(မနေ့က အရင်ဆုံးလာတဲ့သူတွေတော့ စားပြီးလောက်ပြီ။ နောက်လာတဲ့သူတွေက မတွေ့လို့ မေးနေတာနဲ့ ပြန်တင်ပေးလိုက်တယ်ဗျာ... ရေခဲသေတ္တာထဲမှာထည့်ထားလို့ ဘာမှမဖြစ်ဘူး စိတ်ချသာစားနော်...)
ဒီလိုလေး ပြင်ဆင်ထားပါတယ်...
ဒီနေ့တော့ စာမေးပွဲတခုပြီးသွားလို့ ကျောင်းကအပြန် ထမင်းမချက်ဘဲ ဆန်ပြားခေါက်ဆွဲ သုပ်လေး သုပ်စားလိုက်ပါတယ်။ စာမေးပွဲပြီးသွားတော့ လူလည်း စိတ်ဖိစီးမှု့တွေ ပေါ့သွားတယ်။ ဒါကြောင့် မစားဖြစ်တာလဲ ကြာပြီဖြစ်တဲ့ ခေါက်ဆွဲသုပ်လုပ်ပြီးတော့ စားဖြစ်ပါတယ်။ ဒါပထမဆုံးပါပဲ ဆန်ပြားကို မစားဖူးဘူး။ ဈေးမှာတွေ့လို့ ၀ယ်ထားတာတော့ ကြာပြီ။ ဘယ်လိုလုပ်ရမှန်း မသိလို့ မစားဘဲထားတာ။ ပျင်းတာလဲ ပါတာပေါ့(ဟဲ…ဟဲ)။ ဒီနေ့တော့ စာမေးပွဲပြီး ဘာလုပ်ရမလဲ စဉ်းစားရင်းက အဲ့ဒီဆန်ပြားထုပ်ကို သတိရပြီး ထင်ရာလျှောက်လုပ်လိုက်တာ အသုပ်တစ်ပွဲ ဖြစ်သွားတယ်။ သုပ်ပြီးသွားတော့လည်း ဘလော့မှာက တင်လိုက်ချင်သေးဗျ။
ဒီပုံလေးတွေကတော့ အနီးကပ်လေးမြင်ရအောင် ရိုက်ထားတာ
ကျွန်တော်လုပ်တာလေးတွေကိုပဲ ပြောပြမယ်နော်။ အရင်ဆုံး ဆန်ပြားကိုပြုတ် ရေအေးနဲ့ဆေးပြီး စစ်ထားပါတယ်။ မုံလာဥနီ၊ ဂေါ်ဖီထုပ်၊ မုန့်ညှင်းထုပ်၊ ပဲသီး စတာတွေကို အနေတော်လေးလှီးပြီးတော့ ရေနွေးလေးနဲ့ ပွက်တယ်ဆိုယုံလေး ပြုတ်ပြီး ဆယ်ထားလိုက်ပါတယ်။ ကျန်တဲ့အရည်ထဲကို ကြက်သွန်တစ်လုံး၊ ဂျင်းအနည်းငယ်၊ ကြက်သွန်ဖြူအနည်းငယ်၊ ဆား၊ ငံပြာရည် အနည်းငယ်စီ ထည့်ပြီးတော့ မီးဖှိုမှာ တည်ထားလိုက်ပါတယ်။
အချဉ်အတွက် ပဲတီချဉ်လေးသုပ်ထားတယ်...(မုန့်ညှင်းချဉ်ဆိုရင်တော့ပိုကောင်းတာပေါ့ဗျာ...)
ဟင်းချိုအိုးတည်ထားတုန်း ကြက်သားကို အသားချည်းယူပြီးတော့ နုပ်နုပ်စဉ်းပါတယ်။ ဆား၊ငံပြာရည်၊ ဂျင်းထောင်းတာရယ် ထည့်နယ်ပြီး နှပ်ထားလိုက်ပါတယ်။ အရိုးလေးတွေကိုတော့ သင့်တော်ယုံခုတ်ပြီးတော့ ဟင်းချိုအိုးထဲ ပစ်ထည့်လိုက်ပါတယ်။ ဟင်းချိုအိုးပွက်တော့ ကြက်သားအနှစ်ချက်ပါတယ်။ အရင်ဆုံး ကြက်သွန်နီကို နနွင်း၊ အရောင်တင်တို့နဲ့ ဆီသတ်ပြီး ခရမ်းချဉ်သီး ထည့်ပါတယ်။ ခရမ်းချဉ်သီး ကျက်တော့မှ ဂျင်းနဲ့ကြက်သွန်ဖြူ ထောင်းထားတာကို ထည့်ပါတယ်။ ခရမ်းချဉ်သီးအနှစ်ကျက်တော့မှ အစောက နုပ်နုပ်စဉ်းထားတဲ့ ကြက်သားကို ထည့်မွှေပြီး အဖုံးအုပ်ထားလိုက်ပါတယ်။ ကြက်သားက နူးလွယ်ကျက်လွယ်မို့ ရေလေးနဲနဲ ထပ့်ထည့်ပြီး ခန်းအောင် ချက်လိုက်ပါတယ်။ ကြက်သားဟင်း အနှစ်အိုး မီးဖှိုကချပြီးတော့ ဟင်ချိုအိုးကို ပြန်တည်ထားလိုက်တယ်။
ဆန်ပြားသုပ်ဖို့အတွက် မြေပဲဆံလှော်ပြီးသားကို ကြိတ်ဆုံနဲ့ ကြိတ်လိုက်ပါတယ်။ အချဉ်အတွက်ကတော့ မုံညှင်းချဉ်မရှိလို့ ပဲပင်ချဉ်ကိုသုပ်လိုက်ပါတယ်။ ထည့်မည့်အဆာပလာတွေ စုံတော့ ပန်းကန်ထဲကို ဆန်ပြားဖတ်၊ ပြုတ်ထားတဲ့အသီးအရွက်၊ မြေပဲဆံထောင်း၊ ပဲငံပြာရည်အပျစ်၊ ကြက်သားဟင်းအနှစ်၊ ဆီချက်အနည်းငယ် ထည့်ပြီးတော့ ရောသမမွှေလိုက်ပါတယ်။ အပေါ့အငန်က ကြက်သားအနှစ်မှာ တစ်ခါထဲ ထည့်ထားလို့ အနေတော်ပါပဲဗျာ။ ထင်ရာလုပ်တာက အပေါ့အငန်ကို ထပ်ထည့်စရာမလိုအောင် အသင့်ဖြစ်သွားတယ်။ ဟင်းချိုထဲကိုတော့ အသီးအရွက်ပြုတ်ထားတာ နဲနဲထည့်၊ ပဲပြားတုံးလေးရှိတာလည်း ထည့်ပြီး လက်စသတ်လိုက်တယ်။ ဟင်းချိုထဲ ထည့်တဲ့ ကြက်သားမှုန့်လေး တစ်တုံးပါထည့်လိုက်သေးတယ်။ ကြက်သားက ညှီစော်နံမှာစိုးလို့ပါ။ ပြီးတော့ ငရုတ်ကောင်းမှုန့်လေးဖြူးပြီးတော့ အချဉ်သုပ်လေးရယ်၊ ဟင်းရည်သောက်လေးရယ်၊ ဆန်ပြားသုပ်ရယ် တွဲပြီး တီးလိုက်ပါတယ်။ အားပါးပါး… ကောင်းထှာ… ဆွေမျိုးကို မေ့သွားတယ်(ဟီးးးးး)။
အားလုံးကို ရောသမနယ်လိုက်တော့...
ဆွေမျိုးကလည်း မေ့ချင်နေတာ ပြန်ခါနီးပြီဆိုတော့ လက်ဆောင်ဝယ်ရတော့မှာလေ(ဟဲ..ဟဲ)။ ကျွန်တော်တို့ တောမှာက တစ်မြို့တစ်ရွာ သွားလို့ပြန်ရောက်ပြီဆိုရင် ၀ိုင်းအုံပြီး ရောက်လာကြတာ။ ကိုယ့်တူသားနာမည် မြို့ကပြန်လာတယ်ဆိုရင် လက်ဆောင်ရတာ မရတာ နောက်ထားလို့ လူကို ဖြူသွားလား၊ မဲသွားလား လာကြည့်တာလေ။ နောက်ပြီး ချိုချဉ်လေး တစ်လုံးစီလောက် ပါးစပ်ထဲ ငုံရရင် ကျေနပ်လို့။ တနေ့ကကို သူငယ်ချင်းတွေနဲ့ပြောနေတာ ငါတို့တောကလို့ မြို့သွားတဲ့သူပြန်လာတယ်ဆိုရင် ဘာရယ်မဟုတ် ချိုချဉ်လေး တစ်လုံးလောက် စုတ်လိုက်ရရင်ကို သူတို့မှာ ကျေနပ်နေကြတာလို့။ အဖိုးတန်တွေ မဟုတ်တောင် ဒီမှာပေါတဲ့ ချော့ကလက်လေးတွေတော့ ၀ယ်သွားအုံးမှရမယ်လို့ ပြောနေတာ။ ဘာမှလည်း မဆိုင်ဘူးနော်။ ဆန်ပြားသုပ်ကနေ ရောက်သွားတာ။ စကားစပ်မိလို့ပါ။ ပြီးတော့ စဉ်းစားလိုက်သေးတယ် မြန်မာပြည် ပြန်ရောက်ရင်တော့ “ရွှေညာသားလေး”ဆိုတဲ့ အမည်နဲ့ ထမင်းဆိုင်ဖွင့်မှပဲဆိုပြီးလေ။ ဆိုင်နာမည်မှတ်ထားနော် ဖွင့်ဖြစ်ရင်တော့ အဲ့ဒီနာမည်လေး သုံးမယ်ဗျာ။
ကဲစာမေးပွဲပြီးပေမဲ့ နောက်ထပ် ၀န်ထုပ်တစ်ခု ကျန်သေးတယ်။ အဲ့ဒါပြီးရင်တော့ လွတ်ပြီ၊ ကျွတ်ပြီလို့ အော်ရင်း နောက်တစ်မျိုးထပ်လုပ်စားမယ် စိတ်ကူးထားသေးတယ်ဗျာ(ဟဲ…ဟဲ)။ စားဖြစ်ရင်တော့ ကြွှားမှာ မပူနဲ့။ မျှော်သာမျှော်ပေါ့….
လာရောက်လည်ပတ်ကြတဲ့ ကျွန်တော်မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ…
1 comments:
ကျွန်တော်ကိုက ထမင်းမစားရသေးခင် ၀င်ကြည့်မိတာကိုက မှားသွားတယ်။ သွားရည် ကျသွားတယ်ဗျာ။ စားချင်တယ်။
Post a Comment