေါ့။ကြက်သွေးကြော်
ကလည်းစားလို့ကောင်းပါတယ်။ခေါင်းနဲ့သွေးခဲကြော်ကတော့ရင်အုပ်နဲ့ပေါင်လောက်ဈေးမကြီးတော့ရွာ
ပြန်ရင်ခဏခဏ၀ယ်သွားဖြစ်တယ်။
နောက်တစ်ခုသူတို့ဈေးရောင်းတဲ့အခါပြိုင်ဆိုင်ကြတဲ့စကားကလည်းဟာသတစ်ခုလိုဖြစ်နေသေးတယ်။
ဘုရားဖူးကားတစ်စီးဝင်လာလို့ကြက်သားကြော်သည်တွေဈေးပြိုင်ရောင်းတဲ့အခါသူပေါင်ကကြီးတယ်
ငါ့ပေါင်ကကြီးတယ်နဲ့အော်ကြတာလေ။ပြောတာကတော့ကြက်ပေါင်ပေါ့သူတို့ကြက်ကိုဖြုတ်ပြီးသူ့ပေါင်
ငါ့ပေါင်လုပ်တော့ဝယ်တဲ့သူကကြက်ပေါင်လားလူပေါင်လားမကွဲတော့ဘူးလေ :) ရင်အုပ်ဆိုလည်းအဲ့လိုပဲ
သူ့ရင်အုပ်ကကြီးတယ်ငါ့ရင်အုပ်ကကြီးတယ်နဲ့အဲ့ဒါကိုလူရွှင်တော်တွေကအငြိမ့်ထဲမှာဟာသပျက်လုံးအနေ
နဲ့ထည့်ထည့်ပျက်ကြတာပေါ့။
ကျနော်သူငယ်ချင်းတွေထဲမှာလဲအဖေအမေကကြက်ကြော်ရောင်းကြတဲ့သူတွေတော်တော်များများပါတယ်။
အဲ့ဒီအချိန်ကတော့သူတို့တွေကနေ့စဉ်ဝင်ငွေရှိကြတော့မုန့်ဖိုးပဲဖိုးများများရကြတယ်။ကြက်ကြော်သည်တွေ
ကြည့်လိုက်ရင်လည်ပင်းမှာဆွဲကြိုးလက်မှာလည်းလက်ကောက်သုံးလေးကွင်းနဲ့ပေါ့။လူတိုင်းမဟုတ်ပေမဲ့
ကြက်သားကြော်ရောင်းတဲ့သူတွေကပြောင်ပြောင်းလက်လက်နေနိုင်တယ်ဆိုပြီးရွာမှာတော့ပြောစမှတ်ပြု
ကြတယ်။ကိုးတန်းအောင်ပြီးနောက်ပိုင်းကျောင်းပြောင်းတော့လက်ပံပျားကိုဖြတ်သွားဖြတ်လာလောက်ပဲ
ရောက်ဖြစ်တော့တယ်။နောက်ပြီးရွာကြားလမ်းမှာကျနော်တို့ငယ်ငယ်တုန်းကလောက်ထမင်းဆိုင်တွေ
မပေါတော့ဘူး။ဆိုင်တွေကများလာတော့ရွာ့အပြင်ဘက်ကိုတစ်ယောက်ဆိုင်ပြောင်းတော့နောက်လူတွေ
ကပါလိုက်ပြောင်းကြရင်းရွာကြားလမ်းမှာထမင်းဆိုင်တွေသိပ်မကျန်တော့ဘဲစည်းကားမှု့လည်းနည်းသွား
ကြတာ။အရင်ကတစ်အုပ်တစ်မတည်းရှိခဲ့တဲ့ကြက်သားကြော်သည်တွေလည်းအပြင်ထွက်တဲ့ဆိုင်တွေ
နောက်လိုက်ရင်းအုပ်စုလေးတွေဖြစ်ကုန်ကြတော့တယ်။
ကျနော့်ကျောင်းနေဖက်သူငယ်ချင်းမတွေထဲမှာကိုပဲအခုအိမ်ထောင်တွေကျပြီးကြက်သားကြော်ရောင်း
နေကြသူတွေရှိတယ်။တခါရွာပြန်တုန်းကလက်ပံပျားမှာထမင်းစားနားရင်းသူငယ်ချင်းမတစ်ယောက်
တွေ့လို့ရှေးဟောင်းနှောင်းဖြစ်တွေပြောမိကြသေးတယ်။ကျောင်းနေဖက်သူငယ်ချင်းတွေအကြောင်းမေး
ရင်းသူ့ဆီကကြက်သားကြော်အားပေးခဲ့သေးတယ်။သူငယ်ချင်းတွေဆိုတော့လည်းပိုပိုသာသာထည့်ပေး
ရှာပါတယ်။ကျနော်ကိုပြောသေးတယ်နင်ကတော့တော်တယ်နော်ငါတို့တော့ဆယ်တန်းကိုနှစ်ခါဖြေတာ
မအောင်တာနဲ့ကျောင်းထွက်ပြီးအခုကြက်ကြော်ရောင်းနေတာတဲ့။သူကအဲ့လိုပြောတော့လည်းစိတ်ထဲ
မှာတစ်မျိုးခံစားရတယ်။
KFCကနေလက်ပံပျားကြက်ကြော်အကြောင်းရေးနေရင်းငယ်ငယ်ကကျောင်းတက်ခဲ့တဲ့လက်ပံပျားရွာ
ကကျောင်းကြီးကိုရောကျောင်းနေဖက်သူငယ်ချင်းတွေကိုရော၊သူ့ပေါင်ကြီးတယ်ငါ့ပေါင်ကြီးတယ်ဆိုပြီး
ပြောပြောရောင်းကြတဲ့သနပ်ခါးပဲကြားနဲ့ကြက်သားကြော်သည်အစ်မတွေကိုရောသတိရမိပါတယ်။
နိုင်ငံခြားကလာတဲ့KFCဘယ်လောက်ပဲကောင်းကောင်းဗမာကြက်စစ်စစ်ကိုဆီသန့်သန့်နဲ့ကြော်ရောင်း
တဲ့လက်ပံပျားကြက်ကြော်ကိုတော့မှီမယ်မထင်ပါဘူး။KFCမှာသွားစားခဲ့တုန်းကတော့အပေါ်ကမံထား
တာတွေအကုန်ခွာထုတ်ပြီးအထဲကကြက်သားကိုပဲထွင်စားခဲ့ပါတယ်။အခွံတွေကိုတော့ဘေးကသူငယ်ချင်း
ကကူစားပေးတယ်။အသားကိုမခုံမင်တော့စားပြန်ရင်လည်းအဲ့ဒီလိုဇီဇာကြောင်တတ်သေးတာဗျ။
အားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေလို့မေတ္တာပို့သ
ပါတယ်။လာလည်ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါကြောင်း။
လေးစားမှုဖြင့်
မျိုးခန့် (ပုပ္ပား)
2 comments:
ဒီကကြက်ကြော်တွေကြက်ကင်တွေမမက်တဲ့ထဲမှာတော့ဒို့ တွေလည်းရှေ့ ဆုံးကပါတယ်။
လက်ပံပျားကြက်ကြော်ကို ပုပ္ဗါးဘက်မှာ တာဝန်ကျတဲ့အမက ရန်ကုန်ပြန်လာတိုင်း နို့ မှုန့် ဘူးအကြီးကြီးနဲ့ ရော စတီးချိုင့် တွေနဲ့ ရောပြည့်သိပ်နေအောင်ထဲ့ပြီးဝယ်ဝယ်ပြန်လာရာကစွဲသွားတာ။ နောက်တော့ ဒို့ ကွင်းဆင်းလို့ အဲဒီလမ်းပေါ်က ဖြတ်သွားရတိုင်း တစ်ခုတ်တစ်ရ နားပြီး ၀ယ်စား လမ်းမှာစားဖို့ ထုတ်သွားနဲ့ ။ ဒို့ နဲ့ အလုပ်လုပ်တဲ့ အင်္ဂလိပ် အမေရိကန် အပါအ၀င်နိုင်ငံခြားသားတိုင်း ဒို့ စားလို့ လိုက်စားကြတယ်။ ကြိုက်တယ် အော်ဂဲနစ်ဆိုပြီး။
အခုလည်း ဒီမှာပေါချောကောင်းဝယ်လို့ ရတဲ့ ရိုတစ်စရီကြက်ကင်ဆို ဟင်းမရှိရင် ၀ယ်လာပြီး အကုန်ဖဲ့ရွဲ့ ပြီး ငံပြာရည်နဲ့ ဆနွင်းနဲ့ နယ်ပြီး ဆီနဲ့ ပြန်ကြော်စားတာ။ ဒါမှ ကိုယ်တို့ အရသာထွက်တာဆိုပြီး။ ရွှေညာသားလေးလည်း အဲလိုလုပ်ကြည့် ရိုးရိုးကြက်ကောင်လုံးကင်တို့ အကြော်တို့ ကို။ အချိန်ကုန်အရမ်းသက်သာပြီးကောင်းတယ်။
သူတို့ က အထဲမှာ စိုပြီးအိနေမှကြိုက်ကြတာ။
ကိုယ်တို့ က ခပ်ခြောက်ခြောက်နဲ့ ကြွတ်နေမှ ကြိုက်တာ။
မြန်မာတွေလောက် အစားအသောက်ကို အရသာမသိဘူးလို့ ပဲဆိုကြစို့ နော။း))
အိုင်အိုရာ
ဟုတ်တယ်အစ်မရေ..ကျနော်လည်းဒီမှာအဲ့လိုအကင်တွေရတဲ့ဆိုင်သူငယ်ချင်းတွေကခေါ်ရင်ငြင်းတာများတယ်..ကိုယ်ကလိုလိုလားလားစားတာမဟုတ်တော့လူမြင်
တာပဲနောက်ပြီးဟိုဟာဖယ်လိုက်ဒီဟာဖယ်လိုက်နဲ့ပါးစပ်ထဲရောက်တာကနည်း
နည်းပဲ :) ဒါပေမဲ့ ကြက်ကင်ဆိုင်တစ်ဆိုင်တော့ရှိတယ်လျှပ်စစ်မီးဖိုနဲ့ကင်တာပဲ အရသာရှိပြီးအညှီနံ့ကိုလုံးဝပျောက်နေတာ..အဲ့ဒီဆိုင်ကကြက်ကင်တော့စိတ်ပါတဲ့
အခါဝယ်စားတယ်..ဘာတွေထည့်ကင်လဲလို့ဈေးဝယ်ရင်စူးစမ်းတော့လည်းသိပ်ပြီးအဆာပလာလည်းထည့်တာမတွေ့ဘူး...ထောပတ်လားဘာလဲမသိတဲ့အဆီတစ်
မျိုးတော့မကင်ခင်မှာသုတ်တာမြင်ခဲ့တယ်...ဒီတစ်ခါဝယ်ဖြစ်ရင်အစ်မပြောသလိုပြန်
ကြော်စားကြည့်အုံးမယ်...အရသာတစ်မျိုးသိရအောင် :)
Post a Comment