စာရေးချင်တာတွေက များနေတော့ ဘယ်ကနေ ဘယ်လိုစပြီး ရေးရမယ်မပြောတတ်တော့ဘူးဗျာ။ ဒါပေမဲ့ အခုလောလောဆယ် ရွှေညာသားလေး လုပ်ဆောင်နေရတာလေးတွေနဲ့ ပတ်သက်ပြီး ရေးဖို့စိတ်ကူးမိတာကြောင့် ဒီပို့စ်လေးကို ဘလော့ခ်ကို ပြန်ရောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ရေးလိုက်ပါတယ်။
ပေးထားတဲ့ ခေါင်းစဉ်လေးအတိုင်းပါပဲ ရွှေညာသားလေးဟာ အရင်တုန်းကတော့ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုတော့ မြန်မာပြည်အလယ်ပိုင်းက တက္ကသိုလ်တခုမှာ ဆရာတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတယ်။ ဒီတက္ကသိုလ်မှာ ကျွန်တော်ဘ၀ အတွက် အမှတ်တရ ဖြစ်စရာလေးတွေ အများကြီးကြုံခဲ့ရတယ်။ အဲ့ဒီအထဲကမှ ပူပူနွေးနွေး ကြုံတွေ့ခဲ့ရတာလေးကတော့ လွန်ခဲ့တဲ့ (၈) နှစ်ကျော်လောက်တုန်းက ကျွန်တော်ကိုယ်တိုင် ကျောင်းသားအဖြစ်နဲ့ စာမေးပွဲ ၀င်ဖြေခဲ့တဲ့ ကျောင်းစာသင်ခန်းတွေမှာ စာမေးပွဲခန်းစောင့် တာဝန်ပြန်ကျခဲ့တာပါပဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော်ဘယ်လိုမှ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော့်ဘ၀အကြောင်းနဲ့ ထင်ဟပ်တဲ့ ပို့စ်လေးတွေကို အရင်က ကျွန်တော်ရေးခဲ့ဖူးပါတယ်။ ဘ၀မှာ တစ်ခါတလေကျတော့ မမျှော်လင့်တာတွေ ဖြစ်တတ်တယ်ဆိုတာ တကယ်မှန်တာပဲနော်။
ပထမဦးဆုံး စာမေးပွဲ အခန်းစောင့်တာဝန်ကျတဲ့နေ့ကဆို စိတ်ထဲမှာ ဘယ်လိုကြီးမှန်းကို မသိပါဘူး။ ကျောင်းသားဘ၀တုန်းက စာမေးပွဲစဖြေမယ်နေ့ဆိုရင် ကျက်မှတ်ထားတဲ့ စာတွေကို ခေါင်းထဲမှာစဉ်စားရင်း စာမေးပွဲဖြေဆိုမယ့် အခန်းရှေ့မှာ ကျောင်းတက်ခေါင်းလောင်းထိုးမည့်အချိန်ကို စောင့်ခဲ့ရတာတွေ၊ ဘယ်လောက်ပင် စာရသော်လည်း စာမေးပွဲဆိုတဲ့ ဖိအားကြောင့် အနည်းနဲ့အများတော့ ရင်ခုန်မိတာ ကျောင်းသားတိုင်း ကြုံးဖူးမှာပါ။ အဲ့ဒီလို အချိန်ကာလတော်တော်များများကို ဖြတ်သန်းလာခဲ့ပြီးတဲ့ ကျွန်တော်...
ဒီနေ့မှာတော့ ကျောင်းကထုတ်ပေးထားတဲ့ ယူနီဖောင်းနဲ့တိုက်ပုံကိုဝတ်ပြီး မိမိတာဝန်ကျရာ အခန်းကို အဖြေလွှာစာအုပ်တွေကိုင်ပြီး ခပ်သွက်သွက်လျှောက်သွားမိတယ်။ အခုခေတ် တက္ကသိုလ်ကျောင်းသူကျောင်းသားနဲ့အရွယ်က သိပ်မကွာလှတာမို့ ယူနီးဖောင်းသာဝတ်မထားရင် ဆရာမှန်းသိမှာ မဟုတ်ဘူး။ စာမေးပွဲဖြေမည့် ကျောင်းသား တစ်ယောက်လို့ပဲထင်မှာ။ နောက်နှစ်ကျောင်း ပြန်ဖွင့်လို့ အတန်းဝင်ရရင် ဘယ်လိုဖြစ်မလဲဆိုတာကို တွေးပြီး ရင်တုန်မိသေးတယ်။ ကျောင်းသားတွေကလည်း ဆရာငယ်ငယ်ဆိုရင် ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချိုးမျိုးတွေ။
ကျောင်းသားဘ၀တုန်းကတော့ ဒီလိုဘယ်ဟုတ်မလဲ သင်သမျှစာကို ကျက်မှတ်တွက်ချက်ပြီး မေးလာတဲ့ မေးခွန်းကိုဖြေဆိုဖို့အတွက် ပြင်ဆင်ရင်း စာမေးပွဲခန်းကို စိတ်လှုပ်ရှားစွာနဲ့ ၀င်ခဲ့ရတာပေါ့။ အခုတော့ စာဖြေသူအဖြစ်မဟုတ်တော့ဘဲ စာဖြေသူတွေကို ကြီးကြပ်ရတဲ့ တာဝန်နဲ့ဆိုတော့ ကျောင်းသား ဘ၀တုန်းကထက် ပိုပြီးတော့ စိတ်လှုပ်ရှားမိတယ်။ အခန်းမှာဖြေဆိုမည့်ကျောင်းသူကျောင်းသားတွေ စည်းကမ်းရှိရှိ စာမေးပွဲဖြေဆိုစေဖို့ စာမေးပွဲခန်းစောင့်တဲ့ ကြီးကြပ်ရေးမှူးများမှာ လုံးဝတာဝန်ရှိတယ်လို့ မှာကြားထားတာကလည်းရှိသေးတယ်။ နောက်ပြီး ကိုယ်စောင့်တဲ့အခန်းက ပြဿနာဖြစ်ရင် အခန်းစောင့်တဲ့ ဆရာဆရာမတွေ တာဝန်ရှိတယ်ဆိုတော့ ကျောင်းသားအဖြစ်နဲ့ စာမေးပွဲဖြေခဲ့တုန်းကထက် တာဝန်ပိုကြီးတယ် ဆိုတာကို သိလာရတယ်။ စာမေးပွဲဖြေတဲ့ အချိန်သုံးနာရီအတွင်း ကျောင်းသူကျောင်းသားတွေ စာမေးပွဲကို ကိုယ့်အားကိုကိုးပြီး ဖြေဆိုနိုင်ဖို့၊ အေးဆေးတည်ငြိမ်စွာဖြေဆိုနိုင်ဖို့၊ အခန်းထဲမှာ တခြားကြီးကြပ်ရေးမှူးများနဲ့အတူ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရတာကလည်း အမောပါပဲ။ ကျောင်းသူကျောင်းသားတွေ စာမေးပွဲဖြေဆိုတဲ့ အချိန်သုံးနာရီအတွင်းမှာ ဘာပြဿနာမှ မဖြစ်ဖို့ စိတ်ထဲကနေ ဆုတောင်းရသေးတယ်။
တကယ်တမ်းကျတော့ လုပ်သက်အားဖြင့်ရော၊ အတွေ့အကြုံအားဖြင့်ရော အစစအားနည်းသေးတဲ့ ဆရာပေါက်စတစ်ယောက်အတွက် စာမေးပွဲခန်းစောင့် တာဝန်ဆိုတာ မလွယ်ကူလှမှန်း ကိုယ်တိုင်ကြုံမှ သိတော့တယ်ဗျ။ ကျောင်းသားဘ၀တုန်းကတော့ ကိုယ်ဖြေဆိုရမည့်အခန်းကိုသွား ကိုယ့်ခုံအမှတ်နေရာမှာ ၀င်ထိုင်ပြီး မေးလာတဲ့ မေးခွန်းမှာ ကိုယ်သိသမျှ၊ ရသမျှဖြေဆိုပြီးရင် အခန်းစောင့်ဆရာဆရာမဆီမှာ အဖြေလွှာအပ်ပြီးထွက်လာခဲ့ယုံပဲလေ။ ဆရာအဖြစ်နဲ့ ကျတော့ အဲ့ဒီလိုမဟုတ်တောပြန်ဘူး။ ကိုယ့်ဆီလာအပ်တဲ့ အဖြေလွှာစာအုပ်မှာ ခုံအမှတ်ရေးတာမှန်မမှန်၊ ထုတ်ပေးတဲ့ ဖြေလွှာစာအုပ် ဟုတ်မဟုတ်၊ မမှန်မကန်လုပ်ပြီး ဖြေတာတွေ ဖြေလွှာစာအုပ်မှာ ပါမပါ စတာတွေကို စနစ်တကျ စစ်ဆေးပြီးမှ လက်ခံယူရတယ်။
ကျောင်းသားဘ၀နဲ့ စာရင် ဆရာလုပ်ရတဲ့ ဘ၀က အစစအရာရာမှာ တာဝန်ပိုကြီးတယ်ဆိုတာ ကိုယ်တိုင်ကြုံတော့မှ သိလာရတယ်ဗျာ။ ပထမဆုံး နေ့မှာတော့ အခန်းစောင့်တာဝန်ကို ပထမဆုံးလုပ်ဖူးတာမို့ စိတ်လှုပ်ရှားမိတယ်။ နောက်နေ့တွေကျတော့လည်း အရင်နေ့က အတွေ့အကြုံကြောင့် စိတ်လှုပ်ရှားမှု့သိပ်ပြီးမခံစားရတော့ပေမဲ့ စာမေးပွဲဖြေဆိုတဲ့အခန်းတွင်းမှာ လမ်းလျှောက်ရတာတော့ ခြေသလုံးတွေကို တောင့်တင်းနေအောင်ပါပဲ။ ကျောင်းသူကျောင်းသားတွေကတော့ ဒီဆရာပေါက်စ ထိုင်ကိုမနေဘူး လို့ထင်မှာပဲနော်။ ဒါပေမဲ့လည်း တာဝန်က တာဝန်ပဲလေ။ ဘယ်တတ်နိုင်မှာလဲ။
ဆရာဘ၀နဲ့ ကျောင်းသားဘ၀ ကွာခြားတာတွေကလည်း ရှိသေးဗျာ။ ပြောရရင်တော့ အများကြီးပါပဲ။အခုတော့ မနက်ဖြန် စာမေးပွဲခန်းစောင့်ရအုံးမှာမို့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်တယ်...နောက်နေ့မှ ကွန်နက်ရှင်ကောင်းရင် ဆက်ပြီးရေးပါအုံးမယ်။ ဘလော့ခ်မှာ စာမရေးဖြစ်တာ နှစ်လကျော်လောက်ကြာသွားလို့ ဖတ်ရတာ အဆင်မပြေရင် သည်းခံပြီး ဖတ်ပေးပါနော်...။
အားလုံးသော ကျွန်တော်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
4 comments:
ဒီနေ့ မှတွေ့ တာရွှေညာသားလေးရေ။ဝမ်းသာလိုက်တာ ပြန်တွေ့ ရတာ။ အမြဲ အားပေးစောင့်ဖတ်နေတာပါ။ ကျေးလက်သားလေးနဲ့ များအဆက်အသွယ်ရ ယင်လဲသတိရအောက်မေ့ကြောင်းပြောပြပါနော်။ အညာသူမမယု
အတွေအကြုံလေးတွေနဲ့ဆရာတစ်ယောက်ရဲ့ခံစာချက်ဖတ်သွားပါတယ်။
ညီငယ်(မင်းလှသားလေး)
ပထမဆုံးအနေနဲ့ ဘလော့လောကထဲ ပြန်လည်ဆုံတွေ့ရတဲ့အတွက် ဝမ်းသာပါတယ်အကိုရေ...... အတွေ့အကြုံတွေနဲ့ နောက်ထက်နောက်ထက်လေးတွေလဲ စောင့်မျှော်နေပါတယ်လို့....
မမယုရေ...ကျွန်တော်လည်း အွန်လိုင်းက ညီအစ်ကိုမောင်နှမတွေကို အမြဲသတိလျှက်ပါ...အခုဘလော့ခ်ကို ချောချောမွေ့မွေ့ ပြန်ဝင်ရလို့ အတိုင်းမသိပျော်နေမိတာ...ကျေးလက်သားလေးနဲ့က မြန်မာပြည်ပြန်ရောက်မှ မတွေ့ဖြစ်သေးဘူး...သူလည်းအင်တာနက်သုံးရတာအဆင်ပြေရင်တော့ ဘလော့ခ်လောကကို ပြန်ရောက်လာမှာပါ...သူနဲ့တွေ့ရင်ပြောလိုက်မယ်နော်...လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်အစ်မရေ...
အိန်ဂျယ်....နောက်လည်းရေးဖြစ်မှာပါ...စောင့်မျှော်ဖတ်ရှု့နော်...ကုန်ကြမ်းတွေစုထားတာ အများကြီးပဲ...
Post a Comment