တာ့ တာ....!!!!
အားလုံးသော ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများကို နှုတ်ဆက်တဲ့အနေနဲ့ ဒီပို့စ်လေးကို ကျွန်တော်ရေးခဲ့ပါတယ်။ ဒါလေးက ကျွန်တော်ရဲ့ နောက်ဆုံးပို့စ်လေး လည်းဖြစ်ချင်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ အိမ်ကိုရောက်ရင် အွန်လိုင်းဆိုတာနဲ့က အဆက်ပြတ်သွားဖို့ သေချာသလောက်ရှိတာကြောင့်ပါ။ အတတ်နိုင်ဆုံးတော့ ရေးနိုင်အောင် ကြိုးစားပါ့မယ်။ တကယ်တော့ ကျွန်တော် ဘလော့ လောကကိုရောက်တာ ငါးလနီးပါးလောက်ပဲ ရှိပါတယ်။ ဒီငါးလအတွင်း ကျွန်တော်စိတ်ထဲ ရှိတာလေးတွေကို ရေးသားမျှဝေခွင့် ရတဲ့အတွက် အတော်လေးကျေနပ်မိပါတယ်။ နောက်ပြီးတော့ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ကျွန်တော်ရေးသမျှ တင်သမျှလေးတွေကို လာရောက်အားပေးကြတဲ့ အားလုံးသော ကျွန်တော့်ညီအစ်ကို မောင်နှမတွေကို ကျေးဇူးအထူးတင်မိပါတယ်။
လူတွေကို မမြင်ဖူးပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အားလုံးကို ရင်းနှီးနေပါတယ်။ ကျွန်တော့်မိတ်ဆွေများလည်း ရွှေညာသားလေးဆိုတာကို မမြင်ဖူးပေမဲ့ စိတ်ထဲကတော့ အညာသား အသားမည်းမည်းလေးကို မြင်ယောင်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခုဒီပို့စ်ရေးတဲ့ အချိန်ထိတော့ သကြားခဲဖြစ်နေတယ်ဗျ။ နေပူမခံရတာကြာလို့လေ။ သိပ်တော့ မကြာတော့ပါဘူး ထန်းလျက်ခဲ ပြန်ဖြစ်တော့မှာ (အသားမည်းတော့မှာပြောတာနော်)။
ဘာပဲပြောပြောလေ ဒီလိုနေရာကိုရောက်လို့ အင်တာနက်ဆိုတာကို ဖောဖောသီသီ သုံးရပြီး အွန်လိုင်းမိတ်ဆွေတွေ အချင်းချင်း စကားလုံးလေးတွေနဲ့ သိကြ၊ခင်ကြ၊ ရင်နှီးကြပေမဲ့ ရွှေညာသားလေး ဘယ်တော့မှမမေ့ပါဘူး။ ရေးသာရေးနေရတယ် စိတ်ထဲမှာတော့ တစ်မျိုးကြီး ခံစားရတယ်ဗျာ။ အမေက ပြောဖူးတယ်။ သူ့အကိုအကြီးဆုံး ကျွန်တော့်ဦးလေးက တစ်နယ်တစ်ကျေးမှာ အိမ်ထောင်ကျတာ။ ရွာကို အလည်လာပြီး ပြန်မည့်နေ့ညရောက်ရင် ဘယ်သူနဲ့မှ စကားမပြောတော့ဘူးတဲ့။ ဘုရားစင်လုပ်ထားတဲ့ အိမ်တိုင်ကိုမှီပြီးတော့ ငိုတာတဲ့လေ။ ကျွန်တော်လည်း ဦးလေးရဲ့ တူပဲလေနော့။ ပိုရင်သာပိုမယ် လိုတော့မလိုဘူး။ ဒါကြောင့် စာတွေများများမရေးတော့ဘူးနော်။ ရှေ့ဆက်ရေးရင် ကိုယ့်အကြောင်းကိုယ်သိတယ်။ တော်ကြာ မျက်ရည်တွေချောင်းစီးနေလိမ့်မယ်။ ဒါကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ပါ။ ကျွန်တော်ရွှေညာသားလေးက အားလုံးကိုခင်တယ်၊ လေးစားတယ်၊ ကျေးဇူးတင်တယ်လို့ပဲ ပြောပါရစေ။ မျက်စိလည်လမ်းမှားလို့ပဲဖြစ်ဖြစ်၊ လမ်းကြုံခဲ့ရင်ဖြစ်ဖြစ် အခါအခွင့်သင့်လို့ အညာကိုရောက်ခဲ့ရင် ရွှေညာသားလေးတို့ရွာကို အလည်လာခဲ့ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ဗျာ။ အညာသူအညာသားတွေက ဆင်းရဲပေမဲ့ ခင်တတ်ပါတယ်၊ ဖော်ရွေတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ရောက်ခဲ့ရောက်ခဲ့ လာလည်ကြပါနော်။ အသားမည်းမည်းနဲ့ ရွှေညာသားလေးက အမြဲကြိုဆိုလျက်ပါဗျာ…။
အားလုံးသော ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဆောင်ရွက်ဖွယ်ကိစ္စအ၀၀ အဆင်ပြေချောမွေ့ကြပါစေလို့ ရွှေညာသားလေးက ဆုတောင်မေတ္တာပို့သခဲ့ပါတယ်ဗျာ…။
ဘိုင့် ဘိုင်...
13 comments:
လူ့ဘဝကြီးမှာ ဆုံတွေ့ကြပြီးရင် ခွဲခွာကြရတာ ဓမ္မတာပါပဲကွယ်။ ဒါပေမယ့် ကံမကုန်သေးတာမို့ ပြန်လည်ဆုံတွေ့နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါသေးတယ် ရွှေညာသားလေးရယ်။ မမျှော်မှန်းနိုင်တဲ့ မနက်ဖြန်တွေမှာ ပို့စ်အသစ်လေးတွေ ဆက်တင်နိုင်ပါစေ။ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ထာဝရ ပြီးပြည့်စုံပါစေလို့ တောင်းဆုချွေခဲ့တယ်နော်။
မေတ္တာဖြင့်
အန်တီတင့်
လွမ်းလိုက်တာ ရွေညာသားလေး ထန်းညက်ခဲလေးရယ်။ကြုံ ကြုံသလိုတော့ ဝင်ခဲ့ပေါ့။ သတိရနေမှာပါ. ပြန်လည်တွေ့ဆုံဘို့မျှော်လင့်ပါတယ်။ ဒီကလည်းငိုတတ်တယ် တိုင်မှီပြီးငိုမှာလား. အဟိ. နပ်တွေ သုတ်လိုက်ဦး.
ခင်တဲ့အစ်မ
kom
ရွှေညာသားလေး..
ပို့ အသစ်တွေမဖတ်ရရင်လည်း အဟောင်းလေးတွေလာဖတ်ပါမယ်။
အစစအရာရာ အဆင်ပြေလို့ စိတ်အေးချမ်းသာရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အမေနဲ့ ပြန်နေရမှာဆိုတော့ တကယ်တော့ပျော်စရာကြီးပါ။
အညာသားလေး အညာပြန်တာ ပျော်စရာပါ အခု အညာမှာလည်း နက်ကြီး သုံးနေကြပါပြီဗျာ
မန္တလေး ရောက်ရင်လည်း ဝင်ခဲ့ပါ
ဝမ်းနည်းမှု ကြားကပဲ အိမ်ပြန်နိုင်တဲ့ အတွက် ဂုဏ်ယူပါတယ် အကိုရေ..အားရင်အားသလို အဆင်ပြေရင်ပြေသလို ဘလော့ပေါ်လည်း တက်ခဲ့ပါအုံးလို့....လှပသော အိမ်ပြန်ချိန်လေး ဖြစ်ပါစေလို့
ဆန္ဒပြုရင်း......
ခင်မင်လျှက်....
ကိုညာသားရေ.... ပြန်လာရင် ပြန်ရေးပါနော်။ မျှော်နေမယ်။ အခွင့်အခါ သင့်တိုင်း ဘလော့တင်ဖြစ်ပါစေလို့ ဆုတောင်းနေပါတယ်။ အမြဲလည်ဖြစ်နေတဲ့ အကို့ရဲ့ နေရာကို မေ့မှာ မဟုတ်ပါဘူး။
ခင်မင်လေးစားလျက်
ထန်းလျက်ခဲလေးရေ နောက် ဘယ်နေရာမှာပဲပဲ ဘယ်အကွေ့မှာပဲဆုံဆုံ အပြုံးလေးတွေနဲ့ပဲ နှုတ်ဆက်လိုက်ကြမယ်လေ။
ကျန်ရှိနေသေးသော ခြေလှမ်းများကို ပန်းခင်းလမ်းများပမာ သင်းပျံ့မွှေးကြိုင်စွာ လျှောက်လှမ်းနိုင်ပါစေ...
ရွှေညာသားလေးရေ။ ပို့ အသစ်လေးတွေကိုအမြဲမျှော်နေမှာပါ။
ဆာယိုနာယာ...ဂျပန်လို နှုတ်ဆက်လိုက်ပါရဲ့...မပူပါနဲ့ ဘလော့ပိုးဆိုတာ ဒီလောက်သတ်ရခက်သဟာ ရွှေညာသားတစ်ယောက် မဖြစ်ဖြစ်တဲ့နည်းနဲ့ ဘလော့ရွာကို ပြန်ရောက်လာဦးမယ်ဆိုတာ သေချာနေမင့်မဟုတ်လား...
ဒီအချိန်ရောက်လာဦးမယ်ဆိုတာ အစကထည်းက မှန်းမိပါတယ်။ ဘာပဲဖြစ်ဖြစ် အညာအကြောင်းတွေ စုံလင်နေအောင် တင်ပေးသွားတာ အရမ်းကို ကျေးဇူးတင်တယ်။ ကျနော်ပြောသားဗျာ။ .com လေး ပြောင်း သွားလိုက်ပါဆိုတာ။ ခုတော့။ :(
Sayonara and all the best to you
Nang Myint
ကြုံရင်တော့ ပြန်ပြန် ဝင်လာခဲ့ပါအုံး။ ဘလော့ဂ်မှာတော့ ဒီလို နှုတ်ဆက်တိုင်း စိတ်မကောင်းဖြစ်ရတာပဲ။ ကိုယ့်အလှည့်လည်း ဘယ်တော့မှန်း မသိသေးဘူး။
Post a Comment