ကြက်ရုံးပန်း(photo from google) |
တနေ့က ကျောင်းစာသင်ခန်းထဲမှာ အရွက်ခြောက်တွေကြားထဲက ခက်ခက်ခဲခဲ ထွက်ပြီး ဖူးပွင့်နေတဲ့ ကြက်ရုံးပန်း လေးများကို ကြည့်ပြီးတော့ ဆရာမကို မိုးသောက်ပန်းနဲ့ လောင်းရိပ်မိတဲ့ပန်း ဆိုတာကို သိလားလို့ မေးကြည့်မိတယ်။ ဆရာမက မသိဘူးတဲ့ ဘယ်လိုဟာမျိုးကို ခေါ်တာလဲလို့ပြန်မေးတော့ တို့နိုင်ငံ မှာဆို မြေ၊လေ၊နေ၊ရေ တို့နဲ့ ကောင်းကောင်းထိတွေ့ပြီး မနက်မိုးသောက်ချိန်မှာ အားအင်အပြည့်နဲ့ လန်းလန်းဆန်းဆန်း ဖူးပွင့်နေတဲ့ပန်းကို မိုးသောက်ပန်းလို့ ခေါ်တယ်။ လောင်းရိပ်မိတဲ့ ပန်းဆိုတာကတော့ မိုးသောက်ပန်းနဲ့ ဆန့်ကျင်ဘက် မြေ၊လေ၊ရေ၊နေ တို့ကို ပြည့်ဝစွာမရပဲ အရိပ်ထဲမှာ ဖူးပွင့်ရတဲ့ပန်းမျိုးကို ခေါ်တယ်။ ဥပမာ အခု ငါတို့စာသင်ခန်းထဲက ပန်းပင်လေးတွေမျိုးပေါ့လို့ နမူနာပြပြီးတော့ ရှင်းပြလိုက်တယ်။ အဲ့ဒီတော့မှ ဆရာမက သဘောက်ပေါက်သွားတယ်။
စံပယ်ဖူးလေးများ(photo from google) |
စံပယ်ပွင့်(photo from google) |
သူတို့ဆီမှာ ရာသီဥတုက အေးတော့ ဆောင်းရာသီဆိုရင် အပြင်မှာရှိတဲ့ သစ်ပင်တွေမှာ အရွက်ဆိုတာကို မမြင်ရဘူးလေ။ ကျွန်တော်တို့နိုင်ငံ နွေရာသီပူလို့ သစ်ရွက်တွေ ကြွေတယ်ဆိုတာက ကြွေပြီးမကြာခင် ပြန်ထွက်တော့ သစ်ရွက်ကို မြင်ရသေးတယ်။ သူတို့ဆီကတော့ ဆောင်းရာသီမှာ သစ်ရွက်ဆိုတာကို မြင်ကို မမြင်ရဘူး။ အခန်းထဲမှာ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို ကြည့်မှပဲ သစ်ရွက်လေးတွေ မြင်ရတတ်တယ်။ သူတို့လေးတွေတောင် ရာသီဥတု တကယ်အေးလာရင် အပူပေးစက်တွေက လွှတ်တဲ့အပူနဲ့ အရွက်တွေ ခြောက်သေးတယ်။
စံပယ်ပန်း(photo from google) |
ကျွန်တော်တို့ စာသင်ခန်းထဲက ကြက်ရုံးပန်းပင်လေးလည်း နေ့စဉ်ရေလောင်းပေးတဲ့ကြားက အပူပေးစက်အရှိန်နဲ့ အရွက်လေးတွေ ခြောက်ကုန်ပြီး ပြန်ထွက်လာတဲ့ အတက်လေးတွေကနေ အပွင့်လေး နှစ်ပွင့် ပွင့်လိုက်သေးတယ်။ ဒီကို ရောက်ကတည်းက ရှားရှားပါးပါး မြန်မာပြည်က ပန်းမျိုး အဲ့ဒီ ကြက်ရုံးပန်းလေး နှစ်ပွင့်ပဲ မြင်လိုက်ရတယ်။ တခြားပန်းတွေကတော့ ပန်းဆိုင်တွေမှာ ပေါပါတယ်။ ဒီကြက်ရုံးပန်းလေး နှစ်ပွင့်ကတော့ ကိုယ်မျက်စိရှေ့မှာတင် ဖူးပွင့်လာတာဆိုတော့ တကယ့်ကို ကြုံတောင့်ကြုံခဲ ပဲလို့ ပြောရမယ်ဗျာ။ အပွင့်ပွင်လာတော့ အနံ့လေးကသင်းလိုက်တာ မရှုရမမွှေးရတာ ကြာပြီဖြစ်တဲ့ ကြက်ရုံးပန်း နံ့လေးကို ရှုရှိုက်လိုက်ရတော့ စိတ်ထဲမှာ လန်းဆန်းသွားတာပဲ။
ကြက်ရုံးပန်း(photo from google) |
မြန်မာပြည်မှာတော့ စံပယ်ပန်းတို့ ကြက်ရုံးပန်းတို့ ဆိုတာ ပေါမှပေါကိုး။ တခါတလေ ဆရာမနဲ့ စကားနိုင်လုရင် ပန်းပွင့်ပေါတာနဲ့ပဲ ပြိုင်ပြီး အနိုင်ယူရတယ်။ ကျန်တာနဲ့ကတော့ မပြိုင်ရဲဘူးလေ။ ဘာဖြစ်ဖြစ် ရှုံးမှာက များနေတာကိုး။ ပန်းပွင်တွေအကြောင်း ပြောရင်တော့ တို့နိုင်ငံကပန်းတွေက သဘာဝအတိုင်း ပွင့်တာမို့ သူ့ရနံ့ကို ရှုရှိုက်လိုက်ရရင် လူ့စိတ်ကို လန်းဆန်းစေတာရော၊ လှပတာရော အို ကိုယ်သိသလောက် ပြောပြီး နိုင်အောင်လုပ်ရတာပေါ့။ ဒီတစ်နည်းပဲ ရှိတယ်လေနော့။
(ကျွန်တော်တို့ ဆီမှာ ကြက်ရုံးနဲ့ စပယ်ကို အပွင့်ကြည့်ပြီးတော့ ခွဲပါတယ်။ နောက်ပြီးအပင်ရဲ့ အရွက်ကလည်း မတူပါဘူး။ စံပယ်က အရွက်ဝိုင်းတယ်၊ အဖူးကလည်း လုံးလုံးလေး၊ ကြက်ရုံးကတော့ အရွက်ရှည်တယ်၊ အဖူးကလည်း ရှည်ရှည်လေးနဲ့၊ အပွင့်လွှာက စံပယ်လောက် အထပ်များပါဘူး။ အနံ့ကလည်း မတူပါဘူး။ ကျွန်တော့်အထင်တော့ ကြက်ရုံးပန်းက ပိုပြီး မွှေးတယ်ထင်ပါတယ်။) အတူတူလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ကျွန်တော်တို့ဆီမှာ ခေါ်တာလေးကတော့ စံပယ်နဲ့ ကြက်ရုံးတဲ့။
စံပယ်ပင်က ဒီလိုပါ(photo from google) |
နောက်ပြီးပြောသေးတယ် မင်းတို့ဆီက မိန်းခလေးတွေက ပန်းမပန်ကြဘူးလို့။ ငါတို့ဆီက မိန်းခလေးတွေက ပန်းကို ဦးခေါင်းမှာ အမြတ်တနိုးနဲ့ ပန်ဆင်တတ်ကြတယ်။ ဆရာမက အင်း သူဓာတ်ပုံထဲမှာ မြင်ဖူးတယ်တဲ့။ အခုငါတို့နားမှာ ရှိတဲ့ပန်းဆိုရင် တို့နိုင်ငံမှာ ကျောင်းဆရာမတွေ အမြတ်တနိုးပန်ကြတယ်လို့။ ဆရာမက ဟုတ်လားတဲ့။ ငါတို့ဆီမှာတော့ ပန်းပန်တဲ့ အလေ့ အထမရှိဘူးတဲ့။ ဟုတ်တော့လည်း ဟုတ်တယ်ဗျ။ သူတို့ဝတ်တဲ့ ဘောင်းဘီတို့၊ စကပ်တို့နဲ့ ဆံထုံး ထုံးပြီး ပန်းပန်ရင်လည်း ကြည့်လို့ကောင်းမှာ မဟုတ်ဘူး။ ကိုယ့်မြန်မာ မိန်းခလေးတွေကသာ ကိုယ့်ရိုးရာ လုံးချည်အကျီင်္နဲ့မို့ ဆံထုံးနဲ့ ပန်းပန်တာ ကြည့်လို့ကောင်းတာလေ။ ကျွန်တော်မယ်လည်း ပြောသာပြောရတယ် ခေတ်ကြီးက တိုးတက်နေတော့ မြန်မာမိန်းခလေးတွေလည်း လုံချည်ဝတ်ပြီး ဆံထုံးပန်းပန်တဲ့ သူက ရှိသေးရဲ့လား မသိ။ တချို့မြန်မာမလေးတွေ ကြည့်ရတာ နိုင်ငံခြားသူနဲ့မခြားဆိုတော့ ပြောသာပြောရတယ် စိတ်ကတော့ သိပ်ပြီးမလုံလှဘူးရယ်ဗျ။ ကျွန်တော်တို့ ရွာဘက်မှာတော့ ပန်းပန်တာတို့၊ ဆံထုံးထုံးတာတို့ ရှိကြအုံးမယ် ထင်တာပဲ။
ဇွန်ပန်း(photo from google) |
ဇီဇ၀ါပန်း(photo from google) |
စကြာပန်း(photo from google) |
နောက်ထပ် တစ်ပင်တွေ့သေးတယ်ဗျ။ ကျွန်တော်တို့ရွာမှာတော့ မီးကာပင်လို့ ခေါ်တာ။ အရွက်ထူထူတွေနဲ့ အပင်က အစေးဖြူဖြူတွေထွက်တယ်။ ရွာမှာတော့ခြံစည်းရိုးအဖြစ်စိုက်ကြတာ။ အစေးကမျက်စိထဲဝင်ရင် တော်တော်ဆိုးတယ်။ အဲ့ဒီအပင်က ဒီမှာကျတော့ တယုတယ အလှစိုက်ပျိုးထားတယ်ဗျာ။ အပင်ဖြစ်တာတောင် အကျိုးပေးက ကွာသေးတယ်။ ရွာပြန်ရောက်ရင် ပြောပြရအောင်လို့ ဓာတ်ပုံလေးပါ ရိုက်ထားသေးတယ်။ ခြံစည်းရိုးပင်များ အထင်မသေးနဲ့ သူများနိုင်ငံမှာ စားပွဲပေါ်တင်ပြီး တယုတယ စိုက်ပျိုးထားတာကိုပြရအောင်လို့။ တကယ်ဗျာ ရောက်ခါစတုန်းက စာသင်ခန်းထဲမှာ တွေ့တဲ့ အပင်လေးတွေကို ကြည့်ပြီးတော့ တော်တော်လေး အံ့သြနေတာ။ ကိုယ်က တောကနေလာတော့ ပိုဆိုးသေးတယ်။ တောမှာ အမှိုက်လုပ်ပြီး ရှင်းနေရတဲ့ အပင်လေးတွေက အံမယ် ဒီမှာကျတော့ တယုတယနဲ့ ဇိမ်ကျနေလိုက်တာဆိုပြီးပေါ့။
တရုတ်စံကားပန်း(photo from google) |
ဇလပ်ပန်း(photo from google) |
အဖူးတွေနဲ့ စံပယ်ရုံ(photo from google) |
အစကတော့ စာတွေမရေးပဲ ပန်းပွင့်လေးတွေပဲ တင်လိုက်မယ် စိတ်ကူးတာဗျို့။ နဲနဲလေးစလိုက်တာနဲ့ ဒီလောက်များသွားတာ။ သည်းခံပြီးသာ ဖတ်ပါနော်။ အပျင်းပြေပေါ့ဗျာ။ ကျွန်တော်သိတဲ့ ပန်းလေးတွေလဲ တင်ပေးလိုက်ပါတယ်။ အခေါ်အဝေါ်လေးတွေကတော့ တစ်နေရာနဲ့ တစ်နေရာ တူမယ်မထင်ဘူး။
လာလည်သူအားလုံး ပန်းနံ့လေးတွေ ရှုရှိုက်ပြီး အမောပြေနိုင်ကြပါစေ....
6 comments:
စံပယ်ပန်းလေးတွေမမြင်ရတာတောင်ကြာပေါ့။ဒီမှာကညမွှေးပန်းကိုလဲစံပယ်မျိုးထဲထည့်တယ်။night blooming jasmine တဲ့။အခုချိန်ကတအားကိုပွင့်
နေတဲ့အချိန်ပေါ့။ညဘက်ဆိုလုံးဝအပြင်မထွက်နိုင်ဘူး။ရင်ကြပ်ရှိတယ်လေ။ပန်းတော်တော်များများရဲ့ အနံ့ မခံနိုင်ဘူး။pollen allergyလေ။ဆိုးပါ့နော်။
ပန်းလေးတွေ လှလိုက်တာ.. စံပယ်နံ့ကို ကြိုက်တယ်ဗျ.. လသာတဲ့ညမျိုးဆိုရင် စံပယ်ပန်းလေးတွေကဖွေးဖွေးလေးနဲ့
မွှေးလည်း မွှေးတယ်...
ဟုတ်သားပဲ ပန်းပွင့်၊ပန်းမျိုးပေါတာနဲ့ပြိုင်ရမယ်။။။ဟီးးးးးးးး။။။
ကျေးဇူး ကိုမျိုးခန့်ရေ။။။ မင်းကွန်းခေါင်းလောင်းကြီးနဲ့ပြိုင်မိတာ
သူတို့ခေါင်းလောင်းက ဒုတိယအကြီးဆုံးဆိုတော့ ရှုံးပါလေရော။။
ပန်းလေးတွေ မြင်ရတာ ကြည်နူးစရာကောင်းပါတယ်။။။။
ရန်ကုန်မှာတော့ စံပါယ်ကြက်ရုန်း လို့ ခေါ်တယ် စံပါယ်အိုးပုတ် ဆိုတာလည်း ရှိတယ် အိုးပုတ်လေးလိုဘဲ လုံးလုံးထူထူနဲ့ ။
အစ်မ မယု၊ ကိုရာဇာ၊ အလင်းသစ်၊ ဆောင်း လာလည်ကြတာ ကျေးဇူးတင်ပါတယ်ဗျာ။
စံပယ်အိုးပုတ်ဆိုတာကိုတော့ ကြာဖူးတယ် ဆောင်းရေ တစ်နေရာနဲ့ တစ်နေရာ ခေါ်တာမတူကြတာဖြစ်မှာနော်...
အခုဆောင်းဦးဝင်လာတော့ စိုက်ထားတဲ့ စပယ် ညမွှေးပန်းလေးတွေ အခန်းထဲပြန်ထည့်ရတော့မယ် မြန်မာပြည်ကပန်းကလေးတွေလွမ်းလိုက်တာ
Post a Comment