ဥယျာဉ်မှုး ( photo from google) |
ကျောင်းကိုသွားရင် နေ့စဉ်နေ့တိုင်းဆိုသလို မြေအောက်မီးရထား ဘူတာရုံကနေ ကျောင်းဝန်းထဲရောက်ဖို့ ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ရတယ်။ ကျွန်တော်အတွက်တော့ လမ်းလျှောက်တာက အကျင့်လိုဖြစ်နေလို့ သွားလိုက်ရင် ကိုယ့်ခြေထောက်ကို သူများထက်မြန်တယ်ဆိုတာ သိတယ်။ နဂိုကမှ မြန်နေတဲ့ ခြေထောက်က အခုဒီကိုရောက်တော့ တွေ့တဲ့သူတိုင်း လမ်းသွားကြတာတွေက မပြေးရုံတစ်မည် ဆိုတော့ မြန်ပြီးသား ကျွန်တော့်အတွက် ပိုလို့သာမြန်ယုံရှိတာပေါ့ဗျာ။ ဆယ့်ငါးမိနစ်စာ သွားရတဲ့လမ်းကို အလွန်ဆုံး ဆယ်မိနစ်နဲ့ ရောက်တယ်။ သူတို့ဆီကတော့ မိန်းမ ယောကျာ်း၊ ပျိုပျိုအိုအို လမ်းလျှောက်ကြတာက မြန်မှမြန်ပဲ။ ဆင်မယဉ်သာ လမ်းလျှောက်တယ်ဆိုတာတော့ ဝေလာဝေးပေါ့။ တခါတလေ စိတ်ကို ထိန်းပြီးဖြေးဖြေး လျှောက်လည်း မရဘူးဗျာ။ သူများတွေက မြန်မြန်သွက်သွက် သွားနေကြတော့ ခြေထောက်တွေက အလိုလိုကိုမြန်နေတယ်။ အဲ့ဒီလို လမ်းလျှောက်တာ နေ့တိုင်း ဆိုတော့ ကိုယ်သွားတဲ့ လမ်းဘေးဝဲယာ ဘယ်နားလေး ဘာရှိတယ်ဆိုတာကိုလည်း မျက်စိထဲမှာက အလိုလို မှတ်မိနေတယ်။ အင်း မှတ်မိရမယ်လေ ဒီလမ်းလေးအတိုင်း လမ်းလျှောက်လာတာက နှစ်နှစ်ပြည့်သွားပြီပဲ။
မှတ်မိနေတဲ့ နေရာလေးတွေထဲကမှ ဌာနတခုရှေ့က လမ်းဘေး သစ်တောလေးထဲမှာ သိပ်ပြီး မကျယ်ဝန်းတဲ့ ပန်းခင်းလေးကို စိတ်ဝင်အစားဆုံးပါပဲ။ အကျယ်အ၀န်းက အညာအသုံး ခြေလှမ်းနဲ့တိုင်းရင် အလွန်ဆုံးရှိမှ ခြေလှမ်းဆယ်လှမ်းကျဲကျဲစာပေါ့။ နေရာလေး ကျဉ်းပေမဲ့ စိုက်ထားတာလေးတွေက အမျိုးစုံလှတယ်ဗျ။ ဆောင်းရာသီ နှင်းတွေကျရင်တော့ သူလေးလည်း နှင်းပြင်လုံးလုံးဖြစ်ရတယ်။ အဲ နှင်းတွေကုန်သွားပြီဆိုရင်တော့ အဲ့ဒီနေရာလေးက အသက်ဝင်လာတယ်။ နေ့စဉ်ကြည့်နေရင်း မျက်စေ့အောက်မှာပဲ ပန်းပင်လေးတွေက အလျှိုလျှို ပေါ်ထွက်လာတယ်။ သူတို့ဆီမှာများ အပင်တွေက အရွက်တွေကို လေးလလောက် မမြင်ရလို့လား မသိဘူး ဆောင်းကုန်ပြီဆိုတာနဲ့ အရွက်ထွက်၊ တချို့က အဖူးထွက်ပြီး ချက်ချင်းကိုပွင့်တာ။ စိတ်ထဲမှာ ဒီနိုင်ငံက အပင်တွေ ဖူးပွင့်တာက မြန်နေသလို ခံစားမိတယ်။ အမျိုးအမည် မသိပေမဲ့ ပန်းလေးတွေကတော့ အတော်လေးလှသားဗျ။ အဲ့ဒီအထဲမှာလည်း ကျွန်တော်သိတာ ဆိုလို့ ကျူးလစ်ပန်း တစ်မျိုးပဲ ရှိတယ်။ ကျန်တာတွေကိုတော့ ဘယ်လိုခေါ်တယ်ဆိုတာကို မသိပါဘူး။
မျိုးစေ့မှန်မှ အပင်သန် (photo from google) |
ဒါပေမဲ့ ကိုယ့်မျက်စိအောက်မှာပဲ ဖူးပွင့်လာတဲ့ ပန်းလေးတွေဆိုတော့ ကိုယ်နဲ့မဆိုင်သော်ငြားလည်း စိတ်ထဲမှာ သူတို့လေးတွေကို ကြည့်ပြီး ပီတိဖြစ်ရတယ်။ လမ်းဖြတ်သွားတိုင်း အဲ့ဒီနေရာလေးကို မကြည့်ဘဲကို မနေနိုင်ဘူး။ တခါတလေများ သူတို့လေးတွေ ကြည့်ပြီးတော့ စိတ်ကူးတွေ ယဉ်လိုက်သေးဗျာ။ ကျွန်တော်က စိုက်ပျိုးရေးကို ငယ်ငယ်ကတည်း ၀ါသနာပါတာ။ အိမ်မှာဆို သီးပင်စားပင် အကုန်စိုက်တယ်။ ခြေဆိပ်လက်ဆိပ် ရှိတယ်လိုပဲ ဆိုရမလားမသိဘူး စိုက်လိုက်တယ်ဆိုရင် ဘာပင်ပဲဖြစ်ဖြစ် မသီးဘူးဆိုတာ မရှိသလောက်ပဲ။ ဒါကြောင့် မိုးဦးကျပြီဆိုရင် ပတ်ဝန်းကျင်အိမ်တွေက ပဲပင်တို့၊ ဖရုံပင်တို့ စတာတွေကို စိုက်ပေးခိုင်းတယ်။ ရွာကလူအတော်များများက ကျွန်တော့်ကို ကျောင်းမတက်ဘဲ တောင်သူလုပ်ဖို့တောင် တိုက်တွန်းကြ သေးတယ်ဗျ။ ဘာလို့လဲဆိုတော့ အိမ်မှာ ကျွန်တော်ယာကျဲတဲ့နှစ်ဆို ယာခင်းတိုင်းက ကျန်တဲ့သူကျဲတာနဲ့ မတူ ပိုပြီး အသီးအပွင့်ဖြစ်ထွန်းပြီး အထွက်ကောင်းလို့တဲ့။ အဖေနဲ့အမေကလည်း အဲ့ဒါကို ပြောပါတယ်။ ဒါပေမဲ့ ကျောင်းထွက်ဖို့တော့ ဘယ်တုန်းကမှ မပြောဘူး။ ကျွန်တော်ကလည်း တောင်သူလုပ်ငန်းဝါသနာပါပေမဲ့ ပညာဘက်ကိုပဲ ပိုပြီး စိတ်ဝင်စားတယ်လေ။ နောက်ပြီးတော့ တောင်သူလုပ်ငန်းဆိုတာလည်း မြေကြီးနဲ့ ဖက်ပြီး လုပ်ရတာ မဟုတ်လား။ နေပူ ကျောပူခံမှ ထမင်းစားရတာ။ ဒါကြောင့် ကျောင်းအားတဲ့ အချိန်ပဲ ယာခင်းကိုင်းခင်းမှာ ၀င်လုပ်တယ်။
အပင်တစ်ပင်ဖြစ်ဖို့ဆိုတာ(Photo from google) |
လူဆိုတာမျိုးကလည်း ကိုယ်ဝါသနာပါရာ၊ စိတ်ဝင်စားရာကိုသာ လုပ်ရရင် စိတ်ကို ကျေနပ်နေတာပဲ။ ကျွန်တော်ကတော့ အပင်တွေစိုက်ပျိုးတာကို ၀ါသနာတခုလိုဖြစ်နေတယ်။ အခုနေတဲ့အဆောင်မှာတော့ နေရာအခက်အခဲကြောင့် မစိုက်ရရှာဘူးဗျာ။ အရင်အဆောင်တုန်းကတော့ ရောက်ပြီးကတည်းက အချိုရည်ဗူးကြီးတွေကို ခါးကနေဖြတ်၊ အပေါက်ဖောက်ပြီးတော့ ကျောင်းကစာသင်ခန်းမှာ စိုက်ထားတဲ့ အပင်လေးတွေက ကိုင်းလေးတွေ၊အတက်လေးတွေ ဖဲ့ယူပြီးစိုက်ထားတယ်။ အပင်လေးတွေ တော်တော်ဖြစ်ထွန်း နေမှ အဆောင်ပြောင်းလာရတော့ သယ်ကလည်း မသယ်နိုင် ချက်ချင်းအလျင်စလို ပြောင်းရတာဆိုတော့ အပင်ထက် အရေးကြီးတာလေးတွေကိုပဲ သယ်လာရတယ်။ နောက်ကျန်ခဲ့တဲ့သူတွေက အပင်တွေကို အဆောင်အောက်ပစ်ချလိုက်တယ် ပြောလို့စိတ်မကောင်းဖြစ်ရသေးတယ်။ အဲ့ဒီအထဲကမှ ရှားရှားပါးပါး မျိုးစေ့ရလို့ စိုက်ထားတဲ့ ပင်စိမ်းပင်အိုးလေးကိုတော့ မဖြစ် ဖြစ်အောင် လက်ကကိုင်ပြီးတော့ သယ်လာခဲ့သေးတယ်။ နောက်အဆောင်ကတော့ နေရထိုင်ရတာကို ကြည့်ပြီး စိတ်ရှုပ်လို့ ဘာမှကို စိုက်တော့ဘူး။ ယူလာခဲ့တဲ့ ပင်စိမ်းပင်အိုးလေးကိုပဲ ဂရုတစိုက်ရေလောင်းပေါင်းသင်လုပ်ပေးတယ်။ သူလေးလည်း သက်ဆိုးမရှည်ရှာပါဘူး။ ရာသီဥတုအေးလာတော့ ရေလောင်ပေးသော်လည်း နေရောင်မရတော့ စောစောစီးစီးပဲ သေသွားရှာတယ်။ ပင်စိမ်းရွက်လေးတွေတော့ သူမသေခင်အထိ တော်တော်လေး စားလိုက်ရသေးတယ်။ အဲ့ဒါနဲ့ပဲ ကိုယ်တိုင်မစိုက်နိုင်တော့ သွားရင်းလာရင်းနဲ့ သူများစိုက်ပျိုးထားတာတွေကို ကြည့်ပြီးတော့ ကိုယ်တိုင်စိုက်သလို စိတ်ကူးယဉ်ပြီး စိတ်ကူးနဲ့ပဲ ပေါင်းသင်ရေလောင်း လုပ်ပေးနေရတာပေါ့လေ။
သူ့ဝါသနာ(photo from google) |
အစောကပြောတဲ့ ပန်းခင်းလေးကတော့ ကိုယ်သွားနေကျ လမ်းဘေးမှာမို့ တခြားနေရာတွေထက် ပိုပြီး နီးကပ်တယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ကိုလည်း ကြည့်ပြီးတော့ပဲ စိတ်ကူးထဲကနေ ရေလောင်း ပေါင်းသင်လုပ်ရတာပေါ့။ လက်တွေ့လုပ်ဖို့ကျတော့ မဖြစ်ဘူးလေ။ ကျောင်းသွားကျောင်းပြန်ပဲ ကြည့်ကြည့်ပြီး ဘယ်နားလေးကတော့ ဘယ်ပန်းလေးပွင့်ပြီ၊ ဘယ်အပင်ကတော့ အဖူးလေးထွက်နေပြီ ဒါလောက်ပဲသတိထားနိုင်တယ်။ သူတို့လေးတွေကလည်း ရေလောင်ဖို့မလိုအောင်ကို လန်းဆန်းဆက်ကြွပြီး အဖူးအပွင့်တွေနဲ့ ဝေနေတာ။ နောက်ပြီး ရာသီဥတုကလည်း အေးအေးဆိုတော့ ရေလောင်းစရာ မလိုပါဘူ။ ဒီကြားထဲ မိုးလေးက မစို့တစို ပက်ဖျန်းပေးသေးတယ်ဆိုတော့ ဒီပန်းလေးတွေအတွက်က အဆင်ပြေနေတာပဲဗျ။ သူတို့လေးတွေ ဖူးပွင့်ဝေဆာနေတာကိုမြင်ရတော့ စိတ်ထဲမှာလည်း တက်ကြွပြီး ကြည်နူးမှု့လေးတွေ ဖြစ်ရတယ်။ ဒါတောင် ကိုယ်တိုင်စိုက်တာမဟုတ်လို့နော်။ ကိုယ်တိုင်စိုက်တဲ့ သစ်ပင်ပန်းပင်ကများ အသီးအပွင့်လေးတွေ ဖူးပွင့်လာပြီဆိုရင် ပြောမပြတတ်လောက်အောင် ကြည်းနူးပီတိ ဖြစ်ရတယ်။ နောက်ပြီး ကိုယ်တိုင်စိုက်တဲ့ အပင်က ဖူးပွင့်နေတဲ့ အသီအပွင့်ကို သူများခူးတာ၊ ချိုးတာကို မကြည့်ရက်သလို၊ ကိုယ်တိုင်လည်း မခူးရက်၊ မခြွေရက်ဘူး။ ဥယျာဉ်မှုးတစ်ယောက်ရဲ့ စိတ်ဓာတ်ဖြစ်မှာပေါ့နော်။
တခါတုန်းက အမေနဲ့အတူ ဈေးရောင်းသွားရင်း လမ်းက တဲတိုက်လေးတခုမှာ သားအမိနှစ်ယောက် ၀င်နားတော့ အဲ့ဒီတဲမှာ စိုက်ထားတဲ့ ပန်းပင်လေး တစ်ပင်ကို စိတ်ဝင်စားသွားတယ်။ ဒါနဲ့ အမေ့ကို အပင်မျိုးတောင်းပေးဖို့ ပူစာတာမိတယ်။ တဲရှင်ကလည်း အမေ့နဲ့သိနေတော့ လွယ်လွယ်ကူကူပဲ ပေးပါတယ်။ ဒါနဲ့ အားရ၀မ်းသာ အပင်နားသွားပြီး အပင်ခြေက အသစ်ထွက်တဲ့ အတက်လေးတွေကို ဆွဲနှုတ်ကြည့်တယ်။ မြေကမာနေတော့ အပင်လေးတွေက နှုတ်လို့ရပါရဲ့ အမြစ်ကပါမလာဘူး။ ဒါနဲ့ သုံးလေးပင် ဆွဲနှုတ်ကြည့်တာ အမြစ်ကပါမလာတော့ အပင်ရှင်ကိုလည်း အားနာတာနဲ့ စိတ်လျှော့ပြီး နှုတ်လို့ရတာလေးတွေကိုပဲ ယူလာခဲ့တယ်။ အဲ့ဒီအပင်လေးတွေကို အိမ်ရောက်တော့ တောင်းစုတ်ကြီးကြီးထဲမှာ မြေဆွေးတွေထည့်ပြီး စိုက်ထားလိုက်ပါတယ်။ အမြစ်မပါပေမဲ့ ရှင်ချင်လည်း ရှင်မှာပေါ့ဆိုတဲ့ အတွေးနဲ့ပါ။ ကံကောင်းတယ်လို့ပဲ ဆိုရမလား နောက်သုံးလေးရက်ရှိတော့ အပင်လေးတွေက အရွက်တွေထောင်ပြီးတော့ လန်းလန်းဆန်းဆန်း ဖြစ်လာတယ်။ ဒါနဲ့ ၀မ်းသာပြီး ရေလောင်းပေး၊ မြေဆွပေးနဲ့ စိုက်ထားတဲ့လေးပင်မှာ သုံးပင်က ရှင်သန်ကြီးထွား လာတယ်။ ပျော်လိုက်တဲ့ ဖြစ်ချင်းဗျာ မပြောပါနဲ့။ ရေလောင်းပေါင်းသင် နေ့တိုင်း ဂရုစိုက်ပေးတော့ အပင်လေးတွေက ဖြစ်ထွန်းလာလိုက်တာ နောက်ဆုံးတော့ ပန်းပွင့်ဖို့အတွက် အဖူးလေးတွေပါ ဖူးလာတယ်။
ကိုယ်စိုက်ပျိုးထားတဲ့ အပင်က အဖူးလေးတွေ ထွက်လာတာ မြင်တော့ စိတ်ထဲမှ ပျော်ရတဲ့အပျော်က တော်တော်လေးအရသာရှိတယ်ဗျာ။ အဖူးလေးဘ၀ကနေ အငုံ၊ အငုံဘ၀ကနေ အပွင့် အဆင့်ဆင့် ဖူးပွင့်လာတော့ စိုက်ပျိုးသူရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ပီတိစိတ်တွေကလည်း ပျော်ရွှင်မှု့တွေနဲ့အတူ မြင့်မြင့်လာတယ်။ နောက်ဆုံးတော့ အရင်ဆုံးပွင့်တဲ့ ပန်းလေးတွေကို ဘုရားပန်းလှူဖို့အတွက် အမေ့ကို ခူးပေးလိုက်တယ်။ ဘုရားလှူဖို့အတွက် ခူးရပေမဲ့ ကိုယ်စိုက်ပျိုးထားတဲ့ အပင်လေးမို့ ခူးရမှာကို ချီတုံချတုံ ဖြစ်နေမိသေးတယ်။ နောက်တော့မှ ကောင်းတဲ့ဘက်ကနေတွေးပြီးတော့ ဒီပန်းလေးတွေကို ဘုရားလှူတော့ လှူတဲ့အမေလည်းကုသိုလ်ရ၊ စိုက်ပျိုးတဲ့ ငါလည်းကုသိုလ်ရ၊ ပန်းဖြစ်ရတဲ့ သူတို့လေးတွေလည်း ဘုရားရှေ့မှာ လူတကာရဲ့ ဦးညွှတ်မှု့ကို ခံရမှာပါလားလို့ တွေးပြီး မျက်စိကို စုံမှိတ်လို့ ကပ်ကြေးနဲ့ ဖြတ်လိုက်ပါတယ်။ ကျွန်တော်စိုက်ပျိုးတိုင်း ပန်းပင်ဆိုရင် အရင်ဆုံး ဖူးပွင့်တာကို ဘုရားအမြဲတမ်းလှူတယ်။ တခါတလေ ကိုယ်တိုင်ကပ်လှူတာရှိသလို၊ တခါတလေလည်း အမေ့ကို ဘုရားပန်းကပ်ဖို့ ခူးပေးတယ်။ အမေကတော့ အများဆုံးပေါ့။ အဲ့ဒီတုန်းက မှတ်မှတ်ရရ ကျွန်တော်စိုက်ပျိုးခဲ့တဲ့ ပန်းပင်လေးက ဂန္ဓမာပန်း အ၀ါရောင်လေးဗျာ။ အညာမှာက အဲ့ဒီပန်းရှားတယ်။ အဲ့ဒီတုန်းက ဖြစ်ရတဲ့ ပီတိလေးကလည်း ယနေ့တိုင် ပြန်စဉ်စားရင် ပျော်ရွှင်မှု့ပေးတယ်။
စိတ်ကူးထဲမှာတော့ နောင်တစ်ချိန်မှာ နေခဲ့ရအုံးမယ်ဆိုရင် ကျယ်ဝန်းလှတဲ့ ခြံဝန်းထဲမှာ မနိမ့်မမြင့် သာမာန်အိမ်လေးတစ်လုံးနဲ့ သစ်ပင်ပန်းမန်တွေ မျိုးစုံအောင် စိုက်ပျိုးပြီး ဘ၀ကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်မိတယ်။ သစ်ပင်ပန်းပင်တွေ စိုက်ပျိုးပြီးတော့ သူတို့လေးတွေကို ပေါင်းသင်ရေလောင်း ပြုစုစောင့်ရှောက်ရင်း အေးချမ်းတဲ့ ဘ၀လေးကို ဖြတ်သန်းခွင့်လေးပိုင်ဆိုင်ချင်မိတယ်။ ဒါပေမဲ့လေ စိတ်ကူးဆိုတာတော့ စိတ်ထဲမှာပဲ ရှိတာပေါ့။ တကယ်တမ်း လက်တွေ့အကောင်အထည် ပေါ်လာခဲ့ရင်တော့ အကောင်းဆုံးပေါ့နော်။ စိတ်ကူးနဲ့ လက်တွေ့ဆိုတာက တိုက်ဆိုင်ဖို့မလွယ်ဘူး မဟုတ်လားဗျာ။ လက်ရှိရွေးချယ်ထားတဲ့ အလုပ်လေးကတော့ ပန်းပင်စိုက်တဲ့ ဥယျာဉ်မှုးမဟုတ်သော်လည်း ပန်းလေးများနည်းတူ ဖူးပွင့်ဝေဆာလာမည့် နောင်အနာဂတ်ရဲ့ သားကောင်းသမီးမွန်လေးတွေကို ပြုစုပျိုးထောင်ပေးရမဲ့ ဥယျာဉ်မှုးတစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားနေတယ်။ တခုတော့ ရှိတာပေါ့ ပန်းပင်ဆိုတာက စကားပြောတတ်တာ မဟုတ်တော့ ကိုယ်ပြုချင်ရာကို စိတ်ကြိုက်ပြုပြင် နိုင်ပေမဲ့ စကားပြောတတ်တဲ့ လူသားပန်းလေးတွေကတော့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဥယျာဉ်မှုးစိတ်ကြိုက် ပြုပြင်လို့ရမရဆိုတာကိုတော့ တကယ်တမ်း ရေလောင်းပေါင်းသင် တဲ့အခါမှပဲ အဖြေသိရမှာပေါ့လေ။
ကျွန်တော်ကတော့ ပန်းလေးတွေစိုက်ပျိုးရတာကို သဘောကျတယ်။ ဘာလို့လဲဆိုတော့ ကိုယ်စိုက်ပျိုးတဲ့ အပင်လေးတွေက ရှင်သန်ဖြစ်ထွန်းပြီး အညွှန့်တွေ တလူလူနဲ့ အဖူးအပွင့်တွေ၊ အသီးတွေ သီးကြတာကို ကြည့်ပြီး ခံစားရတဲ့ ကြည်နူးမှု့ပီတိအရသာကို သဘောကျနှစ်သက်လိုပါ။
ဒီအကြောင်းအရာလေးကို ကျွန်တော်နေ့စဉ်မြင်တွေနေကျ လမ်းဘေးက ပန်းစိုက်ခင်းလေးကို ကြည့်ပြီး ခံစားမိတဲ့ ခံစားမှု့လေးကို ကျွန်တော်နားလည်သလို ရေးသားချင်းဖြစ်ပါတယ်။ ကျွန်တော့်မိတ်ဆွေများလည်း မျှဝေခံစားပြီး အမြင်လေးတွေကို ပြောပြပေးခဲ့ပါအုံးဗျာ။ ကျွန်တော်ကတော့ သစ်ပင်ပန်းမန် စိုက်ပျိုးရတာကို အတော်လေး ၀ါသနာပါတယ်။ ရောက်ရာနေရာမှလည်း အပင်လေးတွေကို တစ်မျိုးမဟုတ် တစ်မျိုးတော့ အမှတ်တရ အနေနဲ့ သယ်ယူတတ်တဲ့အလေ့ရှိတယ်။ အခုလည်း ဒီမှာအပင်တစ်ပင်တွေ့ထားတယ်ဗျ။ အပင်ပေါက်လေးတွေ ပေါက်နေပြီ ပြန်ခါနီးရင်တော့ သုံးလေးပင်လောက် နှုတ်ပြီးတော့ အ၀တ်အိတ်ထဲမှာ ထည့်သွားမယ် စဉ်းစားထားတယ်။ ရာသီဥတု ကွာခြားတော့ ရှင်မယ်မရှင်ဘူးဆိုတာတော့ မပြောတတ်ဘူးပေါ့ဗျာ။ ရှင်တော့လည်း ကိုယ့်အတွက် ပီတိဖြစ်စရာ၊ အမှတ်တရ ဖြစ်စရာ တခုတိုးတာပေါ့နော့။
ကျွန်တော်ပြောတဲ့ ပန်းခင်းလေးထဲက ပန်းပင်လေးတွေ ဖူးပွင့်နေတာကို ဓာတ်ပုံရိုက်ထားတာလေးတွေ ရှိသေးတယ်။ အခုတခါထဲဆိုရင် တော်တော်လေး များသွားမှာမို့ ဓာတ်ပုံချည်း သပ်သပ် တင်ပေးးမယ်ဗျာ။ ကျွန်တော်သိချင်တဲ့ ပန်းနာမည်လေးတွေကိုလည်း မေးချင်လို့။ ဒီနေ့တော့ စာလေးပဲ ဖတ်ပြီးတော့ အမြင်လေးတွေ မျှဝေးပေးခဲ့ပါအုံးနော်….
အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ပျော်ရွှင်ကြပါစေ….
3 comments:
မှန်တာပေါ့ ကိုယ့်ပြုစု ပျိုးထောင်ပေးထားတဲ့ အပင်လေးက အရွက် အခက် အဖူး၊ အပွင့်၊ အသီးလေးတွေ ဖြစ်လာရင် ၀မ်းသာရတဲ့သူက ဥယျာဉ်မှူးပါပဲ...ကျေးလက်သားလေးလည်း အပင်စိုက်တာတော့ အရမ်းဝါသနာပါတယ်...
စာသားအားလုံးကို ကြိုက်တယ်...အဲဒီထဲက...ပန်းပင်ဆိုတာက စကားပြောတတ်တာ မဟုတ်တော့ ကိုယ်ပြုချင်ရာကို စိတ်ကြိုက်ပြုပြင်နိုင်ပေမဲ့ စကားပြောတတ်တဲ့ လူသားပန်းလေးတွေကတော့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဥယျာဉ်မှုးစိတ်ကြိုက် ပြုပြင်လို့ရမရဆိုတာကိုတော့ တကယ်တမ်း ရေလောင်းပေါင်းသင်တဲ့အခါမှပဲ အဖြေသိရမှာပေါ့လေ...ဆိုတာကို သဘောကျမိပါရဲ့...ရွှေညာသားလေးရေ...ကျန်းမာပျော်ရွှင်ပါစေနော့...
အကိုရဲ့ပိုကစ်လေးဖတ်ပြိး... စကားမပြောတက်တဲ့ ပန်းပင်လေးတွေအကြောင်း..နဲ့ သူတို့ကို ဂရုစိုက် ...လို့ ရလာတဲ့
ပီတိလေးတွေ ..ခံစားရင်း...
ကောင်းသောနေ့လေးဖြစ်ပါစေအကို။
Post a Comment