ကျွန်တော်ရွာမှာတုန်းက နွေရာသီကျောင်းပိတ်ရက်ဆိုရင် သူငယ်ချင်းတွေနဲ့ မြောက်ဘက်ကရွာတွေဆီကို ကြက်သွန်ကောက်သင်းကောက် သွားကြတယ်။ ကျောင်းတွေကလည်း ပိတ်ထားတော့ အားလပ်ရက်မှာပေါ့။ ကြက်သွန်ကောက်သင်းကောက် မသွားရင် ရွာထဲက မန်ကျည်းသီး အငှားထုတဲ့အိမ်တွေမှာ မနက်မိုးလင်းကတည်းက သွားပြီးတော့ မန်ကျည်းသီးကို ပိဿာချိန်နဲ့ အငှားထုတယ်။ အဲ့ဒီတုန်းကတော့ တစ်ပိသာကို သုံးကျပ်၊လေးကျပ်ပေါ့။ တစ်နေကုန်လို့ အချိန်တစ်ဆယ်ပြီးရင် ပိုက်ဆံသုံးလေးဆယ်ရတယ်လေ။ မနက်မိုးလင်းကတည်းက စပြီးထုရင် ညနေစောင်းအထိ အချိန်တစ်ဆယ် ဆယ့်ငါးပိဿာ ပြီးတယ်။ ကလေးသဘာဝဆိုတော့ သူ့ထက်ငါအပြိုင် လောဘနဲ့ မန်ကျည်းသီး ထုကြတာ ပျော်ဖို့တော့ အကောင်းသား။ ဘယ်သူကတော့ ဒီနေ့ ပိဿာချိန်ဘယ်လောက်ပြီးတယ်၊ ဘယ်သူကတော့ တစ်နေကုန်မှ ပိဿာချိန်ဘယ်လောက်ပဲ ပြီးတာ အဲ့လိုတွေ ပြောပြီးတော့ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်ကြတယ်။ ကျွန်တော်တို့ သူငယ်ချင်း တစုကတော့ မန်ကျည်းသီးထုတာ နည်းတယ်။ နွေရာသီ နေပူပူမှာ ကြက်သွန်ကောက်သင်းကောက်သွားရတာကို ပိုသဘောကျတယ်။
မန်ကျည်းသီးထုတာက တစ်နေကုန်ထိုင်ပြီးတော့ မန်ကျည်းသီးကို ခဲ(ဂဲ)ပေါ်တင် ထွန်သွားတိုနဲ့ထု ကွဲသွားတော့ အစေ့လေးတွေထုတ်။ အဲ့လိုနဲ့ တစ်တောင့်ပြီး တစ်တောင့်ထုလိုက် အစေ့ထွင်လိုက်၊ တစ်ပိဿာပြီးတော့ နောက်တစ်ပိဿာ မန်ကျည်သီး အကြောထပ်သင် ထပ်ထု။ တစ်နေကုန် မနားတမ်း လုပ်နေရတာ။ ဒီကြားထဲ အခန့်မသင့်ရင် ထုလိုက်တဲ့ မန်ကျည်းစေ့က မျက်နှာလာမှန်ရင် သေလောက်အောင်နာသေးတယ်။
ကြက်သွန်ကောက်သင်းကောက် သွားတာကတော့ နေပူတာကလွဲလို့ ပျော်စရာ အတော်ကောင်းပါတယ်။ သိမ်းဆည်းပြီးသား ကြက်သွန်ခင်းထဲက ကြက်သွန်စိုက်တဲ့ ဘောင်လေးတွေထဲမှာ သစ်သားချွန်လေးတွေနဲ့ မြေကြီးကို လိုက်ခြစ်ပြီးတော့ တွေ့တဲ့ ကြက်သွန်ဥလေးတွေကို ယူရတာလေ။ ကောက်သင်းကောက်ဆိုတော့လည်း သိတဲ့အတိုင်း သူများမမြင်တာကို ကိုယ်က မတွေ့ တွေ့အောင်ရှာပြီးတော့ ယူရတာမဟုတ်လား။ ယာခင်းရှင်က အရင်ဆုံး စိုက်ပြီးသားကို နှုတ်ယူ ပြီးတော့ သူတို့ကိုယ်တိုင် ကောက်သင်းကောက် ထပ်ကောက် အဲ့ဒါပြီးမှ ကျွန်တော်တို့လို ကောက်သင်းကောက်တဲ့ ကလေးတွေကို ၀င်ကောက်ခိုင်းတာ။ တချို့သဘောကောင်းတဲ့ ယာခင်းရှင်များကတော့ ကြက်သွန်နှုတ်နေတုန်းတွေ့ရင် သူတို့အခင်းမှာ ၀င်ပြီး နှုတ်ကူခိုင်းတယ်။ ပြီးတော့မှ အတော်အသင့် စားဖို့ဆိုပြီးတော့ ထည့်ပေးကြတယ်။ ကျွန်တော်တို့ တစ်တွေကတော့ ဘယ်လိုပဲ ပေးပေး အိမ်ပြန်လို့ အထုပ်လေးပါသွားရင်ကို ကျေနပ်နေတာပါပဲ။
ကြက်သွန်ခင်း (photo from google)
ကြက်သွန်ကောက်သင်းကောက် ရတာက အတော်လေး ပျော်စရာကောင်းတယ်ဗျ။ သူက တခြားဟာတွေလို မျက်စိနဲ့မြင်နေရတာ မဟုတ်ဘူးလေ။ သူကမြေကြီးထဲမှာ ကျန်နေတာဆိုတော့ မြေကြီးကို တုတ်ချွန်လေးနဲ့ စပ်ပြီးတော့ ခြစ်သွားရင်း ကြက်သွန်ငုတ်လေးပေါ်ရလာရင် တုတ်ချွန်လေးနဲ့ ကော်ယူပြီး အိတ်ထဲထည့်။ နောက်ထပ် မြေကြီးကို ပြန်ခြစ် တွေ့ရင် ကော်ပြီးယူ။ အဲ့လိုနဲ့ တွေ့သမျှ ကြက်သွန်ဥ သေးသေး မွှားမွှား အကုန်ကောက်ပြီးတော့ အိတ်ထဲထည့်တာပဲ။ တခါတလေလည်း ကြက်သွန်ဘောင် တခု ဟိုဘက်ဒီဘက်ဆုံးလို့ ကြက်သွန်တစ်လုံး တွေ့ချင်မှတွေ့တာ။ ဒါပေမဲ့လည်း အားမလျှော့ဘူး တစ်ဘောင်မတွေ့ နောက်တစ်ဘောင် ထပ်ပြီးတော့ရှာ။ အဲ့လို တွေ့မယ်မတွေ့ဘူး မသေချာမရေရာတဲ့ အလုပ်ကို လုပ်ရတာက တခါတလေမှာ တကယ်ကို ရင်ခုန်စရာကောင်းတာဗျ။ တွေ့လိုက်ရင်တော့ ပြုံးပျော်ပီတိဖြစ်ရတာပေါ့နော့။ မတွေ့ရင်တော့လည်း မမဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကောက်သင်းကောက်တယ်ဆိုတဲ့ သဘောကို ကိုယ်တိုင်နားလည်ထားတယ်လေ။ တွေ့ကို တွေ့ရမယ်လို့ တွက်ထားလို့မှ မရတာကိုးနော့။
ကြက်သွန်နှုတ်ပြီးတဲ့ ကြက်သွန်ခင်း(photo from google)
ကောက်သင်းကောက် သွားတဲ့ရွာတွေက ကျွန်တော်တို့ရွာနဲ့ နဲနဲလှမ်းတာကြောင့် ရွာကနေထွက်ရင် အိမ်ကနေ ထမင်းထုပ်သွားကြတယ်။ ကောက်သင်းကောက်ရင်း ထမင်းစားချိန်ရောက်ရင်တော့ ယာခင်းဘေးက ရေရိုးထဲဆင်းပြီးတော့ ရေအိုင်စပ်က ကျောက်တုံးကြီးတွေပေါ်မှာ ထိုင်ပြီးတော့ သူငယ်ချင်း တစ်တွေ ထမင်းစုစားကြတာ အတော်ကို ပျော်ဖို့ကောင်းပါတယ်။ အသားဟင်းမပါသော်လည်း ကိုယ့်အိမ်က ထည့်လာတဲ့ အဆင်ပြေရာ အထောင်းအထုလေးတွေနဲ့ သူငယ်ချင်းတွေ ဟင်းချင်းဖလှယ်ပြီး စားရတာကလည်း အရသာတစ်မျိုးပါပဲ။ ကျွန်တော်တို့ ကောက်သင်းကောက်တဲ့ ကလေးတွေရဲ့ ရေရိုးဘေးက ထမင်းဝိုင်းမှာ ပါတဲ့ နောက်ဟင်းတစ်မျိုးကတော့ ကောက်သင်းကောက်ရာက ရတဲ့ ကြက်သွန်ဥ သေးသေးလေးတွေပါပဲ။ အဲ့ဒီ ကြက်သွန်ဥသေးသေးလေးတွေကို ပါးစပ်နဲ့ ကိုက်အခွံခွာပြီး ထမင်းစားရာမှာ ထည့်စားကြတယ်။ နေပူပူမှာ သွားလာနေတဲ့ ကျွန်တော်တို့အတွက် ကြက်သွန်ဥက ဆီးမအောင့်အောင်လည်း ကာကွယ်ပေးတယ်လေ။
ကြက်သွန်ဖူး(photo from google)
ဒါကတော့ ရင်မှည့်ခါနီးတဲ့ ကြက်သွန်မျိုးနှံခင်း(photo from google)
အဲ ထမင်းစားပြီးပြီဆိုရင်တော့ ယာခင်းတွေရှိရာကို ပြန်လာပြီး ယာခင်စပ်က သရက်ပင်၊ မန်ကျည်းပင် စတဲ့ အရိပ်ကောင်းကောင်း အပင်ကြီးတွေ အောက်မှာ တစ်ရေးတစ်မော အိပ်စက်အနားယူကြတယ်။ တချို့ကလည်း ရပြီးသား ကြက်သွန်လေးတွေကို အကောင်းအဆိုး ရွေးကြလေရဲ့။ ဟိုစကားပုံလေးလိုပေါ့ "ရပြီးသား ဖွတ်ကို ဖင်လှန်ကြည့်နေတယ်" ဆိုတာလေ။ ကိုယ်ရှာလို့ရတာလေးတွေကို ပြန်ကြည့်ပြီး ပီတိပွားရတာကိုပြောတာပေါ့။ တချို့ကျတော့လည်း သရက်ပင်ပေါ်တက်ပြီး သရက်သီးခူးစားကြတယ်။ ကြက်သွန်ကောက် သွားရင် လွယ်အိတ်ထဲမှာ ဆားထုပ်ကလေးကလည်း အမြဲပါတယ်။ သရက်သီးလေးဘာလေး စားတော့ အဆင်ပြေတာပေါ့။ တခါတလေလည်း ကြက်သွန်နှုတ်တဲ့ ယာခင်းတွေဆီက မနက်ပိုင်း ကြက်သွန်နှုတ်၊ နေ့လယ်ပိုင်းကျတော့ သစ်ပင်ရိပ်ကောင်းကောင်း အောက်မှာ ကြက်သွန်မြိတ်ဖြတ်တယ်။ အဲ့လိုမျိုး ကြုံရင်လည်း ကြက်သွန်မြိတ်ကူဖြတ်ပေးရင် အနည်းနဲ့အများဆိုသလို ပေးကြပါတယ်။ မြေကြီးထဲမှာ ကောက်သင်းကောက်တာနဲ့ စာရင်တော့ ကြက်သွန်ဥလေးတွေ လှလှပပ ရတာပေါ့လေ။ ယာခင်းရှင်တွေကလည်း မတွန့်တိုပါဘူး အလုပ်ကူလုပ်ပေးတော့ ပိုပိုသာသာ ထည့်ပေးကြတယ်။ ကျွန်တော်တို့ ကောက်သင်းကောက်သမားများ အတွက်ကတော့ ပေးသမျှက အကောင်းချည်းပါပဲ။
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပါပဲ။ တချို့ယာခင်းရှင်ကြတော့လည်း အလုပ်ကူခိုင်းဖို့ဝေးစွ ယာခင်းနားတောင် အကပ်မခံဘူးဗျာ။ ကောက်သင်းကောက်သမားကို မြင်တာနဲ့ အဝေးကနေ လှမ်းအော်တယ်။ အော်ပါစေလေ ဒါလည်း သူတို့အခွင့်အရေးပဲ အော်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ ကလေးတွေလည်း ကောက်သင်းကောက်ဆိုပေမဲ့ စည်းကမ်းရှိပါတယ်။ ယာခင်အရှင်က ခွင့်ပြုမှ ၀င်ကောက်တာပါ။ ယာခင်းအရှင် ၀င်ခွင့်မပြုရင် ဘယ်လောက်ပဲ များနေနေ ၀င်မကောက်ပါဘူး။ နောက်တခုက ကြက်သွန်မျိုးနှံတွေ စိုက်တဲ့အခင်းပါ။ ကြက်သွန်မျိုးနှံကျတော့ ဥကိုစိုက်ရတာဆိုတော့ ပျိုးထောင်ပြီးစိုက်တဲ့ ဥစားကြက်သွန်လို မဟုတ်ဘူး။ စိုက်လိုက်တဲ့ ကြက်သွန်ဥကနေ စိန်တံတွေထွက်ပြီးတော့ အပွင့်ပွင်တာ အဲ့ဒီအပွင့်တွေကမှ အစေ့လေးတွေရင့်လာရင် ခူးဆွတ်ပြီး ကြက်သွန်မျိုးစေ့ထုတ်ယူရတယ်။ အဲ့လို ကြက်သွန်မျိုးနှံစိုက်တဲ့ ယာခင်းရှင်တွေကတော့ သူတို့မျိုးနှံထစ်ချိန်နဲ့ ကြုံရင် ကောက်သင်းကောက်တွေကို ခေါ်ပြီးတော့ ကြက်သွန်မျိုးနှံကူပြီးထစ်ပေးခိုင်းပါတယ်။ နောက်ပြီး ကျန်တဲ့ ကြက်သွန်အပင်ကို ကျွန်တော်တို့ ကောက်သင်းကောက်တဲ့ ကလေးတွေကို ယူခွင့်ပေးတယ်။ မျိုးနှံထစ်ပြီး ကျန်တဲ့ ကြက်သွန်အပင်မှာက ကြက်သွန်ဥတွေက ခွတွေဖွဲ့ပြီးတော့ ဥတယ်။ အနှံမထွက်တဲ့ အပင်တွေကပေါ့။ အပင်တိုင်းတော့ မဟုတ်ဘူးပေါ့။ တချို့လည်း စိုက်လိုက်တဲ့ မူလကြက်သွန်ဥကနေပဲ အသစ်ပြန်ဥတယ်။ သူက မျိုးနှံအတွက် အဓိက စိုက်တာဆိုတော့ ကျန်ခဲ့တဲ့ ကြက်သွန်ဥက ရောင်းတမ်းမ၀င်ပါဘူး။ ရောင်းလို့ရအုံးတော့ ဈေးကောင်းမရဘူးပေါ့ဗျာ။ စိန်တံ(ကြက်သွန်ဖူး) အချောင်းတွေပါနေလို့ပါ။ အိမ်မှာသုံးဖို့အတွက်ကတော့ အဆင်ပြေပါတယ်။
နှုတ်ထားတဲ့ ကြက်သွန်တွေ(photo from google)
အဲ့လိုအခင်းမျိုးနဲ့ ကြုံရရင်တော့ ကြက်သွန်က ကောက်သင်းကောက်သမားတွေ ပါလာတဲ့ အိတ်နဲ့ အပြည့်ပါပဲ။ မျိုးနှံထစ်ပြီး ကျန်တဲ့ ကြက်သွန်ဥကိုတော့ ကောက်သင်းကောက်များအခေါ် ခွဥ လို့ခေါ်ကြတယ်။ အဲ့ဒီလို ကြက်သွန်မျိုးနှံခင်းရှင် များကြတော့လည်း ကျွန်တော်တို့ ကလေးတွေကို နောက်ရက်အထိပါ ဆက်ပြီးခေါ်သေးတယ်။ သူတို့ကို မျိုးနှံထစ်ပေး ကျန်တာကို ကိုယ်ဘာသာယူ ဆိုပြီးခိုင်းတာလေ။ အဲ့ဒါလည်း ကျွန်တော်တို့ ကလေးတစုအတွက်တော့ အဆင်ပြေတာပါပဲ။ မြေကြီးထဲမှာ ရှာနေမယ့်အစား ယာခင်းအရှင်နဲ့ အပေးအယူမျှပြီး လုပ်လိုက်တော့ ကြက်သွန်ဥမလှပေမဲ့ ကိုယ့်အိမ်ဟင်းအိုးအတွက်တော့ အဆင်ပြေတယ်ဗျ။ အငယ်တုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ကလေးသဘာဝ သူငယ်ချင်းတွေနဲ့ သွားခဲ့လာခဲ့ကြတာပေါ့။ အခုအချိန် ပြန်စဉ်းစားကြည့်တော့ အဲ့ဒါလေးတွေက တကယ်ကို လွမ်းမောစရာ အချိန်လေးတွေပါပဲ။ အထူးသဖြင့် အဝေးရောက်နေတော့ ပိုလို့ဆိုးသေးတယ်။ အဲ့ဒီတုန်းက မြင်ကွင်းတွေ၊ အဖြစ်အပျက်လေးတွေကို ပြန်ပြီးတွေးကြည့်ရတာ အိပ်မက် မက်ခဲ့ရလိုလိုပါပဲ။ လက်ရှိအခြေအနေမှာ အဲ့ဒီမြင်ကွင်းတွေကို မြင်ဖို့ခဲယဉ်းတာလည်း ပါတာပေါ့။
နောက်တခုက ကျွန်တော်တို့ ကြက်သွန်ကောက်သင်းကောက်သွားရင် အိမ်အပြန် ကြက်သွန်အိတ်ထဲမှာ ကြက်သွန်နဲ့အတူ အမြဲတမ်းပါတတ်တာက ချဉ်ပေါင်ရွက်အတက်နဲ့ ဥသျှစ်သီးအမှည့်တွေပါ။ ချဉ်ပေါင်ရွက်အတက်ဆိုတာက ကြက်သွန်ခင်း ဘောင်တွေပေါ်မှာ ကြက်သွန်စိုက်တုန်းက ဟင်းချက်စရာအဖြစ် ထည့်စိုက်တဲ့ ချဉ်ပေါင်ပင်တွေက ကြက်သွန်နှုတ်ပြီးချိန်မှာ နွားစားလို့ ကျန်တဲ့ ချဉ်ပေါင်ပင်ကနေ အတက်လေးတွေ ထွက်တာကို ခေါ်တာပါ။ ကျွန်တော်တို့တွေ ကောက်သင်းကောက် ရောက်ချိန်ဆိုရင် အဲ့လို ချဉ်ပေါင်ပင်လေးတွေက အရွက်အတက်လေးတွေ ပြန်ထွက်ပြီပေါ့။ အဲ့ဒီချဉ်ပေါင်ပင်လေးတွေကနေ တစ်ညွှန့်ရရင် တစ်ညွန့်ဆိတ်ပြီးတော့ လွယ်အိတ်ထဲထည့်။ ညနေစောင်းတော့ သူကလည်း တစ်ခါချက်စာဆိုသလို ရတာပါပဲ။ ဥသျှစ်သီးမှည့်ကတော့ သွားရာလမ်းတစ်လျှောက် လမ်းဘေးဝဲယာက သစ်တောတွေမို့ တောထဲမှာပေါက်တဲ့ ဥသျှစ်ပင်တွေက နွေရာသီဆိုရင် အရွက်တွေကြွေပြီး အသီးတွေပဲကျန်ခဲ့တယ်။ ရိုးတံကျဲကျဲ သစ်တောထဲမှာ အဝေးကလှမ်းကြည့်လိုက်ရင် အသီးတွေ ၀င်းဝင်းဝါ၀ါနဲ့ ဥသျှစ်ပင်တွေကို အတိုင်းသား မြင်နိုင်တယ်။ အဲ့ဒီအသီးတွေက မှည့်လာတော့ အောက်ကို ကြွေကျတယ်။ အပင်အောက်ကို သွားရင် အနည်းဆုံး သုံးလေးလုံးတော့ ကြွေနေတတ်ပါတယ်။ နှစ်ပင်လောက် သွားလိုက်ရင် ဥသျှစ်သီးမှည့် လေးငါးလုံးကတော့ အသာလေးပေါ့။
ချဉ်ပေါင်ခါးရွက်(photo from google)
အဲ့ဒီဥသျှစ်ပင်တွေကိုတော့ တောထဲမှာ ပေါက်လို့ ဥသျှစ်အရိုင်းလို့ ခေါ်ကြတယ်။ ကျွန်တော်တို့ဆီမှာတော့ ရွာထဲမှာ စိုက်တဲ့အပင်ကို အရင်ပင်ဆိုပြီး ခေါ်ပါတယ်။ အရင်ပင်ကတော့ အသီးအလုံးပိုကြီးတာပေါ့။ ရွာဦးဘုန်းကြီးကျောင်းက ဥသျှစ်ပင်ဆိုရင် အသီးတွေက ပြည်တောင်းလုံးအရွယ် လောက်ရှိတယ်။ အရွက်တွေ နုချိန်ဆိုရင်လည်း ကျောင်းရောက်တဲ့သူက ဦးဇင်းဆီမှာ ခွင့်တောင်းပြီး ခူးကြတယ်။ အတော်စားလို့ကောင်းတဲ့အပင်ပါပဲ။ အရင်သီးမှာကျတော့ အရိုင်းသီးလောက် အထဲကအူတွေမများဘူး။ အရိုင်းသီးကတော့ တချို့အပင်က စားရတာ တော်တော်လေးပူတယ်။ ဒါပေမဲ့ ဥသျှစ်သီးကတော့ အရိုင်းရော အရင်ပါ ပူတဲ့အရသာရှိပါတယ်။ စားကောင်းတဲ့အပေါ်မူတည်ပြီး ပူတာကို အနဲအများခွဲ ပြောတာလောက်ပါပဲ။ ဒါကြောင့် ဥသျှစ်သီးနဲ့ ပျားရည်ကို တွဲမစားရဘူးလို့ လူကြီးတွေက ပြောကြတာ။ ပျားရည်ကလည်း များများစားရင် ရင်ပူတယ်လေ။ ဥသျှစ်သစ်က နဂိုကအပူမို့ နှစ်မျိုးတွဲစားရင် ပိုပြီးတော့ ပူလို့ဖြစ်မယ်။ ကျွန်တော်တို့ဆီမှာတော့ ဥသျှစ်သီးမှည့်ကို ထန်းလျက်နဲ့ ရောပြီးစားတယ်။ ဥသျှစ်သီးမှည့်ကို အထဲကအူတွေထုတ်ပြီးတော့ အသားတွေကို ဇွန်းနဲ့ခြစ် အဲ့ဒီထဲကို ထန်းလျက်လေး နှစ်လုံးလောက် ထုထည့်ပြီး သမအောင်မွှေပြီး စားကြတယ်။
ဥသျှစ်သီးမှည့်(photo from google)
ကြက်သွန်ကောက်ရာကပြန်လာလို့ အိမ်ရောက်ရင် အမေက ပါလာတဲ့ ကြက်သွန်အိတ်ကို ဆန်ကောထဲသွန်ထည့်ပြီး အလုံးအရွယ်အစားအလိုက် အကောင်းအဆိုးရွေးပြီးတော့ အထားခံတဲ့ဟာက သပ်သပ်၊ ကြာကြာထားလို့မရတာကို သပ်သပ်စီခွဲပြီးတော့ သိမ်းဆည်းထားပါတယ်။ ကောက်သင်းကောက်လို့ ရတာဆိုတော့ ကြက်သွန်ဥကလည်း လက်တဆစ်လောက် အရွယ်က စပြီး ဆွမ်းလောင်းပန်းကန်လုံး (ရေနွေးကြမ်းပန်းကန်) လောက်အထိ အရွယ်အစား မျိုးစုံပါတာပေါ့။ အဲ့ဒီအထဲက သေးသေးလေးတွေကိုတော့ ထမင်းစားရင် အလုံးလိုက်ကိုက်စားရအောင် သပ်သပ်ထားတယ်။ နွေရာသီဆိုရင်တော့ ကြက်သွန်က အစိမ်းစားပေးနိုင်ရင် ကျန်းမာရေးအတွက် အတော်လေးကောင်းပါတယ်။ ရာသီဥတုအပူလွန်ပြီး ဆီးအောင့်တာကို ကာကွယ်ပေးတယ်။ အိမ်တုန်းကဆို ညနေတောထဲကအပြန် ထမင်းကြမ်းစားရင် ထမင်းကို ဆီလေးနဲနဲဆမ်း ဆားဖြူးပြီး ကြက်သွန်ဥလေးတွေ ကိုက်စားရတာ အတော်ကောင်းတယ်။
တခြားဆေးဘက်ဝင်တာတွေ တော်တော်များများ ရှိပါလိမ့်မည်။ ကျွန်တော်မသိလို့ အကုန်တော့ မပြောတတ်ဘူး။ နောက်တခုက ရေခဲသေတ္တာတွေ အထဲမှာ အနံ့အသက်တွေ မကောင်းရင် ကြက်သွန်အခွံနွှာပြီးသား တစ်လုံးလောက် ထည့်ထားရင် အနံ့အသက်တွေ ပျောက်တယ်လို့ ဖတ်ဖူးတယ်။ ဒါကြောင့် ကြက်သွန်ခွာပြီးသားကို အခန်းထဲမှာ အချိန်ကြာကြာ ထားရင် မကောင်းတဲ့ အနံ့အသက်တွေကို သူကနေစုတ်ယူတတ်ပါသတဲ့။ နောက်တခုက မှိုကို စားကောင်းတဲ့မှိုဟုတ်မဟုတ်သိချင်ရင် ကြက်သွန်နဲ့ မှိုကို ပွတ်ကြည့်လို့ အရောင်မဲသွားရင် မစားကောင်းဘူးလို့ ပြောကြတယ်။ နောက်ပြီး ကျွန်တော်တို့ဆီမှာ ကျောက်တုံး အကြီးကြီးတွေကို မီးနဲ့အပူပေးပြီး ခွဲတဲ့အခါ ကျောက်တုံးပေါ်မှာ ကြက်သွန်နီနဲ့ ကိုယ်လိုတဲ့ အရွယ်အစားကို အရာလေးတွေပေးပြီး ခွဲရင် အဲ့ဒီကြက်သွန်နီနဲ့ မှတ်ထားတဲ့ အစင်းရာအတိုင်း ကွဲပါတယ်တဲ့ဗျာ။ လက်တွေ့တော့ မစမ်းကြည့်ဖူးပါဘူး။
ကြက်သွန်ဆိုတာမျိုးကလည်း စိုက်ခင်းထဲမှာ ကောက်သင်းကောက် ဘယ်လောက်ပဲ ၀င်ဝင် ယာခင်းရှင်ကိုယ်တိုင် ထယ်နဲ့ထိုးပြီး ကောက်ထားတာတောင် ပြောင်တယ်လို့မရှိဘူး။ မိုးတွေရွာလို့ မြေကြီးအစိုဓာတ်ရရင် ကျန်နေတဲ့ ကြက်သွန်တွေက အပင်လေးတွေ ပေါက်လာပြန်တယ်။ အဲ့ဒီအခါကျတော့လည်း ကြက်သွန်မြိတ် ခူးစားလို့ရပြန်ရောဗျာ။
အင်း တရက်တရက်နဲ့ လူတွေလည်း အသက်တွေက ကြီးကြီးလာလိုက်တာ ကိုယ့်ကိုကိုယ်တောင် သတိမထားမိပါဘူး။ အသက်ကြီးလာလို့လားမသိဘူး ငယ်ငယ်ကအကြောင်းလေးတွေကို စမြုံ့ပြန်ရတာ အတော်လေး အရသာရှိတယ်ဗျာ။ နောက်ပြီး ငယ်ငယ်က အကြောင်းတွေးကို ပြန်တွေးရင် စိတ်တွေက လွတ်လပ်ပေါ့ပါးပြီး ကိုယ့်ကိုယ်ကိုယ် ကလေးတစ်ယောက်လို ခံစားရတယ်။ ကျန်ပါသေးတယ် ငယ်ငယ်တုန်းက ဖားနှိုက်ငါးနှိုက်ခဲ့တာလေးတွေ။ နွားကျောင်းဆိတ်ကျောင်း တောထဲလိုက်ရတာတွေ၊ သြဇာသီး တွေပေါတဲ့အချိန် တောထဲရောက်ရင် မြက်တောထဲမှာ သြဇာသီးအုပ်ပြီး နောက်တခေါက်ရောက်ရင် သြဇာသီမှည့်ဖော်စားတာတွေ၊ တခါတလေ မှည့်အောင်မစောင့်နိုင်လို့ လက်နဲ့စမ်းကြည့်ပြီး နဲနဲလေး ပြောတယ်လို့ထင်ရရင် သြဇာသီးကို လက်ဖနောင့်နှစ်ခုကြားမှာ ထားပြီးတော့ အဲ့ဒီလက်ကို ပေါင်ကြားထဲထည့်ပြီး အားနဲ့ညှပ်လိုက်တော့ သြဇာသီးက ပျော့သွားတာလေ။ အဲ့ဒီလို သြဇာသီး ပေါင်ကြားညှပ်စားတာကို အညာက ကလေးအတော်များများ သိကြပါတယ်။ ကြွက်ကို ခဲ(ဂဲ)ပိနဲ့လည်း ထောင်ဖူးတာပဲ။ တခါမှတော့ မိတယ်ဆိုတာမရှိဘူး။ ထောက်တိုင်လုပ်တာက လွယ်လွယ်နဲ့မပြိုလို့လေ။ ကျွန်တော်နဲ့ အတူ ကြက်သွန်ကောက်သွားခဲ့တဲ့ ဖိုးအောင်၊ ခင်လှ၊ ထွေးစိန်နဲ့ သောင်းကိုတို့ကိုလည်း လွမ်းမိပါရဲ့။ အခုတော့ သူတို့တွေက အိမ်ထောင်သည်တွေ ဖြစ်နေကြပြီ။ ဖိုးအောင်ဆိုရင် ကလေးနှစ်ယောက်တောင် ရနေပြီတဲ့လေ။ ထွေးစိန်ကတော့ သောင်းကိုနဲ့ပဲ ပြန်ညားတယ်တဲ့။ ငယ်ငယ်တုန်းက သံယောဇဉ်တွေ မကုန်ကြတာဖြစ်မှာပေါ့ဗျာ။ ခင်လှတစ်ယောက်ပဲ ကျန်တော့တယ်။ သူလည်း သီတင်းကျွတ်ရင် မင်္ဂလာဆောင်တော့မယ်တဲ့။ သူတို့တွေကလည်း ကျုပ်ပြန်လာအောင်တောင် မစောင့်ကြဘူး။ လက်ဖွဲ့လေးဘာလေး ပေးရအောင်ပြောပါတယ်။ အခု ဒီပို့စ်လေး ရေးရင်းနဲ့ ငယ်ငယ်က အကြောင်းလေးတွေ စိတ်ထဲမှာ တော်တော်များများပြန်ပေါ်လာတယ်။ နောက်မှပဲ ထပ်ရေးပေးတော့မယ်။ ကျေးတောပျော်တို့ရဲ့ စရိုက်သဘာဝလေးတွေကို ဗဟုသုတအဖြစ် သိရတာပေါ့နော့။ စိတ်ထဲမှာပေါ်လာတာလေးရယ် ကိုယ်တိုင်လုပ်ခဲ့တာလေးရယ်မို့ ရေးရင်းနဲ့ ပျော်မိတယ်။ စာဖတ်သူများလည်း ကျွန်တော်နဲ့ ထပ်တူ ပျော်ရွှင်နိုင်ကြပါစေဗျာ။
လာရောက်လည်ပတ်ရင်းနဲ့ ဗဟုသုတလေးတွေ အနည်းငယ်မျှ ရသွားတယ်ဆိုရင် ၀မ်းသာပီတိဖြစ်ရပါတယ်။ ဖတ်ပြီးတော့ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့အတိုင်း စကားလက်ဆောင်လေးတွေ ချန်ခဲ့မယ်ဆိုရင်တော့ ကျွန်တော့်အတွက် ပျော်ရွှင်မှု့တွေ အတိုင်းထက်အလွန်ပေါ့ဗျာ။
အားလုံးသော ကျွန်တော့်မိတ်ဆွေများ ဘေးဘယာကင်းကွာ ကျန်းမာချမ်းသာကြပါစေ….။
1 comments:
စိတ်ကြည်နူးစရာလေးပဲအကို...
ပို့စ်လေးအတွက်ကျေးဇူးပါလို့..
ကောင်းသောနေ့လေးဖြစ်ပါစေ။
Post a Comment