Pages

Showing posts with label နှုတ်ဆက်. Show all posts
Showing posts with label နှုတ်ဆက်. Show all posts

Thursday, October 9, 2014

သီတင်းကျွတ်နှုတ်ဆက်


Photo from Google images
အားလုံးမင်္ဂလာပါဗျ...
ပျော်ရွှင်ဖွယ်ရာသီတင်းကျွတ်အခါသမယဖြစ်ပါစေ။ရွှေညာသားပျောက်နေတာတစ်လကျော်သွားတယ်။
အတားအဆီးတစ်ခုကိုတော့ရုန်းရင်းကန်ရင်းနဲ့ကျော်ဖြတ်ပြီးသွားပြီ။
နောက်ထပ်ကျော်ရမှာတွေအများကြီးကျန်သေးတယ်။ရထားတဲ့စကောလားရှစ်ပရိုဂရမ်ရဲ့သတ်မှတ်ချက်အရ
ဂျပန်နိုင်ငံကို(၈)လသွားရပါအုံးမယ်။အညာသားဒီနှစ်တော့ချယ်ရီတွေပွင့်တဲ့ဆီမှာဆောင်းခိုဖြစ်ပါမယ်။
ဖိလစ်ပိုင်မှာကြုံရတဲ့အခက်အခဲတွေကြောင့်ဂျပန်သွားဖို့ကိစ္စကိုခေါင်းထဲကထုတ်ထားပြီးတတ်စွမ်းသရွေ့လေး
နဲ့လျှောက်လှမ်းနေခဲ့တာနောက်ဆုံးတော့သွားရဖို့အခွင့်သာခဲ့တယ်ပြောရမှာပေါ့။
ဒီစကောလားရှစ်ကိုစပြီးလျှောက်ခဲ့စဉ်တုန်းကလည်းရမယ်လို့မမျှော်လင့်ထားခဲ့ပါဘူး။တကယ်တမ်းအရွေးခံရ
တယ်ဆိုတော့လည်းရခဲလှတဲ့အခွင့်အရေးအတွက်ရှေ့ဆက်တိုးခဲ့မိတယ်။အဓိကရင်ဆိုင်ရတာကတော့
ကိုယ့်မှာရှိတဲ့ဘာသာရပ်အခြေခံနဲ့ကိုယ်ယူရတဲ့ဘာသာရပ်တွေနဲ့မတူတာကလူကိုစိတ်ဓာတ်လုံးလုံးကျတဲ့အထိ
ပါပဲ။နောက်ဆုံးတော့ထွက်လာခဲ့ပြီပဲဘာပဲဖြစ်ဖြစ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအတတ်နိုင်ဆုံးတော့
အားတင်းပြီးလုပ်ကြည့်မယ်လို့ဆုံးဖြတ်ပြီးဆက်လျှောက်ခဲ့ရတာပါ။ကိုယ့်ကိုကိုယ်အားရသလားဆိုတော့အားမရ
ပါဘူး။ဒါပေမဲ့လည်းပေါက်တဲ့နဖူးမထူးတော့ပါဘူးလေဆိုပြီးဆက်လျှောက်နေတာ။လဲကျလိုက်ပြန်ထလိုက်၊
ယိုင်သွားလိုက်ပြန်မတ်လိုက်နဲ့အခက်အခဲဆိုတာကိုကောင်းကောင်းကြီးနားလည်သဘောပေါက်လာတာတော့
အမြတ်ပေါ့လေ။

ပြောရမယ်ဆိုရင်တော့အများကြီးပါပဲ။ကိုယ့်ပေါင်ကိုလှန်ပြီးပြန်မထောင်းချင်တော့လို့ဒီလောက်နဲ့ပဲရပ်တော့
မယ်ဗျာ။ရေးသမျှတင်သမျှအားမနာတမ်းလာအားပေးတဲ့ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးအများကြီးတင်
ပါတယ်။ဒီနေရာလေးမှာရေးခဲ့မိတာတွေထဲကမှားတာတွေလည်းရှိကောင်းရှိခဲ့နိုင်ပါတယ်။အဲ့ဒါကြောင့်စာအား
ဖြင့်ညီအစ်ကိုမောင်နှမတွေအပေါ်မှာစော်ကားမိတာများရှိခဲ့ရင်နားလည်ခွင့်လွတ်ပေးပါလို့သီတင်းကျွတ်အခါ
သမယမှာဝန်ချတောင်းပန်ပါတယ်ခင်ဗျာ....။

ကျနော့်မိတ်ဆွေညီအစ်ကိုမောင်နှမအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသားလေး




Saturday, July 9, 2011

အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်

တာ့ တာ....!!!!
အားလုံးသော ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများကို နှုတ်ဆက်တဲ့အနေနဲ့ ဒီပို့စ်လေးကို ကျွန်တော်ရေးခဲ့ပါတယ်။ ဒါလေးက ကျွန်တော်ရဲ့ နောက်ဆုံးပို့စ်လေး လည်းဖြစ်ချင်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ အိမ်ကိုရောက်ရင် အွန်လိုင်းဆိုတာနဲ့က အဆက်ပြတ်သွားဖို့ သေချာသလောက်ရှိတာကြောင့်ပါ။ အတတ်နိုင်ဆုံးတော့ ရေးနိုင်အောင် ကြိုးစားပါ့မယ်။ တကယ်တော့ ကျွန်တော် ဘလော့ လောကကိုရောက်တာ ငါးလနီးပါးလောက်ပဲ ရှိပါတယ်။ ဒီငါးလအတွင်း ကျွန်တော်စိတ်ထဲ ရှိတာလေးတွေကို ရေးသားမျှဝေခွင့် ရတဲ့အတွက် အတော်လေးကျေနပ်မိပါတယ်။ နောက်ပြီးတော့ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ကျွန်တော်ရေးသမျှ တင်သမျှလေးတွေကို လာရောက်အားပေးကြတဲ့ အားလုံးသော ကျွန်တော့်ညီအစ်ကို မောင်နှမတွေကို ကျေးဇူးအထူးတင်မိပါတယ်။

လူတွေကို မမြင်ဖူးပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အားလုံးကို ရင်းနှီးနေပါတယ်။ ကျွန်တော့်မိတ်ဆွေများလည်း ရွှေညာသားလေးဆိုတာကို မမြင်ဖူးပေမဲ့ စိတ်ထဲကတော့ အညာသား အသားမည်းမည်းလေးကို မြင်ယောင်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခုဒီပို့စ်ရေးတဲ့ အချိန်ထိတော့ သကြားခဲဖြစ်နေတယ်ဗျ။ နေပူမခံရတာကြာလို့လေ။ သိပ်တော့ မကြာတော့ပါဘူး ထန်းလျက်ခဲ ပြန်ဖြစ်တော့မှာ (အသားမည်းတော့မှာပြောတာနော်)။

ဘာပဲပြောပြောလေ ဒီလိုနေရာကိုရောက်လို့ အင်တာနက်ဆိုတာကို ဖောဖောသီသီ သုံးရပြီး အွန်လိုင်းမိတ်ဆွေတွေ အချင်းချင်း စကားလုံးလေးတွေနဲ့ သိကြ၊ခင်ကြ၊ ရင်နှီးကြပေမဲ့ ရွှေညာသားလေး ဘယ်တော့မှမမေ့ပါဘူး။ ရေးသာရေးနေရတယ် စိတ်ထဲမှာတော့ တစ်မျိုးကြီး ခံစားရတယ်ဗျာ။ အမေက ပြောဖူးတယ်။ သူ့အကိုအကြီးဆုံး ကျွန်တော့်ဦးလေးက တစ်နယ်တစ်ကျေးမှာ အိမ်ထောင်ကျတာ။ ရွာကို အလည်လာပြီး ပြန်မည့်နေ့ညရောက်ရင် ဘယ်သူနဲ့မှ စကားမပြောတော့ဘူးတဲ့။  ဘုရားစင်လုပ်ထားတဲ့ အိမ်တိုင်ကိုမှီပြီးတော့ ငိုတာတဲ့လေ။ ကျွန်တော်လည်း ဦးလေးရဲ့ တူပဲလေနော့။ ပိုရင်သာပိုမယ် လိုတော့မလိုဘူး။ ဒါကြောင့် စာတွေများများမရေးတော့ဘူးနော်။ ရှေ့ဆက်ရေးရင် ကိုယ့်အကြောင်းကိုယ်သိတယ်။ တော်ကြာ မျက်ရည်တွေချောင်းစီးနေလိမ့်မယ်။ ဒါကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ပါ။ ကျွန်တော်ရွှေညာသားလေးက အားလုံးကိုခင်တယ်၊ လေးစားတယ်၊ ကျေးဇူးတင်တယ်လို့ပဲ ပြောပါရစေ။ မျက်စိလည်လမ်းမှားလို့ပဲဖြစ်ဖြစ်၊ လမ်းကြုံခဲ့ရင်ဖြစ်ဖြစ် အခါအခွင့်သင့်လို့ အညာကိုရောက်ခဲ့ရင် ရွှေညာသားလေးတို့ရွာကို အလည်လာခဲ့ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ဗျာ။ အညာသူအညာသားတွေက ဆင်းရဲပေမဲ့ ခင်တတ်ပါတယ်၊ ဖော်ရွေတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ရောက်ခဲ့ရောက်ခဲ့ လာလည်ကြပါနော်။ အသားမည်းမည်းနဲ့ ရွှေညာသားလေးက အမြဲကြိုဆိုလျက်ပါဗျာ…။

 
အားလုံးသော ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဆောင်ရွက်ဖွယ်ကိစ္စအ၀၀ အဆင်ပြေချောမွေ့ကြပါစေလို့ ရွှေညာသားလေးက ဆုတောင်မေတ္တာပို့သခဲ့ပါတယ်ဗျာ…။




ဘိုင့် ဘိုင်...