လယ်တောထဲက လယ်စောင့်တဲ(photo from google)
မိုးရာသီရောက်လို့ အနောက်တောင်ဆီက မိုးတိမ်တောင် မည်းမည်းတွေ တရိပ်ရိပ်နဲ့ တက်လာပြီဆိုရင် အမျိုးအမည်မဖော်တတ်တဲ့ ဝေဒနာတစ်ခုက ရင်ထဲကို အလိုလို ရောက်လာတတ်သည်။ လွမ်းစရာလိုလို၊ ဆွေးစရာလိုလိုနဲ့ ခံစားရတာ ရင်ထဲမှာ တစ်မျိုးကြီးပါပဲ။ ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား ဆိုတာကိုပင် မဝေခွဲတတ်အောင်ပါ။
လယ်ယာထွန်ယက်စိုက်ပျိုးပြီးတဲ့ တစ်ခုသော နေ့လည်ခင်းမှာ ဖိုးလုံးတစ်ယောက် လယ်တောဆီသို့ ခိုင်းနွားနှစ်ကောင်ကိုဆွဲပြီး နွားကျောင်းထွက်လာခဲ့သည်။ သည်လယ်တောလေးက ဖိုးလုံးအဖေရဲ့အမွေရထားတဲ့ လယ်မိသားစုလေးဖြစ်သည်။ ယခင်က ဖိုးလုံးရဲ့ ဖခင် ဦးသာဒွန်း ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်ခဲ့တဲ့ လယ်ကွက်လေးတွေပေါ့။ အခုတော့ ဦးသာဒွန်းမရှိတော့ပြီမို့ သားဖြစ်သူ ဖိုးလုံးက ဦးစီးပြီး လုပ်ကိုင်စိုက်ပျိုးလာတာ ဒီနှစ်ပါဆိုရင် သုံးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
ကျေးလက်တောရွာ တောင်သူလယ်သမားတို့ ဓလေ့ ကိုယ်လုပ်ကိုင်စားသောက်ရာ လယ်တောယာတောမှာ မိုးတွင်းအခါမိုးခိုဖို့၊ နွေအခါ နေခိုရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ လယ်စောင့်တဲလေးများ ဆောက်ထားတတ်ကြသည်။ လမ်းသွားလမ်းလာ မည်သူမဆို ၀င်ရောက်ခိုနားနိုင်သော နေရာလေးများပင်ဖြစ်သည်။ လယ်စောင့်တဲလေးများက မိုးရာသီမှာတော့ ပတ်ဝန်းကျင် လယ်ကွက်ထဲမှာ စိုက်ပျိုးထားတဲ့ စပါးပင်ပျိုတွေ၊ ရေဖွေးဖွေး လယ်ကွင်းပြင်ထဲမှာဖူးပွင့်နေကြတဲ့ ကြာဖြူကြာနီပန်းတွေနဲ့အတူ အားမာန်အပြည့်နဲ့ တည်ရှိနေတတ်သည်။ ဆောင်းနဲ့နွေအခါများမှာတော့ ရိတ်သိမ်းပြီးစ စပါးရိုးပြတ်ပင်ငုတ်တွေ၊ ပတ်ကြားအက်စပြုနေပြီဖြစ်တဲ့ လယ်ကွင်းတွေနဲ့ ကောက်ရိုးပုံတွေကြားမှာ အားငယ်နွမ်းလှစွာ တည်ရှိနေတတ်သည်။
နွားတွေကို လယ်ကွင်းနဲ့ဝေးရာ စားကျက်မှာ ချည်ထားခဲ့ပြီး လယ်တောက လယ်စောင့်တဲလေးဆီသို့ ဖိုးလုံးလျှောက်လာခဲ့သည်။ အိမ်မှ ထွက်လာတုန်းကတော့ နေပူနေသည်။ အခုကျတော့လည်း အစောကပူနေသော နေမင်းကြီးက မိုးတိမ်တောင်တွေကြားမှ ရေးရေးသာ မြင်ရတော့သည်။ မကြာခင် မိုးရွာတော့မည်ကို လယ်တောမှာကြီးပြင်းလာတဲ့ ဖိုးလုံးတစ်ယောက် ကောင်းကောင်းသိလိုက်ပါ၏။
လယ်ကွင်းပြင်တွေ(photo from google)
လယ်စောင့်တဲလေးထဲကို ၀င်ပြီး ပါလာတဲ့ ပခုံးတင်ပုဆိုးနဲ့ တောထဲထွက်တိုင်း လွယ်နေကျ ဖျင်ကြမ်းလွယ်အိတ်လေးကို တဲတိုင်မှာ ချိတ်ပြီး ကွပ်ပျစ်လေးပေါ်မှာ ထိုင်လိုက်သည်။ ဖိုးလုံးတို့ တဲလေးက သိပ်ပြီး ကျယ်ကျယ်ဝန်းဝန်းတော့ မဟုတ်ပါ။ မိုးခိုတဲဆိုပေမယ့် ထိုင်လို့၊လှဲလို့ရအောင် ကွပ်ပျစ်လေးပါ စီထားလေသည်။ ဘေးကလည်း ထန်းရွက်လေးတွေနဲ့ ကာရံထားသည်။ မိုးလုံလေလုံ လယ်စောင့်တဲလေး ဖြစ်သည်။
ကွပ်ပျစ်ပေါ်ထိုင်လျက် တဲအပြင်ဆီကို လှမ်းကြည့်လိုက်တော့ ၀န်းကျင်တခိုက အုံ့အုံ့ဆိုင်းဆိုင်းနဲ့ လွမ်စေအောင်ဖန်နေလေသည်။ လယ်ကွင်းပြင်ကို ဖြတ်သန်း တိုက်ခတ်လာသော လေထဲမှာ မိုးငွေ့မိုးသက်တို့နှင့်အတူ ကောက်ပင်ပျိုတို့ရဲ့အနံ့က ပါလာသည်။ အုံ့ဆိုင်းနေသော ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း ဖိုးလုံးရဲ့ အတွေးစိတ်က လွန်ခဲ့သော နှစ်နှစ်ခန့်က မိုးရာသီမှာဖြစ်ခဲ့သော ဖြစ်ရပ်လေးဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။
လွန်ခဲ့သော နှစ်နှစ် ဖိုးလုံး ခုနစ်တန်းကျောင်းသားဘ၀ကဖြစ်သည်။ မိုးတွေ သည်းသည်းရွာတဲ့ မိုးရာသီတစ်နေ့မှာ ဖိုးလုံးတစ်ယောက် သူ့ဖခင် ဦးသားဒွန်းနဲ့အတူ လယ်ရေဆီးဖို့ သူတို့လယ်ကွင်းဆီသို့ သားအဖ နှစ်ယောက် ပေါက်ပြားကိုယ်စီနဲ့ ထွက်ခဲ့သည်။ မိုးရွာနေတုန်းမို့ ဦးခေါင်းမှလွဲပြီး ကိုယ်ခန္ဓာတစ်ခုလုံး ရွှဲရွှဲစိုနေသည်။ လယ်ကွက်ထဲရောက်တော့ သားအဖနှစ်ယောက် ကျိုးနေသော လယ်ကန်သင်းမှာ တစ်ယောက်တစ်နေရာစီ ပေါက်ပြားကိုယ်စီနဲ့ လယ်ကွက်ထဲမှ မြေကြီးကို တူးဆွပြီး စီးထွက်နေသော လယ်ရေတို့ကို တားဆီးနေသည်။ လယ်ထဲမှာ ရေတင်ကျန်ရစ်မှ လယ်စိုက်ဖို့ရာအတွက် အဆင်ပြေသည်မဟုတ်လား။
ထိုစဉ်မှာပဲ မိုးရေကြားထဲမှ မသည်းမကွဲ အော်သံတခုကို ဖိုးလုံးကြားလိုက်သည်။ ပေါက်ပြားနဲ့ မြေကြီးကို တူးဆွနေရာမှ အော်သံလာရာဆီသို့ ဖိုးလုံးလှမ်းကြည့်လိုက်တော့ ပေါက်ပြားကိုင်ပြီး လဲကျလုနီးနီးဖြစ်နေသော သူ့ဖခင် ဦးသာဒွန်းကို မြင်လိုက်ရသည်။ လက်ထဲမှ ပေါက်ပြားကိုချခဲ့ပြီး ဖခင်ရှိရာဆီသို့ ပြေးသွားလိုက်သည်။ အနားရောက်သွားတော့ လဲတော့မလိုလို ဖြစ်နေသော ဖခင်ကို တွဲပြီး လယ်စောင့်တဲဆီသို့ ခေါ်လာခဲ့သည်။ တဲထဲရောက်တော့ ဖခင်ဖြစ်သူရဲ့ ပါးစပ်မှ “ပိုးထိတယ်”ဆိုတဲ့ မသဲမကွဲ စကားသံကို နောက်ဆုံးကြားလိုက်ရပြီး ဖခင်ဖြစ်သူ ဦးသာဒွန်းတစ်ယောက် ဖိုးလုံးတို့ သားအမိနဲ့ လူ့လောကကြီးကို လယ်စောင့်တဲလေးထဲမှာပဲ စွန့်ခွာသွားခဲ့သည်။ လယ်ကန်သင်းမှာ ခိုအောင်းနေတဲ့ လယ်သမားတို့၏ အကြီးဆုံးရန်သူ ကိုမြွေပွေး က ဦးသာဒွန်းကို မိသားစုနဲ့သေကွဲခွဲလိုက်လေသည်။
အဲ့ဒီနှစ်က ဖိုးလုံးကျောင်းတ၀က်တပျက်နဲ့ ကျောင်းထွက်ခဲ့ရသည်။ သားကို ပညာတတ်ဖြစ်စေချင်တဲ့ ဦးသာဒွန်းကတော့ သူ့သားမောင်ကို လယ်တောထဲမှာပဲ ထားခဲ့ပြီး လောကကြီးကို ကျောခိုင်းသွားခဲ့သည်။ ဖခင်မရှိတော့သည်နောက်မှာတော့ ဖိုးလုံးလည်း မိခင်နဲ့အတူ လယ်လုပ်ငန်းကို ဦးစီးလုပ်ကိုင်လာခဲ့တာ သုံးနှစ်အတွင်းမှာ ကျွမ်းကျင်နိုင်နင်းစွာ လုပ်တတ်လာခဲ့သည်။ မိုးရာသီရောက်လို့ ဒီလယ်ကွင်းတွေမှာ ထွန်ယက် စိုက်ပျိုးရပြီဆိုရင် လယ်စောင့်တဲလေးထဲမှာ သူ့ကိုထားပြီး လောကထဲက ထွက်သွားတဲ့ သူ့ဖခင်ကိုတော့ အမြဲတမ်း သတိရမိသည်။ “အဖြစ်ဆိုးလိုက်တာအဖေရယ်”လို့ စိတ်ထဲက ရေရွတ်မိသည်။ ဖခင်အကြောင်းတွေကို တွေးရင်းတွေးရင်းက ရင်ထဲမှာ ဆို့နင့်လာပြီး မျက်ရည်တို့က ပါးပြင်ပေါ်သို့ စီးဆင်းလာသည်။
မိုးစက်မိုးပေါက်တို့ တဲခေါင်မိုးပေါ်ကို အရှိန်နဲ့ကျရောက်လာသံ ကြားတော့မှ ဖိုးလုံးရဲ့အတွေးစိတ်တို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ အပြင်မှာသည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်တို့နဲ့အပြိုင် ဖိုးလုံးမျက်ဝန်းဆီမှ မျက်ရည်စတို့ကလည်း ပါးပြင်ပေါ်သို့ တသွင်သွင် စီးကျလို့နေလေသည်။
ပြာလဲ့လဲ့ကောင်းကင်နဲ့ လယ်ကွင်းပြင်တွေ(photo from google)
ဖိုးလုံး တဲကို ရောက်ခါစက အုံ့ဆိုင်းနေသော မိုးတိမ်တောင်တို့သည် အားမာန်အပြည့်နဲ့ ရွာသွန်းပြီးတဲ့အခါ ကောင်းကင်တစ်ခွင်လုံး ကြည်လင်သွားတော့သည်။ ဖိုးလုံးလည်း ပါးပြင်မှ မျက်ရည်တို့ကို ပုဆိုးခါးပုံစနဲ့ မသုတ်လိုက်ပြီး ခမောက်ကို ဆောင်းလို့ ခိုင်းနွားနှစ်ကောင် ချည်ထားခဲ့ရာ နွားစားကျက်ဆီသို့ ထွက်လာခဲ့လေသည်။ မိုးရွာပြီးစ နေရောင်အောက်က ကောင်းကင်ထက်မှာ ကျေးငှက်လေးတွေ ပျော်ရွှင်မြူးထူးနေကြသည်။ လယ်ကွင်းဘေးက ရေရိုးထဲမှာတော့ အစောတုန်းက ရွာသွန်းလိုက်သော မိုးရေတို့ကြောင့် ရိုးရေတွေ အရှိန်ပြင်းစွာ စီးဆင်းနေလေသည်။ စိမ်းစိမ်းစိုနေသော လယ်ကွင်းပြင်တွေ ကြားမှ ဖိုးလုံးတို့ လယ်စောင့်တဲလေးကတော့ နေရောင်အောက်မှာ မလှုပ်မယှက် ပကတိ ငြိမ်သက်နေလေသည်။ တဲနဲ့ ခပ်လှမ်းလှမ်းက နွားစားကျက်ထဲမှာတော့ ဖိုးလုံးတစ်ယောက် သူ့ကျေးဇူးရှင် ခိုင်းနွားကြီး နှစ်ကောင်ကို ဗိုက်ဝစေဖို့ နေရာရွှေ့ပြီး ချည်ကျောင်းနေလေ၏။
ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...။
5 comments:
ဒီစာနဲ့ဒီပုံလေးတွေကိုမြင်ရဖတ်ရတော့
ရွှေညောင်နဲ့ညောင်ရွှေကခရီး၇မိုင်ရှိတာပါ
အဲဒီမြို့လေးနှစ်မြို့ကြားထဲမှာတော့.ဒီလိုပဲလယ်ကွင်းတွေ
ကားလမ်းရဲ့ဘယ်ရောညာပါအပြည့်ပါပဲ....
ကျွဲတွေကိုစီးပြီးဆော့နေတဲ့ခလေးတွေကလဲအများကြီးပဲ
ကျွန်မလဲ ကျွဲစီးဖူးတယ်ငယ်ငယ်ကပါ...
ကျေးဇူးတင်ပါတယ်ရှင်....ငယ်ဘ၀ကိုလဲသတိရမိပါတယ်...
ဖတ်ပြီးတော့ အညာကို ပြန်သတိရသွားပြန်တယ်...အေးလေ...လယ်သမားနဲ့ပိုးကတော့ အမြဲထိတွေ့နေရတဲ့ အခက်အခဲတွေပဲပေါ့...လယ်သမားတွေ ချမ်းသာကြီးပွားဖို့ တတ်နိုင်သလောက် ကြိုးစားပေးရုံပဲ ရှိတော့တာပေါ့...
မိုးဆိုတဲ့ အသံကြားတာနဲ့တောင် လွမ်းရတယ်အကို...ခုဆို မြန်မာမှာ သဲလို့စွေလို့ ကောင်းနေမှာပဲနော်.....
ခံစားအားပေးလျှက်ပါအကို...
မိုးတွင်းဆို တောင်သူလယ်သမားဦးကြီးတွေ အလုပ်များကြရပြီပေါ့။ စပါးမှည့်ပြီးရိတ်ပြီးရင်တော့ ရိုးပြတ်တွေထဲ လျှောက်ဆော့ ပြီး ရိုးပြတ်တွေကို ပီပီ လုပ်ပြီ မှုတ်ကြတာကို သတိရမိတယ်။ ပို့စ်ကောင်းလေးဖတ်ရလို့အရမ်းကို ကျေးဇူးပါ။
ခင်မင်လေးစားလျက်
လာလည်ရင်း အမှတ်တရ စကားလေးတွေ ချန်ထာခဲ့ကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ...။
လေးစားစွာဖြင့်
ရွှေညာသားလေး...။
Post a Comment