Pages

Showing posts with label အညာမှာပေါက်တဲ့အပင်. Show all posts
Showing posts with label အညာမှာပေါက်တဲ့အပင်. Show all posts

Sunday, April 21, 2013

ဖရုံတစ်ပင်လုံး ဟင်းအသုံး...



ဖရုံပင်ကိုအညာမှာဟင်းချက်ပြုတ်စားသောက်ပုံလေးတွေပြောပြပါအုံးမယ်ဗျာ။
အပင်လေးတွေအကြောင်းလည်းမရေးတာကြာလို့ဂူဂယ်မှာအပင်ပုံလေးတွေ
လိုက်ရှာရင်းနဲ့ဖရုံပင်ပုံတွေတွေ့တော့အမေ့လက်ရာဖရုံရွက်နဲ့မျှစ်ဆတ်ဟင်းချို
လေးကိုသတိရမိတယ်ဗျ။အညာမှာကမိုးဦးကျပြီးလို့ဝါဆိုဝါခေါင်ဆိုရင်ပြောင်းဖူး
ခင်းတွေထဲမှာဖရုံရွက်လေးတွေခေါင်ချလို့ရပြီလေ။မိုးကောင်းရင်အနောက်တောင်
ရိုးမှာမျှစ်တွေကလည်းချိုးလို့ရပြီပေါ့။ဒီအချိန်မျိုးဆိုရင်ထွန်းရှဉ်းဖြုတ်တာနဲ့မီးဖိုချောင်
ကိုတန်းဝင်တာပဲ။အမေကလည်းသားတွေအကြောင်းအလိုက်သိတော့ထမင်းဝိုင်းကို
အဆင်သင့်ခူးခတ်ထားပေးတယ်။ယာထဲမှာအလုပ်လုပ်ရလို့ဘယ်လောက်ပင်ပန်းပန်း
အမေ့လက်ရာဟင်းလေးတွေကိုစားလိုက်ရရင်ဆီမပါသော်လည်းထမင်းမြိန်လှတယ်။

ယာကျဲဖို့သွားရင်မျိုးစေ့တောင်းထဲမှာဖရုံစေ့လေးတွေကရောလျက်အမြဲတမ်းပါစမြဲ။
ကိုယ့်ယာထဲမှာဟင်းသီးဟင်းရွက်ရှိထားတော့ကိုယ်ရောက်တဲ့အချိန်ခူးလို့အဆင်
ပြေတာပေါ့ဆိုပြီးအမေကထည့်ထည့်ပေးတာ။ ပြောင်းဖူးခင်းထဲဖရုံပင်သုံးလေးပင်
လောက်ထည့်ထားရင်ကိုယ့်မိသားစုဟင်းအိုးတော့ဝအောင်စားလို့ရတယ်ဗျ။


ဖရုံရွက်ကိုတော့ချက်လို့တစ်မျိုး၊ကြော်လို့တစ်သွယ်နဲ့ချက်စားကြတယ်။အများဆုံး
ကတော့ဟင်းချိုပေါ့။ပြောင်းဖူးဟင်းချိုထဲမှာထည့်ချက်ရင်းလည်းကောင်းတယ်။
မျှစ်ဆတ်၊ရုံပတီသီးလေးရောပြီးဟင်းချိုလေးချက်ရင်လည်းအတော်စားလို့ကောင်းဗျ။
သူ့တွဲဖက်ကတော့မန်ကျည်းသီးစိမ်းထောင်းလေးပေါ့။တခါတလေကံကောင်းရင်
ငါးပိကောင်မီးဖုတ်ထားတာလေးပါတတ်သေးတယ်။ငါးပိကောင်ကတော့ဆယ်ခါ့တစ်ခါ
စားရခဲပါတယ်။သူမပါလည်းထမင်းကမြိန်ပြီးသားဆိုတော့အရေးသိပ်မကြီးပါဘူး။



ဖရုံငုံနဲ့ဖရုံပွင့်ကိုတော့အချဉ်ရည်ဟင်းချက်တဲ့အထဲမှာထည့်ချက်ရင်စားလို့ကောင်းတယ်။
ဖရုံပွင့်နဲ့ဖရုံငုံများများရရင်တော့မန်းကျည်းသီးစိမ်းနဲ့ချဉ်စပ်လေးချက်စားရင်လည်း
ထမင်းမြိန်စေပါတယ်။ငယ်ငယ်တုန်းကတော့အမေဖရုံပွင့်သင်ရင်အထဲက၀တ်ဆံဝါ၀ါ
လေးတွေကိုယူပြီးတော့ခရမ်းချဉ်သီးဖုတ်တဲ့သံချောင်းမှာတခုချင်းစီသီပြီးတော့မီးခဲပေါ်
မှာဖုတ်စားခဲ့ဖူးတယ်။စားလို့ကောင်းတယ်ဗျ....။



ဖရုံသီးနုနုလေးတွေကိုတော့ဆီပူပူလေးမှာပါးပါးလှီးပြီးကြော်စားကြတယ်။မနက်အစော
ထမင်းကြမ်းစားရင်ပါတတ်တာမျိုးလေးပေါ့။နောက်ပြီးချဉ်ပေါင်ရွက်ဟင်းထဲမှာလည်း
ပါးပါးလှီးပြီးထည့်ရင်အချဉ်ထိန်းတယ်ဗျ။ဖရုံသီးပြာပက်တဲ့အရွယ်ဆိုရင်တော့သူ့ချည်းပဲ
ဟင်းချိုချက်စားလို့ကောင်းတယ်။ပဲငရှန်၊ဟင်းစားပဲစတဲ့ပဲသီးလေးတွေထည့်ပြီးချက်ရင်
လည်းစားလို့ကောင်းပါတယ်။ဒီဖရုံသီးဟင်းနဲ့လည်းမန်ကျည်းသီးထောင်းကတွဲဖက်စား
လို့အသင့်တော်ဆုံးပါပဲ။တချို့ကတော့မျှစ်ဆတ်၊ဖရုံသီးမထွေရီနည်းနည်း၊ရုံပတီသီး၊
ဖရုံရွက်အနည်းငယ်ထည့်ပြီးဟင်းချိုချက်စားကြတယ်။ဒါလည်းတစ်မျိုးစားကောင်းတာ
ပါပဲ။


ဖရုံသီးပြာပက်တစ်လုံးလောက်ကိုခွဲပြီးတော့အစေ့ထုတ်အခွံခွာကောက်ညှင်းဆန်လေးနဲ့
ရောပြီးဖရုံသီးမနှဲထိုးစားရင်လည်းအဆင်ပြေပါတယ်။အိမ်မှာတုန်းကဖရုံသီးပေါတဲ့အချိန်ဆို
အမေကညနေစာအတွက်ဖရုံသီးအနေတော်သုံးလုံးလောက်ကိုဆန်နို့ဆီဗူးသုံးဗူးခန့်နဲ့ရောပြီး
တော့တစ်အိမ်လုံးစာဖရုံသီးမနှဲထိုးကျွေးတတ်ပါတယ်။ဆီးဆမ်းပြီးစားရုံပဲမို့ဟင်းချက်စရာမလို
တော့ဘူးပေါ့။နောက်ပြီးတော့ဖရုံသီးမနုမရင့်အရွယ်(ပြာပက်ချိန်)မှာဖရုံသီးကိုပါးပါးလှီးပြီးတော့
မုန့်နှစ်နဲ့ဗူးသီးကြော်သလိုမျိုးကြော်စားရင်လည်းစားလို့ကောင်းပါတယ်။အရသာကချိုချိုလေးနဲ့
အချဉ်ရည်နဲ့တွဲစားရင်ဆွေမျိုးမေ့သွားမယ်။







ဖရုံသီးမှည့်ကိုတော့ရှစ်စိတ်ခွဲပြီးအစေ့ထုတ်အခွံပါရောပြုတ်လို့နေ့လည်နေ့ခင်းဘက်မှာ
အဆာပြေအဖြစ်နဲ့စားသုံးကြတာလည်းရှိပါတယ်။ဆီနဲ့ဆားကိုဖျော်ပြီးဖရုံသီးပြုတ်နဲ့တို့
စားရတာလည်းအရသာရှိမှရှိ။ဖရုံစေ့တွေကိုတော့အခြောက်ခံထားပြီးတော့တချို့ကို
နောက်နှစ်အတွက်စိုက်ပျိုးဖို့သိမ်း၊တချို့ကိုတော့အိုးကင်းပူပူမှာလှော်စားရင်ဖရုံစေ့လှော်
မွှေးမွှေးလေးစားလို့ရသေးတယ်။ဖရုံသီးကအညှာကိုတော့ဆီပုလင်းပိတ်ဖိုပအတွက်သုံး
သေးတယ်ဗျာ။ဖရုံတစ်ပင်လုံးကသုံးတတ်ရင်အများကြီးအသုံးဝင်တယ်နော်...
မသိသေးသူတွေအတွက်ဗဟုသုတပေါ့ဗျာ။ ဒီမှာဖရုံသီးတွေတွေ့တော့တွေ့တယ်ဒါပေမဲ့
အညာကဖရုံသီးလိုမျိုးမစေးတော့စားရတာတစ်မျိုးပဲ...။ ဖရုံသီးနှပ်ကိုပင်စိမ်းရွက်လေး
အုပ်ပြီးတော့စားရင်ဟင်းပိုလေးပါတယ်...။

နှစ်သစ်မှာအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ...။
မျိုးခန့်(စကားဝါမြေ)

 All photos from Google...

Wednesday, July 6, 2011

အညာက အင်ကြင်းပန်း

အပွင့်လေးတွေက ဒီလိုဝါ၀ါလေးတွေနဲ့ လှလှပပ

အပင်အကြောင်းလေးတွေ မရေးဖြစ်တာကြာပြီဗျာ။ ဒီနေ့တော့ ဂူဂယ်မှာလျှောက်လည်ရင်း ကျွန်တော်တို့ ရွာနားက တောင်ရိုးတွေပေါ်မှာပေါများစွာတွေ့ရတဲ့ အင်ကြင်းပန်းပုံလေးတွေ့မိလို့ ဗဟုသုတအဖြစ်နဲ့ရယ်၊ နှုတ်ဆက်တဲ့ပို့စ် တခုအဖြစ်နဲ့ တင်ပေးလိုက်ပါတယ်။ မြို့မှာ ခေါ်တဲ့အင်ကြင်းပန်းပုံကို မြင်ပြီးကတည်းက ဒီအင်ကြင်းပန်းပုံလေးတွေကို လိုက်ရှာကြည့်တာ မတွေ့ဘူး။ ဒီနေ့မှ သူရဲ့ရုက္ခဗေဒ နာမည်လေးတွေ့လို့ ဂူဂယ်မှာရှာလိုက်တော့ ပုံလေးတွေပါ တွေ့ရတယ်။ ၀မ်းသာလိုက်တာဗျာ။ မြို့မှာခေါ်တဲ့ အင်ကြင်းပန်းပွင့်က အကြီးကြီးတွေပဲ။
အပေါ်ကပုံလေးက အပွင့်ရယ် အရွက်ရယ် အသီးရယ်ပေါ့

 ဒါလေးတွေက အဖူးနဲ့အပွင့်ရောလျက်

 သဘာဝတရားကို မလွန်ဆန်နိုင်ရှာတော့ နောက်ဆုံးမှာ မြေခရတာကလည်း ဓမ္မတာပဲလေနော့...။

အခုကျွန်တော်ပြောတဲ့ အင်ကြင်းက အပွင့်သေးသေးလေးတွေနဲ့ နွေရာသီမှာ ပွင့်တာ။ တန်ခူး၊ကဆုန်လဆိုရင် ပွင့်တယ်။ ကျွန်တော်တို့ ဆီမှာတော့ နွေရာသီပူပူပြင်းပြင်းအချိန်ပေါ့။ အဲ့ဒီအချိန်ဆို တောင်ရိုးပေါ်မှာ တခြားအပင်တွေက အရွက်တွေကြွေကျ အင်ကြင်ပင်တွေက ပင်လုံးပြည့် အဖူးအပွင့်တွေဝေနေအောင်ပွင့်တယ်။ တောင်ရိုးပေါ်များရောက်ရင် အင်ကြင်းပန်းနံ့တွေ သင်းပျံ့နေတာပဲ။ ရွာမှာတုန်းကတော့ အင်ကြင်းပန်းပွင့်ချိန်ဆိုရင် တောင်ရိုးပေါ်ကို သူငယ်ချင်းတွေနဲ့ တောလည်ရင်း အင်ကြင်းပန်းတွေသွားသွားခူးတယ်။ ရွာရောက်ရင် ရွာဦးဘုန်းကြီးကျောင်းကို သွားလှူတယ်။ အိမ်တိုင်းက ဘုရားစင်မှာလည်း အင်ကြင်းပန်းတွေ ဝေနေအောင်တင်ကြတယ်ဗျ။ အပွင့်လေးတွေက အ၀ါရောင်လေးတွေနဲ့ ကြည့်လို့အတော်လေးလှတယ်။ အဖူးလေးတွေ ကလည်း တစ်မျိုးလှတာပါပဲ။ အနံ့ကလည်း မွှေးမှမွှေးပေါ့။
 ဟော့ဒီလို ကိုင်းတံကျဲကျဲလေးတွေကြားမှာ အရွက်မပါဘဲ အဖူးနဲ့အပွင့်တွေသာလျှင်ပွင့်တတ်တယ်ဗျ...။



ပါလာတဲ့အရွက်လေးတွေကလည်း ပန်းပွင့်တွေနဲ့အပြိုင်အ၀ါရောင်လေးတွေနော်...။

အင်ကြင်းသားကို လယ်ယာလုပ်ငန်းသုံး အသုံးအဆောင်တွေမှာ သုံးကြတယ်။ နွားထမ်းပိုးတုံး၊ လှည်းဝင်ရိုး စသဖြင့်ပေါ့။ ကျွန်တော် အင်ကြင်းပင်ကို ကောင်းကောင်းမှတ်မိနေတာကတော့ ရွာမှာတုန်းက အဒေါ်နဲ့ တောင်ရိုးပေါ်ကို နွားစာသွားခူးနေကျမို့ပါ။ ကျွန်တော်တို့ဆီမှာ မိုးဦးကျခါစ မြက်နုမပေါက်သေးခင်ဆို တောင်ရိုးပေါ်က သစ်ရွက်တွေကို ခူးပြီး ပြောင်းရိုးခြောက်၊ ကောက်ရိုးခြောက် စတာတွေနဲ့ ရောပြီးကျွေးကြတယ်။ အဲ့ဒီအချိန်ဆို တောင်ရိုးပေါ်မှာ အင်ကြင်းရွက်တွေကလည်း စိမ်းစိမ်းစိုစိုနဲ့ပေါ့။ တခြားအရွက်တွေရော အင်ကြင်းရွက်တွေပါ ရောပြီး ခူးရတယ်။
အပွင့်ပြီးတော့ အသီးလာတာကလည်း ဓမ္မတာ


ဒီပုံလေးကလည်း ကဗျာဆန်ဆန်နဲ့ လှနေသေးတယ်...။
မြေခနေတဲ့ အင်ကြင်းပန်းလေးတွေကလည်း တစ်မျိုးချစ်စရာဗျ...။

ဒါကတော့ မြို့ကခေါ်တဲ့ အင်ကြင်းပန်းပုံလေးပါ

အဒေါ်ကတော့ ကျွန်တော့်ကို အင်ကြင်းရွက်တွေပဲ အများဆုံး ခူးခိုင်းတယ်။ နောက်ပြီးပြောသေးတယ် အင်ကြင်းရွက်က နွားဝတယ်တဲ့လေ။ နွားတွေကလည်း အင်ကြင်းရွက်ကို အတော်လေး ကြိုက်တယ်ထင်ပါ့ဗျာ။ သစ်ရွက်စိမ်းတွေရောထားတဲ့ ပြောင်းရိုးခြောက်၊ကောက်ရိုးခြောက်တွေများ ကျွေးရင်း ထည့်လို့ကိုမနိုင်ဘူး။ သူတို့အတွက်လည်း လူတွေ ဟင်းကောင်းနဲ့ ထမင်းစားရသလိုမျိုးနေမှာပေါ့နော်။ ကဲ ပြောရင်းနဲ့ ရွာက တောင်ရိုးပေါ်ကိုတောင်ပြန်ရောက်ချင်ပြီဗျာ။ မသိသေးသူတွေ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး အညာက အင်ကြင်းပင်အကြောင်းလေး မျှဝေပေးလိုက်တာပါ။ ပုံ လေးတွေပါ ရှာရသလောက် တင်ပေးလိုက်တယ်။ ကြည့်ရှု့ခံစားပြီး အပန်းဖြေအလွမ်ဖြေသွားကြပါအုံးနော်...။

(All photos from Google images)

အားလုံးပဲ လာရောက်လည်ပတ်ကြတဲ့ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...။

Saturday, June 4, 2011

ဒန့်သလွန်ပင်

ဒန့်သလွန်ရွက်( photo from google)

အပင်တွေအကြောင်း မရေးဖြစ်တာလဲ အတော်လေးကို ကြားသွားပြီ။ ဒါကြောင့် ဒီတစ်ခါတော့ အညာမှာ ဟင်ချိုချက်စားလေ့ရှိတဲ့ ဒန့်သလွန်ပင် အကြောင်းလေး သိသမျှရေးသားပေးလိုက်ပါတယ်။

ဒန့်သလွန်အပွင့်နဲ့အသီး(photo from goole)
ဒန့်သလွန်ပင်က အစေ့ကိုစိုက်ပျိုးရတာပါ။ မိုးတွင်းမှာဆို အကိုင်းရင့်တာကို ခုတ်ပြီးတော့ စိုက်ရင်လည်း ရှင်သန်ပါတယ်။ အစေ့စိုက်တာလောက်တော့ မသေချာဘူးပေါ့။ နောက်ပြီး ဒန့်သလွန်ပင်က တခြားအပင်တွေလို သိပ်ပြီးမမာပါဘူး။ ကိုင်းဆတ်တဲ့ အပင်အမျိုးအစားမှာပါတယ်။ ဒါကြောင့် ဒန့်သလွန်ပင်ပေါ် တက်မယ်ဆိုရင် သတိထားပြီး တက်ရပါတယ်။ နောက်ပြီး ပင်စည်ကို ပိုးတွေကလည်း အတော်ကြိုက်ပါတယ်။


ကျွန်တော်တို့အညာဘက်မှာတော့ ဒန့်သလွန်ရွက်ကို ဟင်းချိုချက်စားကြတယ်။ ဒန့်သလွန်ပင်တစ်ပင်လောက် စိုက်ထားရင် မိသားစု ထမင်းဝိုင်းမှာ ဟင်းတစ်မယ်အတွက်တော့ အဆင်ပြေပါတယ်။ အသီးကိုတော့ ကျွန်တော်တို့ဆီမှာ ပဲကုလားဟင်းချက်ရင် ထည့်ချက်တယ်။ မြို့ပေါ်မှာကတော့ သီးစုံချဉ်ရည်ဟင်း၊ သီးစုံပဲကုလားဟင်း ချက်ရင်လည်း ထည့်ကြတယ်။ အဲ့ဒီဟင်းတွေကတော့ မြို့ပေါ်ကလူတွေ အများစု ချက်စားကြတဲ့ ဟင်းပါ။ တောမှာတော့ သီးစုံအောင်မထည့်နိုင်ဘူးလေ။ ဒါကြောင့် ဒန့်သလွန်သီးကို ပဲနဲ့ချက်တယ်။ အသီးရဲ့ အတွင်းသားတွေကို ဇွန်းနဲ့ခြစ်ပြီးတော့ ကြက်ဥနဲ့ကြော်စားတယ်။ အများအားဖြင့်တော့ အရွက်ကို ဟင်းချို ချက်စားကြပါတယ်။

သူလေး ဘာတွေရှာနေပါလိမ့်(photo from google)

နောက်ပြီးတော့ မီးဖွားခါစ သားသည်မိခင်တွေကို မီးတွင်းထဲမှာကတည်းက ဒန့်သလွန်ရွက်ဟင်း ချက်ကျွေးပါတယ်။ သူတို့အဆိုအရ ဒန့်သလွန်ရွက်က နို့ပေါစေတယ်လို ပြောပါတယ်။ ဆေးအသုံးမှာတော့ ဒန့်သလွန်ရွက်က သွေးတိုးကျဆေး အဖြစ်လည်း အလွန်အသုံးဝင်ပါတယ်။ သွေးတိုးရောဂါရှိတဲ့ သူတွေ ရုတ်တရက် သွေးတိုးလာရင် ဒန့်သလွန်ရွက်ကို ကြိတ်ပြီးရတဲ့ အရည်ကို သောက်ပေးလျှင် သွေးတိုးကျစေပါတယ်။

ဒန့်သလွန်ပွင့်(photo from google)
ဒန့်သလွန်အဖူး၊ အပွင့်လေးတွေကလည်း ဟင်ချိုးချက်သောက်ရင် ကောင်းပါတယ်။ ကျွန်တော်တို့ ရွာဘက်မှာတော့ ဒန့်သလွန်ပင်က အိမ်တိုင်းလိုလို ရှိတယ်။ သူရှိတာက ဟင်းလွယ်တယ်လေ။ နောက်ပြီး သူက အရွက်လည်း သိပ်ပြတ်တယ်မရှိဘူး။ နွေရာသီလောက်ပဲ အရွက်ကြွေတာ။ ကြွေပြီးရင် အရွက်နုပြန်ထွက်။ အဖူး၊အပွင့် ပွင့်ပြီး အသီးသီး။ ရှားရှားပါးပါး နွေရာသီမှာအရွက်ကြွေပြီး အရွက်နုပြန်ထွက်ခါစ အချိန်ဆိုရင် ဒန့်သလွန်ရွက် ဟင်းချိုက အတော်လေး စားလို့ကောင်းတယ်ဗျ။


မိုးရာသီဆိုရင်တော့ ဒန့်သလွန်ရွက်ကို ကျန်တဲ့ဟင်းရွက်တွေနဲ့ ရောပြီး ဟင်းချိုချက်စားပါတယ်။ ဆူးပုတ်ရွက်၊ပီလောရွက်၊ ဖရုံရွက် စတာတွေနဲ့ပေါ့။ နောက်ပြီး ဒန့်သလွန်သီးကို မြို့မှာ ငါးနဲ့အရည်သောက်ချက်စားတာ တွေ့ဖူးတယ်။ သီစုံပဲကုလားဟင်းတို့၊ သီးစုံချဉ်ရည်ဟင်းတို့မှာ ထည့်နေကျ ပါဝင်ပစ္စည်းတစ်မျိုးပေါ့။ ကျွန်တော်ကတော့ ဒန့်သလွန်သီးကို ကုလားပဲနဲ့ဟင်းချိုချက်တာ ကြိုက်တယ်။ နောက်ပြီး ဒန့်သလွန်သီး ကြက်ဥကြော်လည်း ကြိုက်တယ်။ အစေ့မနုမရင့်လေးတွေကို ၀ါးစားရတာ အတော်လေးဆိမ့်ပါတယ်။ မန်ကျည်းရွက်နုချိန်ဆိုရင် ဒန့်သလွန်သီးကို ခွဲပြီး အသားတွေကို ဇွန်းနဲ့ခြစ်၊ မန်ကျည်းရွက်နုလေးနဲ့ ရောပြီး ချဉ်ရည်သောက် ချက်စားရင်လည်း ထမင်းမြိန်ပါတယ်။ သူနဲ့တွဲဖက်ကတော့ ကြက်သွန်နီ ငရုတ်သီးထောင်းလေးပေါ့။ ကဆုန်နယုန် မိုးဦးကျခါစဆိုရင် အဲ့ဒီဟင်းက အိမ်မှာ အမေအမြဲချက်ကျွေးနေကျပေါ့။ မန်ကျည်းရွက်က ပေါတယ်လေ။ ဒန့်သလွန်သီးကတော့ အပင်မှာ တစ်တောင့်တစ်လေ ကျန်တာလေးနဲ့ပေါ့။ တချို့ကျတော့လည်း ကိုယ့်တစ်အိမ်တည်း စားလို့မကုန်တော့ ဒန့်သလွန်သီးကို အစည်းလေးတွေ စည်းပြီးတော့ တခြားရွာတွေကို သွားရောင်းကြတယ်။ 

ဒန့်သလွန်သီး (photo from google)
ဒန့်သလွန်ပွင့်လေးတွေကတော့ လှလည်းလှ၊ မွှေးလည်းမွှေးတယ်ဗျာ။ ဒန့်သလွန်ပင် ပွင့်တဲ့အချိန်ဆိုရင် လေတိုက်တိုင်း မွှေးနေတာပဲ။ ညအိပ်တဲ့အချိန် ပြတင်းပေါက်က တိုးဝင်လာတဲ့ လေပြေအေးအေးမှာ ဒန့်သလွန်ပန်းနံ့လေးကို ရှုရှိုက်ရင်း အိပ်ရတာလည်း တစ်မျိုးအရသာရှိတယ်ဗျ။ 


ဒန့်သလွန်ပင်နဲ့ ပတ်သက်ပြီး ဆေးအသုံးတွေ တော်တော်များများ ကျန်နေလောက်ပါသေးတယ်။ ကျွန်တော်ကတော့ အဖွားသွေးတိုးရင် ဒန့်သလွန်ရွက်ကို အရည်ညှစ်ပြီး တိုက်နေကျမို့ သွေးတိုးကျတာကိုပဲ ကောင်းကောင်းသိပါတယ်။ ကျန်တဲ့ဆေးနည်းလေးတွေ သိရင် မျှဝေပေးခဲ့ပါအုံး။ ဗဟုသုတပေါ့။ 

လာလည်းရင်းနဲ့ ဗဟုသုတလေးတွေ အနည်းငယ်မျှ ရသွားတယ်ဆိုရင် ကျေနပ်ပါတယ်။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ………။

Wednesday, April 6, 2011

ပန်းသီးထောင်း၊စွယ်တော်ရွက်နဲ့ ဖလန်ပင် ဘယ်လိုတော်စပ်သလဲ…


ပန်းသီးပင်
သူငယ်ချင်းတွေက ပြောကြတယ် မင်းတို့အညာကလူတွေက အစားအစာကို ကြံကြံဖန်ဖန် စားတတ်ကြတယ်တဲ့။ ကျွန်တော်ဒီကို ရောက်ခါစ ပန်းသီးတွေ သီးချိန် တစ်နေ့ကျောင်းကအပြန် ကားစောင့်နေရင်း ကားမှတ်တိုင် နားကပန်းသီးပင်ကနေ ပန်းသီးနုလေး တစ်လုံးကိုခူးပြီး ပါးစပ်နဲ့ကိုက်ကြည့်လိုက်တယ်။ပန်းသီးပင်ကိုပထမဆုံး မြင်ဖူးတဲ့ တောသားကျွန်တော့်အတွက် စူးစမ်းချင်တာကလည်း ပါတာ ပေါ့ဗျာ။အဲ့ဒါနဲ့ ပန်းသီးကို ကိုက်ကြည့်တော့ အရသာက ချဉ်စူးစူးနဲ့ အညာက သရက်သီးအစိမ်း အရသာမျိုးလေး ခံစားမိတယ်ဆိုရင်ပဲ မျက်စိထဲမှာ လုပ်စားဖို့အတွက်က ချက်ချင်း ပေါ်လာတယ်။ဒီလောက်ချဉ်တဲ့ ပန်းသီးအနု လေးတွေကို ထောင်းစားကြည့်ရင် မဆိုးလောက်ဘူးဆိုပြီး အစမ်းအနေနဲ့ လေးငါးဆယ်လုံးလောက်  လွယ်အိတ်ထဲ ခူးထည့်လာလိုက်ပါတယ်။

သိချင်စိတ်(စားချင်စိတ်)များနေလွန်းလို့ အဆောင်ရောက်တော့ အ၀တ်ကိုတောင် မလဲနိုင်ဘဲ ခူးလာခဲ့တဲ့ ပန်းသီးနုလေးတွေကို ငရုတ်သီး၊ကြက်သွန်ဖြူလေးနဲ့ ရောပြီး ထောင်းကြည့်ပါတယ်။ ခဏကြာတော့ ငရုတ်ဆုံထဲမှာ မသိရင်တော့ သရက်သီးစိမ်းထောင်းလေးလား ထင်ရတယ်။ တကယ်တော့ ပန်းသီးထောင်းပေါ့နော်။ အဲ့ဒီပန်းသီးထောင်းလေးနဲ့ ထမင်းပူပူလေးကို ဆီဆမ်းပြီး တွဲစားလိုက်တာ ချွေးတွေများဖြိုင်ဖြိုင်ကျလို့ဗျာ။ အထက်မှာပြောခဲ့တဲ့ စကားလေးက သူငယ်ချင်းတွေက အဲ့ဒီပန်းသီးထောင်း စားပြီး ကောက်ချက်ချတဲ့ စကားလေးပါ။ နောက်တော့ ကျွန်တော်အညာသား စည်းဖောက်လိုက်တာ ကျွန်တော်တို့နေတဲ့ မြို့တင်မဟုတ်ဘူး တခြားမြို့တွေက ညီအစ်ကိုမောင်နှမတွေဆီအထိ ပန်းသီးထောင်း သတင်းက ပြန့်သွားတယ်ဗျ။ ကျွန်တော်လည်း နောက်နေ့ကျတော့ ပန်းသီးတွေကို များများခူးပြီး အ၀ ထောင်းစားလိုက်တယ်။ မှတ်ကရော။
ပန်းသီးအစိမ်း

အဲ့ဒီကစလို့ ပန်းသီးမမှည့်ခင် စပ်ကြား မီးဖိုချောင်မှာ ပန်းသီးကို ထောင်းလို့တစ်သွယ်၊ ချက်လို့တစ်ဖုံ၊ ကြော်လို့တစ်မျိုး၊ အမျိုးမျိုး လုပ်စားကြတာ နောက်နှစ်ကျတော့ ပန်းသီးတွေ မသီးရဲတော့အောင်ပဲဗျာ။ပန်းသီးကလည်း စားလို့ ကောင်းသလား မမေးပါနဲ့။ အစိမ်းလေးတွေကို ခရမ်းချဉ်သီးလေးနဲ့ ရောချက်ရင် အညာက သရက်သီးစိမ်း ဟင်းလေးလား ထင်ရတယ်။ ချဉ်ချဉ်လေးနဲ့ စားလို့ကောင်းသဗျ။ ငါးပိလေးနဲ့ ကြော်စား တော့လည်း မရမ်းသီးကြော် လေးလိုလို စားရတာ ခံတွင်းအတွေ့သား။ ထမင်းစားတဲ့အခါ အချဉ်တစ်မယ် အတွက် မပူရတော့ဘူးပေါ့။ ငါးပိရည်ကျိုနဲ့ဆိုလည်း တို့စားလို့ကောင်းသေးတယ်။ ပန်းသီးနုလေးတွေကို လေးစိတ် စိပ်ပြီး ငံပြာရည်လေးရယ် ငရုတ်သီးမှုန့်လေးရယ်၊ ရောနယ်ပြီး သုပ်လိုက်ရင် သရက်သီးစိမ်းသုပ် (မိန်းခလေးတို့အကြိုက်) အတိုင်းပဲ အတော်စားလို့ကောင်းတယ်။

စွယ်တော်ပင်
ပန်းသီးထောင်းအကြောင်း ပြောနေတာနဲ့ ပေးထားတဲ့ ခေါင်းစဉ်ကိုတောင် မေ့နေပြီ။ အခုလည်း သူငယ်ချင်း တွေနဲ့ ငြင်းခုံရင်း ဒီပို့လေးရေးလိုက်တာပါ။ စစ်ကူ တောင်းတဲ့ သဘောပေါ့ဗျာ။ ကျွန်တော်အညာသား အမှန်အတိုင်း ပြောရရင် စွယ်တော်ပင်ကို မြို့ရောက်မှ စမြင်ဖူးတာ။ မှတ်မှတ်ရရ တက္ကသိုလ်ရောက်မှ ကျောင်းဝိုင်းထဲမှာ စတွေ့ဖူးတာပဲ။ အဲ့ဒီကတည်းက ရွာက တောထဲမှာရှိတဲ့ ဖလန်ပင်နဲ့ နှိုင်းယှဉ်ကြည့်နေမိတာ။“စွယ်တော်ရွက်ကလေးများလို နှစ်လွှာ ပေါင်းမှ တစ်ရွက်ဖြစ်ပါရစေ” ဆိုတဲ့စာသားကိုတော့ ရင်းနှီးနေတာ ကြာပေါ့။ ရုက္ခဗေဒမှာတော့ မျိုးရင်းတူရာ အပင်အုပ်စုတွေ ရှိတာသိကြမှာပေါ့။ အခုပြောတဲ့ စွယ်တော်နဲ့ ဖလန်ပင်ကလည်း မျိုးရင်းတူအုပ်စု ဖြစ်မယ်ထင်တယ်။ နောက်တစ်မျိုးရှိသေးတယ် စွယ်တော်ရွက်လိုပုံစံပဲ အပွင့်တော့ကွဲတယ်။ အဲ့ဒီအပင်ကိုတော့ ကျွန်တော်တို့ဆီမှာ လိပ်ပြာပင်လို့ခေါ်တယ်။ သူ့ကိုတော့ တွေ့ရတာ နည်းပါတယ်။ ပြီးမှ ပုံလေးတွေ ယှဉ်ကြည့်နော်။ စွယ်တော်ရွက်ကို ဟင်းချိုချက်စားလို့ရတယ်ဆိုတာပဲ သိတယ်။ ကျန်တာတော့ ဘယ်မှာ သုံးလဲဆိုတာ မသိတော့ဘူး။

Saturday, March 26, 2011

အညာက လ္ဘက်ခြောက်


အညာလ္ဘက်ခြောက် ရွှေကူသန်ရွက်
အညာဒေသမှာ ပေါက်ရောက်တဲ့ အပင်လေးများ အကြောင်း ရေးရင်းနဲ့ ကျွန်တော်တို့ အညာမှာ လူသိများတဲ့ အပင်တပင်ကို သတိရမိပြန်တယ်။ ပုပ္ပားတောင် အနီးတ၀ိုက်က လူအတော်များများ တော့သိကြမယ် ထင်ပါတယ်။ စာအုပ်တွေမှာတော့ “လောက်သေပင်” လို့ခေါ်ကြောင်း တွေ့ရတယ်။ ကျွန်တော်တို့ဆီမှာတော့ ရွှေကူသန်ရွက် လို့ ခေါ်ပါတယ်။ အခေါ်အဝေါ် အသုံးအနှုန်းကတော့ ဒေသလိုက်ပြီး ကွဲပြားတော့ မတူနိုင်ဘူးပေါ့။ အခုပြောတဲ့ လောက်သေ(ခေါ်) ရွှေကူသန်ရွက် ဆိုတာက ကျွန်တော်တို့ အညာက ကျေးရွာအတော်များများမှာ ယနေ့တိုင် လ္ဘက်ခြောက် အဖြစ်နဲ့ အသုံးပြုနေပါတယ်။ ရှေးကတည်းက ရွာက အဖိုးအဖွားတွေ သုံးလာခဲ့ကြ တာပါ။ အခုနောက်ပိုင်းတော့ ရှမ်းပြည်နယ်နဲ့ တောင်ပေါ်ဒေသ ထွက် လ္ဘက်ခြောက်တွေ ပေါ်လာတော့ တောရွာတွေမှာလည်း ရွှေကူသန် အစား လဖက်ပင်က ရတဲ့ လ္ဘက်ခြောက်ကို ရောနှော သုံးစွဲလာကြတယ်။

သဘာဝကထွက်တဲ့ အပင်ဆိုတော့ လူကို အကျိုးပြုတာချည်းပါပဲလေ။ လ္ဘက်လည်း သူ့ကောင်းကျိုးနဲ့ သူရှိသလို ရွှေကူသန်မှာလည်း သူ့ကောင်းကျိုးတွေရှိပါတယ်။ တခုရှိတာက ကျွန်တော်တို့ဆီက ရွှေကူသန်ရွက်က စီးပွားရေးအမြင်နဲ့ ကြည့်ရင်တော့ သုံးစွဲသူအတွက် ငွေကုန်ကြေးကျ သက်သာတယ်ဗျ။ သက်သာဆို ပေးစရာကို မလိုတာပါ။ သူပေါ်တဲ့ ရာသီကိုတော့ သိထားရမှာပေါ့နော်။ အပင်ကတော့ ချုံပင်အမျိုးအစား ထဲကပါပဲ။ မြေကြီးကနေ အပေါ်ကို တစ်တောင် နှစ်တောင် အမြင့်ရှိတယ်။ ချုံဆိုပေမဲ့ အကြီးစား လူဝင်ပုန်းလို့ ရလောက်တဲ့ ချုံမဟုတ်ရပါဘူး။ တစ်ပင်ကို လေးငါးခက်လောက် ကိုင်းခွဲထွက်ပြီးတော့ ပေါက်တတ်တယ်။ ပေါက်ရောက်တဲ့ မြေကြီးပေါ်မှာ မူတည်ပြီးတော့ အမြင့်ကတော့ ကွာတာပေါ့။ ကျွန်တော်တို့ ဆီမှာ ရွှေကူသန်ရွက်ပင်ကို တောင်ရိုးပေါ်မှာ အများဆုံးတွေ့ရတယ်။ မိုးရာသီမှာပဲ ပေါက်ရောက်ပြီး နွေပေါက်ခါနီးရင်တော့ အရွှက်တွေ ကြွေပါတယ်။ မှိုကောက်တဲ့ အကြောင်းရေးတုန်းက ထည့်ရေးဖို့ သတိရပါရဲ့ သူ့အကြောင်းလေး သပ်သပ်ရေးချင်လို့ ချန်ထားခဲ့တာပါ။

တောင်ရိုးပေါ်မှာ မှိုတွေပေါက်တဲ့ အချိန်ဆိုရင် သူလည်း အရွက်တွေဖြိုင်ဖြိုင် ထွက်ပြီပေါ့။  မှိုကောက်ရင်းနဲ့ ရွှေကူသန်ရွက်ပါ ခူးလို့ရတယ်။ လ္ဘက်ခြောက် အဖြစ်သုံးဖို့က အရွက်တွေ နဲနဲ ရင့်လာမှ ခူးကြတယ်။ အရွက်နုကိုသုံးလည်း ကောင်းတာပါပဲ။ နွေပေါက်ခါနီးရင် တောင်ရိုးပေါ်တက်ပြီး ရွှေကူသန်ရွက်ကို တစ်နှစ်စာအတွက် ခူးထားကြတယ်။ သိမ်းဆည်းပုံလေးကလည်း ကြည့်အုံးဗျ။ အပင်ကနေ ရွှေကူသန်ရွက်ကို ကိုင်းလိုက်ချိုးပြီးတော့ လက်တဆုပ်စာလောက် အစည်းလေးတွေ စည်းပြီး နေရိပ်မှာဖြစ်ဖြစ် နေပူမှာ ဖြစ်ဖြစ် အခြောက်ခံထား ခြောက်သွေ့သွားတော့မှ အိတ်ထဲထည့်ပြီး သိမ်းထားယုံပဲ။ တချို့ကတော့ အရွက်တွေ ခြောက်သွားရင် ချွေပြီး ရေအိုးအဟောင်း ထဲထည့်ပြီးသိမ်းတယ်။ အစည်းလိုက်လေး ထားတာက ပိုပြီးတော့ နေရာကျတယ်ဗျ။ စည်းရာမှာလည်း လျှော်ရှည်ရှည်နဲ့ အောက်ခြေကစပြီးတော့ ရစ်ပတ်ပြီး စည်းထားလိုက်တာ။ ခူးပြီးရောင်းတဲ့သူတွေကတော့ စည်းတာပိုပြီး သပ်ရပ်တယ်။ သူတို့စည်းထားတာလေး တွေက ပိုပြီးကြည့်လိုလှ ပါတယ်။ ၀ယ်သူအကြိုက်ပေါ့။ မြို့ကလူတွေ ကျန်းမာရေးအတွက် ဆေးအဖြစ် ၀ယ်သောက်ကြပါတယ်။

Friday, March 25, 2011

ပီလော မှိုနတို


မှိုနတို(photo from google)
"ပီလော… ရယ်တဲ့… မှိုနတို၊ ဟင်းချိုအောင် ပုစွန်ခတ်တယ် ကိုသာဇံ သူ့လယ်တောမှာ" ဆိုတဲ့ စာသားလေးကို အားလုံးပဲ ကြားဖူးကြမှာပါ။ အငြိမ့်ခွေထဲမှာ လူရွှင်တော် တွေဆိုတဲ့ ခွန်းထောက် စာသားလေးပါ။ ခွန်းထောက်ကို စပ်ခဲ့သူက တောသဘာဝကို သဘောကျတဲ့ သူဖြစ်မယ်ထင်တယ်ဗျ။ စာသားထဲက ပီလော၊ မှိုနတို ဆိုတာလေးတွေက အညာက လယ်တော ယာတောမှာ ပေါမှပေါလေ။ သူတို့က အညာရဲ့ ဟင်းစားအရွက် လေးများလည်း ဖြစ်ကြပါတယ်။ ဟင်းချိုအောင် ပုစွန်ခတ် တယ်ဆိုတာ ကတော့ သူ ခွန်းထောက် ရေးစဉ်က အာဂျီနိုမိုတို မြန်မာပြည် မရောက်သေးလို့ ဖြစ်မယ်နော်။ ခွန်းထောက်ရဲ့ သက်တမ်းကို သိချင်ရင် အာဂျီနိုမိုတို မြန်မာပြည် ရောက်တဲ့အချိန်နဲ့ နှိုင်းယှဉ်ပြီးတော့ တွက်လို့ရတန်ရဲ့။ ကိုသာဇံ သူ့လယ်တော ဆိုတာကတော့ လယ်သမား ကိုသာဇံကို ပြောတာ ဖြစ်ပါမယ်။ လယ်တောမှာ ဆိုတော့ လရာသီအားဖြင့် ၀သန်ကာလ မိုးလရာသီပေါ့။ အငြိမ့်ခွေ တော်တော်များများမှာ ကြားနေမိတာ ကြာပါပြီ။ တွေးနေမိတာလည်း ကြာပြီဆိုပါတော့။ သေချာ တွေးကြည့်တော့ ခွန်းထောက်လေးက အဓိပ္ပာယ် ရှိတယ်။ အညာက အနံ့အသက်လေးတွေ လည်းပါနေလို့ ဒီပို့စ်လေး ရေးလိုက်ပါတယ်။



ပီလောရွက်(photo from google)
ပီလောရွက်က မိုးရာသီမှာ ပေါပါတယ်။ ကျွန်တော် တွေ့ဖူးတာကတော့ အရွက်ဝိုင်းနဲ့ အရွက်ချွန် နှစ်မျိုးရှိတယ်။ နှစ်မျိုးလုံး ဟင်းချိုချက်စားလို့ ကောင်းပါတယ်။ အညာသူ အညာသား အတော်များများ စားဖူးကြမယ် ထင်ပါတယ်ဗျာ။ ပီလောက ဟင်းချိုချက်လိုက်ရင် ချွဲချွဲလေးနဲ့ သောက်ရတာ အတော် ကောင်းတယ်။ ဒန့်သလွန်ရွက်၊ ဖရုံရွက် စတာတွေနဲ့ ရောပြီးချက်ရင်တော့ သိပ်ပြီး မချွဲဘူး။ ပီလောဟင်းကို ရွာမှာတော့ မော်တော်ကား ဟင်းလို့ခေါ်တယ်။ ပီလော ဟင်းနဲ့ ထမင်းစားရင် မြန်မြန် ပြီးလွယ်လို့ မော်တော်ကားနဲ့ တင်စားပြီးတော့ ပြောတာပါ။ သူက ချွဲချွဲဆိုတော့ သောက်လိုက်ရင် ပါးစပ်ထဲမှာ ခဏပဲနေတယ်။ ဆန်ကြမ်း ထမင်းနဲ့များ တွဲစားရင် အတော့်ကို အဆင် ပြေတာဗျ။ မျိုချရတာ လွယ်သလား မမေးနဲ့။ ပီလော ဟင်းချက်တာကလည်း လွယ်ပါတယ်။ ဟင်းချိုဆိုတော့ အစဆုံး ဟင်းအိုးမှာ ရေ လိုသလောက်ထည့် ငါးပိလေးအနည်းငယ်၊ ဆား၊ ကြက်သွန်နီ စတာလေးတွေ ထည့်ပြီး ရေဆူအောင်တည်။ ထမင်းစားခါနီးတော့မှ ပီလောရွက်လေးထည့် ကြက်သွန်ဖြူလေး သုံးမွှာ လောက် ထောင်းပြီးအုပ်လိုက်ရင် ပီလောဟင်း ဖြစ်ပြီ။ အဖွား ပြောတာကတော့ ကြက်သွန်ဖြူ ထည့်တာက ဗိုက်မနာအောင်လို့တဲ့။ ပီလောဟင်း စားပြီး အစာမကြေ ဖြစ်မှာစိုးလို့ ထင်ပါတယ်။ ပီလောကို သူတစ်မျိုးထဲ ချက်စားနိုင်သလို တခြား ဟင်းချိုရွက်တွေနဲ့လည်း တွဲဖက်ပြီး ချက်စားလို့ ရပါတယ်။ သူများနဲ့ ရောချက်ရင်တော့ သူလည်း စိတ်ကြိုက် ချွဲလို့မရပါဘူး။ 

ရွာမှာ တုန်းကတော့ ပီလောဟင်းကို စားရသလား မမေးနဲ့။ ကြိုက်လည်း ကြိုက်ပါတယ်။ အဖေ့ညီမ ကျွန်တော့်အဒေါ် တစ်ယောက်ဆိုရင် တောထဲကပြန်လာတိုင်း ပီလောရွက်က အမြဲပါတယ်။ တခါတလေများ ပီလောရွက်ကို တမင်ထွက်ပြီး ခူးသေးတာ။ အရွက်ကလည်း ပေါတော့ သူ တစ်ခါခူးလာရင် လေးငါး ဆယ်အိမ်လောက် ဝေပြီး ချက်လို့ရတယ်။ သူကိုယ်တိုင်လည်း ပီလောဟင်း အလွန်ကြိုက်ပါတယ်။ အဖွားကလည်း ပီလော ဟင်းချက်သလား မမေးနဲ့။ တစ်မျိုးထဲချက်လို့ ရိုးသွားရင် တခြားအရွက်နဲ့ ရောပြီးချက်ကျွေးတယ်။ ချက်တိုင်းလည်း ကုန်တာပါပဲ။ မချက်ပြန်လို့လည်း မဖြစ်ဘူးလေ။ ထမင်းက ဆန်ကြမ်းဆိုတော့ သူနဲ့ အဆင်ပြေတဲ့ ဟင်းကိုချက်ရတာပေါ့။ စလေ ဦးပုည၏ ရေသည်ပြဇာတ် ရေသည်မိန်းမ အစားအသောက် ဆင်းရဲပုံကို ဖွဲ့ဆိုခန်းမှာ "ပဲ(စိ)တ၀က်၊ ပြောင်းတ၀က်နှင့် ဆန် ပြက်သိကာ ပါကောင်းလို့ ပါတော့တယ်၊ ဟင်းလျာမှာ ပီလော၊ လည်ချောင်းကို မြေလှန်၊ ဂလုံဆန်အောင်၊ ခြေကန်လို့မျှောရတယ် ကောလိုက်တဲ့ကံ" ဆိုပြီးရေးဖွဲ့ ထားပါတယ်။ ရေသည်မိန်းမ ကတော့ ပဲစေ့နဲ့ ပြောင်းဆန် ထမင်းမှာ ဆန်က အနည်းငယ်ပဲ ပါတာဆိုတော့ လည်ချောင်းကို နောက်လှန်ပြီး ခြေကန်လို့ ပင် မျှောချရပါတယ်တဲ့။ ပီလော ဟင်းလေးပါလို့ တော်သေးတာပေါ့နော်။ မဟုတ်ရင် မလွယ်လောက်ဘူး။ အဖွားအိမ်က ဆန်ကြမ်း ထမင်းက ပြောင်းဆန်နဲ့ ပဲစေ့ မပါလို့ ရေသည်မ လောက်တော့ အခြေအနေမဆိုးဘူး ပြောရမယ်။

Thursday, March 3, 2011

အညာနွေရာသီ အစားအစာများ...

အခုလို နွေရာသီရောက်ခါစ တပိုတွဲ တပေါင်းလ ဆိုရင် ကျွန်တော်တို့ဆီမှာ ဟင်းချက်စရာ အလွန်ရှားပါတယ်။ မိုးရာသီမှာ ပေါ်တဲ့မျှစ်ကို တောင်ရိုးပေါ် တက်ချိုးပြီး အချဉ်တည် ထားတဲ့ မျှစ်ချဉ်ရယ်၊ မန်ကျည်းသီးမှည့်၊ ချဉ်ပေါင်သီးခြောက်၊ ရုံးပတီသီးခြောက် စတာတွေက အညာ နွေရာသီရဲ့ ဟင်းစားများ ဖြစ်ကြပါတယ်။ နောက်ပြီး ထန်းရည်နည်(ကျွန်တော်တို့ ဆီမှာတော့ အလင်လို့ခေါ်သည်)ကလည်း တစ်ခါတစ်ရံ ချက်စားလို့ ကောင်းပါတယ်။ ထန်းရည်ခါး လုပ်ပြီးကျန်တဲ့ အနည်ကို ချက်စားကြတာပါ။ အရသာက နဲနဲချဉ်တယ်။ ဟင်းချက်စရာရှားတော့ သူလည်း ဟင်းတစ်မယ် ဖြစ်တာပါပဲ။ ထန်းရည်နည် ဟင်းလေးချက်ပြီး တမာရွက် ပြုတ်လေးနဲ့မြုတ်စားရတာ ကလည်း တစ်မျိုးကောင်းပါတယ်။ထန်းရည်နည်ကို အစေးကျအောင် ကျိုချက်လိုက်ရင်တော့ ပုန်းရည်ကြီးကဲ့သို့ သုပ်စားနိုင်ပါတယ်။ကျွန်တော်တို့ငယ်ငယ်က နွေရာသီဆိုရင် ထမင်းစား နည်းပါတယ်။ ရာသီဥတု ကလည်း ပူပြင်းတော့ ရေကိုသာ မကြာခဏ သောက် နေရတော့ ထမင်းစားနည်းတာ ထင်ပါတယ်။
ဒီဘက်ကပုံလေးကတမာချဉ်ပါ
နွေရာသီရောက်လို့ သစ်ရွက်တွေ ကြွေပြီး အသစ်ပြန်ထွက်ရင်တော့ သဘာဝ အစားအစာလေးတွေ စားရပါတယ်။တမာပင်တွေက ထွက်တဲ့တမာရွက်နုကို ဆီးသီး၊မန်ကျည်းသီးနဲ့ ရောပြုတ်ပြီး တို့စရာအဖြစ် စားသုံးကြတယ်။ တမာမှာလည်း ကျွန်တော်တို့ဆီမှာ အပင်နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့ဒေသ အခေါ် ကုလားတမာရယ်၊ ဗမာတမာရယ်ပေါ့။ ဗမာတမာကို စားသုံးသူများပါတယ်။အပင်ပေါတော့ ချေး(ဂျေး)များ ကြတာဖြစ်မှာပေါ့။ ဗမာတမာက စားလို့ပိုကောင်းပါတယ်။ တချို့အပင်တွေဆိုရင် အရွက်နုလေးများနဲ့အတူ အဖူးလေးများပါ တစ်ခါထဲထွက်ကြတယ်။ အဲ့ဒီအရွက်နဲ့ အဖူးရောပြီးထွက်တဲ့ ဗမာတမာပင်ကတော့ လူခူးတာနဲ့ ပြောင်တာပါပဲ။ တမာရွက်နုများကို အိမ်စားဖို့အတွက်သာမက ရောင်းစားရန်အတွက်ပါ ပြုလုပ်သူများလည်း ရှိပါတယ်။တမာရွက်နု ပေါ်ခါစဆိုရင် ဈေးအတော်ကောင်းပါတယ်။ တခြားရွာများက ထမင်းထုပ်နဲ့တောင် လာပြီးခူးကြတယ်။ တောထဲသွားလို့ကတော့ တမာရွက်တစ်အိုးပြုတ် စာလောက်က ဘယ်နားလေးမှာ ခူးခူး ရနိုင်တယ်ဗျ။ အခါးကြိုက်တဲ့သူတွေ အတွက်တော့ သိပ်ကောင်းပါတယ်။ ခရမ်းချဉ်သီးငါးပိချက်လေးနဲ့ တို့မြုတ်စားရကိုတော့ သဘောကျတယ်ဗျ။ ရှေးလူကြီးများက "အိမ်ရှေ့တမာ၊ အိမ်နောက် ခံတက် စီးပွားတက်" ဆိုပြီး ဆိုရိုးစကားထားခဲ့ပါတယ်။ တမာရွက်နဲ့ ခံတက်ရွက်ကို စားသုံးပြီး ကျန်းမာရေးကောင်းတော့ အလုပ်များများ လုပ်နိုင်ပြီး စီးပွားတက်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ဒါကတော့ပွင့်တဲ့အဆင့်ရောက်နေတဲ့ကုလားတမာပါ
နောက်အရွက်တစ်မျိုးက သမုန်း(ခ)သမားမုန်း ပါတဲ့။ သူလည်း ဆေးဘက်ဝင် အပင်တစ်မျိုးပါပဲ။ သူ့အရွက်ကို စားသုံးပြီး ကျန်းမာရေး ကောင်းလို့ သမားတော်တွေ ဆေးမကုရဘဲ မုန်းလို့ သမားမုန်းပင် လို့ခေါ်ပါတယ်။ သူကတော့ တပေါင်းလ လောက်မှာ အရွက်နုတွေ ပြန်ထွက်ပါတယ်။ တမာရွက်လိုပဲ အဖူးနဲ့အရွက် တစ်ခါထဲ ထွက်တာပါ။ အဖူးများတဲ့အပင် ကိုတော့ လူကြိုက်များပါတယ်။ သမုန်းပင် တစ်ပင် နုပြီဆိုတာနဲ့ အဖူးနဲ့အရွက်အနုကို ခူးပြီး ဆီးချဉ်သီး ဒါမှမဟုတ် မန်ကျည်းသီးမှည့် လေးထည့်ပြီး မီးဖိုပေါ်တင်ပြုတ်ပါတယ်။ အရွက်နဲ့အဖူးလေးတွေ ကျက်တော့ မီးဖိုကချ ရေအေးလေး ထည့်ပြီး စိမ်ထားယုံပါပဲ။ သူက အဖန်ဓာတ်နဲနဲပါလို့ အချဉ်နဲ့ပြုတ်ရတာပါ။သမုန်းဖူးကိုလည်း ပြုတ်ပြီး မြို့ပေါ် တက်ရောင်းသူများ ရှိပါတယ်။ သူလည်းရာသီပေါ် အစားအစာ တစ်မျိုးဖြစ်တာကြောင့် သင့်တင့်တဲ့ ဈေးရပါတယ်။ သမုန်းဖူးပြုတ်ကို ကုလားပဲလှော်ထောင်းလေးရယ် ခရမ်းချဉ်သီးလေး တစ်လုံး လောက်ထည့်ပြီး နွေရာသီ နေ့လည်ခင်း စကားဝိုင်းမှာ ရေနွေးကြမ်းနဲ့ စားသုံးကြတယ်။ မန်ကျည်းသီးမှည့် ဟင်းလေးချက်ပြီး သမုန်းဖူးပြုတ် အတို့အမြုတ် လေးနဲ့ဆိုလည်း ထမင်းမြိန်တာပါပဲ။ငရုတ်သီးနဲ့ ကြက်သွန်ဖြူ ထောင်းလေး လည်းပါတယ်နော်။ ကျွန်တော် ငယ်ငယ်ကတော့ နွေရာသီ မနက်အိပ်ယာထ နံနက်စာ(ထမင်းကြမ်း) စားတဲ့အခါ အဖွားက သမုန်းဖူးသုပ်နဲ့ ကျွေးပါတယ်။ ကုလားပဲလှော် အစား နှမ်းလှော်ကို လည်းထည့်သုပ်နိုင်ပါတယ်။ အရသာကတော့ တစ်မျိုးစီပေါ့။ ဘာနဲ့ပဲသုပ်သုပ် စားလို့ အတော်ကောင်းပါတယ်။