Pages

Showing posts with label အညာမှာပေါက်တဲ့အပင်. Show all posts
Showing posts with label အညာမှာပေါက်တဲ့အပင်. Show all posts

Friday, February 5, 2016

ဟင်းခတ်ပင်စိမ်းပင်

ဘလော့မှာအပင်တွေအကြောင်းမရေးဖြစ်တာတော်တော်လေးကြာပါပြီ။ဂူဂယ်မှာအပင်ပုံတွေလိုက်လိုက်ကြည့်ရင်းနဲ့
ခဏခဏတွေ့ပေမဲ့မရေးဖြစ်ဘူး။ဒီတစ်ခါတော့ကျနော့်အကြိုက်ဆုံးဟင်းခတ်အမွှေးအကြိုင်အရွက်များထဲကပင်စိမ်းပင်
အကြောင်းမှတ်သားမိသမျှဖော်ပြလိုက်ပါတယ်။

ပင်စိမ်းရွက်
photo credit to Google images
ပင်စိမ်းရွက်တော့ဟင်းခတ်အမွှေးအကြိုင်များထဲမှာအကြိုက်ဆုံးပါပဲ။ရွာမှာတော့အရိုင်းနဲ့အယဉ်ဆိုပြီးနှစ်မျိုးရှိပါတယ်။
အပင်ချင်းဆင်တူပေမဲ့အနံ့နဲ့ခွဲရင်သိနိုင်ပါတယ်။အရိုင်းပင်ကအနံ့နည်းနည်းပြင်းပြီးစူးရှရှအနံ့ရှိပါတယ်။အယဉ်ပင်လို့
ခေါ်တဲ့ကျနော်တို့ဟင်းခတ်စားတဲ့အပင်ကတော့အနံ့ကယဉ်ယဉ်လေးနဲ့မွှေးပါတယ်။အရွက်အနေအထားကလည်းလုံးဝ
ဆင်တူလုနီးပါးပေမဲ့အရိုင်းပင်ရဲ့အရွက်မျက်နှာပြင်မှာအကြောထနေသလိုမျိုးနည်းနည်းကြမ်းပါတယ်။ရွာဘက်မှာတော့
မိုးတွင်းအခါနှမ်းခင်းပဲစင်းငုံခင်းတွေထဲမှာအလေ့ကျပေါက်ရောက်တာမို့ပေါပေါများများတွေ့ရပါတယ်။တချို့ယာခင်းဆိုရင်
ပေါင်းနှုတ်သလိုနှုတ်ပစ်ရတဲ့အထိပါ။တစ်ပင်ကနေမျိုးပွားလိုက်ရင်နောက်နှစ်ဆိုတောထနေအောင်ပေါက်တော့တာမျိုး။
တချို့ကတော့အိမ်ဝိုင်းထဲမှာအသင့်ခူးလို့ရအောင်စိုက်ပျိုးကြတယ်။အများအားဖြင့်တော့ယာခင်းထဲမှာပဲတစ်ပင်နှစ်ပင်
လောက်ချန်ထားပြီးကိုယ်လိုတဲ့အခါခူးယူနိုင်ပါတယ်။

photo credit to Google images
အများအားဖြင့်တော့မိုးတွင်းအခါမှာပဲပေါပေါများများစားသုံးလေ့ရှိပါတယ်။ပင်စိမ်းရွက်နဲ့အလိုက်ဖက်ဆုံးဟင်းလျာ
တစ်မျိုးကတော့တောင်ရိုးမှိုပါ။မှိုဟင်းချက်ရင်ပင်စိမ်းနံ့လေးပါမှကိုဟင်းရဲ့အရသာကလေးလေးပင်ပင်ရှိတယ်လို့
ခံစားရပါတယ်။ဒါကြောင့်မှိုရှာလို့ရပြီဆိုရင်သူ့ရဲ့တွဲဖက်ပင်စိမ်းရွက်ကိုပါတစ်ခါတည်းတောထဲကနေခူးလာလေ့ရှိပါတယ်။
တောင်ရိုးမှိုတင်မဟုတ်ပါဘူးဘယ်မှိုပဲဖြစ်ဖြစ်ရွာဘက်မှာတွေ့တဲ့စားလို့ဖြစ်သမျှမှိုဆိုရင်ပင်စိမ်းနံ့လေးနဲ့မှစားရတာ
အဓိပ္ပာယ်ပြည့်စုံပြီးအရသာရှိပါတယ်။မှိုမပါဘဲသူ့ချည်းဆိုရင်တော့ငရုတ်သီးစိမ်း၊ဆားနဲ့ရောထောင်းပြီးစားကြပါတယ်။
ခရမ်းချဉ်သီးနဲ့ပင်စိမ်းရွက်များများကိုငရုတ်သီးစပ်စပ်နဲ့လည်းချက်စားလေ့ရှိပါတယ်။ကြိုက်တဲ့သူကတော့မန်ကျည်းသီးစိမ်း
ကိုလယ်ပုစွန်နဲ့ရောချက်တဲ့ဟင်းထဲကိုပင်စိမ်းရွက်ထည့်ရင်လည်းမွှေးမွှေးလေးနဲ့စားလို့ကောင်းပါတယ်။ထိုနည်းအတူမန်
ကျည်းသီးစိမ်းကြော်ဆိုလည်းပင်စိမ်းရွက်ထည့်ကြော်ကြတယ်။ချောင်းထဲကရတဲ့ငါးနုပ်အိုးကပ်ချက်ရင်လည်းပင်စိမ်းရွက်နဲ့
ရုတ်သီးစိမ်းထည့်ချက်ကြတယ်။ကြက်သားကာလသားချက်ဆိုလည်းပင်စိမ်းကမပါမဖြစ်ထည့်ပါတယ်။ငါးပိမီးဖုတ်ကို
ငရုတ်သီးပင်စိမ်းရွက်တို့ထည့်ပြီးထောင်းရင်လည်းတစ်မျိုးစားကောင်းပါတယ်။

photo credit to Google images
ပင်စိမ်းရွက်ရဲ့တွဲဖက်နောက်တစ်မျိုးကတော့ပဲပုတ်စေ့ချက်ပါ။ပဲပုတ်စေ့ကိုခရမ်းချဉ်သီးမန်ကျည်းသီးစိမ်းထောင်းအနည်း
ငယ်ရောပြီးချက်မီးဖိုပေါ်ကချခါနီးပင်စိမ်းရွက်ရောလိုက်ရင်အနံ့မွှေးမွှေးနဲ့အတော်လေးစားကောင်းပါတယ်။နံနံပင်ကိုလည်း
သုံးနိုင်ပေမဲ့ရွာမှာတော့ပင်စိမ်းရွက်ကအလွယ်တကူရတာမို့ပင်စိမ်းကိုပဲအများဆုံးသုံးပါတယ်။ကျနော်ပင်စိမ်းရွက်ကြိုက်မှန်း
သိလို့ရုရှားသွားတုန်းကဆိုအမေကချဉ်ပေါင်ခြောက်နဲ့အတူပင်စိမ်းရွက်ခြောက်ပါထည့်ပေးလိုက်တယ်။မိဘမေတ္တာများ
တန်ဖိုးရှိချက်အဝေးရောက်လေပိုသိရလေပါပဲ။ရုရှားမှာတုန်းကတော့စူပါမားကက်မှာပင်စိမ်းမျိုးစေ့ထုပ်ရှာတွေ့လို့ဝယ်ပြီး
စိုက်တာပန်းအိုးနဲ့တစ်လုံးကိုတော်တော်ကြာကြာစားလိုက်ရသေးတယ်။တခြားသူငယ်ချင်းတွေကပါကြက်သားဟင်းချက်
ရင်လာလာတောင်းလို့ခူးပေးလိုက်အရွက်တွေပြန်ထွက်လိုက်နဲ့အဆင်ကိုပြေနေတာပဲ။နောက်ဆုံးအဆောင်ပြောင်းတော့
လည်းကျန်တဲ့ပန်းအိုးတွေထားခဲ့ပြီးပင်စိမ်းပင်စိုက်ထားတဲ့အိုးကိုတော့အဆောင်သစ်ကိုပါအောင်သယ်သွားခဲ့ပါတယ်။

မနီလာမှာတော့ဈေးတွေမှာတွေ့ရတဲ့ပင်စိမ်းကဗီယက်နမ်တွေအသုံးများတဲ့ပင်စိမ်းတွေအနံ့ကိုသိပ်မကြိုက်လို့ဝယ်မသုံး
ဖြစ်ပါဘူး။ပင်စိမ်းကလည်းအမျိုးမျိုးရှိဟန်တူရဲ့ ကျနော်တို့အခေါ်ဗမာပင်စိမ်းက (lemon basil) ဗီယက်နမ်ပင်စိမ်းက 
(sweet basil)ကုလားပင်စိမ်းအရိုးနီညိုရောင်နဲ့က(holy basil)ဆိုပြီးတွေ့ပါတယ်။တခြားအခေါ်အဝေါ်တွေလည်းရှိမှာပါ။
ကျနော်တွေ့သမျှကိုပြောပြတာပါ။

ဆေးဘက်အသုံးအနေနဲ့ကတော့ချောင်းဆိုးတဲ့အခါပင်စိမ်းရွက်ကိုကြိတ်ပြီးရလာတဲ့အရည်ကိုဆားအနည်းငယ်ထည့်
သောက်ရင်ပျောက်တယ်လို့ပြောပါတယ်။ပင်စိမ်းစေ့ကတော့မျက်လုံးထဲသစ်စေးဝင်တဲ့အခါဖယ်ရှားဖို့အတွက်အလွန်
အသုံးတည့်ပါတယ်။ကျနော်ကိုယ်တွေ့တစ်ခုကတော့မျက်လုံးထဲမီးကာစေး(မညှိုးစေးလည်းခေါ်)တာဝင်တုန်းက
မျက်လုံးတစ်ခုလုံးနီရဲနေလို့အမေကပင်စိမ်းစေ့ကိုသန့်စင်အောင်လုပ်ပြီးမျက်လုံးထဲထည့်ပေးပါတယ်။ငါးမိနစ်လောက်
ကြာတော့ပင်စိမ်းစေ့မှာအစေးတွေကလုံးပြီးကပ်နေတာမူလပင်စိမ်းစေ့ကိုတောင်မမြင်ရတော့ပါဘူး။အဲ့ဒီလိုနှစ်ကြိမ်
သုံးကြိမ်လောက်ထည့်လိုက်တာဘာမျက်စဉ်းမှမသုံးလိုက်ရဘဲလုံးဝသက်သာသွားပါတယ်။
အစဉ်လေးစားလျက်
အညာသား

Saturday, March 23, 2013

ဆေးဖက်ဝင်မယ်ဇလီကြီးရွက်...

မယ်ဇလီကြီးပင်...

အပေါ်ကအပင်ပုံလေးကို လူတိုင်းမြင်ဖူးတွေ့ဖူး ကြမယ်ထင်ပါတယ်။ ရွှေညာသားလေးတို့ဆီမှာတော့ မယ်ဇလီကြီးလို့ခေါ်ပါတယ်။ မယ်ဇလီအသေးကတော့ တန်ဆောင်မုန်းလပြည့်ညမှာ သုတ်စားတဲ့အပင်ပါ။ မယ်ဇလီကြီးကတော့ ဆေးအဖြစ်နဲ့သုံးတာများပါတယ်။ အပင်အရွယ်အစားကလည်း မယ်ဇလီအသေးနဲ့ ယှဉ်ရင် ပင်နိမ့်အမျိုးအစားပါ။ အရွက်တွေကတော့ မယ်ဇလီအသေးထက်ကြီးပါတယ်။ အပွင့်ချင်းလည်း မတူပါဘူး။ အရွက်ရဲ့ အရသာက ခါးသက်သက်ရှိပါတယ်။ မယ်ဇလီကြီးရွက်ကို အထူးသဖြင့် ၀မ်းနှုတ်ဆေး အဖြစ်အသုံးပြုပါတယ်။ အသုံးပြုတာကတော့လွယ်ပါတယ် မယ်ဇလီကြီးအရွက် မနုမရင့်ကို ညနေထမင်း စားချိန်မှာ ထမင်းနဲ့အတူ ရောစားပေးလိုက်ယုံပါပဲ။ ရွက်မွှာလေး နှစ်ရွက်သုံးရွက်လောက်ဆိုရင် လုံလောက်ပါတယ်။ အစ်မတစ်ယောက်ကို ဆေးနည်းပေးတာ သူကအညွှန့်လေးတစ်ခက်ကို ခူးပြီးတော့ ငါးပိရည်နဲ့တို့စားလိုက်တယ်တဲ့။ စားပြီးတော့ အစွမ်းပြလိုက်တာ အိမ်သာကိုလေးငါးခါလောက်ပြေးလိုက်ရ တယ်လို့ပြောပါတယ်။

နောက်တစ်နည်းကတော့ ယောကျာ်းလေးများ  ပေါင်တွေမှာ မှိုစွဲတဲ့အခါ မယ်ဇလီကြီးရွက်က အတော်လေး အသုံးဝင်ပါတယ်။ မှိုစွဲတယ်ဆိုတာ ပွေးကဲ့သို့ အနာပုံစံမဖြစ်ပါဘူး။ အသားအရေမှာ ငါးပြားစေ့ ဆယ်ပြားစေ့၊  အရွယ်ခန့်ဖြူဖြူအကွက်တွေဖြစ်တာပါ။သိပ်တော့မနာပေမဲ့ အင်မတန် ယားပါတယ်။ ထူးသဖြင့်ပေါင်ကဲ့သို့သော အလင်းရောင်ကောင်းကောင်း မရတဲ့နေရာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ပေါင်မှာ
ဖြစ်တာဆိုတော့ လူကြားထဲ ကုတ်ပြန်ရင်လည်း အမြင်မတော်ဘူးလေ။ အတော်ကို ဆိုးပါတယ်။ ရေနဲ့ ဗက်တီးရီးယား ပိုးတစ်ခုခုကြောင့်ဖြစ်တယ်လို့ ထင်ပါတယ်။ ဆရာဝန်မဟုတ်တော့ သေချာတော့မသိပါဘူး။


မှတ်မှတ်ရရရွှေညာသားလေး ဆယ်တန်းနှစ်ကကျောင်းတက်တဲ့ ဘော်ဒါဆောင်မှာ ဖြစ်ဖူးပါတယ်။ရွှေညာ
သားလေးကအပြင်ကနေတက်တာမို့ သူငယ်ချင်းတွေနေတဲ့ အဆောင်ပေါ်သွားသွားလည်ပါတယ်။အဲ့ဒီမှာ နမ့်ဆန်ဘက်က ဂေါ်ရခါးသူငယ်ချင်းတစ်ယောက်က သူ့မှာအဲ့လိုဖြစ်နေတယ်ငါ့ကိုဆေးရှိရင်ပေးပါအုံးဆို လို့အိမ်မှာရှိတဲ့ မယ်ဇလီရွက်ကိုခူးပေးလိုက်ပါတယ်။ ကုတာကတော့လွယ်ပါတယ်ဖြစ်နေတဲ့မှိုကွက်ပေါ်ကို မယ်ဇလီကြီးအရွက်နဲ့ခပ်နာနာလေးပွတ်ပေးယုံပါပဲ။နှစ်ရက်လောက် ပွတ်တိုက်ပေးလိုက်ရင်လုံးဝပျောက် ပါတယ်။အဲ့ဒီဂေါ်ရခါးသူငယ်ချင်းအနာပျောက်သွားတော့မှတခြားသူငယ်ချင်းတွေကလည်းဆေးနည်းမေး ကြပါတယ်။ နောက်ဆုံးတော့ ယောကျာ်းလေးဆောင်တစ်ဆောင်လုံး ဖြစ်နေတယ်ဆိုတာသိလိုက်ရတယ်။ ဘယ်လောက်ထိလဲဆို အဒေါ်အိမ်မှာရှိတဲ့ မယ်ဇလီကြီးပင်က အရွက်လည်း အနုအရင့်တစ်ရွက်မှကို မကျန်အောင်ပါပဲ။ အဒေါ်က ကောင်လေး ဒီအပင်ကအရွက်တွေ ပိုးစားတာထင်တယ်နော်တဲ့ ပြောင်နေတာ ပဲလို့ပြောပါတယ်။ ဆေးကုသမားလည်း အင်းဟုတ်မှာပေါ့အဒေါ်လို့ ပြုံးစိစိနဲ့ပြောလိုက်ပါတယ်။

ဆေးဆရာလည်း အကုကောင်းလို့ မှိုစွဲခံရပါသေးတယ်။ ကိုယ်တိုင်ကုဖို့ကျတော့ဆေးကမကျန်တော့ပါဘူး။ ကိုယ့်အလှည်ကျတော့ အပင်ကကျန်တဲ့အရိုးကို ကျောက်ပြင်မှာသွေးပြီး လိမ်းလိုက်ရပါတယ်။မယုံမရှိနဲ့  ကိုယ်တွေ့ပါဗျာ။ ဖြစ်တာတော့ဖြစ်ခဲပါတယ်။ ဒါပေမဲ့ဖြစ်လာခဲ့ရင် ဆေးနည်းသိတော့ ငွေမကုန်ပဲအလွယ် တကူကုသလို့ရတာပေါ့ဗျာ။ ၀မ်းနှုတ်ဆေးအတော်များများမှာသုံးပါတယ်။သူတို့ဆေးညွှန်းမှာတော့ ဘုမ္မရာဇာ ဆိုတာ မယ်ဇလီကြီးကိုပြောတယ်လို့ ထင်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို အခြားနာမည်အခေါ်အဝေါ်များလည်း ရှိနိုင်ပါတယ်။ တခြားနာမည်လေးများရှိရင်လည်း ဗဟုသုတ အဖြစ်မျှဝေပေးစေချင်ပါတယ်ဗျာ။ 

ရွှေညာသားလေးဆီကို လာရောက်လည်ပတ်ရင်း အနည်းငယ်မျှသော ဗဟုသုတလေးရသွားတယ်ဆိုရင် ၀မ်းသာပါတယ်။ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများအားလုံး ရောဂါကင်းဝေးပြီး ကျန်းမာချမ်းသာ ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။
မျိုးခန့်(စကားဝါမြေ)

Sunday, March 17, 2013

ကျောက်ဖရုံသီးနဲ့ အညာအလှူ






ကျောက်ဖရုံပင်ကိုလူတိုင်းမြင်ဖူးကြမည်ထင်ပါတယ်။ ကျုပ်တို့ရွာမှာတော့ အခုလိုနွေရာသီ အလှူတွေပေါ တဲ့အချိန်ဆို ကျောက်ဖရုံးသီးစိုက်တဲ့သူက ၀င်ငွေကောင်းကြတယ်။ ဘာလို့လဲ ဆိုတော့ အလှူရှင်က အလှူ လှူဖို့ စီစဉ်ပြီဆိုကတည်းက အကျွေးအမွေးအတွက် ကျောက်ဖရုံသီးကို မပါမဖြစ် ထည့်စီစဉ်ရတယ်။ ရွာရဲ့ထုံးစံက အလှူဝင်နေ့ညနေ ကစပြီးတစ်ရွာလုံး မီးခိုးတိတ်ကျွေးတာဆိုတော့ ၀က်သားကျွေးတဲ့ အလှူဆိုရင် အလှူဝင်နေ့ ညနေပိုင်းမှာ ကျောက်ဖရုံသီးနဲ့ ၀က်ကလီစာကို ချက်ကျွေးတဲ့ဓလေ့က ယနေ့ထိတိုင်ပါပဲ။ ကျောက်ဖရုံသီးများများ ၀က်ကလီစာ ပါလေကာနဲ့အလှူဝင်ညနေထမင်းက စားလို့ အတော်ကောင်းပါတယ်။

အလှူပွဲကြီးနေ့မှာတော့ ၀က်သားဟင်းနဲ့ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်း၊ ငါးပိကြော် နဲ့ ဖိတ်ကြားထားသမျှ ရပ်နီးရပ်ဝေးဧည့်သည်တွေကိုကျွေးမွေးဧည့်ခံပါတယ်။ ထမင်းဆိုလည်း အလျှံအပယ်၊ ဟင်းဆိုလည်း မိုးဗြဲဒယ်လေးငါးလုံးခန့်နဲ့ လာသမျှလူမစားရသူမရှိအောင် အလှူ့ရှင်က ကျွေးမွေးပါတယ်။

အိမ်ဝိုင်းထဲမှာ ကျောက်ဖရုံပင် သုံးလေးပင်လောက်စိုက်ထားရင် ငွေသုံးလေးထောင်ကတော့ အသာလေး ပါ။ ကျောက်ဖရုံပင်ကစိုက်ထားပြီးရင်အထူးတလည် ပြုစုနေဖို့မလိုပါဘူး။ နွားတင်ကုတ်အမိုးပေါ်တင်ပေးလိုက် ရင် သူ့ဘာသာဖူးပွင့်ပြီးသီးနေတာပါပဲ။ တချို့လည်းစင်ခံပြီးတော့ စိုက်ကြတယ်။ တချို့လည်း တောထဲက အသစ်တက်ထားတဲ့လယ်ကန်သင်းမှာ စိုက်ကြတယ်။ ကျောက်ဖရုံသီးတွေ ရင်မှည့်လာပြီဆိုရင် အခွံတွေက ဖြူပြာပြာဖြစ်လာပါတယ်။ 

နွားတင်းကုတ်အမိုးပေါ်မှာများ ကျောက်ဖရုံပင်တင်ထားရင် ကျောက်ဖရုံသီတွေရင့်တဲ့အခါဆို အဝေးကနေ ကြည့်ရတာ အမြင်တစ်မျိုးကောင်းလှတယ်။ လသာတဲ့ ညမျိုးတွမှာ ဖြူဖွေးဖွေးကျောက်ဖရုံသီးတွေကို တင်းကုတ်အမိုးပေါ်မှာ အထင်းသားမြင်တွေ့နိုင်ပါတယ်။ နောက်ပြီး တခြားအသီးအနှံလို လှည့်လည်ရောင်း ချစရာမလိုဘူး။ ကျောက်ဖရုံသီးရှိတယ်ဆိုတာသိရင် ၀ယ်ချင်သူက အိမ်တိုင်ယာရောက်လာဝယ်ပါတယ်။ တခြားရွာတွေကလည်း လှည်းနဲ့လာဝယ်ကြတယ်။ အရင်းမရှိ အမြတ်များများရတဲ့ သီးနှံတစ်မျိုးပေါ့ဗျာ။

ကျောက်ဖရုံသီးကို မနုမရင့်အချိန်မှာ ဟင်းချိုချက်စားရင်လည်း စားလို့ကောင်းပါတယ်။ သူ့အရွက်ကတော့ ဖရုံရွက်နဲ့ယှဉ်ရင် အမွှေးထူတာကြောင့် သိပ်ပြီးဟင်းချက်မစားကြပါဘူး။ အကောင်းဆုံးတွဲဖက်ကတော့ ၀က်ကလီစာ ဒါမှမဟုတ် ၀က်သားနဲ့ အတော်လေး ဖက်မိပါတယ်။ ကျုပ်ကတော့ ရွာကအလှူတွေမှာ  ကျွေးနေကျ ၀က်ကလီစာနဲ့ချက်တာကိုပဲ စားဖူးပါတယ်။ နောက်ပြီး အဲ့ဒီဟင်းက လူရွှင်တော် တွေအတွက် ပျက်စရာပြက်လုံးတစ်ခုလည်း ဖြစ်ပါတယ်။ အလှူဝင်နေ့ည အငြိမ့်စင်ပေါ်ရောက် ရင် လူရွှင်တော်တွေ အမြဲတမ်းထည့်ပြက်တဲ့ ပြက်လုံးပေါ့။ အဓိကကတော့ ဟင်းထဲမှာ ကျောက်ဖရုံသီးက များများဝက်ကလီစာကနည်းနည်းမို့ဝက်ကလီစာဖတ်ဘယ်လိုရှာရတယ်ဆိုတာကိုရယ်စရာအဖြစ် ပြက်တာပါ။

ကျောက်ဖရုံသီးကို ဆေးဘက်မှာလည်းသုံးတယ်လို့တော့ကြာဖူးပါတယ်။ ရွာမှာတော့ သိပ်ပြီးသုံးတာမတွေ့ မိပါဘူး။ ကျောက်ဖရုံယိုဆိုတာလည်း စားတော့စားဖူးတယ် ဘယ်လိုလုပ်လဲဆိုတာမသိပါဘူး။ ရွာမှာတော့ ဟင်းချက်စားတာကလွဲရင် ဆေးဘက်မှာသုံးတာ မတွေ့ဖူးပါဘူး။ သိသူများရှိရင် ဗဟုသုတအဖြစ် မျှဝေပေး ပါအုံးဗျာ....။
မျိုးခန့်(စကားဝါမြေ)

Wednesday, April 20, 2011

မိုးကျလ္ဘက်(သို့)ဒန့်ကျွဲပင်

သင်္ကြန်လည်း မကြာခင်ကပဲ ပြီးဆုံးသွားပြီဗျာ။ အညာက တောင်သူလယ်သမားတွေလည်း သိပ်မကြာခင်မှာ လယ်ယာလုပ်ငန်းတွေ ပြန်ဝင်ကြရတော့မည်။ အခုအချိန်မှာ ယာခင်းတွေထဲ ပေါင်းကောက်၊ နောက်ချေးချ(နွားချေး)၊ နောက်ချေးဖြန့် စတာတွေကို လုပ်နေကြရပြီပေါ့။ နောက်ချေးချ တာက အိမ်မှာ စုဆောင်းထားတဲ့ အမှိုက်၊ နွားချေးနဲ့မြေသြဇာတွေကို မိုးမကျခင် ယာခင်းထဲကို နွားလှည်းနဲ့တိုက်ပြီး ချတာကိုပြောတာပါ။ နောက်ချေးဖြန့်တာကတော့ ယာထဲရောက်ပြီးသား နွားချေးတွေကို တောင်းနဲ့ထည့်ပြီး ယာခင်းနှံ့အောင် လိုက်ဖြန့်ပေးရတာကို ဆိုလိုတာပါ။


ဒီအနေအထားဆိုရင် သုပ်စားလို့ရပြီ (from google)
ကိုင်း ဒါလေးတွေထားပါတော့ မိုးဦးကျပြီဆိုရင် တလင်းပြင်တွေနားမှာ စပါးပင်၊ ပဲပင်၊ ချဉ်ပေါင်ပင်၊ ပြောင်းပင် စသည့် ရိတ်သိမ်းချိန်တုန်းက ကျန်ခဲ့တဲ့ အစေ့လေးတွေက မိုးရေနဲ့ထိတွေ့ပြီး အပင်ပေါက်လေးများ အစုလိုက်ပေါက်လာပါသည်။ အဲ့ဒီအထဲက တလင်းစပ်တွေမှာ အများဆုံး ပေါက်တဲ့ ဒန့်ကျွဲဆိုတဲ့ အပင်အကြောင်းကို ဗဟုသုတ အလို့ငှာမျှဝေပေးလိုက်ပါတယ်။ ရေးသာရေးရတယ်ဗျာ အစ်မတစ်ယောက်က ကွန်မင့်မှာ “တွေ့သမျှအကုန် သုပ်၊ထောင်း စားနေတော့တာပဲ သူ့ရှေ့ကတောင် ဖြတ်မသွားရဲလောက်အောင်” ဆိုပြီး ရေးသွားတော့ ပြောရမှာတော့ခပ်လန့်လန့်ပဲ:):):)။

ကျွန်တော်ကလည်း တခြားမဟုတ်ပါဘူး ကိုယ့်ညီအစ်ကို မောင်နှမတွေ ရောက်နေတဲ့ နေရာမှာ တကယ်လို့ ကျွန်တော်ပြောတဲ့ အပင်လေးတွေများ တွေ့ခဲ့မယ်ဆိုရင် အသုံးပြုလို့ ရစေချင်တဲ့ စေတနာနဲ့ပါ။ ကျွန်တော်ဆို နွေရာသီမှာ လမ်းလျှောက်ထွက်ရင်း မြူရွက်တွေတွေ့လို့ ခူးလာတာ သူတို့လူမျိုးတွေက ဘာလုပ်ဖို့လဲမေးတော့ သုပ်စားရတယ်လို့ ပြောလိုက်တာ အံသြနေတယ်။ အဲ့ဒီလိုပေါ့ တချို့ကျတော့ အပင်ကို မြင်ဖူးပြီး ဘယ်လိုသုံးရတယ်ဆိုတာကို သိချင်မှ သိမှာလေနော့။ အဲ့ဒါကြောင့်ပါ။ ကျွန်တော်တို့အတွက်ကတော့ အညာမှာပဲ မွေးဖွားကြီးပြင်းလာတာဆိုတော့ အပင်အတော်များများကို စားဖူးသုံးဖူးတယ်လေ။ အခုလိုလေး ရေးသားပေးတော့ ကျွန်တော်မသိတာကိုလည်း သိတဲ့သူက ပြန်ပြီးမျှဝေနိုင်တာပေါ့နော်။ အဲ့ဒီရည်ရွယ်ချက်လေးတွေနဲ့ မျှဝေခြင်းပါဗျာ။


ဒါလေးက ဒန့်ကျွဲအပွင့်ဝါ၀ါလေးတွေပါ (from google)
အခု ဒန့်ကျွဲပင်ဆိုတာက အပင်နိမ့်အမျိုးအစားပါ။ အမြင့်က ဒူးလောက်အထိပဲ ရှိတယ်။ အပင်လေးတွေ ပေါက်ပြီး တစ်ထွာသာသာလောက် ရှိရင် အရွက်တွေကို ခူးလို့ရပါပြီ။ အပင်က ခက်ဖြာပြီးထွက်တာမျိုး မဟုတ်ပါဘူး။ တစ်ပင်မှ အညွှန့်တစ်ညွှန့်ပဲ အဲ့ဒီအညွှန့်ကို ခူးလိုက်ရင်တော့ အတက်လေးတွေ ထွက်လာပါတယ်။ အပွင့်ကလည်း အ၀ါရောင်လေးတွေ ပွင့်တယ်။ အသီးကတော့ အတောင့်ရှည်ရှည်လေးတွေ အထဲမှာ အစေ့တွေက အများကြီးပဲ။ အရွယ်အစား သိပ်ပြီးမကြီးပေမဲ့ တစ်စေ့နဲ့တစ်စေ့ထိနေပါတယ်။

Thursday, March 31, 2011

အညာ ဂွေးသီး

အညာဂွေးသီး(photo from google)
 
ပြီးခဲ့တဲ့ပိုစ့်မှာ လွမ်းစရာတွေ များလွန်းလို့ ကျွန်တော်တို့ဆီမှာ နွေရာသီဆိုရင် အလွန်ပေါတဲ့ ဂွေးသီးအကြောင်းနဲ့ ဂွေးသီးဟင်း၊ ဂွေးသီးထောင်း စတာတွေကို ထည့်ပြီး မလွမ်းလိုက်ရဘူး(ဟဲ…ဟဲ) ဒါကြောင့် ပို့စ်လေးတခု အနေနဲ့ အညာက ဂွေးသီးအကြောင်းလေး ထပ်ရေးပေးလိုက်ပါတယ်။ မသိသေးသူများ အတွက် ဗဟုသုတ ပေါ့နော်။ သိပြီးသူတွေ အတွက်တော့ ထပ်ပြီးမှတ်မိတာပေါ့။ အခုပြောမယ့် ဂွေးသီးက အချဉ်ပေါင်းသည် ဆီက ဂွေးသီး မဟုတ်ဘူးနော်။ အချဉ်ပေါင်းလုပ်တဲ့ ဂွေးသီးက အညာမှာ မရှိဘူး။ သူ့ကို ကျွန်တော်တို့ဆီကတော့ သင်္ဘောဂွေးသီးလို့ ခေါ်တယ်။ စားလို့ကောင်းပြီးတော့ အစေ့ကသေးတယ် အလုံးလည်း ကြီးတယ်။ အခုပြောမှာက အညာက ဂွေးသီးပါ။


အညာဂွေးသီးက အစိမ်းဆိုရင် အတော်ဖန်တယ်ဗျ။ စားလို့မကောင်းဘူး။ အသီးနုတုန်းမှာလည်း ဖန်တာပဲ။ အသီးနုကိုတော့ ပြုတ်ပြီးသုပ်စားရင် စားလို့ကောင်းတယ်။ အညာက ဂွေးသီးကို ဘာပဲလုပ်စားစား ငါးပိလေးပါမှ အဆင်ပြေတယ်။ ဂွေးသီးနုပြုတ်ပြီးသားကို ငါးပိမီးကင်ပြီးသားနဲ့ သုပ်စားကြတယ်။ အစေ့ရင့်သွားတဲ့ ဂွေးသီးအစိမ်းကိုတော့ ငါးပိမီးကင်ပြီးသားနဲ့ရောပြီး ထောင်းစားတယ်။

အညာက ဂွေးသီးကမှည့်ရင်တော့ အတော်မွှေးတယ်။ ဒူးရင်းသီးတို့ ပိန္နဲသီးတို့လောက် အနံ့မပြင်းပေမယ့် အိမ်မှာ ဂွေးသီးမှည့်ရှိတယ်ဆိုရင် ဘယ်လိုမှ ၀ှက်(ဖွက်)ထားလို့ မရဘူး။ သူ့အနံ့ကို အညာသူ အညာသားတိုင်း သိတယ်။ အခုလို တပေါင်းလရာသီဆိုရင် တော်တော်လေးပေါနေပါပြီ။ တောထဲထွက်ရင် ဂွေးသီးပင်တွေကို သိသိသာသာ မြင်နိုင်တယ်။ အရွက်တွေ အကုန်ကြွေပြီး အပင်ပေါ်မှာ ဂွေးသီးတွေပဲ ကျန်နေခဲ့တာ။ ဂွေးသီးက ညပိုင်းမှာ ကြွေတာများတယ်။ အဲ့ဒါကြောင့် မနက်အိပ်ယာ အစောထပြီး သွားကောက်မှရတယ်။ နေ့လည် နေ့ခင်းမှာတော့ ညလောက် သိပ်မကြွေဘူး။ ဂွေးသီးမှည့်ကောက်အပြန် လမ်းမှာလူတွေလို့ ဘယ်ကပြန်လာလဲ မေးရင် လိမ်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဂွေးသီးအနံ့က ထွက်နေတာကြောင့်ပါ။

ဂွေးသီးချဉ် (photo from google)

ကျွန်တော်တို့ ဆီမှာတော့ ဂွေးသီးမှည့်ကို ဟင်းချက်လို့တစ်မျိုး၊ ငါးပိနဲ့ရောထောင်းလို့ တစ်ဖုံ အမျိုးမျိုး လုပ်စားကြတယ်။ အိမ်မှာတုန်းကတော့ အစိမ်းဆိုရင် ဆားနဲ့ တို့ပြီးစားတာပဲ။ အမှည့် ဆိုရင်တော့ ဒီအတိုင်း စားလို့ကောင်းတယ်။ ကျောင်းကို မုန့်အဖြစ်နဲ့ ဂွေးသီးမှည့်ကို ထည့်ယူ သွားဖူးတယ်။ အမေ့အိမ်တုန်းကတော့ ဒီလို နွေရာသီ အချိန်ဆိုရင် ဂွေးသီးဟင်းကို မကြာမကြာ စားရတတ်တယ်။ ဂွေးသီးဟင်း ချက်ရင်လည်း တစ်ဝိုင်းလုံးကို ဟင်းနံ့ကမွှေး နေတာပဲဗျ။ ပြောရင်းနဲ့ အမေချက်ကျွေးတဲ့ ဂွေးသီးဟင်းကိုတောင် သတိရလာပြီ။ ဂွေးသီဟင်းချက်ရင် နှမ်းလှော်က မပါမပြီးဘူး။ ဂွေးသီးဟင်းထဲကို နှမ်းလှော်လေး ထောင်းပြီးထည့်ရင် အတော်လေး စားလို့ကောင်းတာ။ ဂွေးသီးက အဖန်ဆိုတော့ နှမ်းလှော် ထည့်လိုက်ရင် မဖန်တော့ဘူးပေါ့။ ကျွန်တော်တို့ ဆီမှာ နွေရာသီ ချက်တဲ့ ဟင်းအတော်များများမှာ နှမ်းလှော်ထည့်ချက်ကြတယ်။ သရက်သီးခြောက် ဟင်းကိုလည်း နှမ်းလှော်နဲ့ချက်တယ်။ မန်ကျည်းသီး အစိမ်းကို ဟင်းချက်ရင်လည်း နှမ်းလှော်ထောင်းထည့်တယ်။ အချဉ်ဟင်းမှာ နှမ်းလှော်လေးပါတော့ သိပ်ပြီးမချဉ်တော့ဘဲ စားလို့ကောင်းတာပေါ့ဗျာ။ အရွက်တွေ သုပ်စားရင်လည်း နှမ်းလှော်ကိုပဲ ထောင်းပြီးထည့်သုပ်တယ်။

ဂွေးရွက်နုနု (photo from google)

ဂွေးရွက်နုနုကိုတော့ ရေနွေးဖြောပြီး ငါးပိချက်နဲ့ တို့စားကြတယ်။ ဂွေးသီးနုနု လေးတွေကို ခူးပြီး ဆားရည်စိမ် လည်း လုပ်ထား ကြတယ်။ သဘောင်္ ဂွေးသီး ကိုတော့ မြို့ရောက်မှ အချဉ်ပေါင်းသည် ဆီက ၀ယ်စားဖူးတာပါပဲ။ သဘောင်္ဂွေးသီးကတော့ အစိမ်းစားလို့ တော်တော်လေး ကောင်းတယ်နော်။ ရွာဦးကျောင်းမှာတော့ ဆရာတော် မြို့ကယူလာပြီး တစ်ပင်စိုက်သေးတယ်။ ဒါပေမဲ့  သက်ဆိုး မရှည်ဘူး။ အသီးတစ်ခါလောက် သီးပြီးတော့ သေသွားရှာတယ်။ အညာဂွေးသီး ကတော့ စိုက်စရာကို မလိုပါဘူး။ တောထဲထွက်ရင် ပေါမှပေါ။ နွေရာသီ ရောက်လို့ တောထဲသွားရင် ဂွေးပင်အောက်မှာ မြက်ခြောက်တောတွေကြားထဲ ဂွေးသီး ရှာရတာလည်း ပျော်စရာ ကောင်းတယ်ဗျ။

ရာသီဥတုအလိုက် ပေါ်ပေါက်လာတဲ့ အညာဒေသ အစားအစာလေးတွေ အကြောင်းကို ဗဟုသုတအဖြစ် ရေးသားမျှဝေပေးခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရွာလေးကို လာရောက် လည်ပတ်သူများ အညာဒေသ အကြောင်းလေး ဗဟုသုတ အနည်းငယ် ရတယ် ဆိုရင် ကျေနပ်ပါတယ်။
 
ကျွန်တော်မသိသေးတဲ့ အကြောင်းအရာလေးများ ရှိနေပါအုံးမယ်။ ထပ်ပြီးတော့ မျှဝေပေးခဲ့ပါအုံးဗျာ။
စာဖတ်သူများရဲ့ ဝေဖန်အကြံပေးချက်လေးတွေက ကျွန်တော့်အတွက် အားအင်တွေပါ....
အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ….

Wednesday, March 9, 2011

အရိပ်မထွက်ပင်ဆိုတာ...

မင်းသာပြန်ချစ်မယ်ဆိုရင်“မြင်မိုရ်တောင်ကြီးယူပေးရယူပေးရ၊အရိပ်မထွက်ပင်ပေါ်ကခုန်ချပြီးသေဆိုရင် သေရဲပါတယ်၊ပင်လယ်သမုဒ္ဒရာကိုလက်ပြစ်ကူးဆိုကူးရဲပါတယ်”ဆိုတဲ့အချစ်နဲ့ပတ်သက်ပြီးပြောတဲ့ဟာသ စကားလေးတွေကြားဖူးကြာမှာပါ။အဲ့ဒီအထဲကအရိပ်မထွက်ပင်ဆိုတဲ့အကြောင်းလေးမျှဝေပေးပါအုံးမယ်။ အရိပ်မထွက်ပင်ဆိုတဲ့အတိုင်းမြေမှာကပ်ပြီးတော့ပေါက်လို့သူ့မှာအရိပ်ဆိုတာမရှိပါဘူး။ မြေမှာပေါက်တော့လည်းအရွက်ကနှစ်ရွက်ထဲဆိုင်ပြီးတော့ထွက်တယ်ဗျ။မြေသြဇာကောင်းတဲ့နေရာတွေ မှာဆိုရင်တော့သုံးရွက်လောက်ထွက်တယ်။ပုံမှန်အားဖြင့်တော့နှစ်ရွက်ထွက်တဲ့အပင်ကများတယ်။ အဲ့ဒီနှစ်ရွက်ကြားကပဲအပွင့်လေးပွင့်သေးတယ်။မြေပေါ်မူတည်ပြီးမြေသြဇာကောင်းတဲ့နေရာတွေမှာ ဆိုရင်အရွက်တွေကပန်းကန်ပြားလောက်အထိရှိတယ်။အရွက်ကဂမုန်းပင်တို့နဲ့ခပ်ဆင်ဆင်တူတယ်။ ရွက်လွှာတွေကထူပြီးတော့အရည်ရွှမ်းတယ်။ကျွန်တော်တို့ဆီမှာတော့မိုးရာသီမှာအများဆုံးတွေ့ရတယ်။ တောထဲနွားကျောင်းဆိတ်ကျောင်းသွားရင်ခူးလာယုံပဲ။မြေကြီးထဲမှာဥနဲ့ရှင်သန်တဲ့အပင်အမျိုးအစားဖြစ်လို့ အရွက်ခူးပြီးရင်နောက်နှစ်မှာအဲ့ဒီကျန်ခဲ့တဲ့ဥကပြန်ပြီးအရွက်ထွက်တယ်။ဥကိုပါတူးယူပြီးတော့ အိမ်ကမန်ကျည်းပင်တွေအောက်မှာစိုက်ထားရင်မိုးလည်လောက်ရောက်တော့အရွက်တွေထွက်လာတယ်။ စားတာကတော့အရွက်ကိုမန်ကျည်းရွက်အနုလေးနဲ့ထောင်းစားလို့ကောင်းတယ်။သရက်သီးခြောက်နဲ့ ထောင်းစားလည်းကောင်းတယ်။ဟင်းတော့ချက်စားလေ့မရှိဘူး။အနံ့လေးမွှေးမွှေးနဲ့စားရတာတစ်မျိုးကောင်း တယ်။သူပေါ်ချိန်ဆိုရင်မြို့ဈေးတွေမှာတွေ့နိုင်ပါတယ်။နှီးလေးတွေနဲ့ကုံးပြီးရောင်းကြတယ်။ အပင်ကတော့မြေကခွာလိုက်ကတည်းကအရွက်တွေကလိပ်သွားတာ။တခြားတော့ဘယ်လိုခေါ်သေးလဲ မသိဘူး။ကျွန်တော်တို့ဆီမှာပေါတဲ့အရိပ်မထွက်ပင်ကတော့မြေကြီးမှာကပ်ပေါက်လို့အရိပ်မထွက်တဲ့အပင်မို့ အရိပ်မထွက်ပင်လို့ခေါ်ပါတယ်။အဲ့ဒီအပင်ပေါ်ကခုန်ချပြီးသေရဲတယ်ဆိုတဲ့သူကတော့သတ္တိခဲပဲဗျ။ ကျွန်တော်တို့အညာမှာပေါတဲ့အရိပ်မထွက်ပင်အကြောင်လေးဗဟုသုတအဖြစ်မျှဝေပေးတာပါ။