ကျုပ်တို့ရွာဘက်မှာတစုံတယောက်ကိုအစားအစာမြည်းခိုင်းလို့မစားချင်ဘူးငြင်းရင်ကိုယ့်အစားအစာကောင်းကြောင်းအာမခံတဲ့အနေနဲ့မြည်းကြည့်စမ်းပါ"မောင်ကြိုင်တတို့" ဖြစ်သွားမယ်ဆိုပြီးပြောကြတယ်။ဆိုလိုတာကတော့မြည်းစားပြီးသွားရင်စားကောင်းလို့တတို့လောက်ပေးပါအုံး တတို့လောက်ပေးပါအုံးနဲ့ထပ်ထပ်တောင်းလို့ကုန်သာကုန်ရောတတို့ကမပြီးဘူးလို့ပြောချင်တာ။ အဲဒါကြောင့် အစားအစာကို မြည်းကြည့်မယ်ပြောရင်"မောင်ကြိုင်တတို့" တော့မလုပ်နဲ့လို့ နောက်ပြောင်ကြတယ်။ အခုအညာသားလည်း ဒီဍရင်ကောက်ရွက်ကို မောင်ကြိုင်တတို့ ဖြစ်နေတာ ၂ နှစ်လောက်ရှိပြီ။ ရောက်ခါစတုန်းကတခါစားကြည့်တာ စားပြီးတော့ လျှာထူသလိုမျိုးခံစားရလို့ မဝယ်စားဖြစ်တော့ဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှထပ်ဝယ်ပြီးကိုယ်တိုင်ကြော်စားတော့စားလို့ကောင်းသလို မျက်စေ့အတွက်လည်းကောင်းတယ်လို့ စာထဲဖတ်ရတာနဲ့တွေ့တိုင်းဝယ်တဲ့အဆင့်ထိကို ရောက်သွားတာပဲ။ထော်ကိုင်း တွေကတော့ အများအားဖြင့်သုပ်စားကြတယ်။အုန်းသီခြစ်နဲ့သုပ်တာလည်းတွေ့ဖူးတယ်၊ ပုစွန်နဲ့ကြော်တာလည်း ရှိတယ်။ပြုတ်ပြီးတော့တို့စရာအဖြစ်လည်းစားကြတယ်။ကျုပ်ကတော့ကြော်စားတာများတယ်။ပြုတ်ပြီးတော့ မြေပဲဆံလှော်ထောင်း ကြက်သွန်ဖြူဆီချက် ကြက်သွန်နီပါးပါးလှီးတာနဲ့သုပ်စားလို့လည်းကောင်းတယ်။အခုနောက်တမျိုးကတော့ အရွက်ကိုသန့်စင်ပြီးအနေတော် အရွယ်အစားရအောင်ကပ်ကြေးနဲ့ညှပ်ဆန်မှုန့်ပဲမှုန့်ရောဆားအရသာမှုန့်ထည့်နယ်ပြီး အရွက်သပေါင်းကြော် ကြော်စားတာကို ခံတွင်းတွေ့နေတယ်။ အခြားအကြော်တွေကြော်သလိုမျိုး ဆီအများကြီးနဲ့ကြော်တာမဟုတ်ဘဲ ဒယ်အိုးကိုဆီနည်းနည်းသုပ်ပြီး သမအောင်ရောနယ်ထားတဲ့ မုန့်နှစ်နဲ့အရွက်အရောအနှောကို ဒယ်အိုးထဲဖြန့်ထည့် မီးအေးအေးလေးနဲ့အဖုံးအုပ်ပြီးကြော်တာ ၅ မိနစ်လောက်ဆိုအထက်အောက်လှန်ပေးပြီး နောက်ထပ် ၅ မိနစ်လောက်ဆိုရင်ကျက်ပြီ။ တချပ်ချင်းစီကြော်လို့လည်းရတယ်။ကျုပ်ကတော့ ဆီအများကြီးနဲ့မကြော်ချင်လို့ ဒီနည်းနဲ့လုပ်စားတာပါ။ မန်ကျည်းမှည်ချဉ်ရည်လေးနဲ့တွဲစားရင် အရမ်းစားလို့ကောင်းပါတယ်။ ထမင်းနဲ့စားလို့လည်းရတယ် ရေနွေးကြမ်းနဲ့မြည်းလို့လည်းကောင်းတယ်။
အရွက်ပုံစံ https://encrypted-tbn0.gstatic.com/images?
https://encrypted-tbn0.gstatic.com/images?
အညာဘက်မှာတော့ဒီအရွက်ကိုမတွေ့ဖူးဘူး၊ ရေမပြတ်တဲ့ရိုးနက်တောတွေမှာတော့ဆင်တူတဲ့အပင်မျိုးတွေ မြင်ဖူးပေမဲ့ စားလို့ရတဲ့အမျိုးအစားမဟုတ်ဘူးထင်တာပဲ။ သူကလည်းအမျိုးအစားကွဲတွေရှိသေးတယ်။ မှတ်မှတ်ရရ ရန်ကုန်မှာတုန်းက လှည်းတန်းဈေးထဲမှာ "ဍရင်ကောက်"ရွက် ကင်ဆာပျောက်တယ်လို့အော်ပြီး ရောင်းနေတာတွေ့ဖူးတယ်။ ကိုယ်ကအပင်တို့ အသီးအရွက်တို့ဆိုရင် စိတ်ဝင်စားလို့သွားကြည့်မိတာကနေ နာမည်ကိုမှတ်မိနေတာ ဒီမှာတော့ พักกูด (ဖတ်ကု့) လို့ခေါ်တယ်တဲ့။ သူ့ရဲ့အာဟာရနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အေအိုင်ကို မေးထားတာလေးပဲ အောက်မှာထည့်ပေးလိုက်ပါတယ်။
🌿 ผักกูด ရဲ့ အာဟာရနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ
၁။ သွေးအားနှင့် သွေးနီဥဖွဲ့စည်းမှုကို အထောက်အကူပြုနိုင်ခြင်း
သံဓာတ် (Iron) ပါဝင်ပါတယ်။
သွေးနီဥဖွဲ့စည်းမှုအတွက် အထောက်အကူပြုနိုင်ပါတယ်။
Folate နဲ့ အခြားအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။
၂။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
အမျှင်ဓာတ် (Dietary Fiber) ပါဝင်ပါတယ်။
ဝမ်းမှန်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။
အူလမ်းကြောင်းကျန်းမာရေးအတွက် အကျိုးရှိနိုင်ပါတယ်။
၃။ ကိုယ်ခံအားစနစ်အတွက် အထောက်အကူပြုခြင်း
Vitamin C နဲ့ အခြားအာဟာရဓာတ်တွေ ပါဝင်ပါတယ်။
ကိုယ်ခံအားစနစ် ပုံမှန်အလုပ်လုပ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
၄။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်း
Flavonoids
Polyphenols
Tannins
ဒီဓာတ်တွေဟာ Antioxidants အဖြစ် လုပ်ဆောင်နိုင်ပြီး ဆဲလ်တွေကို Oxidative Stress ကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးနိုင်တဲ့ အလားအလာရှိပါတယ်။
အညာသားကိုယ်တွေ့နဲ့မောင်ကြိုင်တတို့ဖြစ်နေတဲ့အချက်ကတော့ ဝမ်းမှန်တာကြောင့်လည်းပါတယ်။ သူ့စားပြီးနောက်နေ့အိမ်သာတက်ပြီဆိုရင် အူ ဆေးသလိုမျိုးဝမ်းတွင်းအညစ်အကြေးတွေကိုရှင်းပစ်သလိုမျိုးခံစားရတယ်။သူကအမျှင်ဓာတ်များတော့အူထဲမှာအမှိုက်လှည်းသလိုမျိုးလုပ်တာထင်တယ်။ ဝမ်းကိစ္စကိုချောချောချူချူဖြစ်စေတယ်။အဲဒီဟာကတော့တကယ်ကို လက်တွေ့အကျိုးကျေးဇူးပါ။ တခြားဝမ်းမှန်စေတဲ့အသီးအရွက်တွေ လည်းရှိပေမဲ့ ဍရင်ကောက်ရွက်စားတာလောက် အူရှင်းတယ်လို့မခံစားရဘူး။ ဈေးသွားရင်တော့ တွေ့တိုင်းဝယ်ဖြစ်တယ်။ ဘယ်လောက်ထိလဲဆိုရင် ရောင်းတဲ့ဈေးသည်အန်တီနဲ့ကိုမိတ်ဆွေဖြစ်နေပြီ။ကိုယ်ကအဲဒီအရွက်ကို မြင်ရင်ဝမ်းသာအားရနဲ့အမြဲတမ်းဝယ်လို့ သူများထက်လည်းဈေးလျှော့ပေးတယ်။ အခုနောက်ပိုင်းတော့ ဈေးကို ရောက်ရင် ဖတ်ကု့ရွက် အရင်ဆုံးရှာရတာအကျင့်ဖြစ်နေပြီ။ အသီးအရွက်ကြိုက်တဲ့သူဆိုပေမဲ့ အခုလိုစွဲစွဲမြဲမြဲတွေ့တိုင်းဝယ်ဖြစ်တာကတော့ ဒီအရွက်ဟာ ပထမဆုံးပါပဲ။ အလုပ်ကထော်ကိုင်းတွေကပါ မြန်မာပုံစံနဲ့သုပ်တာ ကိုစားကောင်းလို့ သူတို့ခဏခဏမေးတယ်။ ဒီအရွက်က ရာသီအလိုက်ပဲရတာထင်တယ်လို့ အရွက်ပေါတဲ့အချိန် သုပ်ကေွျးမယ်လို့ ပြောထားရတယ်။
(၇) ရက်သားသမီးအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။ အညာသားဆီကိုလာလည်ရင်း ခဏတာပဲဖြစ်ဖြစ် စိတ်အပန်းပြေမှုလေးရတယ်ဆိုရင်ကျေနပ်ပါတယ်။ လာလည်တဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လေးစားမှုဖြင့်
ရွှေညာသား
၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်၊ အင်္ဂါနေ့
















