အလုပ်ကထော်ကိုင်းတွေကြားထဲမှာ မြန်မာအစားအစာတွေမိတ်ဆက်ရင်းနဲ့တဖြည်းဖြည်း ကိုယ့်လက်ရာကို သူတို့ကြိုက်သွားကြပြီထင်တယ်။ ပထမဆုံးပုစွန်ခြောက်ဘာလချောင်ကြော်စပြီးကျွေးလိုက်တာအခုနောက်ပိုင်း ဘာချက်ချက်ကို အားပေးတော့တာပဲ။ အရင်တုန်းကနေ့လယ်စာထမင်းစားကြရင် သူတို့ကဆိုင် delivery နဲ့မှာစားကြတာ၊ ကိုယ်က ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်ဆိုတော့ အတူတူထိုင်စားဖြစ်ရင်တောင် ကိုယ့်ဟင်းရဲ့အနံ့ကိုသူတို့အတွက် အနှောက်အယှက်ဖြစ်မှာစိုးလို့ အတတ်နိုင်ဆုံး ခပ်ခွာခွာထိုင်ပြီးတော့ စားတယ်။ တခါတော့ ကိုယ့်ဆရာမက ထမင်းစားနေကြတုန်းမြင်သွားပြီး ဘာလို့ကျန်တဲ့သူတွေနဲ့နီးနီးကပ်ထိုင်ပြီးမစားတာလဲလို့မေးတယ်။ ဟင်းအနံ့ မတူတော့ သူတို့ကို အားနာလို့ပါလို့ဖြေလိုက်တယ်။ တကယ်တော့ ကိုယ်စားတာက အသားငါးဟင်းမဟုတ်ဘူး အသီးအရွက်ဟင်းကများတယ်။ ပုစွန်ခြောက်ဘာလချောင်ကြော် ကျွေးပြီးနောက်ပိုင်းတော့ မြန်မာဟင်းအရသာကိုသူတို့ကြိုက်သွားပြီမို့ ကိုယ်လည်းသူတို့ကြားထဲဝင်ထိုင်ပြီးစားဖြစ်တော့တယ်။ ကိုယ်မှတ်မိသလောက် ငါးပိရည်တို့စရာ၊ သရက်သီးငါးပိချက်၊ ကြက်သားနဲ့သင်္ဘောသီး၊ ကြက်ဟင်းခါးသီးပုစွန်ခြောက်ကြော်၊ ခရမ်းချဉ်သီးချက်၊ ပဲသီးသုပ်၊ လဘက်သုပ်၊ မုံညှင်းခါးအချဉ်ရည်သောက်၊ ငါးလေးခြောက်ငရုတ်သီးစပ်ကြော်၊ မုန့်ဟင်းခါး၊ ခရမ်းသီးသုပ်၊ တို့ဟူးသုပ်နဲ့ ဝက်သားလဘက်ဟင်းနဲ့ သရက်ချဉ်သုပ်တို့ပါပဲ။
အဲဒီဟင်းတွေထဲက သူတို့ခဏခဏတောင်းဆိုတာက ပုစွန်ခြောက်ဘာလချောင်ကြော်၊ ခရမ်းချဉ်သီးချက်၊ လဘက်သုပ်၊ ငါးပိရည်ကျို၊ မုန့်ဟင်းခါး၊ ခရမ်းသီးသုပ်နဲ့ သရက်ချဉ်သုပ်ပေါ့။ ပုစွန်ခြောက်ဘာလချောင်ကတော့ ပုစွန်ခြောက်ရတဲ့အခါမှပဲ ကြော်ပေးဖြစ်တယ်။ ခရမ်းချဉ်သီးချက်ကတော့ သူတို့က ခရမ်းချဉ်သီးဝယ်ဝယ်လာပေးလို့ မကြာခဏဆိုသလိုကို ချက်ပေးရတယ်။ သူတို့ သင်္ဘောသီးထောင်းထဲကိုထည့်တဲ့ ခရမ်းချဉ်သီးအသေး လေးတွေကို ငါးပိမထည့်ဘဲ ငံပြာရည်လေးနဲ့ ကြက်သွန်ဖြူငရုတ်သီးလေးထောင်းအုပ်ပြီးချက်တာ။ ရွာချက်ပဲ ခေါ်ရမှာပေါ့။ ရွာမှာတုန်းကတော့ ငါးပိထည့်ချက်တာများတယ်၊ ခရမ်းချဉ်သီး ငါးပိချက်လိုမျိုးလည်း ငါးပိပေါက်ပေါက်မဟုတ်ဘူး ပုံမှန်ခရမ်ချဉ်သီးချက်အနေအထားပေါ့။ ဒီမှာက ငံပြာရည်ကောင်းလို့ ငါးပိမသုံးဘဲ ငံပြာရည်နဲ့ချက်တာ။ သူတို့က စားကောင်းလို့သဘောကျပြီဆိုရင် ဘာတွေပါလဲမေးတယ် ပါဝင်ပစ္စည်းပြောပြ လိုက်ရင် သူတို့သိတဲ့ဟာ ဝယ်လာပေးတော့တာပဲ။
မုန့်ဟင်းခါးချက်ကျွေးတုန်းကလည်း ငှက်ပျောအူမရလို့ ကြာရိုးနဲ့ချက်ပေးတာ စားကောင်းလို့ ပြောမပြီးဘူး နောက်လည်းချက်ကျွေးအုံး လိုအပ်တာ သူတို့ဝယ်ပေးမယ်ပြောတာ ငှက်ပျောအူရတဲ့အခါမှ ချက်ကျွေးမယ်လို့ ပြောထားတယ်။ "ခနုံမ်ကျင်း" လို့ခေါ်တဲ့ သူတို့ မုန့်ဟင်းခါးက ဟင်းသုံးလေးမျိုး အသီးအရွက်များများနဲ့ စားရတာ အရသာက လုံးဝကိုမတူဘူးဆိုတာကို သူတို့လည်းသိတယ်။ ပဲကပ်ကြော်ကိုလည်း ကိုယ်တိုင်ကြော်တာလို့ ပြောတော့ အံ့ဩနေတာ ဒီလိုကြွပ်ကြွပ်လေးနဲ့အဆင်ပြေဖို့က အချိန်အဆ တော်တော် ကိုကျွမ်းကျင်မှရမှာနော်တဲ့။ ငါ့အတွက်ကတော့ ဝါသနာပါတာမို့ သိပ်ပြီးမခက်ခဲပါဘူးလို့။ လဘက်သုပ်ကိုလည်း အားလုံးပြင်ဆင်ယူလာပြီး ထမင်းစားခါနီးမှ သူတို့ရှေ့မှာပဲ တခုချင်းစီထည့်ပြီး သုပ်ပေးတာ။ အဲဒီတခါတုန်းကတော့ ကိုယ့်ဆရာမလည်း ထမင်းအတူတူလာစားတာနဲ့ကြုံလို့ မြည်းကြည့်ခိုင်းတာ စားလို့ကောင်းတယ်ဆိုပြီး တယောက်တဇွန်းလှည့်ပြီးစားလိုက်ကြတာ သူတို့ဝိုင်းကိုထည့်ပေးတဲ့ လဘက်သုပ် တပန်းကန်ကုန်တာပဲ။ ချက်ပြုတ်သူတို့အတွက် ကိုယ်ချက်တာက စားလို့ကောင်းတယ်ဆိုရင် ပျော်ရွှင်ရတဲ့ခံစားမှုက ဘာနဲ့မှဖော်ပြလို့မရဘူး။ သူတို့က စားလို့ကောင်းတယ်ပြောလေ ကိုယ်ကချက်ကျွေးချင်လေနဲ့ အဆင်ကိုပြေနေတာပဲ။ အခုနောက်ပိုင်းတော့ ထမင်းစားကြပြီဆို ကိုယ့်ဟင်းဗူးကိုပဲ အာရုံပြုနေကြတာ၊ နောက်ပြီးတော့ ကိုယ်စားသမျှကလည်း အသီးအရွက် ဟင်းတွေချည်းပဲ သူတို့ဆီမှာရတဲ့အသီးအရွက်တွေကိုပဲ ကိုယ့်မြန်မာအရသာနဲ့ ပြင်ဆင်ချက်ပြုတ်စားတာမို့ သူတို့စိတ်ဝင်စားတာလည်းပါတယ်။
ခရမ်းသီးသုပ်ကိုလည်း ကိုယ့်ဘာသာပဲ စားချင်လို့ ဒယ်အိုးနဲ့မီးဖုတ်ပြီးသုပ်စားတာ။ ထမင်းဝိုင်းမှာ သူတို့ကို မြည်းကြည့်ခိုင်းတော့ စားကောင်းလို့ နောက်ရက်ကျ ခရမ်းသီးတွေဝယ်လာပြီး သုပ်ခဲ့ပေးပါအုံးတဲ့။ ကိုယ်ကလည်း အစားအစာတခုခုဆို စိတ်ကူးရတာနဲ့ ကိုယ်ထင်သလို ဖန်တီးတာမျိုး။ ခရမ်းသီးကို ဘယ်လိုမီးဖုတ်လဲ မလွယ်ဘူးနော်တဲ့ ဟုတ်တယ်ငါက ဒယ်အိုးနဲ့ထည့်ပြီးမီးဖုတ်တာဆိုတော့ ပါးစပ်အဟောင်သားနဲ့ အဲ့လိုလုပ်လို့ရ လားတဲ့ ဒီလိုပဲ မီးသွေးမီးဖိုမရှိတော့ ရအောင်ဖန်တီးရတာပေါ့လို့။ နောက်တခုက သရက်ချဉ်ကို မုံလာထုပ်နဲ့သုပ်တာ။ ကိုယ်သတိထားမိသလောက် သူတို့တွေက သရက်သီးကို အချဉ်ဆိုရင် အစိမ်းသုပ်စားတာပဲများတယ်။ အရမ်းချဉ်တဲ့ သရက်သီးနုနုဆိုရင် သကြားရည်နဲ့အချိုစိမ်ထားတာ။ မြန်မာပြည်မှာလို သရက်ချဉ်မရှိဘူး။ ကိုယ်ကတော့ သရက်သီးအချဉ်သီးရတဲ့အခါဆို ကိုယ့်ဘာသာ သရက်ချဉ်သိပ်ထားတာ။ အဲဒီဟာလည်း မရည်ရွယ်ဘဲ သူတို့ကို မြည်းကြည့်ခိုင်းတာကနေ စားလို့ကောင်းလို့ သရက်ချဉ်ကို စားနေရင်းနဲ့ စူးစမ်းကြတာ တချို့က သခွားသီးချဉ်လို့လည်း ပြောကြ၊ တချို့ကမုံလာချဉ်လို့လည်းပြောကြ သူတို့ချင်း ငြင်းကြခုံကြနဲ့ သရက်သုပ်သာ ကုန်သွားတယ် အဖြေမရကြဘူး။ နောက်ဆုံးမှ ကိုယ့်ကိုလာမေးလို့ သရက်ချဉ်လေ မင်းတို့ဆီမှာမရှိဘူးလို့။ ဘယ်ကရတာလဲတဲ့ ငါကိုယ်တိုင်လုပ်ထားတာဆိုတော့ မျက်လုံးတွေပြူးပြီး တကယ်လားတဲ့။ တော်လိုက်တာ ဒီမှာ ထမင်းဆိုင်ဖွင့်လို့ရပြီ ဆိုင်ဖွင့်တောလို့ဝိုင်းပြောကြတယ်။ အဲဒီသရက်ချဉ်သုပ်တဲ့နေ့က ဝက်သားနဲ့လဘက် ချက်လာတာ ကိုယ့်အတွက်လည်း ပထမဆုံးချက်ဖူးတာပဲ အသားဟင်းတွေသိပ်မစားပေမဲ့ လဘက်ရှိတော့ ဝက်သားနဲ့လဘက်စမ်းချက်ကြည့်အုံးမှဆိုပြီး ချက်တာက အရသာကို ကိုယ်တိုင်လည်းတော်တော် အဆင်ပြေလို့ သူတို့အတွက်ထည့်သွားတာ။ နေ့လယ်စာ စားတော့ ဝက်လဘက်ဟင်းဗူးပေးပြီး သူက အဆိမ့်အရသာဆိုတော့ အချဉ်လေးနဲ့တွဲစားတာက ပိုပြီးအရသာရှိတယ်။ ဒီသရက်ချဉ်သုပ်နဲ့တွဲစားဆိုပြီးပေးလိုက်တာ ဝက်လဘက်ကိုလည်းစား သရက်ချဉ်သုပ်ကိုလည်းစား အရသာတွေ့ပြီးတော့ နှစ်မျိုးလုံး စားလို့ကောင်းလို့ လက်မတွေတထောင်ထောင်နဲ့ပေါ့။ သရက်ချဉ်ကို မုံလာထုပ်၊ ကြက်သွန်နီ ငရုတ်သီးစိမ်းအပြင် ပူစီနံလေးပါ ရောပြီးသုပ်ထားတော့ ဝက်သားလဘက်ဟင်းနဲ့ တကယ်ကိုအစပ်တည့်နေတာ၊ ကိုယ်တိုင်းလည်းတော်တော်ကို သဘောကျ တဲ့ဟင်းစပ်ပါပဲ။
ကိုယ့်အကျင့်က ဟင်းချက်ဖို့ဝယ်တဲ့အခါ အခါသူနဲ့တွဲမည့် ဟင်းစပ်ကိုပါတခါတည်းစဉ်းစားပြီးဝယ်တယ်။ အချိုချက်မယ်ဆို သူနဲ့လိုက်ဖက်မည့်ဟင်းစပ် အချဉ်ကဘာရှိမလဲ၊ အချဉ်ချက်မယ်ဆို သူနဲ့စပ်မည့် အငန်၊ အစပ် အချို ဘာနဲ့တွဲမလဲ စသဖြင့်ပေါ့။ အသီးအရွက်ဟင်းပေမဲ့ ဟင်းစပ်တည့်တော့ အသားဟင်းမပါလည်း စားလို့ကောင်းနေတာ။ ဝက်သားနဲ့မျှစ်ချဉ်ချက်ရင် အညာငရုတ်သီးဆားထောင်းလေးနဲ့လိုက်ဖက်တယ်။ အချဉ်ရည်သောက် ချက်ရင် ငါးခြောက်ငရုတ်သီးစပ်ကြော်လေးနဲ့ တွဲမိတယ်။ ကျန်တဲ့နေရာမှာတော့ ဖန်တီးမှုက အဲ့လောက်မစွမ်းဘူး ဟင်းချက်တဲ့နေရာမှာတော့ ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့်ယုံကြည်တယ်။ သူစိမ်းပင်ဖြစ်စေကာမူ ကိုယ်လက်ရာ တခါစားပြီးရင် ထပ်စားချင်သူများတယ်။ မှတ်မှတ်ရရ ဖိလစ်ပိုင်မှာတုန်းက မွေးနေ့ပွဲလုပ်တော့ ကြာဇံဟင်းခါးချက်ကျွေးတာ၊ သံရုံးကအသိတယောက်ကိုလည်း ခင်နေတာမို့ ဖိတ်လိုက်တာ သူ့အိမ်မှာအလုပ်လုပ်တဲ့ ဖိလစ်ပိုင်မလည်းပါလာတယ်။ သူကလည်း မြန်မာထမင်းဟင်းကို ကြိုက်တဲ့သူဖြစ်တော့ မြန်မာတွေကို ခင်နေတာ။ ကျွေးတာက ကြာဇံဟင်းခါး လာတဲ့ဧည့်သည်က ကိုယ့်လက်ရာကို စားဖူးထားတော့ ထမင်းလည်းစားချင်တယ် ဘာဟင်းရှိလဲလို့မေးတာနဲ့ နေ့လယ်စာတုန်းကချက်ထားတဲ့ ကြက်ဟင်းခါးသီးနဲ့ငါးနီတူခြောက် ဟင်းရှိတယ်ပြောတော့ အဲဒါဆို သူကြိုက်တယ် ထမင်းနဲ့ ကြက်ဟင်းခါးသီးဟင်းထည့်ပေးခိုင်းတာနဲ့ ထည့်ပေးလိုက်တယ်။ ဖိလစ်ပိုင်မကိုလည်း မြည်းခိုင်းတော့ ကြက်ဟင်းခါးသီးဟင်းကို သဘောကျပြီး သူ့လည်း ထမင်းပေးပါလို့ တောင်းရော။ ထမင်းခူးပေးတော့ ကြက်ဟင်းခါးသီးဟင်းကိုစားလိုက်တာ ပြောင်ရော။ ပြီးတော့ ဟင်းချက်နည်း ပါသေချာမေးသွားသေးတယ်။ အစားအစာနဲ့ပတ်သက်ရင်တော့ အမှတ်ရစရာတွေအများကြီးပါပဲ။ ရုရှားနိုင်ငံကို ရောက်တော့ ကျောင်းကြီးမတက်ခင် ကျောင်းကနေဖွင့်ထားတဲ့ နိုင်ငံခြားကျောင်းသားများ ပြင်ဆင်ရေးစင်တာမှာ ၁ နှစ်လောက်တက်ရတယ်။ အဲဒီမှာ ရုရှားဘာသာစကားအပြင် ဘာသာရပ်ဆိုင်ရာအခေါ် အဝေါ်နဲ့ အခြေခံတွေကို တက္ကသိုလ်မဝင်ခင် လေ့ကျင့်ပေးတာ။ ရောက်ရောက်ချင်း ရုရှားဘာသာစကား အဆင့်ခွဲဖို့ စာမေးပွဲ စစ်တော့ ရေးဖြေ၊ နှုတ်ဖြေ ဖြေရတယ်။ နှုတ်ဖြေဖြေဖို့ ကိုယ့်အလှည့်မှာ မေးတဲ့ဆရာမကြီးက ကျောင်းရဲ့ အုပ်ချုပ်ရေးပိုင်းမှာပါတဲ့ ရာထူးကြီးကြီး ဆရာမကြီး ကိုယ်ပြောရမည့် ခေါင်းစဉ်ကို ရှေ့မှာစာရွက်လေးတွေစီပြီးမှောက်ထားတာ ကိုယ်ကြိုက်တဲ့တခုယူ ပါလာတဲ့ခေါင်းစဉ်ကိုကြည့်ပြီး သူတို့ကို ရုရှားလိုပြောပြရတာ။ တိုက်ဆိုင်ချင်တော့ ကိုယ်ရွေးလိုက်တဲ့ စာရွက်က မြန်မာအစားအစာတခုအကြောင်းကိုပြောပြပါတဲ့။ ကိုယ့်ဝါသနာအိုးကို တုတ်နဲ့လာထိုးတဲ့မေးခွန်းဆိုတော့ ရုရှားလိုကလည်း အခြေခံရထားပြီးသားမို့ မြန်မာမုန့်ဟင်းခါးအကြောင်းကို ဟင်းရည်ချက်တာကနေ နောက်ဆုံးစားလို့ရတဲ့အထိ အဆင့်ဆင့် ကိုယ်နားလည်သလို ပြောသွားလိုက်တာ နားထောင်တဲ့ ဆရာမကြီး ပါးစပ်တပြင်ပြင်နဲ့ တွံတွေးမျိုချနေတာ ခဏခဏ။ သူက မြန်မာပြည်ကို မရောက်ဖူးဘူး သူ့ဘေးကဆရာမက မြန်မာပြည်ရောက်ဖူးတော့ မုန့်ဟင်းခါးစားဖူးတယ်။ သူပြောသလိုဟုတ်သလားပေါ့ အဲဒီဆရာမက ဟုတ်တယ် မြန်မာလူမျိုးတွေရဲ့ အရမ်းကြိုက်တဲ့ အစားအစာပဲဆိုတော့ ငါလည်းစားကြည့်ချင်တယ်လို့ ပြုံးပြုံးကြီးသူတို့ချင်း ပြောပြီး ကိုယ့်ကိုသွားခွင့်ပေးလိုက်တယ်။ ကျန်တဲ့ခေါင်းစဉ်ဆိုရင် အဲလောက် ပြောချင်မှပြောနိုင်မှာ ကိုယ့်ဝါသနာနဲ့ကိုက်ညီတဲ့ခေါင်းစဉ်ဆိုတော့ ပြောလို့ကောင်းလိုက်တာ ပြောနေရင်း သွားရည်တများများနဲ့ပေါ့။ အညာသားတို့က အစားအစာနဲ့ပတ်သက်ရင် သူများကို အပြောနဲ့တင် သွားရည်ကျအောင် လုပ်နိုင်ပါတယ်လို့။ ရေးရင်းနဲ့ စပ်မိလို့အတိတ်ကအမှတ်တရလေးတွေပါ ထည့်လိုက်တာ။ အခုတော့ ဘာကျွေးကျွေး "အလွိုင်းမာ့က်မာက့်" လုပ်တတ်တဲ့ ထော်ကိုင်းတွေကြားမှာ အတိတ်နဲ့အနာဂတ်တွေကို မေ့ထားပြီး ပစ္စုပ္ပန်နေ့ရက်တနေ့ချင်းစီကိုပဲ အာရုံပြုလို လုပ်သင့်တာလည်းလုပ်ရင်း ဝါသနာပါရာကိုလည်းလုပ်ရင်း ကိုယ်စားတဲ့အထဲက တတ်နိုင်သလောက် အဟာရဒါနပြုလျက် ဘဝကို ရိုးရှင်းစွာနဲ့ဖြတ်သန်းနေပါတယ်ဗျာ။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။ အညာသားဆီကို လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
လေးစားမှုဖြင့်
ရွှေညာသား
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် (၃) ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက်၊ အင်္ဂါနေ့။

