Pages

Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Saturday, June 18, 2011

အရီးတို့လယ် ကောက်စိုက်တုန်းက(၂)


မိလုံးတို့အဖွဲ့လည်း လယ်ထဲကို ပြန်ဆင်းခဲ့ကြသည်။ လယ်ထဲရောက်တော့ ပန်းမှုံက ဘယ်သူ့မှစကားမပြောဘဲ ကောက်ပင်တွေကိုသာ စိုက်နေလေသည်။


"ဟဲ့ ပန်းမှုံ ညည်းကလည်းအေ ငါတို့က ပျော်ချင်လို့ စတာပါဟဲ့။ နောက်ဆို ညည်းမကြိုက်ရင် မစတော့ပါဘူးအေ ငါတို့ကို စကားလေးဘာလေး ပြန်ပြောပါအုံးဟဲ့။" စိတ်ဆိုးသွားသော ပန်းမှုံကို မိလုံးက ကောက်ပင်တွေ စိုက်ရင်းက ပြန်ချော့နေသည်။

"မိလုံးမ အခုမှ လာချော့မနေနဲ့ စတုန်းကစပြီးတော့ တကယ်ပဲ ဧည့်သည်ရှေ့မှာမှ လာစတယ်"
"ငါတို့က ပျော်လို့ပါဟယ် ညည်းကလည်း တကယ်ဖြစ်သွားတော့လည်း ကောင်းတာပေါ့ဟယ် ညည်းရုပ်ရည်နဲ့ မြို့သားတစ်ယောက်တော့ ခေါင်းခေါက်ယူလို့ရပါတယ်အေ့" မိလုံးက ပြန်ချော့ရင်းကပင် စဖြစ်အောင် စလိုက်သေးသည်။

"မိလုံးမ နော် စလာပြန်ပြီ ဒီတစ်ခါဆို ငါနင့်ကို တစ်သက်လုံး မခေါ်တော့ဘူး မှတ်ထား"
"အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ ပန်းမှုံရယ် ဒီရွာထဲ ပြေးကြည့်မှ ခင်စရာဆိုလို့ ဒီလူတွေပဲ ရှိတာ ညည်းမကြိုက်ရင် ငါတကယ်မစတော့ပါဘူးအေ နော်" ပန်းမှုံက တစ်သက်လုံး မခေါ်တော့ဘူး ကြိမ်းလိုက်တော့မှ မိလုံးတစ်ယောက် လက်လျှော့သွားတော့သည်။

"ဒါဆိုလည်း ပြီးတာပဲ နင့်စကား သေချာမှတ်ထားနော်"
"အေးပါဟယ် မှတ်ထားပါ့မယ် စိတ်ချ ဟုတ်ပြီလား"
"ကဲကဲ ပန်းမှုံနဲ့မိလုံးတို့ တော်ကြတော့ လယ်က သိပ်လည်းမကျန်တော့ဘူးအေ နောက်တစ်ငန်းပေါက်ရင် ပြီးပါပြီ ငါတို့ အားစိုက်ပြီး စိုက်လိုက်ကြအုံးစို့ နေလည်းမြင့်ပြီ တော်ကြာ အရီးလေး ထမင်းပို့ရောက်လာတော့မယ်" အေးအေးဆေးဆေး နေတတ်သူ ဘုမက ဆော်အောပြီး စိုက်လက်စကောက်ငန်းကို အပြီး သတ်ပြီး နောက်ဆုံးတစ်ငန်းကို စစိုက်လိုက်ကြသည်။
#############
ပန်းမှုံလည်း ဧည့်သည်ရှေ့မှာမို့ ရှက်ရှက်နဲ့ မိလုံးကို စိတ်ဆိုးချင်ယောင်ဆောင်ပြီး ပြေးထွက်ခဲ့သော်လည်း စိတ်ထဲမှာတော့ မိလုံးစတာကိုပင် ကျေနပ်နေမိသည်။ အခါတိုင်း သူငယ်ချင်းတစ်တွေ စုဆုံမိကြပေမဲ့ အခုလို မစမနောက်ဘဲ အလုပ်ကိုသာအာရုံစိုက်ပြီး လုပ်ခဲ့ကြသည်။ စသည်ဆိုအုံးတော့ တစ်ရွာထဲသားချင်းတွေမို့ ဒီတစ်ခါလောက် မဖြစ်မိတာကိုတော့ သတိထားမိသည်။ လင်းထွန်းနဲ့စတော့မှ ဘာဖြစ်လို့ ရင်ခုန်မိတာပါလိမ့်။ သူကမြို့သားတစ်ယောက် ငါကကျေးတောသူ ကောက်စိုက်သမ ဘ၀ချင်းက ကွာခြားလှတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ။ အို သူက ဧည့်သည်တစ်ယောက်မို့ သူ့အပေါ် ငါသတိထားမိတာဖြစ်မှာပါ ဆိုပြီး စိတ်ထဲက တွေးမိသည်။

"ဟဲ့ ပန်းမှုံ မိန်းမ စကားလေး ဘာလေးပြောပါအုံးဟဲ့ ငါလည်း တောင်းပန်ပြီးပါပြီ ဘာလဲ ညည်းက မကျေနပ်သေးဘူးလား" စကားတစ်ခွန်းမှ မပြောဘဲ ကောက်ပင်တွေကို အချက်မှန်မှန် ထိုးစိုက်နေသော ပန်းမှုံကို မိလုံးက မေးလိုက်သည်။
"မဟုတ်ပါဘူးဟာ ငါ ကျေနပ်ပါတယ် မိလုံးကလည်း" တွေးနေတဲ့အတွေးတို့ကို ဖျောက်ပြီး မိလုံးအမေးကို ပန်းမှုံ ပြန်ဖြေလိုက်သည်။

"ဒါဆိုလည်း စကားပြောအုံးလေအေ ညည်းက တကတည်း တေမိမ လုပ်တော့မလို့လား မသိဘူး" မိလုံးက အေးစက်စက် ဖြစ်နေသော ပန်းမှုံကို ကြည့်ပြီး ပြောလိုက်သည်။


"မမိလုံး" ရုတ်တရက်ခေါ်သံကြောင့် မိလုံးအသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။ ပျိုးထမ်းနေသော လင်းထွန်းက လယ်ကန်သင်းပေါ်မှ ခေါ်လိုက်ခြင်းဖြစ်သည်။

"အော် လင်းထွန်း ပြောလေ ငါ့ကိုခေါ်တာ ဘာပြောမလို့လဲ"
"ဟုတ်ကဲ့ နောက်ထပ် ပျိုးဘယ် နှစ်လက်လောက် သယ်ပေးရအုံးမလဲ မေးချင်လို့ပါ" လင်းထွန်းက ပျိုးဆက်သယ်ဖို့ရန်အတွက် မိလုံးကို မေးလိုက်သည်။

"အင်း ဒီစိုက်လက်စ ငန်းပေါက်ရင် ပြီးပြီဆိုတော့ နောက်ထပ် ပျိုးနှစ်လက်လောက်ဆိုရင် ရပါပြီ နှစ်လက်လောက်ပဲ သယ်ခဲ့ပါ" မိလုံးက သူတို့စိုက်ရန် ကျန်သေးတဲ့ လယ်အကျယ်ကို ကြည့်ပြီး လင်းထွန်းကို ပျိုးသယ်ဖို့ပြောလိုက်သည်။

"ဟုတ်ကဲ့ ဒါဆို ကျွန်တော် သွားသယ်လိုက်အုံးမယ် အကို အေးကိုလည်း အရီးလေးကို သွားကြိုတယ် ခဏနေရင်တော့ ထမင်းတောင်း ရောက်လာတော့မှာပါ" လင်းထွန်းက ပြောပြီး ပျိုးသယ်ဖို့ ထွက်သွားသည်။

"ဟဲ့ ကောင်မတွေ မြို့သားက ထင်တောင်မထင်ရဘူးနော် အပင်ပန်းတော့ ခံနိုင်သားပဲအေ့ ဒီနေ့ငါတို့စိုက်သမျှ ပျိုးပင်တွေ သူသယ်ပေးတာတော့" တောင်သူလုပ်တာကို စိတ်ဝင်စားတယ် ထင်ပါ့အေ။

"မမိလုံးကလည်း သူက မြို့မှာနေတယ်ဆိုပေမဲ့ သူတို့မိဘတွေက အရင်တုန်းက ရွာမှာနေသွားကြတာလေတော် နောက်ပြီး သူ့ကို ရွာမှာပဲ မွေးသွားတာဆိုတော့ သူလည်း တောင်သူတစ္ဆေ၀င်စားတာပဲ ဖြစ်မှာပါ။ ကံကောင်းလို့ ရွာမှာနေပြီး တောင်သူမလုပ်ရဘဲ မြို့ရောက်သွားတာနေမှာပေါ့" အေးချစ်က ပြောတော့ ဘေးက ကောက်စိုက်သမတွေကပါ ၀ိုင်းပြီး ထောက်ခံကြသည်။

"ဟုတ်ပါ့အေ သူတို့များကြတော့လည်း ကံကောင်းပါ့ ငါတို့များကြတော့လည်း လေးတန်းအောင်ပြီးကလည်းက ဒီလယ်ထဲ၊ကိုင်းထဲ ၀င်လုပ်ခဲ့ရတာ နောက်ထပ် ဘယ်လောက်များ ကြာအုံးမလဲမပါဘူးအေ" ဘုမကပါ တောင်သူလယ်သမား ဘ၀ကို စိတ်ကုန်ဟန်ဖြင့် ရင်ဖွင့်လိုက်သေးသည်။

ကဲကဲ နေလည်းမြင့်ပြီ လက်ထဲက ကောက်ပင်လေးတွေ လက်စသတ်ကြတော့။ ပန်းမှုံတို့တစ်တွေ လယ်စိုက်ပြီးလို့ ခြေလက်ဆေးပြီးတော့ အေးကိုတို့ သားအမိလည်း ထမင်းတောင်းနဲ့ ရောက်လာသည်။

"ငါ့တူမတွေ ထမင်းဆာနေပြီလားအေ အရီးလေးလည်း တစ်ယောက်ထဲမနိုင်လို့ အေးကိုအလာကို စောင့်နေရတာနဲ့ နဲနဲနောက်ကျသွားတယ်အေ"
"ရပါတယ် အရီးလေးရဲ့ ကျုပ်တို့လည်း အခုလေးပဲ ကောက်စိုက်ပြီးလို့ ခြေလက်ဆေးပြီးတာ" မိလုံးက ခေါင်းမှာ ပေါင်းထားတဲ့ ပုဆိုးနဲ့ လက်ကိုသုတ်ရင်း ပြောလိုက်သည်။


"အေးအေး လာကြအေ လယ်ကန်သင်းမှာပဲ ၀ိုင်းဖွဲ့ပြီး စားလိုက်ကြ ဟင်းကတော့ သိပ်မကောင်းဘူးတော် အရီးလေးလည်း ရှိတာလေးကိုပဲ စားဖြစ်အောင် ချက်လာရတယ် အသားငါးလေး ကြုံရင်တော့လည်း အဟုတ်သားအေ့ ငါ့တူမတွေ ပင်ပန်းလှတာ အားတောင်နာတယ်" ဒေါ်ဖွားစိန်က ကောက်စိုက်သမတွေကို ဟင်းကောင်း ချက်မကျွေးရလို့ စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။

"အဲ့လိုလဲ ဘယ်မဟုတ်ပါ့မလဲ အရီးလေးရယ် ကျုပ်တို့အတွက်က မန်ကျည်းသီးစိမ်းဟင်းနဲ့ ငရုတ်သီးထောင်းလေးပါရင် အဆင်ပြေလှပါပြီတော်။ အရီးလေးက ငါးပိကောင် ကြော်ထားလိုက်သေးတယ်ဆိုတော့ ထမင်းတော့ စားမြိန်အုံးမှာပဲ" ပန်းမှုံက ဒေါ်ဖွားစိန်ကို နှစ်သိမ့်စကားပြောပြီး ထမင်းစားဖို့အတွက် ပြင်ဆင်သည်။
"ဟဲ့ အေးကို လာဟ နင်တို့ညီအစ်ကိုပါ ငါတို့နဲ့ တစ်ခါထဲ ၀င်စားလေ နင်တို့လည်း မနက်ကတည်းက ပျိုးသယ်ရတာ တော်တော်ပင်ပန်းရောပေါ့ လာလာ" မိလုံးက အေးကိုနဲ့ လင်းထွန်းကိုပါ သူတို့နဲ့အတူ ထမင်စားဖို့ခေါ်လိုက်သည်။

"ဟုတ်သားပဲ လူလေး တစ်ခါထဲဝင်စားလိုက် ငါ့တူလင်းထွန်းလည်း ထမင်းဆာလောက်ပြီ လာလာ ကိုယ့်မောင်နှမတွေ ဘာမှရှက်စရာမလိုဘူး လယ်ကန်သင်းမှာ ထမင်းစားဖူးတာပေါ့" ဒေါ်ဖွားစိန်က အေးကိုနဲ့လင်းထွန်းကို ပန်းမှုံတို့နဲ့ ထမင်းအတူစားဖို့ ပြောသည်။

Wednesday, June 15, 2011

***အရီးတို့လယ် ကောက်စိုက်တုန်းက***

 
“နှင်းသစ်ရေ ဟေး နှင်းသစ် ခွေးကြည့်ပါအုံးအေ့”
“လာခဲ့ပါ အရီလေး ခွေးက ချည်ထားပါတယ်တော့”
“မသိဘူးလေအေ ညည်းတို့ခွေးက ဆိုးလှတယ်ပြောလို့ ကြည့်ခိုင်းရတာဟဲ့ ငါကခွေးဆို အတော်ကြောက်တာ တလောက မိတင်မှုံ အကိုက်ခံလိုက်ရတယ်ဆိုတာ ကြားကတည်းက ညည်းတို့အိမ်ကို လာသာလာရတာ ခပ်လန့်လန့်ရယ်အေ”
“အရီးလေးကလည်း ခွေးက အဲ့လောက်မဆိုးပါဘူးတော့ အရီးမိတင်မှုံက အသံမပေးဘဲ ၀င်လာတော့ ခွေးက သူစိမ်းဆိုတော့ ကိုက်လိုက်တာပေါ့ အသံပြုပြီး ကြည့်ခိုင်းရင် ရပါတယ်”
“အေးပါအေ ထားပါတော့ ငါလာရင်းကိစပြောရအုံးမယ် မနက်ဖြန် ငါတို့ မြောက်ပြင်က လယ်စိုက်မယ်အေ့ အဲ့ဒါ ညည်းတို့အိမ်က ကောက်စိုက်တစ်ယောက်ထည့်လိုက်အုံး လက်စားပေါ့အေ ညည်းတို့လယ်စိုက်တော့ ပြန်ခေါ်ပေါ့”
“ထည့်လိုက်ပါ့မယ် အရီးလေးရယ် အချင်းချင်းတွေပဲ တစ်လှည့်စီပေါ့ ကျုပ်တို့လယ်တွေက ရေမ၀င်သေးပါဘူး။ ရေ၀င်တော့ ပြန်ခေါ်မှာပေါ့ ထည့်လိုက်မယ် စိတ်ချ”
“အေးအေး ဒါဆို ညည်းတို့အိမ်က တစ်ယောက် ထည့်တွက်လိုက်မယ်နော် ငါ ထွေးလှတို့ ၀ိုင်းဘက်ကို သွားလိုက်အုံးမယ်အေ လယ်က သိပ်မကျယ်တော့ ၇ ယောက် ၈ ယောက်လောက်ပဲခေါ်မှာပါအေ”

ဒေါ်ဖွားစိန်တစ်ယောက် ရွာထဲကို ကောက်စိုက်သမ လိုက်ခေါ်နေခြင်းဖြစ်ပါသည်။ တောရွာဓလေ့ သူ့လယ်စိုက်ရင်ကိုယ်က လိုက်စိုက်ပေး ကိုယ့်လယ်စိုက်တော့ သူ့ကိုပြန်ခေါ် အဲ့ဒီလိုနဲ့ တစ်ယောက်တစ်လှည့် အခကြေးငွေဆိုတာကို အဓိကမထား လက်စားခေါ်ပြီး လယ်စိုက်ကြတယ်။ လယ်ရှင်ကတော့ ကြုံရာဟင်းနဲ့ ထမင်းတော့ကျွေးရတာပေါ့။

ရွာထဲမှာ ဘယ်သူ့လယ်ပဲ စိုက်စိုက် အခုလိုပဲ ကိုယ်နဲ့နီးစပ်ရာနီးစပ်ရာ လက်စားခေါ်ပြီး စိုက်လိုက်တာပါပဲ။ ပျိုးနှုတ်ကျတော့လည်း ယောကျာ်းသား လေးငါးယောက်ကို နေ့လည်နေ့ခင်း နွားကျောင်းရင်း ပျော်ပွဲစားခေါ်လိုက်ရင် ပြီးပြီ။ လယ်သမား အချင်းချင်းတွေမို့ ငွေးရေးကြေးရေးဆိုတာကို အဓိကထားပြီး စကားပြောနေစရာ မလိုပါဘူး။ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီ လုပ်ကိုင်ပေးကြတာပါပဲ။

အခုလည်း အရီးလေးဖွားစိန် ရွာထဲလှည့်ပြီး ကောက်စိုက်သမ ခေါ်လိုက်တာ တောင်ဝိုင်း၊ မြောက်ဝိုင်း၊ အရှေ့ဝိုင်း၊ အနောက်ဝိုင်း နှံ့တော့ ကောက်စိုက်သမ ရှစ်ယောက်က အဆင်ပြေသွားပါတယ်။ တစ်ရွာလုံးလှည့်ခေါ်ရတာကလည်း လယ်စိုက်တဲ့အချိန်ဆိုတော့ တစ်နေ့ကို သုံးလေးဦး တစ်ခါထဲစိုက်ကြတာမို့ တစ်ယောက်မရတော့ နောက်တစ်ယောက် ပြောင်းပြီးခေါ်ရလို့ပါ။

ကောက်စိုက်သမခေါ်ပြီးတော့ ဒေါ်ဖွားစိန် အိမ်သို့ပြန်လာခဲ့လေသည်။ အိမ်မှာကလည်း မြို့က ညီမ၀မ်းကွဲရဲ့သား ဒေါ်ဖွားစိန်ရဲ့ တူတော်မောင် လင်းထွန်း ရွာကိုအလည်အပတ် ရောက်နေလို့ ချက်ပြုတ်ကျွေးမွေးဖို့ ရှိသေးသည်။ လင်းထွန်းက မြို့ကလာတယ်ဆိုပေမဲ့ ငယ်ငယ်တုန်းက ရွာမှာပဲမွေးပြီး မြို့တက်သွားသူမို့ ရွာနဲ့သိပ်ပြီးမစိမ်းလှပါဘူး။ သူ့အစ်ကိုတွေလောက် ရွာကိုမရောက်ဖြစ်ပေမဲ့ တစ်နှစ်တစ်ခေါက်တော့ လာလည်တတ်သည်။ အခုလည်း လယ်စိုက်ချိန်မှာ ရောက်လာတာမို့ အလုပ်ကတော့ နဲနဲရှုပ်နေသည်။ သူ့ကိုလည်း ဂရုစိုက်ပြီးတော့ ဧည့်မခံနိုင်ပါဘူး။ လင်းထွန်းကလည်း အေးအေးဆေးဆေး သမားမို့ တော်သေးသည်။

“အမေရေ အမေ အရီးလေး လယ်စိုက်ခေါ်တာက ဘယ်နေ့လဲ”
ဒေါ်နှင်းသစ်ရဲ့ သမီး ပန်းမှုံက အမေဖြစ်သူကို မေးနေခြင်းဖြစ်သည်။
“မနက်ဖြန်လေ သမီးရဲ့ ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ပါဘူး မနက်ဖြန်က တောင်ဝိုင်းက လေးခင်လှတို့ကလည်း ခေါ်ထားတယ်လေ အစ်မထွေးခင်က လေးခင်လှတို့ လယ်စိုက်လိုက်မှာဆိုတော့ ကျုပ်က အရီးလေးတို့ လယ်ကို လိုက်ရမှာပေါ့”
“အင်း ညည်းက အရီးလေးတို့လယ်ကို လိုက်သွားလိုက်ပေါ့အေ မိခင်လှတို့လယ်က အကျယ်ကြီးရယ် လူကလည်း သိပ်မများဘူးဆိုတော့ တော်တော်စိုက်ရမှာ။ အဲ့ဒီလယ်က အရင်ကတည်းက တစ်ရက်ထဲ ဘယ်တော့မှမပြီးဘူး အနည်းဆုံး နှစ်ရက်လောက်တော့ စိုက်ရတယ်”
“ဟုတ်ကဲ့ပါ အမေ ဒါဆို ကျုပ်အရီးလေးတို့ လယ်ပဲ လိုက်သွားလိုက်မယ်”
ပန်းမှုံက အမေဖြစ်သူကိုပြောပြီး မနက်လယ်စိုက်လိုက်ရမှာမို့ အိပ်ယာစောစော ၀င်ခဲ့သည်။
*********************

Tuesday, June 14, 2011

မယ်အေးလှရဲ့ တစ်နေ့တာ

အညာရဲ့ နံနက်အစော မီးဖိုချောင်မြင်ကွင်း( photo from google)
“အောက် အီ အီး အွတ်” 
“တုန်…. တုန်….တုန်…” လင်းကြက်တွန်သံများနဲ့အတူ ရွာဦးကျောင်းမှ တုန်းခေါက်သံက ကျေးလက်နံနက်အာရုဏ်၏ တိတ်ဆိတ်ငြိမ်သက်မှု့ကို လှုပ်နှိုးလိုက်သည်။

“ခြစ်… ခြစ်...ခြစ်” အိပ်ယာဘေးသေတ္တာပေါ်မှာ ညကတည်းက အရန်သင့် တင်ထားသော ဓာတ်ဆီမီးခြစ်ကို ယူခြစ်ပြီး မယ်အေးလှတစ်ယောက် ရေနံဆီမီးခွက်ထွန်းညှိလိုက်သည်။

ယာတောကို သွားကြမည့် ယောကျာ်းဖြစ်သူနဲ့ သားသမီးတွေအတွက် နံနက်စာချက်ပြုတ်ပြင်ဆင်ဖို့ရာ မယ်အေးလှ တစ်ယောက် အိပ်ယာမှထခဲ့လေ၏။

မီးဖိုချောင်မှာ မီးခွက်ကိုထားခဲ့ပြီး အပေါ့အလေးသွားဖို့ အိမ်သာရှိရာ အိမ်နောက်ဖေးဆီသို့ လှမ်းလာခဲ့သည်။ ကိစ္စ၀ိစ္စ တွေပြီးတော့ လက်ဆေးသန့်စင်ပြီး မီးဖိုချောင်ဆီသို့ တစ်ခေါက်ပြန်လာခဲ့သည်။ ဆားအိုးထဲမှ ဆားအနည်းငယ်ကို ယူပြီး သွားတိုက်လိုက်သည်။ ပြီးတော့ စဥ့်အိုးမှရေကို ဖလားခွက်နဲ့ခပ်ပြီး မျက်နှာသစ်လိုက်ပါသည်။ နံနက်အစောမှာ ရေအေးအေးနဲ့ထိတွေ့မှု့က လူကိုလန်းဆန်းသွားစေတာတော့ အမှန်ပင်။  မျက်နှာသစ်ပြီးတော့ မီးဖိုမှာ မီးမွှေးပြီး ရေနွေအိုးကို ပထမဆုံး တည်လိုက်သည်။ ရေနွေးအိုးတည်ထားတုန်းမှာ ထမင်းချက်ဖို့အတွက် ဆန်ဆေးထားလိုက်သည်။ ရေနွေအိုးဆူတော့ ရေနွေးခရားမှာလ္ဘက်ခြောက်ထည့်ပြီး ရေနွေးခပ်ထားလိုက်သည်။ ထမင်းအိုးကို မီးဖိုပေါ်တင်ပြီး ထမင်းနဲ့စားဖို့ရာအတွက် စီမံရပြန်သည်။ ဒီမနက်တော့ ညကပြုတ်ထားတဲ့ ထောပတ်ပဲပြုတ်ကို ကြက်သွန်နီလေး ဆီသတ်ပြီး ပြန်ကြော်ပေးဖို့ ပြင်ဆင်ထားလိုက်သည်။ နောက်တစ်မျိုးကတော့ ခရမ်းချဉ်သီးကို မီးဖုတ်ပြီး ငရုတ်သီးလေးနဲ့ ထောင်းလိုက်မည်။ ဒီလောက်ဆိုရင် နံနက်အစော ထမင်းကြမ်းအတွက် အဆင်ပြေလောက်ပါ၏။

ထမင်းအိုးငှဲ့ပြီး ခဏကြာတော့ မီးဖိုထဲမှ မီးကျည်းခဲများကို ယက်ထုတ်ပြီးဘေးနားမှာ ထမင်းအိုးကို နှပ်ထားလိုက်သည်။ တဆက်တည်း ဆိုသလို ပဲပြုတ်ကြော်အိုးကို မီးဖိုမှာတင်ပြီး ကြော်လိုက်သည်။ ခရမ်းချဉ်သီးလေးတွေကိုလည်း သီတံမှာထိုးပြီး မီးခဲပေါ်မှာ တင်ထားလိုက်သည်။ ပဲပြုတ်ကြော်အိုး ကျက်တော့ ရေနွေးအိုးနောက်တစ်လုံး ထပ်တည်ထားလိုက်သည်။  တောထဲကို ရေနွေးဗူးထည့်ပေးလိုက်ရအုံးမည် မဟုတ်ပါလား။ အားလုံးပြင်ဆင်ပြီးတော့ နွားတင်းကုပ်ဆီသို့ သွား၍ ငဖြူနဲ့ငညိုကို နွားစာကျင်းမှာ ရွှေ့ချည်ပြီးနွားစာထည့်ကျွေးထားလိုက်သည်။ မိုးဦးကျစမို့ သူတို့နှစ်ကောင်လည်း ပင်ပမ်းလှသည်။ တိရစ္ဆာန်ပေမဲ့ သူ့တို့တာဝန်ကိုတော့ သူတို့သိသည်။ သခင်တွေ အိပ်ယာထကတည်းက သူတို့လည်း အိပ်ယာမှထပြီး စားဖို့ရာအတွက်စောင့်နေကြသည်။ မြေကြီးကို ရုန်းကန်ထွက်ယက်ရမှာဆိုတော့ သူတို့လည်း အားပြည့်ဖိုလိုသည်မဟုတ်ပါလား။

နွားတွေကို နွားစာကျင်းမှာကျွေးထားခဲ့ပြီးတော့ ညကစွန့်ထားတဲ့  နွားချေးတွေကိုကျုံးရပြန်သည်။ တံမြက်စည်းကိုကိုင်လို့ နွားတင်ကုပ်နဲ့ အိမ်ဝိုင်းထဲကို အမှိုက်လှဲကျင်း သန့်ရှင်းရေးလုပ်လိုက်သည်။ အရှေ့ကောင်းကင်ဆီမှ ရောင်နီလာတော့ ယောကျာ်းဖြစ်သူ ကိုဘမောင်နဲ့ သားသမီးတွေကို နှိုးလိုက်ပါသည်။

“ကိုဘမောင်…ကိုဘမောင် ထတော့တော် ရောင်နီလာပြီတော့ တော် ဒီနေ့ မြောက်တောကို ယာကျဲသွားမှာဆို ကျုပ် ငဖြူနဲ့ငညိုကိုလည်း အစာကျွေးထားပြီးပြီ”

ယောကျာ်းဖြစ်သူကို နှိုးပြီးပြန်တော့“လူလေး ထွေးမောင် သမီးအေးမိ ထကြတော့ကွယ် မိုးလင်းတော့မယ် မင်းတို့အဖေနဲ့ ယာကျဲလိုက်ရမှာ အမေအားလုံး အဆင်သင့် ပြင်ထားပြီးပြီ နေမပူခင် ယာထဲစောစော ရောက်တော့ သက်သာတာပေါ့ ထကြ ထကြ”

ယောကျာ်းနဲ့ သားသမီးတွေကို နှိုးပြီးတော့ မီးဖိုချောင်ထဲမှာ ဘုရားဆွမ်းတော်တင်ဖို့အတွက် ထမင်းအိုးထဲက ဦးဦးဖျားဖျား ထမင်းကိုခူးပြီး ပဲပြုတ်ကြော် ခရမ်းချဉ်သီးထောင်းလေးကို အပေါ်ကပုံလိုက်သည်။ သောက်တော်ရေခွက်မှာလည်း သောက်ရေအိုးမှ ရေကိုခပ်ဖြည့်ပြီး အိမ်ပေါ်ဘုရားစင်ရှိရာဆီသို့ တက်လာခဲ့သည်။ ဆွမ်းတော်ဗန်းကို ဘုရားစင်မှာတင်ပြီး ဖယောင်းတိုင်လေးတစ်တိုင်ကို ထွန်းညှိပူဇော်လိုက်သည်။ အဲ့ဒီနောက်တော့ တဘက်လေးကို ပခုံးပေါ်မှာတင်လို့ ဘုရားစင်ရှေ့မှာထိုင်ကာ လက်အုပ်ချီပြီး ဘုရားဆွမ်းတော်ကပ်ကို မတိုးမကျယ်လေး ဆိုပြီးဆွမ်းကပ်လိုက်သည်။ အရပ်ဆယ်မျက်နှာကို မေတ္တာပို့အမျှဝေပြီး ကြေစည်လေးပါ ထုလိုက်သည်။ ပါးစပ်မှလည်း အခုလို ဆွမ်းကပ်လှူရသော အကျိုးအားကြောင့် ယာတောကို သွားမည့် ယောကျာ်းဖြစ်သူနဲ့ သားသမီးတွေအတွက် ဘေးအန္တရာယ်မှ ကင်းဝေးစေကြောင်း ဆုတောင်းလိုက်သေးသည်။ မိုးဦးကျကာလဆိုတော့ နွေရာသီမှာတွင်းအောင်နေခဲ့တဲ့ ပိုးကောင်မွှားကောင်တွေက ညဆိုအစာထွက်ရှာ တတ်ကြသည်။ မနက်အစော တောထဲထွက်ရင် အဲ့ဒါလေးတွေတော့ သတိထားရသည်။ မြွေတို့ကင်းတို့လို အဆိပ်ရှိတဲ့ အကောင်တွေက တောင်သူလယ်သမားတွေအတွက် အသက်ကိုပင်ဒုက္ခပေးနိုင်သည် မဟုတ်ပါလား။

မယ်အေးလှ ဆွမ်းတော်ကပ်ပြီးတော့ ကိုဘမောင်လည်း မျက်နှာသစ်ပြီးလို့ နွားတွေကို နွားစာထပ်ထည့်ကျွေးနေသည်။ ထွေးမောင်နဲ့ အေးမိတို့ မောင်နှမလည်း ဖခင်နဲ့အတူ ယာတောသွားဖို့ အဆင်သင့်ပြင်ဆင်ပြီး ထမင်းကြမ်းစားကြသည်။ သူတို့သားအဖတစ်တွေ ထမင်းကြမ်းစားနေတုန်း မယ်အေးလှက မျိုးစေ့တောင်းမှာ မျိုးစေ့ထည့်ရင်းက

“ကိုဘမောင် နှမ်း ဘယ်လောက်ထည့်လိုက်ရမတုန်းတော့ မနှစ်က လေးဗူးကျဲတာ နဲနဲပါးသလားလို့ ပဲစင်းငုံကတော့ တစ်ပြည်ထည့်လိုက်မယ် နှမ်းကိုလည်း ဒီနှစ် ခြောက်ဗူးလောက်တော့ ထည့်လိုက်မယ်တော် ကြည့်ပြီးပက်ပေါ့။ သမီးအေးမိ အမေ ပဲလက်ကောက်စေ့နဲ့ ဖရုံစေ့လေးတွေထည့်ပေးလိုက်တယ် ယာခင်းမြောက်စပ်က ရှားပင်ခြောက်ကြီးနားမှာ စိုက်ထားလိုက်နော်”
“ကိုယ့်ယာခင်းနားဆိုတော့ ရောက်တဲ့အခါ လွယ်လွယ်ခူးစားလို့ရတာပေါ့..”
မျိုးစေ့ထည့်ပေးရင်းက သမီးဖြစ်သူကို မှာကြားနေသည်။ အားလုံး နံနက်စာ ထမင်းကြမ်းစားသောက်ပြီးတော့ မယ်အေးလှက ကိုဘမောင် ထွန်းရှဉ်းကောက်ရာတွင် ကူညီလုပ်ကိုင်ပေးရပြန်သည်။ ထွန်ရှဉ်းကောက်ပြီးတော့ သားဖြစ်သူထွေးမောင်က ထွန်ရှဉ်းကိုမောင်း သမီးဖြစ်သူ အေးမိက မျိုးစေ့တောင်းကို ရွက်လို့ ကိုဘမောင်တို့ သားအဖသုံးယောက် ယာတောကို ယာကျဲထွက်သွားကြတော့သည်။

တန်ဖိုးကြီး ပစ္စည်းတွေ ကင်းတဲ့ အညာမီးဖိုချောင်(photo from google)
သူတို့တွေထွက်သွားတော့ အိမ်မှာကျန်ခဲ့တဲ့ မယ်အေးလှက အငယ်ဆုံးကောင် ဖိုးသစ်ကို အိပ်ယာမှ နှိုးလိုက်သည်။ ဖိုးသစ်က အိမ်မှာအငယ်ဆုံးမို့ အိပ်ယာထအမြဲနောက်ကျတတ်သည်။ ဖိုးသစ်အိပ်ယာထပြီး မျက်နှာသစ် ကျောင်းသွားဖို့ ပြင်ဆင်ပြီးတော့ သားအမိနှစ်ယောက်အတူတူ ထမင်းကြမ်းစားကြသည်။ မယ်အေးလှတစ်ယောက်လည်း ရွာဦးကျောင်းက တုန်းခေါက်ကတည်းက အိပ်ယာမှထပြီး လုပ်လိုက်ရတာ အခုမှပဲထိုင်ရတော့သည်။ ဒါလည်း ကြာကြာထိုင်ရမည် မဟုတ်။ နံနက်စာ စားပြီးပြန်တော့ နေ့လည်စာ အတွက် ချက်ဖို့ကျန်သေးသည်။ သားအမိနှစ်ယောက် ထမင်းစားပြီးတော့ ဖိုးသစ်လည်း ကျောင်းသွားဖို့ လွယ်အိတ်ကို ကောက်လွယ်ပြီး ကျောင်းသို့ထွက်ခဲ့သည်။

Monday, April 25, 2011

ပွဲသွားကြော့ကြော့ ပွဲပြန်မော့မော့

မြိုင်မြိုင်ဆိုင်ဆိုင် နှစ်ပါးသွားအက
“လေးနွယ်ရေ… ဟေ့လေးနွယ်”
“ကိုရင်ဖိုးရွှေကြီး ဘာတုန်းတော့ အော်ကြီးဟစ်ကျယ်နဲ့”
“ဟ ငါ နင့်ကို သတင်းကောင်း ပြောမလို့ဟ ဘာလဲ နင်မသိချင်ဘူးလား”
“ဘာသတင်းတုန်း သိချင်တာပေါ့တော့ ကိုရင်ဖိုးရွှေကြီးနော် မဟုတ်တရုတ်တွေတော့ လျှောက်မပြောနဲ့”
“အေးပါဟ လေးနွယ်ကလည်း နင်က ငါ့ဆိုရင် အကောင်းကို မထင်ဘူး”
“မဟုတ်ရပါဘူး ကိုရင်ဖိုးရွှေရယ် ကျုပ်က စတာပါတော် ပြောမှာသာပြောပါ”
“ဒီလိုဟ မြောက်ဘက်ရွာက ငါတို့အရီးလေးက ရှေ့လထဲမှာ သူ့မြေးတွေကို ရှင်ပြုပေးမှာလေ အဲ့ဒါ သူ့အလှူမှာ ဇာတ်ပွဲနှစ်ည ထည့်မှာတဲ့ဟ အဲ့ဒါနင်တို့ သိရအောင်လို့ ငါပြောပြတာ မနေ့က ငါ အရီးလေးတို့ဆီ ရောက်ခဲ့လို့ သိလာတာ”
“ကိုရင်ဖိုးရွှေ တကယ်ပြောတာနော် တကယ်ပေါ့ဟ ငါနင့်ကို အရင်ဆုံးပြောပြတာ တခြားဘယ်သူ့ကိုမှ မပြောရသေးဘူး”

“အောင်မလေး ၀မ်းသာလိုက်တာတော် ကျုပ်တို့ပွဲငတ်နေတာ ကြာပြီတော့ ရွာကျောင်းဘုန်းကြီးပျံပွဲ ပြီးကတည်းက ပွဲမကြည့်ရတာ ကြာပြီ။ အေးခနဲ့ မယ်သစ်တို့ အဖွဲ့ကိုလည်း ကျုပ်ပြောလိုက်အုံးမယ်။ သူတို့လည်း ကြားရင် ၀မ်းသာမှာတော့… ဒါနဲ့ ဇာတ်က ဘယ်ကဇာတ်လဲတော့ ငှားပြီးပြီလား"
“အေးဟ ဇာတ်နာမည်က လမင်းကမ္ဘာ ဆိုလားပဲ  ချောက်ကလို့ ပြောတယ်”
“ဟုတ်လား ဒါဆိုရင် ဇာတ်အသစ်ကြည့်ရမှာတော့ ကျုပ်တို့ဘက်မှာ မ၀င်ဘူးသေးဘူး”
“ကိုရင်ဖိုးရွှေကြီးနော် ပွဲနီးရင် ကျုပ်တို့အတွက် နေရာကောင်းကောင်း သွားဦးထားပေးရမယ်”
“စိတ်ချပါ လေးနွယ်ရယ် ဇာတ်ခုံဆောက်ပြီးတာနဲ့ နင်တို့အတွက် ငါနေရာသွားဦးထားပေးမယ် စိတ်ချ။”
“ကဲ ငါ ချောင်းထဲရေခပ်သွားတော့မယ်ဟ နင်ရော ရေဘယ်နှစ်ခေါက်ရောက်ပြီလဲ”
“တစ်ခေါက်မှ မရောက်သေးပါဘူးတော် တောထဲကအပြန် ပြင်ဆင်ပြီး အေးခတို့ကို ရေခပ်သွားဖို့ သွားခေါ်မလို့ ကိုရင်ဖိုးရွှေ ရောက်လာတာပဲ”
“အော် အေးအေး ဒါဆို ငါအရင် သွားနင့်ပြီနော် နင်တို့ သူငယ်ချင်းတွေ နောက်က လာခဲ့ကြပေါ့ ”
“ကောင်းပါပြီတော်”
ကိုရင်ဖိုးရွှေ တစ်ယောက် သူ့အရီးလေးအလှုမှာ ဇာတ်ပွဲထည့်မည့် သတင်းကို သူ့နှမ ၀မ်းကွဲတော်သူ လေးနွယ်ကို ပြောပြပြီး ချောင်းထဲသို့ ရေခပ်ထွက်လာခဲ့သည်။

လေးနွယ်တို့အပျိုတစ်စုကလည်း ဇာတ်ပွဲဆိုတဲ့ အသံကြားလို့ကတော့ မကြည့်ရရင် မနေနိုင်။ ဘယ်လောက်ဝေးဝေး ရောက်အောင် သွားကြည့်တတ်သည်။ ကိုရင်ဖိုးရွှေနဲ့ ရွာကယောကျာ်းလေးတွေက သူတို့ သက်တော်စောင့်တွေအဖြစ် ပွဲကြည့်သွားရာ လိုက်ပေးရသည်။ တခြားရွာကို ကိုယ့်ရွာက မိန်းခလေးတွေ ပွဲသွားကြည့်ရင် ရွာက ကာလသား ကိုလူပျိုတို့မှာ ပွဲမကြည့်ချင်သော်လည်း နောက်ကလိုက်ပေးကြသည်။ ကိုယ့်ရွာသူကို တခြားရွာသားက စမှာ ပြောင်မှာကို စိုးရိမ်ကြသောကြောင့်ပင် ဖြစ်သည်။

အလှူရက်နီးကပ်လာတော့ လေးနွယ်တို့ အပျိုတစ်စုလည်း ပွဲကြည့်ဖို့ရာအတွက် စိုင်းပြင်းနေကြသည်။ ပွဲကြည့်သွားရာတွင် ထမင်းထုပ်သွားဖို့အတွက် ဘယာကြော် ကြော်ဖို့ရွာ ပဲခွဲသူကခွဲ နေကြာစေ့လှော်သူက လှော်နဲ့ တစ်ယောက်တစ်မျိုးစီ ပြင်ဆင်နေကြသည်။

အညာမှာပွဲကြည့်သွားလျှင် မိန်းခလေးအများစုက ထမင်းထုပ်များ ယူသွားလေ့ရှိသည်။ ပွဲခင်းထဲရောက်ရင် ပွဲဈေးတန်းက အသုပ်စုံ တစ်ပွဲလောက်ဝယ်ပြီး ကိုယ့်ပါလာတဲ့ ဘယာကြော်၊ ခရမ်းသီးချက် စတဲ့ ဟင်းလေးများနဲ့ ပွဲခင်းထဲမှာပဲ ကိုယ့်သူငယ်ချင်းတစ်တွေ စုပြီးစားကြသည်။ ယောကျာ်းလေးများကတော့  ယူလေ့မရှိ။ အိမ်ကတောင်းလာတဲ့ ပိုက်ဆံလေးများနဲ့ ပွဲဈေးတန်းရောက်မှ အကြော်၊ အသုပ်စုံ၊ မုန့်ဟင်းခါး၊ တို့ဟူးသုပ် စတာလေးတွေ တစ်မျိုးမျိုး ၀ယ်ပြီး ရွာကမိန်းမပျိုတို့နားမှာ ထမင်းအတူတူ စားကြသည်။ မိန်းမပျိုတို့ကလည်း အားကိုးရပါသည်။ ထမင်းကို တစ်ယောက်စာအတွက် မဟုတ်ဘဲ ပိုပိုသာသာ ထည့်ယူလာကြသည်။ တစ်ရွာတည်း သားချင်းတွေဆိုတော့ နဘေးရွာရောက်လျှင် စည်းစည်းလုံးလုံးရှိကြသည်။ ကိုလူပျိုတို့ကလည်း ပွဲမစခင်တော့ ပွဲဈေးခင်းပတ်ချင်ပတ်နေမည်။ ပွဲထွက်ပြီဆိုတာနဲ့ ကိုယ့်ရွာသူတွေ နဘေးမှ မထတော့။ တကယ့်ကို မောင်နှမရင်းတွေအလား စောင့်ရှောက်ကြသည်။ ကိုယ့်ရွာသူကို လာပြီး နောက်ပြောင်တာ မကြိုက်ကြသလို၊ သူများရွာသူကိုလည်း နောက်ပြောင်ကျီစယ်ခြင်း မလုပ်ကြ။

ပွဲနေ့ရောက်လာတော့ လေးနွယ်တို့ တစ်တွေလည်း မနက်ခင်းပိုင်းမှာ နွားစာ၊ရေစာ ပြည့်စုံအောင် လုပ်ထားခဲ့ကြသည်။ နောက်နေ့အတွက်ပါ ကိုယ်လုပ်ရမည့်တာဝန်အတွက် တစ်ခါထဲ လုပ်ထားခဲ့သည်။ ဒါမှ ပွဲကြည့်က ပြန်လျှင် အိပ်ရေး၀၀ အိပ်နိုင်ကြမည် မဟုတ်လား။ အားလုံး အလုပ်တွေပြီးတော့ ပွဲသွားကြည့်ဖို့ရာအတွက် ဖြီးလိမ်းပြင်ဆင်ကြသည်။ တခြားရွာကို သွားရမှာဆိုတော့ ကိုယ့်ရှိတဲ့ အ၀တ်အစားလေးကို သပ်သပ်ရပ်ရပ်လေး ၀တ်စားသွားမှ ဖြစ်ပေမပေါ့။ ပွဲကြည့်ဆိုပေမယ့် ကိုယ်ကပဲ ကြည့်မှာမဟုတ်ဘူးလေ သူများကလည်း ကိုယ့်ကိုပြန်ကြည့်မှာမို့ လှလှပပလေး ၀တ်စားသွားမှ အဆင်ပြေမယ် မဟုတ်လား။ အခုဇာတ်ပွဲသွားကြည့်မယ့် ရွာက လေးနွယ်တို့ရွာနဲ့ သိပ်မဝေးတာမို့ ညနေစောင်း နေ၀င်ခါနီးမှ သွားလျှင်အဆင်ပြေသည်။ ရွာနဲ့ ဝေးရင်တော့ စောစောလေးထွက်မှ ပွဲထွက်အမှီရောက်သည်။ ကိုရင်ဖိုးရွှေကတော့ သူ့အရီးလေး အလှူမို့ အရင်နေ့ကတည်းက သွားနှင့်သည်။ လေးနွယ်တို့ကိုလည်း ရွာက အေးမောင်တို့၊ ထွန်းလှတို့ အဖွဲ့နဲ့ အတူလာခဲ့ မှာထားခဲ့သည်။

"သမီး လေးနွယ် ဟိုရောက်ရင် ညည်းအကို ဖိုးရွှေကို တွေ့အောင်ရှာနော် သူလည်း သူ့အရီးလေး အလှူဆိုတော့ အလုပ်ကများမှာ၊ အနွေးထည်လေးဘာလေးထည့်သွားအုံး တပေါင်းလဆိုပေမဲ့ နေ့လယ်ပိုင်းသာ ပူတာ ညကျတော့ အေးသေးတယ်။ အမေ့ နှစ်စပ်တဘက် ကြီးလည်း ယူသွားလေ။ ချမ်းတော့ ခြုံရတာပေါ့။"

“အေးမောင်တို့ ထွန်းလှတို့ ဟိုရောက်ရင် ကိုယ့်နှမတွေကို ဂရုစိုက်နော် သူတို့ကို ထားပြီး ပွဲဈေးတန်း လျှောက်လည်မနေနဲ့အုံး အမူးသမားတွေနဲ့လည်း ရန်တွေဘာတွေမဖြစ်နဲ့နော် ကိုယ်ကပွဲကြည့်သွားတာ ပွဲကိုပဲ အေးအေး ဆေးဆေးကြည့်ကြ ကိုယ့်ကြောင့် သူတစ်ပါးပွဲမပျက်စေနဲ့ ဖြစ်ရင် ကိုယ့်ရွာလည်း နာမည်ပျက်တယ် ကြားလား” ဒေါ်စောချစ်တစ်ယောက် ပွဲကြည့်သွားမည့် သမီးလေးနွယ်နဲ့ သူငယ်ချင်းတွေကို မှာကြားနေခြင်းဖြစ်သည်။

“စိတ်ချပါ အရီးလေး စောချစ်ရယ် ကျွန်တော်တို့ သိပါတယ်။ နောက်ပြီးတော့ ကိုကြီးဖိုးရွှေလည်း ရှိပါတယ် ဘာမှပူမနေနဲ့နော်”
“အေးပါကွယ် အရီးလေးက စိတ်ပူလို့ပါ။ ပွဲဆိုတော့ သောက်ကြစားကြနဲ့ မူးလာရင် မင်းတို့လူငယ်တွေ ရန်ဖြစ်ကြမှာ စိုးရိမ်လို့ပါ ဒါဆိုလည်း သွားကြ သွားကြ နေတောင်ဝင်လုပြီ”
“ဟုတ်ကဲ့ အရီးလေး ”
“ဟေ့ လေးနွယ် နင်တို့တွေ ပြင်လို့မပြီးကြသေးဘူးလား သိပ်လည်း ပြင်မနေကြပါနဲ့ဟ နင်တို့ရုပ်တွေ ဒီထက်လဲ ပိုလှလာမှ မဟုတ်ပါဘူး” အစသန်သော ထွန်းလှက လေးနွယ်တို့အဖွဲ့ အိမ်ပေါ်ကဆင်းမလာသေးလို့ လှမ်းစလိုက်သည်။

“အောင်မလေး ကိုရင်ထွန်းလှ ကျုပ်တို့က လှပြီးသားနော် ပြင်စရာကိုမလိုတာ ဟိုရောက်ရင် တော်တို့တွေ စားဖို့ ထမင်းပိုထည့်နေတာ သိပြီလား ဟင်းဝယ်ဖို့ ပိုက်ဆံသာများများထည့်ခဲ့ ကျုပ်တို့ကတော့ ဘယာကြော်ပဲ ပါတယ်”
“အေးပါဟ ငါလည်း အမေ့ဆီက ပိုက်ဆံတောင်းလာပါတယ် ဟိုရောက်ရင် နင်တို့ကို အသုပ်စုံဝယ်ကျွေးမယ် ငါ့အတွက် ထမင်းများများထည့်ခဲ့ဟ”
“ပါပါတယ်တော် အေးခတို့၊ မယ်သစ်တို့လည်း ထမင်းတွေထည့်လာတာ အများကြီး ဟိုရောက်လို ကျုပ်တို့နားမကပ်ရင်တော့ ငတ်မယ့်သာပြင်ထား အကုန်စားပစ်မှာ”
“အေးပါဟာ သွားကြစို့ တော်ကြာ နောက်ကျနေလိမ့်မယ် ဇာတ်က ငါတို့နယ် မရောက်ဖူးတော့ အစောထွက်မယ်ပြောတယ် တော်ကြာ မမှီပဲနေမယ်”

လေးနွယ်တို့တစ်သိုက်လည်း သနပ်ခါးအဖွေးသားနဲ့ ထမင်းထုပ်၊ရေဗူး၊ ပွဲခင်းထဲရောက်ရင် စားဖို့ နေကြာစေ့လှော် စတာတွေကို လက်ဆွဲခြင်းထဲထည့်ဆွဲပြီး ပွဲကြည့်ဖို့ အတွက် ရွာကနေ တက်တက်ကြွကြွ ထွက်လာခဲ့ကြသည်။