ဒီနေ့တော့ သူတို့နိုင်ငံမှာ စစ်အောင်ပွဲအထိမ်းအမှတ်နေ့မို့ ဆရာမနဲ့ လျှောက်လည် ဖြစ်တယ်။ ညနေမှ အဆောင်ပြန်ရောက် ဗိုက်ကလည်းဆာ ချက်ပြီးသားကလည်း အဆင့်သင့်မရှိတော့ မောသော်ငြားလည်း ချက်ရပြုတ်ရသေးတာပေါ့။ အမေ့အိမ်ကို သတိရမိသေးတယ်။ အမေ့အိမ်ဆိုရင်တော့ ကျောင်းကပြန်လာရင် အဆင်သင့်ခူးစားယုံပဲလေ။ အခုတော့ ဘယ်တတ်နိုင်မလဲ ကိုယ်တိုင်ပဲဖြစ်သလို ချက်ပြုတ်ပြီး ညနေစာကို ဖြေရှင်းလိုက်တယ်။
သက်သတ်လွတ် အစိမ်းကြော် |
အချိန်မရတာကြောင့် မြန်တာလေးပဲ ချက်လိုက်တယ်။ ဒါတောင် ပဲပြားကို သပ်သပ်ကြော်နေလို့ နဲနဲကြာသွားသေးတယ်။ ခရမ်းချဉ်သီးကတော့ မီးဖုတ်စရာမရှိလို့ ပြုတ်ပြီးတော့ ထောင်းပါတယ်။ အစိမ်းကြော်ကတော့ ပဲပြား၊ မုံလာဥနီ၊ တရုတ်မုန့်ညှင်းစိမ်း၊ ဂေါ်ဖီ၊ ငရုတ်သီးအတောင့်လိုက် စတာလေးတွေထည့်ပြီး ရောသမမွှေလိုက်ပါတယ်။ ပဲငံပြာရည် အပျစ်လေး နည်းနည်း ထည့်ထားသေးတယ်။ကြော်နည်းကတော့ လွယ်လွယ်လေးမို့ မပြောတော့ပါဘူးဗျာ။
ခရမ်းချဉ်သီး ဗမာထောင်း |
ခရမ်းချဉ်သီး ဗမာထောင်းဆိုတာက ပန်းထွေဖျော်လို့ မပြောချင်လို့ပါ။ ပန်ထွေဖျော်က တခြားလူမျိုးလုပ်တာကို ခေါ်တာလို့ ကြားဖူးလို့လေ။ ကျွန်တော်က ဗမာစစ်စစ်ဆိုတော့ အမျိုးကို ချစ်လို့ ဗမာထောင်းလို့ ပြောတာ(အဟီးးး)။ အမေ့အိမ်မှာ ထောင်းသလိုပဲ အရင်ဆုံး ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို ဆားထည့်ပြီး ညက်အောင်ထောင်းပါတယ်။ နံနံပင်ကိုလည်း ရေဆေးပြီး အတူထည့်ထောင်းလိုက်တယ်။ ပြီးတော့မှ ခရမ်းချဉ်သီး ပြုတ်ထားတာကို ထည့်ပြီး ညက်အောင်ထောင်း လိုက်တော့ ခရမ်းချဉ်သီး ဗမာထောင်း တခွက်ရပြီပေါ့ဗျာ။ ခရမ်းချဉ်သီး ပန်ထွေဖျော်ပဲ၊ ခရမ်းချဉ်သီးထောင်း စတာတွေက ငါးခြောက်ဖုတ်ဆီဆမ်းလေးနဲ့ တွဲစားလို့ အတော်လိုက်ဖက်ပါတယ်။ ဒီမှာတော့ ငါးခြောက်မရှိလို့ ကောင်းသော်ငြားလည်း မပါတော့ဘူးဗျာ...။
ပိုပြီး ရှင်းရှင်းလေး မြင်ရအောင်ထပ်ရိုက်လိုက်တယ် |
အမေ့အိမ်မှာဆိုရင်တော့ ခရမ်းချဉ်သီးကို မီးခဲပေါ်မှာ တင်ပြီး ဖုတ်ပါတယ်။ ဗမာ ခရမ်းချဉ်သီးက ချဉ်လည်းချဉ် မီးဖုတ်ရင် အနံ့လေးက မွှေးသေး။ နောက်ပြီး ငရုတ်သီးကလည်း ကုလားအော်သီးစိမ်း လတ်လတ်ဆတ်ဆတ်နဲ့ဆိုတော့ မကောင်းခံနိုင်ရိုးလားဗျာ။ ဒီက ခရမ်းချဉ်သီးကတော့ ပွဆောင်းဆောင်းနဲ့ သိပ်ပြီးမချဉ်ပါဘူး။ ဒါပေမဲ့လည်း ဈေးကတော့ မချိုလှဘူး။ မချိုပေမဲ့လည်း ဒါလေးတော့ ၀ယ်စားအုံးမှလေ။ ကျန်းမာရေးက ရှိသေး မဟုတ်လား။ အသားတွေပဲ စားနေရတော့ လူတွေလည်း အစွယ်တွေ ရှည်လာပြီးမှတ်တယ်။
စိမ်းစိမ်းလေတွေက နံနံပင်လေးတွေပါ |
ကဲ… ဖြစ်သလို ချက်ထားတာလေးတွေနဲ့ ညနေစာကို ကျွန်တော်နဲ့အတူ လက်ရည်တပြင်တည်း သုံးဆောင်သွားပါအုံးဗျာ။ လက်ရာကတော့ သိပ်မကောင်းဘူးနော်…. ကြိုပြောထားတာ... အရည်သောက်ကတော့ စံပယ်ပန်းလ္ဘက်ခြောက် ရေနွေးလေး လုပ်ထားတယ်ဗျာ။
အားလုံးသော ကျွန်တော့် ညီအစ်ကိုမောင်နှမတွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ကြပါစေ။
5 comments:
ကိုမျိုးခန့်ရေ
ဘယ်ကနေ လာရမလဲဗျာ။။။လာစားမယ်။။။
စားချင်လာပီ။။။ဟီးးးးးးးးးးးးး
ဟင်းတွေ..ပဲချက်ပြိး လူကို ဒုက္ခပေးပါတယ်ဗျို့...:):)
အကိုရေ စားချင်လယ်......:P:P
အလင်းသစ်ရေ... အညာလေသံနဲ့ ဖိတ်ခေါ်ရရင် ၀ဲလကမ်းပါဂျာ.. ၀ဲလကမ်း...၀ဲလကမ်း...:):):)
အိန်ဂျယ်ရေ... အဲ့လိုလည်း ဟုတ်ပါဘူးဂျာ... မြန်မာတို့ ထုံးစံ ဧည့်သည်လာရင် စကားတွေချည်းပဲ ပြောလို့ရဘူးလေ အစားအသောက်လေးနဲ့လည်း ဧည့်ခံအုံးမှပေါ့...:):):)
ရွှေညာသားလေးရေ စံပါယ်ပန်းလဘက်ခြောက်က မွှေးနေမှာပေါ့နော်...(အသားတွေပဲ စားနေရတော့ လူတွေလည်း အစွယ်တွေ ရှည်လာပြီမှတ်တယ်)...ဖတ်တုန်းကလည်း ရယ်ပြီးပြီ...ခုထပ်ရယ်လိုက်ဦးမယ်...ဟားဟား....(မတိုးလွန်းမကျယ်လွန်းရယ်လိုက်သည်)...ကျန်းမာပျော်ရွှင်ပါစေ...
ဘုန်းဘုန်းတောက်ပကြယ်စင်ရေ... စံပယ်ပန်း လ္ဘက်ခြောက်က မွှေးမွှေးလေးနဲ့ သောက်လို့ကောင်းပါ့ဘုရား...အစတုန်းကတော့ ရိုးရိုးပဲ သောက်နေကြမို့ သိပ်မကြိုက်သလိုနဲ့ နောက်ပိုင်းတော့ သူမှသူပဲ ဖြစ်နေပြီဘုရား... သူတို့ဆီက လ္ဘက်ခြောက်တွေကလည်း အရောအနှောတွေက ပေါထှာ။ အမျိုးကို စုံနေတာပဲ။
အသားစားရတာကတော့ မပြောပါနဲ့။ ဆောင်းတွင်းဆိုရင် ပိုဆိုးသေး။ အသီးအရွက်က အသားထက် ဈေးးကြီးတော့ အသားပဲ စားချင်လည်းစား မစားချင်လည်းစား။ ဟိုကဗျာလေးထဲကလိုပဲ ဘယ်သူတွေ ဘာပြောပြော ကိုယ့်တောမှာကိုယ်ပဲ ကောင်းတယ် ဘုန်းဘုန်းရေ။
Post a Comment