အညာသား ထမင်းဟင်းချက်တတ်တာအမေ့ကျေးဇူးကြောင့်ဆိုတာအရင်တုန်းကလည်းရေးခဲ့ဖူးပါတယ်။
အမေက ဈေးရောင်းတာကိုဝါသနာပါတော့ အခုအချိန်ထိ ဈေးရောင်းပြီးအသက်မွေးဝမ်းကြောင်းပြုနေတုန်း သားသမီးတွေကိုယ်စီအလုပ်တွေနဲ့ဖြစ်ကုန်ကြသော်လည်းအမေကတော့ဈေးရောင်းမပျက်ပါဘူး သားသမီးတွေကတခါတရံပေးတဲ့ပိုက်ဆံထက် အဖေနဲ့အမေဈေးရောင်းလို့ရတဲ့ပိုက်ဆံထဲက သားသမီးကိုပို့ပေးနေတုန်းပါ။ အိမ်ထောင်ကျတဲ့အစ်ကိုကြီးနဲ့ညီအတွက်လည်း လူကြုံရင်ကြုံသလို
သူဈေးရောင်းတဲ့အထဲကမီးဖိုချောင်အသုံးအဆောင်လေးတွေကို ချွေးမနှစ်ယောက်အတွက် အမြဲပို့ပေးတယ် ကျနော်နဲ့အမေဖုန်းပြောလို့အမေကအဲ့ဒီအကြောင်းတွေပြောတဲ့အခါ သူတို့အမေတွေဆီကဘာများပို့တာကြားဖူးလဲ အမေလို့ မေးတဲ့အခါ ငါ့သားရယ် သူတို့ကချွေးမဆိုပေမဲ့
မင်းအစ်ကိုကြီးနဲ့မင်းညီနဲ့ယူထားတော့အမေ့သမီးတွေပဲပေါ့ သူတို့မိဘတွေပေးတာမပေးတာထက်
အမေကတတ်နိုင်သလောက်ပို့ပေးတော့ သူတို့မ၀ယ်တန်တာမ၀ယ်ရဘူးပေါ့။ ကျနော်မနာလိုလို့ မဟုတ်ပေမဲ့ အမေလို ယောက္ခမမျိုးရှိတော့ရှိမယ် ဒါပေမဲ့ရှားမယ်လို့ထင်ပါတယ်။
အမေကဒါတင်အားမရသေးဘူး တပိုတွဲလရောက်လို့ မိုးဗြဲဘုရားပွဲ စခါနီးပြီဆို အိမ်ထောင်ရှင် သားသမီးတွေဆီရော အိမ်ထောင်မကျသေးတဲ့သားတွေဆီကိုရော သတင်းစကားပါးတတ်တယ် အမေဘုရားပွဲဈေးမှာ ထမင်းရောင်းမယ် အဲ့ဒါ မင်းတို့လာနိုင်တဲ့သူ လာကူပေးကြအုံး။ လူငှားလို့ရပေမဲ့ ရချင်းရ ကိုယ့်လူကိုယ်ပဲရစေချင်လို့ အလုပ်အားရင် ဘုရားပွဲတွင်းလာကူကြအုံးလို့ မှာလေ့ရှိတယ်။ အဓိက ကတော့အိမ်ထောင်ကျတဲ့သားနှစ်ယောက်နဲ့ချွေးမတွေကိုလာစေချင်တာ ကျနော်သိတယ်။ လူငှားခပေးရမှာအတူတူ ကိုယ့်မိသားစု ၀ိုင်းဝန်းလုပ်တော့ လူငှားခရယ်လိုမဟုတ်ဘဲ ရတာထဲက ထိုက်သင့်သလောက်ခွဲဝေပေးသလို ပြန်တဲ့အခါလည်း ပိုတဲ့မီးဖိုချောင်သုံး နနွင်းမှုန့်ကအ ငါးပိရည်ကျိုအဆုံး
ချွေးမတွေကိုအညီအမျှခွဲဝေပြီးထည့်ပေးလိုက်တယ်။
ပွဲတော်မစခင်ကတည်းက ကိုယ့်ဆိုင်ခန်းနေရာမှာ ယာယီတဲဆောက်ပြီး ပုံမှန်ရောင်းနေကျ ဈေးထဲကနေ ဘုရားပွဲဈေးထဲကိုရွှေ့ပြီးဈေးရောင်းတာ တပိုတွဲ လဆန်းကနေ လပြည့်ကျော် (၂) ရက်လောက်မှ
ဆိုင်သိမ်းတာ။ ပွဲတော်ဈေးကာလတစ်လျှောက်ကတော့ အားလုံးပင်ပမ်းကြတယ်။ အမေကတော့
အမေကတော့ အပင်ပမ်းဆုံးပါ။ နေ့ရောညရော မီးဖိုနားကနေမခွာရဘူး ထမင်းအိုးနဲ့ ဟင်းအိုးတလှည့်စီ
ချက်ပေးနေရတာ။ အဖေနဲ့ကျနော်တို့ညီအစ်ကိုတစ်တွေက ဆိုင်ထဲလူလာအောင်ခေါ်တဲ့သူကခေါ်
အဲ့ဒီတာဝန်ကို ညီအငယ်ဆုံးက တာဝန်ယူတယ်။ ထမင်းခူးတာ ထိုင်ခုံနေရာချတာ၊ ဟင်းမှာတာကို
ညီငယ်နဲ့သူ့အမျိုးသမီးက တာဝန်ယူတယ်။ ကျနော်နဲ့အမေက ဟင်းထည့်တဲ့နားမှာ တလှည့်စီ
အမေ မောတဲ့အခါ ကျနော်က ဟင်းထည့် အမေက မီးဖိုဘေးသွားချက်ပြုတ်နဲ့ လက်မလည်အောင်ကို
ရောင်းရတဲ့ပွဲဈေးပါ။ တကယ်ပျော်လည်းပျော်သလို ဗိုက်ဆာလို့ ဆာမှန်းပင်မသိ တနေကုန်မှ ထမင်းတနပ်
ပဲစားရတဲ့ရက်လည်းရှိပါတယ်။
မြန်မာထမင်းဟင်းရောင်းတဲ့တခြားဆိုင်တွေရှိပေမဲ့ ကျနော်တို့မိသားစုဆိုင်က ငါးပိရည်ကျိုကောင်းလို့
လူပြောများတယ်။ အမေ့စေတနာလည်းပါတာပေါ့လေ ငါးပိရည်ကျိုကိုအဖြစ်မဟုတ်ဘဲ စားလို့ကောင်း
အောင်သေချာဖျော်၊အချဉ်ဟင်းဆိုလည်းတကယ့်အိမ်စားသလိုမျိုးချက်၊ရောင်းသူရောစားသူရောအဆင်
ပြေအောင်အမြတ်ငွေထက်စေတနာကိုရှေ့ထားလို့ထင်ပါရဲ့တကယ်ကိုရောင်းလို့ကောင်းပါတယ်။
ကျန်တဲ့ရက်တွေထက် တပိုတွဲလပြည့်နေကတော့မနက် (၆) နာခွဲ လောက်ကစပြီး ရောင်းလိုက်ရတာ
ညနေမှောင်တဲ့အထိကို မထိုင်ရပါဘူး။ ချက်သမျှဟင်းအကုန်ပြောင်၊ ထမင်းအိုးဆိုလည်း ဘယ်နှ်စ်ခါမှန်း
မသိပါဘူး။ ဆိုင်ရှိသမျှလူနဲ့မရလို့ ပွဲဈေးလည်လာတဲ့အသိတွေပါ ၀ိုင်းကူပြီးရောင်းရတဲ့အထိပါပဲ။
အဲ့လိုမျိုးရောင်းရတော့လည်း မောရမှန်းမသိ ပူရမှန်းမသိနဲ့ ပျော်မိတယ်။
တိုင်းရင်းသားတို့ထုံးစံ ဒီဆိုင်ကစားလို့ကောင်းတယ်ဆို နောက်နေ့တွေမှာသူတို့နဲ့နီးစပ်ရာလူကိုပါ
ခေါ်လာကြတာမို့ ပထမလာစားတဲ့သူအဆင်ပြေရင်နောက်ရက်လူခေါ်စရာမလိုဘူး ပွဲတော်တလျှောက်
မပြန်မချင်းလာအားပေးကြတာ။ ပဒေါင်၊ ကယား၊ ပအို့ဝ် ရှမ်း အများစုလာကြတာမို့ မြန်မာထမင်းဟင်း
မစားဖူးတဲ့တချို့က ဆိုင်နာမည်ကြည့်ပြီး ၀င်စူးစမ်းကြတာလည်းရှိတယ်။ သူတို့သဘောကျရင် နောက်နေ့
လာခဲ့အုံးမယ်ဆိုတဲ့စကားကမေးစရာမလိုဘူး သူတို့ဆီကအလိုလိုထွက်လာတာပဲ။
ငါးပိရည်ကျိုကြိုက်တဲ့သူများကတော့ ငရုတ်သီးစပ်စပ်ဖျော်ထားတာကို ထမင်းနဲ့ဖျော်စားတာလည်းတွေ့မိ
တယ်။ သူတို့အစပ်ကြိုက်တာကိုသိတော့ အမေက ငရုတ်သီးခြောက်အတောင့်လိုက်ကိုဆီနဲ့ကြော်ပြီး ပုလင်းဗူးနဲ့ထည့် ထမင်းဝိုင်းတိုင်းမှာထားပေးတယ်။ ငါးပိရည်ကျိုကိုလည်း ဖန်ပုလင်းနဲ့ထည့်ပြိး ဇွန်းတတ်
ပေးထားတယ်။ အတို့အမြှုပ်လည်းစုံအောင်ပြင်ထားတော့ ထမင်းမစားခင် ထမင်းစား စားပွဲမြင်တာနဲ့
စိတ်ဝင်စားပြီး ၀င်စားကြတာပါ။ ဆိုင်နာမည်ကလည်း မိသားစု မြန်မာထမင်းဆိုင် ဆိုပြီးပေးထားတော့
တကယ့်မိသားစု ဆန်ဆန်ထမင်းဝိုင်းလေးလိုပေါ့။ ချက်တဲ့ဟင်းလျာကတွေကလည်း ကျနော်တို့မိသားစုကို
အမြဲတမ်းချက်ပြုတ်ကျွေးလာတဲ့စားဖိုမှူးကြီးအမေကိုယ်တိုင်ဆိုတော့ အမေ့မေတ္တာစေတနာတွေက
မိသားစုအပေါ်ထားသလို ဆိုင်ကိုလာစားတဲ့ သူတိုင်းအပေါ်မှာ ထားတော့ စေတနာရောင်ပြန်ဟတ်တဲ့
အနေနဲ့ချက်သမျှကုန်တာပါပဲ။ ပွဲပြီးသွားတော့ အမေ့ခမြာလည်း တော်တော်ကိုမောသွားတာပါပဲ။
အမေတင်မဟုတ်ပါဘူး အကုန်လုံးမောကြတာပါပဲ။ အမေကတော့ မီးဖိုဘေးမှာနေရတာအများဆုံးမို့
မောတာအပြင် ပူတာပါ အပိုရတာပေါ့။ ဈေးရောင်းနေတုန်းတော့ မောတာပူတာကို ထည့်မတွက်အားဘူး
ဈေးရောင်းကောင်းတော့ အားလုံးကိုမေ့ပြီး ဈေးရောင်းနေရတာကိုပဲ ပျော်နေရှာတာပေါ့။
ကျနော်အတွက်တော့ ကျောင်းပိတ်ရက်နဲ့တိုက်လို့ သုံးရက်လောက်သွားကူတာဖြစ်ပေမဲ့ မပြန်ချင်အောင်
ကိုဆွဲဆောင်နေတော့ပါပဲ။ဒါပေမဲ့ အစိုးရ၀န်ထမ်းဖြစ်လေတော့ ကိုယ်ရေးကိုယ်တာကိစ္စထက် တာဝန်ကို
ဦးစားပေးရတော့ လပြည့်ကျော် (၁) ရက်နေ့ ဈေးရောင်းကောင်းတုန်း ဆိုင်မှာလူကျတုန်း မပြန်ချင်းသေးပေမဲ့ အမေ့ကိုနှုတ်ဆက်ပြီး ပြန်ခဲ့ရတယ်။ အမေကတော့ချက်ချင်းပြန်လို့ မျက်နှာမကောင်း
ပေမဲ့ သုံးရက်လောက်လာကူတာကိုပဲ ၀မ်းသာနေရှာတယ်။ ထီလာကိုပြန်ရောက်လို့ ဖုန်းနဲ့ပြောတဲ့အခါ
အမြတ်ငွေဘယ်လောက်ရတယ် အငယ်ကောင်စုံတွဲကို ပိုက်ဆံကဘယ်လောက် ဒီနှစ်အကြီးစုံတွဲက
မလာနိုင်လို့ သူတို့အတွက် မီးဖိုချောင်အသုံးအဆောင်နဲ့ချွေးမအတွက်ဘာဝယ်ပေးလိုက်တယ် သားကြီးအတွက် ဘာထည့်ပေးလိုက်တယ်နဲ့ ပြန်ပြောပြတယ်။
နောက်ပြီး ဈေးထဲက တခြားဆိုင်တွေက အမေ့ဆိုင်ကအရောင်းရဆုံး ဆန်ဘယ်နှစ်အိတ်ကုန်တာ
နဲ့ ကိုယ့်ထက်ဆိုင်ကြီးတွေကို ဘာမှမပြောကြဘူးသားရယ်တဲ့ အမေတို့ဆိုင်သေးသေးလေးရောင်းရတာ
ကို လူတိုင်းက၀ိုင်းပြောနေတယ်တဲ့။ ၀ယ်တဲ့သူအပေါ်ထားတဲ့အမေ့စေတနာကအကျိုးပေးတာပေါ့
အမေရယ်လို့ပဲပြန်ပြောရတယ်။ ကျနော်အတွက်ကတော့ နှစ်စဉ်နှစ်တိုင်း အဖေနဲ့အမေဦးစီးတဲ့
တနှစ်မှာတခါသာ ရောင်းဖို့အခွင့်အရေးရတဲ့ မိုးဗြဲပွဲက မိသားစု မြန်မာထမင်းဆိုင် ဆိုတဲ့ ဆိုင်းပုဒ်လေးကို
အဖေအမေအစ်ကိုညီငယ်တွေရဲ့မျက်နှာနဲ့အတူ တပိုတွဲလရောက်တိုင်း လွမ်းနေသတိရနေမှာပါ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။လာရောက်လည်ပတ်ကြတဲ့အတွက်လည်း
ကျေးဇူးအထူးတင်ရှိပါတယ်။
အစဉ်လေးစားလျက်
ရွှေညာသား
0 comments:
Post a Comment