photo from google
အိမ်ထောင်ကျပြီး နှစ်နှစ်အကြာ မိသင်းမှာ သားဦးကိုယ်ဝန်ရှိပါတယ်။ မောင်လှိုင်တစ်ယောက်လည်း ကလေးအဖေ ဖြစ်တော့မည် ဆိုတော့ ရင်ထဲမှာပျော်ရွှင်နေပါတယ်။ မိန်းမဖြစ်သူ ကိုယ်လေးလက်ဝန် ရှိလာပြန်တော့ အလုပ်တွေကို သူတစ်ယောက်ထဲပြန်ပြီး အကုန်လုပ်ရတယ်။ မိသင်းကလည်း ဗိုက်ကို အကြောင်းပြလို့ ထမင်းဟင်းလေးတောင် ချက်ဖော်မရပါဘူး။ ဒေါ်မယ်လှခမြာ တောထဲ နွားမအုပ် ကျောင်းရာက ပြန်ရောက်မှ ချက်ကျွေးရတယ်။ မိသင်းကတော့ သနပ်ခါးအဖွေးသားနဲ့ ကြော့မော့လို့ ထမင်းအိုးလေးတောင် တည်ထားဖော်မရဘူး။ ဒါတွေကို မောင်လှိုင်တစ်ယောက် အသိသိနဲ့ မပြောဘဲ နေနေရတယ်။ မိခင်ဖြစ်သူ တောထဲကပြန်ရောက်မှ မောမောနဲ့ ချက်ပြုတ်ကျွေးတာကို သူ မျိုမကျ။ မိသင်း ကိုယ်ဝန် ဆောင်တယ်ဆိုတာကလည်း မလုပ်နိုင်မကိုင်နိုင်လောက်အောင် မဖြစ်သေး။ ထမင်းဟင်းလောက်တော့ ချက်နိုင်ပါသေးတယ်။ဒါပေမဲ့ မိသင်းတို့ကတော့ ချက်ဖို့ရာဝေလာဝေး ယောက္ခမ လုပ်သူချက်ကျွေးတာကိုပင် အခန့်သား ထိုင်စားလိုက်သေးတယ်။ သူ့ကိုပြောရင်တော့ ဗိုက်ကလေး ပွတ်ကာပွတ်ကာနဲ့ အကြောင်းပြစရာက ရှိနေတယ်မဟုတ်လား။မောင်လှိုင်လည်း စိတ်တိုတုန်း ပြောပေမဲ့ ကိုယ့်မိန်းမဆိုတော့ စိတ်တိုလည်း ခဏပါပဲ။ “လင်နဲ့ မယား လျှာနဲ့သွား ဆိုတာလို” ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ မိသင်းမီးဖွားခါနီး အချိန်ရောက်လာပါတယ်။ တောရွာဆိုတော့ တောဓလေ့ အရပ်လက်သည်နဲ့ မွေးဖွားကြရပါတယ်။ မိသင်းတစ်ယောက် သားဦးယောကျာ်းလေးကို ရွာကလက်သည်နဲ့ပဲ လွယ်လွယ်ကူကူမွေးဖွား နိုင်ခဲ့တယ်။ မောင်လှိုင်ကတော့ သားယောကျာ်းလေး မွေးတယ်ဆိုတော့ အပျော်ကြီးပျော်လို့။ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့ကလည်း မြေးတစ်ယောက်ထပ်တိုးပြန်တော့ ၀မ်းသာနေကြတယ်။ သားကြီး ကိုမောင်ဝင်း မှာက သမီးမိန်းခလေးနှစ်ယောက် ၊မရွှေဋ္ဌေးက သားလေးတစ်ယောက်၊ အခု မောင်လှိုင်က သားတစ်ယောက်ထပ်မွေးတော့ သူတို့မှာ မြေးတွေ လေးယောက်တောင် ရှိလာပြီပေါ့။ မြေးတွေထဲမှာ ယောကျာ်းလေးတွေပါလာပြီဆိုတော့ ဦးထွန်းအေးတို့လည်း မြေးတွေကို ရှင်ပြုပေးဖို့ တာဝန်တခု တိုးလာပြန်ပြီ။ ဦးထွန်းအေး စိတ်ထဲမှာ မြေးတွေး သင်္ကန်းနိုင်လောက်ရင် ရှင်ပြုပေးဖို့ကို ကြိုတင်ပြီး စီစဉ်ထားတယ်။ မိုးလေ၀သ ကောင်းလို့ စိုက်ပျိုးတဲ့ သီးနှံတွေ အဆင်ပြေရင် သူတို့အတွက် အလှူတစ်လှူ လုပ်ဖို့ဆိုတာ မခဲယဉ်းလှဘူးလေ။ မောင်လှိုင် စိတ်ထဲမှာလဲ ဦးထွန်းအေးလို စိတ်ကူးတွေက ရှိနေပါတယ်။ သားယောကျာ်းလေး မွေးသူတိုင်း တွေးတတ်တဲ့ သားကို ရှင်ပြုပေးရမယ်ဆိုတဲ့ အသိပေါ့။
မိသင်းကတော့ ကလေးမမွေးခင်တုန်းက ဗိုက်ကို အကြောင်းပြလို့ အလုပ်မလုပ်။ ကလေးမွေးပြီးတော့ ကလေးကို အကြောင်းပြနဲ့ တောအလုပ်မပြောနဲ့ အိမ်အလုပ်ကိုတောင် ကူညီဖော်မရဘူး။ ဒေါ်မယ်လှကတော့ မိန်းမချင်း ကိုယ်ချင်းစာပြီး ဘာမှမပြောပေမဲ့ သားဖြစ်သူ မောင်လှိုင်ကတော့ မနေနိုင်လို့ သူ့မိန်းမ မိသင်းကို ပြောရှာတယ်။“မိသင်း... နင် တော်တော်လည်း နေနိုင်ပါလားဟာ... ကလေးရှိတာလည်း ရှိတာပေါ့... အိမ်အလုပ်လေးဘာလေးလဲ နဲနဲပါးပါး ကူလုပ်အုံးလေ... အမေ့မှာ တောထဲကို နွားကျောင်းက လိုက်ရသေးတယ်။ ပြန်လာတော့လည်း အမောမပြေဘူး။ တစ်အိမ်လုံး စားဖို့ ချက်ပြုတ်ရသေးတယ်။ ထမင်းဟင်းလောက်တော့ နင်ချက်သင့်တာပေါ့ မိသင်းရာ”ဆိုပြီး မောင်လှိုင်ကပြောပြန်တော့“ကျုပ်လည်း ချက်ချင်တာပေါ့ ကိုမောင်လှိုင်ရယ် ကလေးက အောက်ချလို့ မရဘူးတော့... အောက်ချတာနဲ့ ငိုတော့တာပဲ” စတဲ့ မိန်းမဖြစ်သူက သားကို အကြောင်းပြပြီး ပြောပြန်တော့လည်း မောင်လှိုင်တစ်ယောက် စိတ်ပြေသွားရပြန်တယ်။
အဲ့ဒီလိုနဲ့ နေ့လရက်တွေ ကုန်လွန်ပြီး မောင်လှိုင်သားလေးလည်း ကြီးပြင်းလာခဲ့သလို...မောင်လှိုင်တို့ အိမ်ရဲ့အခြေအနေကလည်း သိသိသာသာ ပြောင်းလည်းလာပါတယ်။ အရင်က အိမ်ရဲ့ငွေကိုင် မောင်လှိုင်တစ်ယောက် မိန်းမဆီက ပြန်တောင်းပြီး သုံးရတဲ့ဘ၀ကို ရောက်လာတယ်။ အဆိုးဆုံးက မိန်းမလုပ်သူ ပြောသမျှကို မောင်လှိုင်တစ်ယောက် နားယောင်တတ်လာတာပဲ။ ဒေါ်မယ်လှက သားကြီးကိုမောင်ဝင်းအိမ်ကို သွားလာဝင်ထွက် မြေးတွေစားဖို့ စားစရာ သောက်စရာလေးတွေ ယူသွားပေး။ ဒါတွေကို မိသင်း မြင်တော့ ယောကျာ်းဖြစ်သူကို ပြန်ပြီး ပြောပြတယ်။ ဒေါ်မယ်လှ ဘက်ကကြည့်ပြန်တော့ ကိုမောင်ဝင်းလည်း သူ့သားပေပဲမဟုတ်လား။ မောင်လှိုင်ကို တော်သလို ကိုမောင်ဝင်းကိုလည်း တော်တာပဲလေ။ မိဘမေတ္တာဆိုတော့ သားသမီးကို ကျွေးချင်ပေးချင် ရှာမပေါ့။ အဲ့ဒါကို နားမလည် နိုင်သူက မိဘတစ်ယောက် နေရာကို ရောက်နေပြီ ဖြစ်တဲ့ မိသင်းရယ်ပါ။ အိမ်က ရှိတဲ့ ပစ္စည်းတွေကို လောဘတက်ပြီး နှမြောတွန့်တို နေပါတယ်။
ယောကျာ်းဖြစ်သူနဲ့ လည်း မကြာမကြာ ရန်ဖြစ်တယ်။ အဆိုးဆုံးကတော့ သူတို့ရန်ဖြစ်ရင် ယောက္ခမလုပ်သူ ဒေါ်မယ်လှကိုပါ ဆွဲဆွဲထည့်တတ်တယ်။ ကိုမောင်ဝင်းကို သူတို့မသိအောင် ဘာတွေတော့ ခိုးပေးတယ်၊ ယူပေးတယ် စသဖြင့်ပေါ့။ လုပ်ရတော့ အိမ်ပေါ်ကလူတွေ၊ ဆင်းရဲတော့ သူတို့သာ ဆင်းရဲတယ်။ စားရတော့ တစ်ယောက် စသဖြင့် ယောကျာ်းဖြစ်သူနဲ့ မိဘတွေကြားကို စိတ်ဝမ်းကွဲစေမဲ့ စကားတွေနဲ့ ရန်ဖြစ်ရာမှာ ထည့်ပြောပါတယ်။ မောင်လှိုင်ကလည်း မိန်းမဖြစ်သူစကားကို တစ်ခါမက ကြားရဖန်များလာတော့ မိခင်ဖြစ်သူ ဒေါ်မယ်လှ အပေါ်မှာပါ မယုံသင်္ကာစိတ်တွေ ဖြစ်လာပါတယ်။ အဲ့ဒီနောက်တော့ မိန်းမပြောသမျှကိုသာ အမှန်တွေပဲလို့ တွက်ပြီး မိဘနှစ်ပါးကို အကောင်းရယ်လို့ သူ မမြင်နိုင်တော့ပါဘူး။ “မဘက်လိုက်တော့ မိုက်ဘက်ပါ” ဆိုတဲ့ စကားက မောင်လှိုင်အတွက် အသက်ဝင်စ ပြုလာပြီ။ မိခင်ဖြစ်သူကို စကားပင်ကောင်းကောင်း မပြော။ ဦးထွန်းအေးကတော့ အရင်ကတည်းက ခပ်အေးအေးနေသူမို့ တော်ယုံကိစ္စ ၀င်ပါတယ်မရှိ။ ဒေါ်မယ်လှကတော့ မိခင်လည်းဖြစ်ပြန် မိန်းမသားလည်းဖြစ်တော့ ကောင်းရာကောင်းကြောင်း ၀င်ပြောရှာတယ်။ အရင်က သူပြောသမျှနားထောင်ခဲ့တဲ့ သားဖြစ်သူ မောင်လှိုင်ကတော့ မိန်းမရဲ့ သွေးခွဲမှု့တွေအောက်မှာ နားယောင်ပြီး မိခင်ကို ရန်သူအဖြစ် သတ်မှတ်နေလေတယ်။
ဘယ်လောက်အထိ ဆိုးသလဲဆိုရင် အရင်က အိမ်မကြီးပေါ်မှာ နေခဲ့တဲ့ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့ လင်မယားနှစ်ယောက်ဟာ အိမ်အောက်က ထမင်းချက်တဲ့ အိမ်လေးပေါ်ကို ဆင်းပေးရပါတယ်။ ထမင်းအိုးလည်း တစ်လုံးစီ ခွဲချက်တဲ့ အဆင့်ကိုရောက်သွားရတယ်။ အိမ်ကလယ်ယာလုပ်ငန်း တွေကိုတော့ မောင်လှိုင်တို့ လင်မယားက ဦးစီးပြီးလုပ်ကိုင်တယ်။ ရလာတဲ့အထဲကမှ မိဘနှစ်ပါး စားဖို့အတွက်ပေးပါတယ်။ အရင်က ကိုယ့်အိုးကိုယ့်အိမ်ပေါ်မှာ ဆန်၊ဆီ၊ဆားကို ကြိုက်သလို သုံးလို့ရခဲ့တဲ့ ဒေါ်မယ်လှ တစ်ယောက် သားဖြစ်သူ ချွေးမ အရှာကောင်းလို့ အခုတော့ ချွေးမဆီကို လက်ဖြန့်တောင်း ရတဲ့ ဘ၀ကိုရောက်သွားရရှာတယ်။ မိသင်းတို့ကတော့ သူ့အကြံတွေ အောင်မြင်လို့ ၀မ်းသာကြည်နူးနေပါတယ်။တစ်အိမ်လုံး လည်း မိသင်းရဲ့စီမံမှုကိုသာ နာခံနေရတယ်။ မိဘတွေ ဒီလိုဖြစ်တာကို သားအကြီးကိုမောင်ဝင်းနဲ့ သမီးအလတ် မရွှေဋ္ဌေးတို့က လာပြောတော့လည်း သူ့တို့ဘာသာ ဒီလိုနေချင်တယ် ပြောလို့ပါဆိုပြီး မိသင်းက အရင်ပြောတယ်။ မောင်လှိုင်ကတော့ မိန်းမလုပ်သမျှ အကောင်းချည်းပဲ လို့ထင်နေသူဖြစ်နေပြီလေ။ဆိုးတယ်ကောင်းတယ် တစ်ခွန်းမျှဝင်မပြော။ နေချင်တယ်မပြောလို့လည်း ဖြစ်မလား။ ဒေါ်မယ်လှ လုပ်သမျှကို မသင်္ကာတဲ့ မျက်လုံးတွေနဲ့ စောင့်ကြည့်ပြီး ကိုယ့်အိမ်ဖြစ်ပါလျက် ကြောက်နေရတဲ့ ဘ၀ ဆိုတော့ ကိုယ်ချင်းစာကြည့်ရင် သိနိုင်ပါတယ်။ ဆီ ဆိုရင်လည်း တစ်လကို တစ်ပုလင်း အလောက်ဆိုရင် လောက်အောင်သုံးပဲ။ လမကုန်ခင် ဆီ ကုန်လို့ကတော့ နောက်ထပ်မရတော့ဘူး။ မိသင်းတို့က ယောက္ခမကို အဲ့ဒီလောက်အထိ သြဇာလွှမ်းမိုးထားနိုင်ပါတယ်။
တစ်နေ့ ဒေါ်မယ်လှလည်း ဆီကုန်လို့ မိသင်းမရှိတုန်း အိမ်ပေါ် ဆီတက်ထည့်တာ မိသင်း ပြန်လာတော့ ဆီအိုးထဲက ဆီတွေလျော့နေတာ တွေ့လို့ ယောက္ခမကို သူခိုးပါဆိုပြီး တ၀ိုင်းလုံးကြားအောင် အော်ကြီး ဟစ်ကျယ်နဲ့ ပြောပါတယ်။ ဒေါ်မယ်လှ တစ်ယောက်လည်း သူ့လယ်သူ့ယာမှာ စိုက်ပျိုးလို့ရတဲ့ သီးနှံကို သုံးစွဲတာတောင် သူခိုးလို့ လူကြားအောင် အော်ပြီး အစွပ်စွဲခံရတော့ ရှက်စိတ်နဲ့ မျက်ရည်များပင် ကျရှာတယ်။ မောင်လှိုင် ပြောတာကလည်း ကြည့်ပါအုံး "အမေတို့က ပေးထားတာကို လောက်အောင်သုံးလေဗျာတဲ့" သူ့နေရာမှာ ဒေါ်မယ်လှသာဆိုရင် အငတ်ခံပြီးတော့ သူစားမည့် အစာကို သားအတွက် ပေးမှာပါ။ မောင်လှိုင်ကတော့ အဲ့ဒီလို မဟုတ်။
မိသင်းမိဘတွေကလည်း သူတို့သမီးအကြောင်းတွေကို ကြားနေ မြင်နေပေမဲ့ ဘယ်လိုမှ ပြောလို့မရခဲ့ဘူး။ မိသင်းကတော့ သူ့လုပ်ရပ်တွေကို အဟုတ်ထင်ပြီး ပိုလို့သာဆိုးလာပါတယ်။ ယောကျာ်းလုပ်သူ မောင်လှိုင်ကလည်း မိန်းမသဘောကျ စေလိုရာစေ ဖြစ်နေရှာပြီမဟုတ်လား။ အရင်က မိဘမှ မိဘဆိုတဲ့ ကိုမောင်လှိုင် အခုတော့ မိန်းမမှ မိန်းမ ဆိုပြီး ဖြစ်နေပြီ။ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့ လင်မယားလည်း သားသမီးတွေ လူလားမြောက်လို့ အိမ်ထောင်ကျမှ လယ်မြေဧက များစွာပိုင်ပါလျက် စားချင်တိုင်း မစားရ ၀တ်ချင်တိုင်း မ၀တ်ရတဲ့ ဘ၀ကို ရောက်ရရှာတယ်။ သမီးအလတ် မရွှေဋ္ဌေးကလည်း ယောကျာ်းရ ကံမကောင်းဘူး ပြောရမယ်။ ယောကျာ်းက နေထွက်ကနေ၀င် မူးနေတဲ့သူ။ မွေးထားတဲ့ သားလေးနဲ့ သမီးကို ကိုယ်တိုင်ရှာဖွေကျွေးမွေးနေရတော့ မိဘတွေ အကြောင်းကို သိနေပါလျက် ဘာမှ မလုပ်ပေးနိုင်ခဲ့။ ကိုမောင်ဝင်းကတော့ သူ့လယ်သူ့ယာလေးတွေနဲ့ အဆင်ပြေပါတယ်။ မိဘနှစ်ပါးကိုလည်း သူတို့နဲ့ လာနေဖို့ ခေါ်တယ်။ အဲ့ဒီတော့ မိသင်းက ဘာပြောတယ်မှတ်သလဲ။ အဲ့ဒီလို လိုက်နေတော့ ပတ်ဝန်းကျင်က သူတို့ကို ဘယ်လိုမြင်မလဲတဲ့လေ။ သူတော်ကောင်းတွေ ဆိုတော့ လူကဲ့ရဲ့မှာလည်း စိုးရိမ်ပုံ ရပါတယ်။ ဦးထွန်းအေးနဲ့ ဒေါ်မယ်လှတို့ လင်မယားလဲ အိမ်နိမ့်စံ ဘ၀နဲ့ သားနဲ့ချွေးမက ချကျွေးမှ စားရတဲ့ ဘ၀ကို ရောက်နေရရှာတယ်။



