နွေးထွေးတဲ့မိခင်မေတ္တာ.... |
ဒီစာစုလေးတွေကို ကျွန်တော် ကျောင်သားဘ၀တုန်းက ဖတ်ဖူးတဲ့ စာအုပ်လေးများထဲမှ ကူးယူထားခြင်းဖြစ်ပါသည်။ ဒီလိုလာမယ်ဆိုတော့ အိတ်ထဲကို အရင်ဆုံးထည့်ဖြစ်တဲ့ မှတ်စုစာအုပ်လေးပေါ့။ ကျောင်းသားဘ၀တစ်လျှောက် ကြုံခဲ့ရတဲ့ အဖြစ်လေးတွေကို ရေးမှတ်ထားတာလေးတွေပါသလို စာအုပ်ဖတ်ရာက တွေ့မိတဲ့ စကားစုလေးတွေကို ရေးမှတ်ထားတာလေးတွေလည်း ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ အရင်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲလေးတွေကို ပြန်ဖတ်ပြီးတော့ ခွန်အားယူတယ်။
ကျွန်တော်မှတ်စုလေးထဲက အမေနဲ့ ပတ်သက်တဲ့ စာစုလေးတွေကို ကျွန်တော်မိတ်ဆွေများကိုလည်း အမေများနေ့ အမှတ်တရအဖြစ် မျှဝေပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်ပိုင် ရေးသားချက်မဟုတ်တာကို ရိုးသားစွာ ၀န်ခံပါတယ်။
“အမေ့အကျီင်္က ချွေးနံ့တွေက အကျော်ကြားဆုံးဆိုတဲ့ ရေမွှေးတွေထက် သင်းပျံ့ပါတယ်”
“သူများတွေ ဘယ်လောက်ချောချော အကျည်းတန်တဲ့ ကိုယ့်သားသမီးလေးကို ပိုပြီးချစ်တတ်တာ အမေပါ”
“အမေ အော်သမျှ၊ ငေါက်သမျှ တွေဟာ ကောင်းစေ၊ တော်စေ၊ ကျော်စေချင်တဲ့ ဆန္ဒတွေနဲ့ပါ”
“သူများတွေ ချစ်တယ်ဆိုတာ အမေ မုန်းသလောက်ပဲ ရှိပါတယ်”
“ငယ်စဉ်ကလေးဘ၀ အမေ့ရင်ကို ခြေနဲ့ကန်ခဲ့စဉ်က အမေကတော့ ပြုံးပြုံးလေးနဲ့ ချစ်မြဲချစ်ခဲ့တာပါ”
“ကြီးတဲ့အခါ အမေက စေတနာနဲ့ မာန်မဲတာကို ကိုယ်က မဲ့ရွဲ့ပြီး အပြုံးမစွက် အမုန်းဖက်လိုက်ရင် မိုက်မဲရာ ကျသွားမှာပေါ့”
“အမေ့ကို စိတ်ချမ်းသာအောင် ပြုစုခြင်းဟာ ရှိခိုးနေတာထက် ပိုပြီးမြတ်ပါတယ်”
“အမေဟာ ရုပ်ဆိုးတဲ့၊ ဆင်းရဲတဲ့၊ မလိမ္မာတဲ့ ပညာမဲ့တဲ့ သားသမီးတွေရဲ့ အပေါ်မှာ မေတ္တာတွေ၊ တသီကြီးတန်းစီနေတဲ့ မသိစိတ်လေးနဲ့ တိုးပြီး ချစ်တတ်တာပါ”
“ကိုယ့်သားသမီးလေးတွေ လိမ္မာယဉ်ကျေးတာ၊ ချမ်းသာကြွယ်ဝတာ၊ ပညာတတ်ပြီး အပေါင်းအသင်း ၀င်ဆံ့တာ မြင်ရပြန်တော့ မနာလို မရှု့စိမ့် မရှိဘဲ ပီတိတွေ ဖြစ်ပြီးနေတာ အမေရယ်ပါ”
“အမေက ချွေးနဲ့ရင်းပြီး ပေးထားတဲ့ ပညာတွေ တတ်ကာမှ ခေါင်းပေါင်းကြီးနဲ့ တောသူပုံပေါက်နေတဲ့ အမေ့ကို လူကုံထံတွေကြားထဲ အတူတူ တွဲသွားရမှာ ရှက်နေရင် အမေ့ရင်ကို တမြည့်မြည့်လောင်မြိုက်သွားအောင် စော်ကားလိုက်တာနဲ့ အတူတူပါပဲ”
“အမေဟာ တကယ်ကြည့်ရင် ရိုးရိုးအအ ကြီးပေမဲ့ သားသမီးတွေအပေါ်ထားတဲ့ မေတ္တာ၊ စေတနာ၊ အချစ်တွေဟာ ခြယ်မှုန်းမပြတတ်အောင် ဆန်းကြယ်ပါတယ်”
“ဒါကြောင့် အမေဟာ ဘယ်သူနဲ့မှ မတူအောင် ချစ်ဖို့အလွန်ကောင်းတာပါ”
“အမေ့ကို မချစ်တတ်သူဟာ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ပါဘူး”
“အမေ့လို ချစ်တဲ့သူကို ရှာလို့တွေချင်တွေ့မယ်၊ အတူတော့ မဖြစ်နိုင်ပါဘူး၊ အတုပဲ ဖြစ်ပါလိမ့်မယ်”
“အမေ့ကို ငွေနဲ့ပေးပြီး ၀ယ်ထားရတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငွေနဲ့ပေးပြီး ၀ယ်ရတဲ့ ပစည်းတွေဟာ တန်ဖိုးဖြတ်လို့ ရနိုင်ပါတယ်။ အမေ့ကိုတော့ ဘာနဲ့မှ တိုင်းတာပြီး တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး”
“ငွေရှိရင် ဘာမဆို လုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားတဲ့ သူတွေဟာ ငွေနဲ့စပ်လို့ မရတဲ့ အရာတွေကို မကြာခဏ ကြုံတွေ့ရရင်တောင် သူတို့သိကြမှာ မဟုတ်ပါဘူး”
“သို့သော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီအမေနဲ့ ဒီသားသမီးတွေဟာ ပြန်မလာနိုင်တော့တဲ့ လမ်းကနေ လက်ပြနှုတ်ဆက် အပြီးအပိုင် လမ်းခွဲသွားကြရမှာပါ”
ကျွန်တော်မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားတာလေးတွေကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ဒီစာစုလေးတွေကို ဖတ်ပြီးတော့ အမေများနေ့မှာ အမေ့ကျေးဇူးကို ပြန်လည်သတိရနိုင်ကြပါစေ။
ကျွန်တော်ကို အခုလို ပညာတွေသင်ကြားနိုင်အောင် ဈေးတောင်းကို ခေါင်းမှာရွက်လို့ အပင်ပမ်း အဆင်းရဲခံပြီး ကျောင်းထားပေးခဲ့တဲ့ ကျေးဇူးရှင် အမေ့ကိုလည်း ဒီစာစုလေးတွေကို ဖတ်ပြီးတော့ အမေ့ကျေးဇူးတွေကို ပြန်လည်သတိရမိပါတယ်။ ပညာဆိုတာကို ကောင်းကောင်းနားမလည်ပေမဲ့ သားသမီးကို ပညာတတ်ဖြစ်စေချင်တဲ့ အမေ့ မေတ္တာ၊ စေတနာတွေကို သားဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူးအမေ။
ဖ၀ါးလက်နှလုံး ပခုံးလက်နှစ်သစ် အရွယ်မှစပြီး ဒီနေ့ဒီအချိန်အထိ ကျွေးမွေးပြုစု စောင့်ရှောက်ပေးခဲ့ပါသော အမေ့ကျေးဇူးအနန္တဂုဏ်ကို လက်ဆယ်ဖြာထိပ်မှာမိုးပြီ်း အဝေးရောက်နေတဲ့ အမေ့သား ရှိခိုးကန်တော့ပါတယ်အမေ။
ကျေးဇူးရှင်အမေ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပါစေ။
1 comments:
မှတ်သားသွားပါတယ် ကိုမျိုးခန့်ရေ။။။
တကယ်ကို တန်ဖိုးရှိတဲ့ စကားစုလေးတွေပါ။။။
Post a Comment